အခန်း ၁၃၁၄
Vol. 88 Ch. 1314
အခန်း (၁၃၁၄) သွေးမိုးလေဟုန်ခန်းမ။
"ဘန်း…။
တင်းဟွန်ချန်သည် သူ့လက်ဖဝါးကို သူ့ဘေးက အနီရောင် နတ်ဘုရားကျောက်စားပွဲပေါ် တင်လိုက်ပါသည်။ အဆင့်နိမ့်အဆင့် နတ်ဘုရားပစ္စည်းကဲ့သို့ မာကျောသော ကျောက်စားပွဲသည် ချက်ချင်းပင် အပိုင်းပိုင်းကွဲသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုး၏ အငွေ့အသက်သည် နန်းတော်တစ်ခုလုံးကို ရူးသွပ်သော လေပြင်းကဲ့သို့ လွှမ်းခြုံသွားသည်။
တင်းဟွန်ချန်၏ ဆံပင်များသည် ရိုင်းစိုင်းစွာ ကခုန်နေပြီး သူ့မျက်လုံးများသည် သွေးကဲ့သို့ နီရဲနေသည်။ သူ့လက်တစ်ဖက်ထဲမှ နတ်ဘုရားစိတ်ဝိညာဉ် ကျောက်စိမ်းဆွဲသီးကို ကြည့်လိုက်တော့, နီရဲနေသော သူ့မျက်လုံးများတွင် ပြင်းထန်သော ဝမ်းနည်းမှု အရိပ်ယောင်တစ်ခု ပျံ့နှံ့တိုးဝင်လာခဲ့သည်။ ချက်ချင်းဆိုသလိုပင်၊ ထိုဝမ်းနည်းမူသည် အဆုံးမဲ့ သတ်ဖြတ်လိုသည့်ဆန္ဒများအဖြစ် ပြောင်းလဲသွားခဲ့သည်။
"မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ပါဘူး။ မင်းကိုရှာပြီး ငါ့သားနှစ်ယောက်အတွက် မင်းကို သတ်ပစ်မယ်။ ငါတင်းဟွန်ချန်က ငါ့အသက်အန္တရာယ်ကို စွန့်ရရင်တောင် မင်းကို အပိုင်းပိုင်း ခုတ်ဖြတ်ပစ်မယ်။" တင်းဟွန်ချန်သည် ကောင်းကင်ယံသို့မော့ကာ ဟစ်ကြွေးလိုက်ပြီး နန်းတော်တစ်ခုလုံးပင် ပြိုကျသွားခဲ့သည်။ အထွက်အထိပ်အဆင့် မြေကမ္ဘာနတ်ဘုရားတစ်ပါး၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် ကောင်းကင်ယံသို့တိုင် ပျံတက်သွားသည်။
ဝှီး...။
ထိုအချိန်တွင် တင်းဟွန်ချန်၏ရှေ့မှာ ရုပ်အသွင်တစ်ခု ပေါ်လာသည်။ ၎င်းသည် ပေါက်ကွဲတော့မည့် တင်းဟွန်ချန်ကို ကြည့်လိုက်ရင်း သူ့မျက်လုံးများတွင် အကူအညီမဲ့ အရိပ်အယောင်တွေ ပေါ်လာပါသည်။
"မြို့သခင်၊ သွေးမိုးလေဟုန်ခန်းမကို ဘာကြောင့် လှုပ်ရှားခွင့် မပေးတာလဲ။ သွေးမိုးလေဟုန်ခန်းမက ဘယ်တုန်းကမှ မကျရှုံးခဲ့ဘူး။ ဒီလိုနည်းနဲ့ သခင်လေး နှစ်ယောက်အတွက် ကြီးမားလှတဲ့ ရန်ငြိုးကြီးကို လက်စားချေနိုင်လိမ့်မယ်" နောက်မှ ပေါ်လာတဲ့လူက ပြောသည်။
“သွေးမိုးလေဟုန်ခန်းမလား?" ထိုလူ၏စကားကိုကြားတော့ ပေါက်ကွဲတော့မည့် တင်းဟွန်ချန်၏ စိတ်ခံစားမှုတွေက ထိုအချိန်တွင် ရုတ်တရက် တည်ငြိမ်သွားခဲ့ပါသည်။
