အခန်း ၁၃၁၀
Vol. 88 Ch. 1310
အခန်း (၁၃၁၀) အကြည့်တစ်ချက်။
ချင်ယွင်သည် ဖွင့်လှစ်ပြသထားသည့် ယောင်ဖုန်း၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်ကို ကြည့်ပြီး၊ မထိန်းနိုင်ဘဲ တံတွေးတစ်လုတ်ပင် မျိုချလိုက်ရသည်။ သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအားနှင့် သွေးများပင် မသိစိတ်ကြောင့် တဟုန်ထိုး မြင့်တက်လာခဲ့သည်။
ယောင်ဖုန်း၏ ခန္ဓာကိုယ်သည် အလွန်ပြည့်စုံသည်ဟု ဆိုရမည်ဖြစ်သည်။ သူမခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းကမဆို အလွန်လှပသည်ဟု ပြော၍ရပါသည်။
သူမ၏ လက်ရာမြောက်လှသော ခန္ဓာကိုယ်ကောက်ကြောင်းအလှများ၊ ဆွဲဆောင်မှုရှိသော အဖုအထစ် အမို့အမောက်များနှင့် သူမ၏လှပသော မျက်နှာသည် အပြစ်ကင်းစင်လုနီးပါး ပင်။ ထိပ်တန်း အလှပိုင်ရှင်များစွာကို မြင်ဖူးသည့် ချင်ယွင်ပင်လျှင် သူ့နှလုံးသားထဲတွင် သူမကို မချီးကျူးဘဲမနေနိုင်ပေ။
ထိုအချိန်တွင်၊ ယောင်ဖုန်း၏ ခန္ဓာကိုယ်ပေါ်မျာ ရေခဲသလင်းကျောက် အလွှာတစ်ခု စတင် ဖွဲ့စည်းနေပြီး သူမ၏ လှပသော ခန္ဓာကိုယ်ကို ပတ်ရစ်ကာ လင်းလက်တောက်ပသော နတ်ဘုရားရောင်ခြည်များ တဖျပ်ဖျပ် ထွက်ပေါ်လာသည်။ သို့သော်, ဆွဲဆောင်မှုရှိသော နှင်းဖြူရောင် ခန္ဓာကိုယ် မြင်နေရဆဲဖြစ်ပြီး ချင်ယွင်၏ အာရုံကို လှုံ့ဆော်ပေးနေသည်။
ချင်ယွင်သည် ခေါင်းယမ်းကာ သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းပြီး၊ စကြာဝဠာကို ချိတ်ပိတ်ကာ, ယောင်ဖုန်းရှိနေသည့် ဤနေရာမှ အချိန်ကို အရှိန်ဟုန်မြှင့်တင်လိုက်သည်။
ဤနည်းအားဖြင့်၊ ယောင်ဖုန်းသည် သူမ၏နတ်ဘုရားခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ရန် အချိန်တိုတောင်းစေမည် ဖြစ်သည်။
ချင်ယွင်သည် ယောင်ဖုန်း၏ခန္ဓာကိုယ်ရှိ ဘိုးဘေးနတ်ဘုရားဖီးနစ် ကျောက်စိမ်းချဉ်ဆီကို မဖိနှိပ်နိုင်ခဲ့သော်လည်း, ၎င်းသည် ချင်ယွင်၏ ကနဦးစကြာဝဠာ စွမ်းအားဖြင့် တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။ ယောင်ဖုန်း၏ ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်နိုင်ရန် အချိန်အနည်းငယ်သာ လိုပါလိမ့်မည်။
သူမသည် သူမ၏ အစစ်မှန်ဖီးနစ်ခန္ဓာကိုယ် တစိတ်တပိုင်းကို ပြန်လည်ရယူထားပြီး ဖြစ်သော်လည်း၊ မပြောင်းလဲရသေးသော ဘိုးဘေးနတ်ဘုရားဖီးနစ် ကျောက်စိမ်းချဉ်ဆီ၏ စွမ်းအင် အများအပြား ကျန်ရှိနေသေးသည်။ ထို့ကြောင့် သူမသည် ယခင်က ရှောင်ချင်းဖန်၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရစဉ်မှာ, သူမ၏ ခန္ဓာကိုယ်အား ထိန်းချုပ်နိုင် စွမ်း ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ ချင်ယွင်၏ ခုခံတိုက်ခိုက်ခြင်းသာ မရှိပါက, သူမသည် လုံးဝ အသက်ဆုံးရှုံးသွားမည် ဖြစ်သည်။
