← Chapters

အခန်း ၁၃၄၃

Vol. 90 Ch. 1343

အခန်း ၁၃၄၃

Vol. 90 Ch. 1343

အခန်း (၁၃၄၃) တိုက်ဆိုင်မှုတစ်ခု

နတ်ဘုရားရတနာနယ်မြေ ရှေးဟောင်းနယ်မြေသို့ သွားရာလမ်းတစ်လျှောက်တွင် နေသာ ဧကရာဇ်သည် ချင်ယွင်ထံသို့ အသံထုတ်လွှင့်မှုမှတဆင့် အကြောင်းအရာများစွာကို ပြောပြခဲ့သည်။

နေသာဧကရာဇ်သည် ကြယ်အလင်းမြို့တော်၏ အဖွဲ့ဝင်မဟုတ်တော့ပုံမရပေ။ ယင်းအစား သူသည် ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်မှ စုဆောင်းခံရပြီး၊ ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်၏ ထိပ်တန်းအဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။

သို့သော် နေသာဧကရာဇ်၏ စွမ်းအားမှာ နိမ့်ကျလှသည်။ သူသည် အစောပိုင်း မြေကမ္ဘာ နတ်ဘုရားအဆင့်သို့ ဖြတ်ကျော်နိုင်ရုံမျှသာ ရှိသေးသည်။ ထို့ကြောင့် သူသည် ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်တွင် အဆင့်နိမ့်ပုဂ္ဂိုလ်အဖြစ် ရှိနေဆဲပင်။

နေသာဧကရာဇ်သည် နတ်ဘုရားနန်းတော်အတွင်းမှာ တင်းကျပ်ထားသည့် အထက်အောက်အဆင့်များစွာ ရှိနေကြောင်း ချင်ယွင်အား ပြောပြသည်။ တပည့်များကို သူတို့၏ ခွန်အားအတိုင်း ခွဲခြားထားသည့်အပြင်၊ သူတို့၏ ပါရမီအရည်အချင်းကိုလည်း အရမ်းကို အလေးထားပါသည်။

ထူးထူးခြားခြား အရည်အချင်းရှိပြီး အစွမ်းထက်သော ခွန်အားရှိသူအားလုံးကို နတ်ဘုရားနန်းတော်၏ အထူးအဖွဲ့အစည်းများမှ စုဆောင်းထားပြီး၊ ၎င်းတို့သည် လက်ရွေးစင်များကြားမှာပင် လက်ရွေးစင်များ ဖြစ်လာကြသည်။ ကျန်လူများသည် နတ်ဘုရားနန်းတော်၌ ကျင့်ကြံနိုင်ကြပြီး၊ ၎င်းတို့၏ ကျင့်ကြံမှု အဆင့်တစ်ခုသို့ ရောက်သည်နှင့် ၎င်းတို့သည် အကြီးအကဲများအဖြစ်သို့ ရာထူးတိုးပေးမည် ဖြစ်သည်။

အကြီးအကဲများ၏ အဆင့်အတန်းသည် အလွန်မြင့်မားသော်လည်း ၎င်းတို့သည် ထိုအဖွဲ့အစည်းများတွင် ပါဝင်ရန်နှင့် စစ်မှန်သော အထူးဦးစားပေး ဆက်ဆံမှုကို ခံစားရရန် လမ်းစမရှိပေ။

နတ်ဘုရားနန်းတော်ထဲမှာ ထောက်လှမ်းရေးအဖွဲ့တွေ၊ လုပ်ကြံသတ်ဖြတ်ခြင်း အဖွဲ့အစည်းများနှင့် တခြား အထူးအဖွဲ့အစည်းများ ရှိကြသည်။ ထိုအဖွဲ့အစည်းများသည် နတ်ဘုရားနန်းတော်၏ အမှောင်အရိပ်များတွင် အမြဲတမ်း သိုဝှက်ထားကြပြီး၊ သူတို့သည် အကြီးအကဲများပင် မခံစားနိုင်သော အရင်းအမြစ်များကို ခံစားနိုင်ကြသည်။

အကြီးအကဲများ၏ အထက်ရှိ တည်ရှိမှုများနှင့် ပတ်သက်၍မူ နေသာဧကရာဇ် မသိနိုင်တော့ပေ။ သူ၏ လက်ရှိအခြေအနေနှင့် အနေအထားအရ ဤအရာများနှင့်သာ ထိတွေ့နိုင်ပါသည်။