သွေးမိုးလေဟုန်ခန်းမသည် မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရား နန်တော်အတွင်းမှ အမာခံ အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ အထဲမှာ မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရား နန်းတော်၏ ထိပ်တန်းပုဂ္ဂိုလ်များ အားလုံး ပါရှိသည်။ သင်သည် လုံလောက်သော စျေးနှုန်း တစ်ခု ပေးချေသရွေေ့, ၎င်းတို့သည် သင့်တာဝန်ကို ပြီးမြောက် အောင် ကူညီပေးနိုင်သည်။ ယခုအချိန်ထိ မည်သည့်အမှားယွင်းမှ မရှိသေးပါဘူး။ သူ့လက်အောက်ငယ်သားပြောသည့် သွေးမိုးလေဟုန်ခန်းမခန်းမ အကြောင်းကို ကြားသောအခါ၊ သူသည် ဤအဖွဲ့အစည်းနှင့် ပတ်သက်သည့် အရာအားလုံးကို သဘာဝအတိုင်း မှတ်မိလာပါသည်။
နတ်ဘုရားနန်းတော်ကြီးတစ်ခုစီတွင် လျှို့ဝှက်အဖွဲ့အစည်းများနှင့် အင်အားများစွာရှိကာ အတွင်းမှာ မရေမတွက်နိုင်သော လက်ရွေးစင်များ ရှိနေပါသည်။ မြို့တော်သခင်များပင် ဤအကြောင်းကို အနည်းငယ်မျှသာ သိကြီပြီး၊ နတ်ဘုရားနန်းတော်ကြီးအတွင်းမှ အချက်အလက်အမှန်များကို လုံးလုံး မသိခဲ့ကြပေ။
သို့သော် ဤသွေးမိုးလေဟုန်ခန်းမသည် မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရား နန်းတော်ရှိ ကျော်ကြားသော လုပ်ကြံသတ်ဖြတ်ခြင်း အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ၎င်းသည် အပေါ်ယံသက်သက် အဖွဲ့ခွဲတစ်ခု ဖြစ်သည်။ တန်ရာတန်ကြေး ပေးချေနိုင်သရွှေ့ ဘိုးဘေးနတ်ဘုရားအဆင့်အောက် မည်သူ့ကိုမဆို သတ်ပစ်နိုင်သည်။
ဤသည်မှာ မရေမတွက်နိုင်သော သွေးများဖြင့် တည်ဆောက်ထားသော ဂုဏ်သိက္ခာကြီး မားသည့် ဂုဏ်သတင်းတစ်ခု ဖြစ်သည်။ တင်းဟွန်ချန်သည် ဤအမည်ကို ကြားလိုက်ရသောအခါတွင်ပင် သူ့နှလုံးသားသည် တုန်လှုပ်သွားသည် ။
အကယ်၍ တစ်ယောက်ယောက်သည် သွေးမိုးလေဟုန်ခန်းမထံမှ သူ့ဦးခေါင်းကို ဝယ်ခဲ့မည်ဆိုလျှင်, သူသည် အသက်ရှင်ရန် နည်းလမ်းမရှိတော့ပေ။ ကံကောင်း ထောက်မစွာ၊ သွေးမိုးလေဟုန်ခန်းမသည် မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရား နန်းတော်အတွင်းမှ လုပ်ကြံသတ်ဖြတ်မှုများကို လက်မခံဘဲ၊ နှောင်ဖွဲ့ကင်းသည့် နတ်ဘုရားများနှင့် အခြားသော နတ်ဘုရားနန်းတော်ကြီးသုံးခုကိုသာ ပစ်မှတ်ထားခဲ့သည်။