ဘိုးဘေးနတ်ဘုရားဖီးနစ် ကျောက်စိမ်းချဉ်ဆီသည် မူလကတည်းက ရှေးဟောင်း ဘိုးဘေး နတ်ဘုရား မသေဆုံးမီ ကျန်ရစ်ခဲ့သော အနှစ်သာရဖြစ်သည်။ ယောင်ဖုန်းသည် ရှောင်ယု၏ ခန္ဓာကိုယ်ကို ယခင်က သိမ်းပိုက်ထားသော်လည်း ၎င်းသည် သူမပိုင်မဟုတ်သလို သူမ၏ စစ်မှန်သော ခွန်အားကိုလည်း မပြသနိုင်ခဲ့ပေ။ ထို့ကြောင့်၊ သူမသည် ယခင် သူမ၏ အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်လိုပါက၊ သူမ၏ နတ်ဘုရားခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ရမည် ဖြစ်သည်။ ဤလုပ်ငန်းစဉ်သည် အချိန်အနည်းငယ် ယူရလိမ့်မည်။
ဟုတ်ပါသည်၊ ချင်ယွင်သည် သူမကို အချိန် အဆ ၁၀,၀၀၀ နီးပါး တိုးမြှင့်ပေးထားသည်။ သူမသည် အနှစ် ၁၀၀၀၀ ကြာမည်ဆိုလျှင်ပင် တစ်နှစ်အတွင်း ပြီးနိုင်ပါသေးသည်။
ယခုအချိန်တွင် ချင်ယွင်၏ ကနဦးစကြဝဠာသည် အစောပိုင်း ထိုက်ကျိနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း၊ ၎င်းသည် အနှစ်တစ်သောင်းအထိသာ တိုးမြှင့်နိုင်ပါသေးသည်။
ဘန်း…။
ချင်ယွင်သည် ဤအရာအားလုံးကို ပြီးမြောက်ပြီးနောက် သူသည် ယောင်ဖုန်းရှိရာအရပ်မှ တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။
ယောင်ဖုန်းသည် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်ထိုက်သည်ဟု ဆိုရမည် ဖြစ်သည်။ ယခု သူမသည် သူမ၏ ဖီးနစ်ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက် နေပြီး၊ ကြောက်မက်ဖွယ်ကောင်းသော ရေခဲအငွေ့အသက်က ချင်ယွင်၏ ကနဦး စကြာဝဠာမှာပင် အေးခဲနေသည့် အရိပ်အယောင်များပင် ပြသလာခဲ့သည်။ ကံကောင်း ထောက်မစွာ၊ ချင်ယွင်သည် ဤစကြဝဠာကို စည်းတံဆိပ်ခတ်ထားခဲ့ပြီး ဖြစ်သည်။ မဟုတ်ပါက၊ ယောင်ဖုန်း၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်သော ရေခဲအငွေ့အသက်သည် စကြဝဠာ အများစုသို့ ပျံ့နှံ့သွားပေလိမ့်မည်။
ဟုတ်ပါသည်၊ သူထွက်ခွာသွားရသည့် အရေးကြီးဆုံးအချက်ကတော့, ချင်ယွင်သည် ယောင်ဖုန်းခန္ဓာကိုယ်၏ ပြင်းထန်သော သွေးဆောင်မှုဒဏ်ကို မခံမရပ်နိုင် ဖြစ်နေပါသည်။ အကယ်၍, သူ ဆက်ကြည့်နေမည်ဆိုလျှင် စည်းမဲ့ကမ်းမဲ့ တစ်ခုခု လုပ်မိမှာကို သူကြောက်မိသည်။