မိုဟဲနှင့်ဖန်းယီတို့သည် နတ်ဘုရားနန်းတော်၏ သာမန်လက်ရွေးစင် တပည့်များ ဖြစ်ကြသည်။ သူတို့အားလုံးသည် အလယ်အလတ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ဤတစ်ကြိမ်တွင်၊ သူတို့သည် နေသာဧကရာဇ်နှင့်အတူ ထိုနတ်ဘုရားနယ်မြေသို့ ဝင်ရောက်နိုင်ရန်အတွက် သူတို့၏ ကျင့်ကြံမှုကို ဖိနှိပ်ရန် အစွမ်းထက်သော ရတနာများကို မှီခိုအားကိုးခဲ့ရသည်။

သူတို့၏ ကျင့်ကြံမှုနယ်ပယ်ကို ဖိနှိပ်ထားခဲ့ကြသော်လည်း ၎င်းတို့၏ ခွန်အားများ ပေါက်ကွဲ ထွက်လာသည်နှင့် တပြိုင်နက် သူတို့သည် နတ်ဘုရားတစ်ပိုင်းနယ်ပယ် ကျွမ်းကျင်သူများ ထက် အဆပေါင်းများစွာ အားကောင်းလာမည် ဖြစ်သည်။ သူတို့သည် အလယ်အလတ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူထက် အားမနည်းစေရန် နည်းလမ်းအချို့ကိုပင် အသုံးပြုခဲ့ကြသည်။ ထို့ကြောင့် ချင်ယွင်ကို သူတို့၏ အကြည့်များက မထီမဲ့မြင် ပြုခြင်းများ ဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုစကားကို ကြားတော့ ချင်ယွင်သည် နတ်ဘုရားနန်းတော်မှ ထိုလူနှစ်ယောက်၏ အနေအထားနှင့် သူတို့၏ခွန်အားကို သေချာနားလည်သွားခဲ့သည်။

အလယ်အလတ် မြေကမ္ဘာနတ်ဘုရားအဆင့် လက်ရွေးစင်တစ်ဦး၊ သူ၏ ခွန်အားသည် အားမနည်းသင့်ပေ။ အဆုံးတွင်, ချင်ယွင် အစောပိုင်းက သတ်ဖြတ်ခဲ့သော မိန်းမဆန်ဆန် အမျိုးသားသည် အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ်ရှိ လက်ရွေးစင်တစ်ဦးဖြစ်ပြီး သူပေါက်ကွဲထွက်နိုင်သော တိုက်ပွဲဝင်စွမ်းအားသည် အလယ်အလတ် မြေကမ္ဘာနတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်နိုင်သည်။ ထို့အပြင်, မိုဟဲနှင့်ဖန်းယီတို့သည် လက်ရွေးစင်တပည့်များ ဖြစ်လာနိုင်ကြသည်။ သူတို့သည် သာမာန် လက်ရွေးစင် တပည့်များသာ ဖြစ်ကြသော်လည်း၊ သူတို့၏အင်အားမှာ အားမနည်းသင့်ပေ။ သူတို့သည် အရှေ့ပိုင်းမြစ်ဘိုးဘေးနှင့် နှိုင်းယှဥ်နိုင်လျှင်ပင် ၎င်းတို့သည် အားနည်းမည် မဟုတ်ပေ။

သို့သော်၊ ဤအရာသည် ချင်ယွင်ကြောက်ရွှံ့သော အရာမဟုတ်ပေ။ ယခုအချိန်မှာ, သူသည် အရှေ့ပိုင်းမြစ်ဘိုးဘေးနှင့် ထပ်တွေ့ခဲ့လျှင်ပင်, သူ့ကျင့်ကြံမှုက တစ်ဖန် တိုးတက်လာခဲ့ပြီး အရှုံးမပေးဘဲ တွန်းလှန်ဝံ့ဆဲဖြစ်သည်။

"ဝှီး...၊ ဝှီး...၊ ဝှီး....။”

နေသာဧကရာဇ်၏ ဦးဆောင်မှုအောက်တွင် ချင်ယွင်နှင့် အခြားသူများသည် ထိုရှေးဟောင်းနယ်မြေသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ကြသည်။