"ဒါပေမယ့်" တင်းဟွန်ချန်က မဝံ့မရဲ ပြောသည်။
"မြို့သခင်၊ မြို့သခင်ရဲ့သားကို သတ်ခဲ့တဲ့ လူသတ်သမားအကြောင်းကို မြို့သခင် တွေးနေခဲ့တယ်။ ဒါပေမယ့် မြို့သခင်ကို သတိတစ်ခု ပေးပါရစေ။ မကြာခင် နတ်ဘုရား ကပ်ဘေးဒုက္ခက ရောက်လာတော့မယ်။ ဒီနတ်ဘုရားကမ္ဘာမှာ မုန်တိုင်းတစ်ခု ထပ်ပြီး လှုပ်ခတ်လာတော့မှာ သေချာတယ်။ အခု ကျိုးလင်လည်း လွင့်မျောနှင်းမြို့တော်ကို ပြန်ရောက်နေပြီ။ ဒီအချက်က သူမဟာ ရတနာအချို့ကို ရရှိနေပြီလို့ ဆိုနိုင်တယ်။ သူမက မကြာမီ သူမရဲ့ခွန်အားကို ပြန်လည်ရရှိသွားမှာကို ကျွန်တော် စိုးရိမ်မိတယ်။ တစ်ချိန်တည်းမှာ လွင့်မျောနှင်းမြို့တော်က ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံထွဋ် မြို့တော်ကို ကိုင်တွယ်ဖို့ အခွင့်ရေးကောင်းကို သေချာပေါက် ယူသွားနိုင်တယ်” အဖြူရောင်ဝတ် အသက်လတ်ပိုင်းအရွယ် အမျိုးသားက ဆိုသည်။
အဖြူရောင်ဝတ် အသက်လတ်ပိုင်းအရွယ် အမျိုးသား၏ စကားကိုကြားတော့ တင်းဟွန်ချန်သည် နောက်ဆုံးတွင် ငြိမ်သက်နေရာမှ ခေါင်းညိတ်လိုက်သည်။
"သွေးမိုးလေဟုန်ခန်းမက ဘယ်တော့မှ မကျရှုံးဖူးဘူး။ သခင်လေးချန်နဲ့ သခင်လေးထန်ကို သတ်ခဲ့တဲ့လူက ဒီလောက် အစွမ်းထက်တဲ့သူ မဖြစ်သင့်ပါဘူး။ ကျွန်တော့်တိုက အဆင့်မြင့်အဆင့် နတ်ဘုရားပစ္စည်းတစ်ခုကို သုံးစွဲဖို့ပဲလိုပါတယ်။ ငွေအဆင့်ရှိတဲ့ လုပ်ကြံသတ်ဖြတ်သူကို ဖိတ်ခေါ်လိုက်ရင်, သူ့ကိုသတ်ဖို့ လုံလောက်ပါပြီ" အဖြူရောင်ဝတ် အသက်လတ်ပိုင်းအရွယ် အမျိုးသားက ပြောသည်။
ထိုစကားကိုကြားတော့ တင်းဟွန်ချန်သည် ဆင်ခြင်စဉ်းစားနေသည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။
အဆင့်မြင့် နတ်ဘုရားပစ္စည်းတစ်ခုသည် ၎င်းတို့၏ ကောင်းကင်ဘုံထွဋ်မြို့တော်အတွက် ပင်, သေးငယ်သည့် အရေတွက်မဟုတ်ပေ။ သို့သော် သူသည် သူ့သားများအတွက် လက်စားချေနိုင်သရွေ့၊ အဆင့်မြင့် နတ်ဘုရားပစ္စည်းတစ်ခုကို မပြောနှင့်၊ ဆယ်ခုဆိုလျှင် ပင် ထုတ်ပေးပါလိမ့်မည်။
အဖြူရောင်ဝတ် အသက်လတ်ပိုင်းအရွယ် အမျိုးသား ပြောသော ငွေအဆင့် လုပ်ကြံ သတ်ဖြတ်သူသည် သွေးမိုးလေဟုန်ခန်းမ၏ အဆင့်သတ်မှတ်ချက် ဖြစ်သည်။