ယခုအချိန်တွင် ယောင်ဖုန်းသည် ခုခံရန် အင်အားမရှိပေ။ ချင်ယွင်က သူမကို အမှန်တကယ် တစ်ခုခုလုပ်ခဲ့ရင်တောင် သူမအနေဖြင့် နည်းနည်းလေးမှ ခုခံနိုင်ဖို့ စိတ်ကူး မရှိပါဘူး။ သေချာသည်မှာ, နောက်ပိုင်းတွင် သူမသည် ချင်ယွင်ကို သတ်ပစ်မလားဆိုတာ ကိုတော့ ပြောဖို့ခက်ပါသည်။
ဝှီး…။
အတွေးတစ်ချက်ဖြင့် ချင်ယွင်သည် သူ့နေရာမှ ပျောက်ကွယ်သွားပြီး ကနဦးစကြာဝဠာ၏ အခြားဒေသတစ်ခုတွင် ပြန်လည်ပေါ်လာသည်။
ကနဦးစကြဝဠာတွင်၊ ချင်ယွင်သည် သူဆန္ဒရှိသည့်နေရာသို့ ရောက်ရှိလာနိုင်သည်။ ယခုအကြိမ် ချင်ယွင် ပေါ်လာခဲ့သော နေရာသည် ကနဦးစကြဝဠာ၏ အလယ်ဗဟိုနှင့် ကြေးနီအပိုင်းအစ တည်ရှိရာ နေရာလည်း ဖြစ်သည်။
ချင်ယွင်သည် ထူးဆန်းသော ကြေးနီအပိုင်းအစကို ကြည့်ရူကာ သူ့ရှေ့ရှိ မြင်ကွင်းကြောင့် အံ့အားသင့်သွားသည်။
ချင်ယွင်ရရှိခဲ့သော ရှေးဟောင်း ဖရိုဖရဲရတနာ နှစ်ပါးဖြစ်သည့် ကြည်လင်ကောင်းကင် ဓားနှင့် နတ်နဂါးကျောက်စိမ်းတံဆိပ်တို့သည် ယခုအချိန်တွင် အမှန်တကယ်ပင် ကြေးနီ အပိုင်းအစ တစ်ဝိုက်တွင် လှည့်ပတ်နေပါသည်။ ကြေးနီအပိုင်းအစမှ မမြင်နိုင်သော စွမ်းအားတစ်ခု ထုတ်လွှတ်လိုက်ကာ ဖရိုဖရဲရတနာ နှစ်ပါးကို အဆက်မပြတ် လှည့်ပတ် ဆွဲယူပြီး၊ ရှေးဟောင်း ဖရိုဖရဲရတနာ နှစ်ပါးကို အားဖြည့်ပေးနေသကဲ့သို့ပင်။
ချင်ယွင်သည် ထိုရတနာနှစ်ပါးကို ထိန်းချုပ်ရန် ကြိုးစားသော်လည်း၊ သူသည် ၎င်းတို့နှင့် အဆက်အသွယ် ပြတ်သွားကြောင်း တွေ့ရှိခဲ့သည်။
သူသည် နတ်ဘုရားကမ္ဘာသို့ ဝင်ရောက်လာပြီးကတည်းက ဤရှေးဟောင်းဖရိုဖရဲရတနာ နှစ်ပါး၏ သက်ရောက်မှုများမှာ သိသာထင်ရှားခြင်း မရှိတော့ပေ။ ချင်ယွင်သည် မူလက ဤရတနာနှစ်ပါးကို သန့်စင်ပြီး နတ်ဘုရားပစ္စည်းများအဖြစ်သို့ ပြောင်းလဲခြင်းမပြုနိုင်ခင်, နတ်ဘုရားခန္ဓာကိုယ်ကို သန့်စင်ပြီးသည်အထိ စောင့်ဆိုင်းချင်ခဲ့သည်။
ချင်ယွင်သည် ယခုလိုအဖြစ်ပျက်မျိုး ဖြစ်ပေါ်လာရန် မမျှော်လင့်ထားပါဘူး။ ကြေးနီ အပိုင်းအစ၏ စွမ်းအားဖြည့်တင်းပေးမူအောက်တွင် ဤအဖိုးတန် ရတနာနှစ်ပါးသည် မည်သည့်အရာများ ဖြစ်လာမည်ကို ချင်ယွင် မသိသော်လည်း၊ ၎င်းတို့သည် တစ်ခုနှင့်တစ်ခု နိမ့်ကျနေမည် မဟုတ်ကြောင်း ချင်ယွင်သည် သေချာပေါက် ယုံကြည်ခဲ့သည်။
ချင်ယွင်သည် သူတို့ကို အလွယ်တကူ လျစ်လျူရှုလိုက်ပြီး ယခုလိုပုံစံမျိုးဖြင့် ၎င်းတို့ကို တိုးတက်လာခွင့် ပေးထားလိုက်သည်။ ဤဖရိုဖရဲရတနာနှစ်ခုတွင် မည်သို့သော အပြောင်းအလဲများ ဖြစ်လာမည်ကို သူလည်း မြင်ချင်မိသည်။
ချင်ယွင်၏စိတ်သည် တစ်ဖန် ပြောင်းသွားပြီး သူ၏ရုပ်အသွင်သည် ကြယ်တစ်လုံးပေါ်သို့ တစ်ဖန် ရောက်ရှိသွားပြန်သည်။