ဤရှေးဟောင်းနယ်မြေသို့ ဝင်ပေါက်သည် ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်နှင့် မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော် လမ်းဆုံရှိ တောင်တန်းတစ်ခုတွင် တည်ရှိသည်။

ဤတောင်တန်းကို ဆည်းဆာတိမ်တိုက်တောင်တန်းဟု ခေါ်သည်။ ၎င်းသည် ထင်ရှား ကျော်ကြားသော တောင်တန်းတစ်ခု မဟုတ်ပါ၊ အတွင်းတောင်ထိပ်များသည်လည်း မမြင့်မားပေ။ ထို့ကြောင့် လူအများက ၎င်းကို အာရုံစိုက်လေ့ မရှိကြပေ။

နေသာဧကရာဇ်သည် မစ်ရှင်တစ်ခုကို ထမ်းဆောင်နေစဉ် ဤနေရာကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုမှသာလျှင် ဤနေရာသည် ဤရှေးဟောင်းနယ်မြေသို့ ဝင်ပေါက်ဖြစ်နေသည်ကို တွေ့ရှိခြင်းဖြစ်သည်။

ဤဝင်ပေါက်သည် ဆည်းဆာတိမ်တိုက်တောင်တန်းအတွင်း နက်ရှိုင်းသော ချိုင့်ဝှမ်း တစ်ခုတွင် တည်ရှိသည်။ ၎င်းနေရာသည် သစ်ပင်များဖြင့် ထူထပ်နေပြီး ဝင်ပေါက်တွင် နတ်ဘုရားမှော်သင်္ကေတများ ရှိနေသောကြောင့် ထိုနေရာကို ရှာဖွေတွေ့ရှိသူ အလွန် နည်းပါးသည်။

ချင်ယွင်နှင့် အခြားသူများသည် ပေထောင်ပေါင်းများစွာမြင့်သော နတ်ဘုရားသစ်ပင်များ ဖြင့် ဝန်းရံထားသည့် နတ်တောင်တန်း၏ တောင်တန်းတစ်လျှောက်တွင် လျင်မြန်စွာ လှုပ်ရှားလာကြသည်။

ဤနတ်ဘုရားသစ်ပင်များသည် နတ်ဘုရားနယ်မြေရှိ သာမန်အပင်များဖြစ်သော်လည်း ၎င်းတို့သည် ရှေးဟောင်း အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ သစ်ပင်တစ်ပင်စီ သည် အချင်းနှစ်မီတာမှ သုံးရာအထိ ရှိသည်။ သူတို့ သစ်ပင်အောက်မှာ ရပ်လိုက်ရင် ၎င်းတို့သည် တံတိုင်းကြီးသဖွယ် ဖြစ်သွားပေလိမ့်မည်။ ထို့အပြင် ဤနတ်ဘုရား သစ်ပင်များသည် အလွန်မာကျောသည်။ အဆင့်နိမ့် နတ်ဘုရားပစ္စည်းများပင်လျှင် ခပ်တိမ်တိမ် ဓားအမှတ်အသားရာလောက်သာ ချန်ရစ်ထားနိုင်သည်။

ချင်ယွင်နှင့် အခြားသူများသည် တောအုပ်အတွင်း ဖြတ်သန်းသွားလာကြပြီး မကြာမီ နေသာဧကရာဇ် ပြောပြခဲ့သော ချိုင့်ဝှမ်းသို့ ရောက်ရှိလာခဲ့ကြသည်။

သို့သော်၊ ချင်ယွင်နှင့် အခြားလူများကို အမှန်တကယ် အံ့အားသင့်စေသည်မှာ ထိုချိုင့်ဝှမ်း တွင် လူများရှိနေကြပြီး၊ ၎င်းတို့သည် တိုက်ပွဲဖြစ်နေကြသည့်အလား တစ်ဦးထက်မက ရှိနေကြသည်။

"ဝှီး...၊ ဝှီး....၊ ဝှီး...”