ကြေးအဆင့် လုပ်ကြံသတ်ဖြတ်သူသည် ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်တွင် ရှိပြီး၊ ငွေအဆင့်လုပ်ကြံသတ်ဖြတ်သူသည် အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ်တွင် ရှိကာ၊ ရွှေအဆင့်လုပ်ကြံသတ်ဖြတ်သူမှာ အလယ်လတ် မြေကမ္ဘာနတ်ဘုရားနယ်ပယ်တွင် ရှိသည်။
ရွှေအဆင့်လုပ်ကြံသတ်ဖြတ်သူများ၏ အထက်တွင် ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်သည့်တိုင် အဆင့်များစွာ ရှိနေပါသည်။
သေချာသည်မှာ, အမြင့်ဆုံးဖြစ်သည့် ကောင်းကင်နတ်ဘုရားနယ်ပယ် လုပ်ကြံ သတ်ဖြတ် သူများသည် နတ်ဘုရားကမ္ဘာတစ်ခုလုံးကိုပင် မုန်တိုင်းထန်စေနိုင်သောသူများ ဖြစ်ကြ သည်။ သူတို့၏ ခြေတစ်ချက်ဆောင့်လိုက်သည်နှင့် နတ်ဘုရားကမ္ဘာကိုပင် တုန်လှုပ်စေနိုင် သည်။
နတ်ဘုရားနန်းတော်ကြီးလေးခုစလုံးသည် သတ်ဖြတ်ခြင်းအဖွဲ့အစည်းဟု ခေါ်ဆိုကြသည့် အဖွဲ့များကို ပိုင်ဆိုင်ထားကြသည်။ ထိုအထွတ်အထိပ် မြေကမ္ဘာနတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူများသည် ကောင်းကင်နတ်ဘုရားအဆင့်အောက် ပြိုင်ဘက်ကင်း ပုံရိပ်ရှိသူများ ဖြစ်ကြသည်။ ပုံမှန်အားဖြင့်၊ ထိုကဲ့သို့သော လူများသည် လှုပ်ရှားခြင်း မပြုကြဘဲ၊ ၎င်းတို့ကိုယ်တိုင်လှုပ်ရှားရန် ဖိတ်ခေါ်ဖို့အတွက် အလွန်ခက်ခဲပေလိမ့်မည်။ သို့သော်လည်း ၎င်းတို့သည် လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းကို ထိန်းချုပ်ထားသည့် တောင်တန်းကျောက်တုံးများကဲ့သို့ပင် ဖြစ်သော်လည်း ပြင်ပကမ္ဘာကို အကြောက်တရား ဖြင့် တုန်လှုပ်သွားအောင်လုပ်ဆောင်ဖို့ လုံလောက်ပါသည်။
"ကောင်းပြီ၊ ငွေအဆင့်လုပ်ကြံသတ်ဖြတ်သူကို ဖိတ်ခေါ်လိုက်ရအောင်။ ငွေအဆင့် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်က အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် ဖြစ်ပေမဲ့၊ သူက အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့်မှာ ပြိုင်ဘက်ကင်း ဖြစ်နေပါသေးတယ်။ အဲဒီလူ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ အများဆုံး သူက မြေကမ္ဘာနတ်ဘုရား နယ်ပယ်ရဲ့ အစောပိုင်းအဆင့်မှာပဲ ရှိလောက်ပါတယ်။ ငွေအဆင့်လုပ်ကြံသတ်ဖြတ်သူ တစ်ဦးရဲ့ လိုက်လံတိုက်ခိုက်မူကနေ လွတ်မြောက်နိုင်မယ်လို့ ငါ မထင်ဘူး။" တင်းဟွန်ချန် က အေးစက်စွာ အော်ပြောလိုက်သော်လည်း သူ့မျက်လုံးများက ပိုပို၍ မှုန်မှိုင်းလာသည်။