ယခုအချိန်တွင်၊ ချင်ယွင်၏ ကနဦးစကြာဝဠာသည် သေမျိုးကမ္ဘာ၊ အင်မော်တယ်ကမ္ဘာ၊ ထို့ထက်ပို၍ နတ်ဘုရားကမ္ဘာတိုက်ကြီးအထိပင် တဖြည်းဖြည်း ပြောင်းလဲလာနေသည်။ ထို့အပြင်, ထိုကြယ်သည် မရေမတွက်နိုင်သော သေမျိုးကမ္ဘာကြယ်များစွာထဲမှ တစ်ခု ဖြစ်ပါသည်။
ချင်ယွင် ဤနေရာကို လာရသည့်အကြောင်းရင်းကတော့ ကြက်သွေးရောင်မြေကမ္ဘာ၏ စိတ်ဝိညာဉ်သည် ဤကြယ်၏ ထိပ်မှာရှိနေသောကြောင့်ပင် ဖြစ်ပါသည်။
ချင်ယွင် ရယ်မောစရာ ဖြစ်စေခဲ့သည့်အရာတစ်ခုက ကြက်သွေးရောင်မြေကမ္ဘာ နတ်ဘုရား သည် ဤစကြဝဠာ၏ သက်ရှိဘဝနှင့် လိုက်လျောညီထွေ ဖြစ်စပင် ပြုလာပုံရသည်။ သူသည် ယခုအချိန်တွင် အကြွင်းအကျန် စိတ်ဝိညာဉ်တစ်ခုမျှသာ ဖြစ်နေသေးသော်လည်း၊ သူသည် ဤနေရာ၌ အခြေချနေထိုင်သူတစ်ဦးသကဲ့သို့ ဤကမ္ဘာမြေပေါ်တွင် အိမ်တစ်လုံး ကို ဆောက်လုပ်ထားသည်။
ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသည် ချင်ယွင်၏ရုပ်အသွင် ပေါ်လာသည်ကို မြင်သောအခါ ကြောက်ရွံ့ရိုသေသော အမူအရာ ပေါ်လာသည်။
ချင်ယွင်မှာ အလားအလာ မည်မျှရှိနေသနည်း?။ ကနဦးစကြဝဠာထဲ ရှိနေစဉ်အတွင်းမှာ သူ အမှန်တကယ် ခံစားမိခဲ့သည်။ ဤစကြာဝဠာကြီး တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ၎င်းသည် ယခင်က သူနေထိုင်ခဲ့ဖူးသော စကြာဝဠာနှင့် တူညီသောအဆင့်တွင် ရှိနေကြောင်း သူ တွေ့ရှိခဲ့သည်။ ဆိုလိုသည်မှာ ချင်ယွင်၏ အောင်မြင်မှုများသည် နောင်အနာဂတ်တွင် ဘိုးဘေးနတ်ဘုရားများကိုပ်င ကျော်လွန်သွားနိုင်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။
"သခင်အုပ်စိုးရှင်” ကြက်သွေးရောင်မြေကမ္ဘာနတ်ဘုရားသည် ချင်ယွင်ကို ဦးညွှတ်သည်။
ထိုစကားကိုကြားတော့ ချင်ယွင် ပြုံးလိုက်မိသည်။
တကယ်တော့၊ သူ့ကို ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရား ခေါ်သည့်စကားက မှားယွင်း ခြင်း မရှိပါဘူး။ ဤကမ္ဘာတွင် သူသည် အုပ်စိုးရှင်ဖြစ်ပြီး ကြက်သွေးရောင် မြေကမ္ဘာ နတ်ဘုရားသည် သူ့စကြဝဠာတွင် ပထမဆုံးသော သက်ရှိသတ္တဝါတစ်ကောင် ဖြစ်သည်။ သို့သော် ဤသတ္တဝါတွင် ရုပ်ခန္ဓာကိုယ် မရှိသေးပေ။
"မင်း ဒီမှာနေရတာ ဘယ်လိုနေလဲ" ချင်ယွင်က ပြုံးပြုံးလေး မေးလိုက်သည်။
ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသည် ရှိုက်ကြီးတငင် ပြုံးလိုက်ပါသည်။ သူ ဤနေရာမှာ နေရခြင်းက ဘာများကောင်းမည်နည်း?။ ဤနေရာတွင် သက်မဲ့ကြယ်များမှ လွဲ၍, ဤဟာလာဟင်းလင်း စကြာဝဠာသည် သက်မဲ့နေသည့် တိုက်ကြီးတစ်ခုသာ ဖြစ်သည်။ သစ်ပင်ပန်းမာန်များ လုံးဝ မရှိခဲ့ပါ။ သူသည် ဤနေရာတွင် ကျင့်ကြံခြင်း မပြုနိုင်သလို မည်သူ့ကိုမှလည်း စကားမပြောနိုင်ပေ။ သူသည် တစ္ဆေဝိညာဉ်တစ်ကောင် နှင့်တူသည်။ မြေကမ္ဘာနတ်ဘုရားတစ်ပါး ဖြစ်နေလျှင်ပင်, သူသည် အထီးကျန်သည်ဟု ခံစားနေရသည်။