"မြို့သခင်, ကျွန်တော်ကိုယ်တိုင် သွေးမိုးလေဟုန်ခန်းမကို သွားလိုက်ပါ့မယ်။ သတင်းကောင်းကို စောင့်နေလိုက်ပါ။" အဖြူရောင်ဝတ် အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် လက်နှစ်ဖက်ယှက်ပြီး ပြောသည်။ ထို့နောက်၊ သူသည် ပုံရိပ်ယောင်အဖြစ် ပြောင်းပြီး ပျောက်ကွယ်သွားခဲ့သည်။
"ဟမ့်, ခွေးကောင်, မင်းကို ငါကိုယ်တိုင်ကိုယ်ကျ မသတ်နိုင်ခဲ့ဘူး။ မင်းက အဝေးမှာ ရှိနေသူလို့ ယူဆနိုင်ပေမယ့် သွေးမိုးလေဟုန်ခန်းမက မင်းကို တိုက်ခိုက်လိမ့်မယ်။ မင်း အသက်ရှင်ဖို့က မဖြစ်နိုင်တော့ဘူး။ ငါ့သားနှစ်ယောက်ကို မင်းနဲ့အတူ မြှုပ်နှံနိုင်ဖို့ စောင့်နေတယ်။" တင်းဟွန်ချန်က သူ့နှလုံးသားတွင် အေးစက်စွာ ဟစ်ကြွေးလိုက်သည်။ သူ့မျက်လုံးများသည် အမိတ္တရဗုဒ္ဓကဲ့သို့ ညှို့ငင်နိုင်စွမ်းရှိနေလေသည်။ သို့သော် သူ့မျက်လုံးများတွင် ပျော်ရွှင်မှု အရိပ်အယောင် အနည်းငယ်မျှ မရှိပေ။ ယင်းအစား၊ သူသည် အဆုံးမဲ့ ရက်စက် ကြမ်းကြုတ်သော အမူအရာတစ်ခုကို ထုတ်ဖော်ထားသည်။ (အမိတ္တရဗုဒ္ဓသည် ဗုဒ္ဓဘာသာတွင် ဘုရားလောင်းဖြစ်ပြီး ကမ္ဘာ၏အနာဂတ် ဗုဒ္ဓဖြစ်မည်ဟု ယုံကြည်ထားသည်။ အမိတ္တရဟူသော အမည်သည် Sanskrit စကားလုံး maitri မှ ဆင်းသက်လာပြီး ၊"ခင်မင်မှု" သို့မဟုတ် "ချစ်ခင်ကြင်နာမှု" ကို ဆိုလိုပါသည်။) ဗဟုသုတ အနေဖြင့် ရှာဖွေပြီး ထည့်ပေးထားပါသည်။
တင်းဟွန်ချန်သည် ချင်ယွင်ကိုသတ်ဖြတ်ရန် လုပ်ကြံသတ်ဖြတ်သူကို ရှာဖွေနေစဉ်မှာ, ရှောင်ဟန်ရှန်သည်လည်း ကောင်းကင်ဘုံမြို့တော်၌ အလားတူ လုပ်ဆောင်နေပါသည်။
ယခင်က အနက်ရောင် နတ်ဘုရားကျောက်တောင်ထိပ်တွင် ချင်ယွင်သည် သူ၏ နတ်ဘုရားစိတ်ဝိညာဉ်အမှတ်သားကို ဖျက်ဆီးပြီးနောက်, သူသည် လုံးဝ လက်မခံနိုင်သေး ပေ။
ယောင်ဖုန်းသည် အစွမ်းထက်လွန်းပြီး၊ ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော် တွင် အလွန်မြင့်မားသော အဆင့်အတန်းတစ်ခု ရှိနေသည်။ သူသည် သူမကို ဘာမှ မလုပ်ရဲ သော်လည်း ထိုချင်ယွင်ဆိုသည့်လူသည် နောက်ခံအင်အား ရှိသူတစ်ယောက် မဟုတ်ပေ။ ထိုပုရွက်ဆိတ်သည် အမှန်တကယ်ပင် သူ့ကို လျစ်လျူရှုဝံ့ပြီး သူ့သားကိုပင် သတ်ပစ်လိုက် သည်။ မည်သို့ပင်ဖြစ်စေ, သူသည် ထိုကိစ္စကို လက်မခံနိုင်ပါဘူး။
သူစဉ်းစားပြီး ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်၊ အကြွင်းမဲ့ သတ်ဖြတ်ခြင်း ခန်းမ၏ လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းကို ဆက်သွယ်ရန်အတွက် လူတစ်ဦးကို စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ ယနေ့သည် အကြွင်းမဲ့သတ်ဖြတ်ခြင်းခန်းမ၏ တမန်နှင့် တွေ့ဆုံရမည့် နေ့ဖြစ်သည်။ ထိုက်တန်သော ဆုကြေးငွေကို ပေးဆောင်နိုင်သရွေ့၊ သူသည် ချင်ယွင်ကိုသတ်ဖြတ်ပြီး သူ့သားအတွက် လက်စားချေနိုင်ရန် အကြွင်းမဲ့သတ်ဖြတ်ခြင်း ခန်းမမှ လုပ်ကြံသူများကို ဖိတ်ခေါ်နိုင်သည်။
ဘန်း…။
ဟုတ်ပါသည်, ထိုအချိန်မှာပင်, ရှောင်ဟန်ရှန်ရှိနေသည့် ခန်းမထဲမှာ ပုံရိပ်တစ်ခုက တိတ်တဆိတ် ပေါ်လာပါသည်။
ဤသည်မှာ တစ်ကိုယ်လုံးကို အနက်ရောင် ၀တ်စုံဖြင့် ဖုံးအုပ်ထားသော လူတစ်ယောက် ဖြစ်သည်။ သူ့တစ်ကိုယ်လုံးမှာ တုနှိုင်းမရအောင် ရက်စက်ကြမ်းကြုတ်သည့် စွမ်းအားတွေ ကို ထုတ်လွှတ်ထားသည်။ သေချာသည်မှာ, ထိုလွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့အသက်သည် ပြင်းထန်သော သွေးရနံ့အငွေ့အသက်များနှင့် ရောထွေးနေပါသည်။
ရှောင်ဟန်ရှန်သည် ဤလူ၏ကျင့်ကြံမှုကို မမြင်နိုင်သော်လည်း ဤလူထံမှ သူ့နှလုံးသားကို တုန်လှုပ်သွားစေသည့် သတ်ဖြတ်ခြင်းအငွေ့အသက်ကို သူ ခံစားနိုင်သည်။
"အရှင်, အရှင် ရောက်လာပြီလား?။ ထိုင်ပါ" ရှောင်ဟန်ရှန်က ရိုသေစွာ ကမန်းကတန်း ပြောလိုက်သည်။
သို့သော်လည်း အနက်ရောင်ဝတ်ထားသူသည် ရှောင်ဟန်ရှန်၏စကားကို မကြားခဲ့ရပုံရ သည်။ သူသည် အလွန်အေးစက်သော လေသံဖြင့် ပြောလိုက်သည် "အလုပ်ကိစ္စကို တိုက်ရိုက်ပြောပါ။ ပစ်မှတ်ရဲ့ကိုယ်ရေးအချက်လက်, ခွန်အား၊ မေ့ထားလို့မရတဲ့ အခြားအရာ အားလုံးပဲ”။
ရှောင်ဟန်ရှန်သည် ခဏလောက် မှင်သက်သွားပြီး အလောတကြီး ပြောလိုက်ပါသည် "ဟုတ်ကဲ့ပါ, ဟုတ်ကဲ့ပါ၊ ပစ်မှတ်ကာ ချင်ယွင်ပါ။ သူ့ရဲ့ ခွန်အားက ထူးဆန်းတယ်။ ဒါပေမယ့် အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် ဖြစ်သင့်ပါတယ်”။