သို့သော်, သူသည် သေခြင်းတရားကို ပို၍ပင် ကြောက်သောကြောင့် ညည်းညူဝံ့ခြင်း မရှိပေ။
"တကယ်တော့ မင်း ဒီမှာနေရတာ အရမ်းငြီးငွေ့နေပြီဆိုတာ ငါ သိပါတယ်။ ဒါပေမယ့် မင်း လုပ်နိုင်တာ ဘာမှမရှိဘူး။ တကယ်လို့, မင်းသာ ဒီကမ္ဘာလောကထဲမှာပဲ ဆက်နေဦးမယ် ဆိုရင်, မင်းရဲ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်နိုင်ဖို့ ငါ ကူညီပေးမှာပါ၊ ဒါ့အပြင်, ငါက မင်းကို ဒီကမ္ဘာမှာ ပထမဆုံး ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်စေချင်တယ်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။
စကြဝဠာကြီး ပြီးသွားသည်နှင့်၊ သက်ရှိတစ်ယောက်ကို ဘိုဘေးနတ်ဘုရားအဖြစ် ဖန်ဆင်းရန် ချင်ယွင်အတွက် ခက်ခဲမည် မဟုတ်ပေ။
ကြက်သွေးရောင်မြေကမ္ဘာနတ်ဘုရားသည် ချင်ယွင်၏စကားကို ကြားသောအခါ သူ၏ မျက်လုံးများသည် ချက်ချင်း တောက်ပလာသည်။ သူ့မျက်နှာပေါ်ရှိ အမူအရာမှာ အနှိုင်းမဲ့ စိတ်လှုပ်ရှားနေ၏။
"ကျေးဇူးတင်ပါတယ် သခင်အုပ်စိုးရှင်။ သခင်အုပ်စိုးရှင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီမှာနေပြီးတော့ သခင်အုပ်စိုးရှရဲ့ စကြာဝဠာကြီး ပြီးပြည့်စုံအောင် စောင့်နေပါ့ မယ်။" ကြက်သွေးရောင်မြေကမ္ဘာ နတ်ဘုရားသည် ဒူးထောက်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
လူတစ်ယောက် အကြောက်ဆုံးအရာမှာ ရှင်သန်ရန် မျှော်လင့်ချက် ကင်းမဲ့နေခြင်း ဖြစ်သည်။ မျှော်လင့်ချက်တွေ ရှိလာသောအခါ မည်သည့်နေ့ရက်မျိုးဖြစ်စေ, ဇွဲရှိရှိနှင့် ရှင်သန်နေထိုင်နိုင်သည်။ ထို့ကြောင့် ချင်ယွင်၏စကားများသည် ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားကို မျှော်လင့်ချက်ပေးရန် ဖြစ်သည်။
ချင်ယွင်က ပြုံးပြီး ဘာမှပြန်မပြော။
ရုတ်တရက် သူ့စိတ်ထဲတွင် အလင်းတစ်ချက် တောက်ပလာသည်။ ချင်ယွင်သည် တခဏမျှ ထိတ်လန့်သွားပြီး သူ့မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။ "သူမ နိုးလာတာ အရမ်းမြန်တာပဲ။ ဆိုတော့, သူမကို ဘယ်သူမှ အကြာကြီးကြည့်နိုင်မှာ မဟုတ်တော့ဘူးပေါ့”။
စကြဝဠာတစ်ခုလုံး၏ ထောင့်တိုင်းတွင် ချင်ယွင်၏စိတ်သည် တည်ရှိနေခဲ့ပြီး၊ သူသည် အရာအားလုံးကို တစ်ချက်တည်းဖြင့် မြင်နိုင်သည်။