ချင်ယွင်နှင့် အခြားသူများသည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ချိုင့်ထဲသို့ ဆင်းသက်သွားကြသည်။ အတွင်းမှလူများလည်း ချင်ယွင်နှင့် အခြားလူများ ရောက်ရှိ လာသည်ကို သတိထားမိကြသည်။ သူတို့အားလုံး ရပ်ပြီး ချင်ယွင်နှင့် အခြားလူများကို ကြည့်လိုက်ကြသည်။

ချင်ယွင်သည် ချိုင့်ဝှမ်းထဲသို့ ကြည့်လိုက်ရာ၊ သူတို့အဖွဲအပြင် ချိုင့်ထဲ၌ လူခုနစ်ယောက် ရှိကြောင်း တွေ့ရှိရသည်။

ထိုလူခုနစ်ယောက်သည် အုပ်စုနှစ်စုခွဲကာ တစ်ဖက်တွင် သုံးယောက်နှင့် အခြားတဖက်တွင်မူ လူလေးယောက်ရှိသည်။

လူလေးယောက်ဖက်မှာ အမျိုးသားများ ဖြစ်ကြသည်။ သူတို့ထဲတွင် တစ်ယောက်က မြေကမ္ဘာနတ်ဘုရားနယ်ပယ် အလယ်အလတ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ ကျန်နှစ်ယောက်ကလည်း အားမနည်းပါဘူး။ သူတို့သည် အစောပိုင်း မြေကမ္ဘာ နတ်ဘုရား နယ်ပယ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ထိုလူအုပ်ထဲမှ လူငယ်တစ်ယောက်သာ ကြယ်နတ်ဘုရား နယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေသည်။

သို့သော် ချင်ယွင်သည် ဤလူငယ်ကို သိသည်။ သို့မဟုတ် သူသည် ထိုလူငယ်နှင့် တစ်ကြိမ် တွေ့ဆုံခဲ့ဖူးသည်။ ထိုလူငယ်သည် ဝူဝမ်တောင်တန်းနယ်မြေတွင် သူ၏ လျှို့ဝှက် လှည့်စားမူခံခဲ့ရသော ဆောင်းအကာကွယ်မြို့တော်သခင်၏သား လင်းဖန်းဖြစ်သည်။ (ထိုပုဂ္ဂိုလ်ကို မှတ်မိဦးမည်ထင်ပါသည်။ ကျိုးဟုန်ရွဲ့နှင့် တိုက်ခိုက်နေစဉ်မှာ အနက်ရောင် လျှပ်စီးနဂါးလေးကြောင့် ရှုံးနိမ့်သွားခဲ့သည့် လင်းဖန်ဖြစ်ပါသည်။)

တစ်ဖက်မှလူသုံးယောက်ထဲတွင် သူသည် လူတစ်ယောက်ကို သိနေပါသည်။ ထိုလူက တော့ အဘိုးကြီး နှစ်ယောက်ကြားမှာ ရပ်နေသည့် အနီရောင်ဝတ် အမျိုးသမီး ဖြစ်သည်။ သူမသည် လွင့်မျောနှင်းမြို့တော်မှ ကျိုးဟုန်ရွှဲ့မှလွဲ၍ အခြားလူမဟုတ်ပေ။

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ ကူကယ်ရာမဲ့ ပြုံးလိုက်သည်။ ကျိုးဟုန်ရွှဲ့နှင့် လင်းဖန်းတို့ကို ဤနေရာတွင် တွေ့ဆုံရန် သူ အမှန်တကယ် မမျှော်လင့်ခဲ့ပေ။

ကျိုးဟုန်ရွှဲ့နှင့် လင်းဖန်းတို့ကို နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်တုန်းက ၎င်းတို့နှစ်ဦးသည် တိုက်ခိုက်နေကြသည်။ အခုတစ်ကြိမ်မှာလည်း သူတို့နှစ်ယောက်သည် ဤနေရာတွင် တိုက်ခိုက်နေကြပြန်သည်။ ချိုင့်ဝှမ်းအတွင်း ပျက်စီးသွားသည့် အနေအထားကို ကြည့်လိုက်လျှင် ၎င်းတို့သည် အကြိမ်အနည်းငယ် တိုက်ခိုက်ပြီး ဖြစ်သင့်သည်။

ကျိုးဟုန်ရွှဲ့သည် ဝိညာဉ်နတ်ဘုရားမ ကျိုးလင်၏ တူမဖြစ်သည်။ တစ်နည်းဆိုရသော် သူမသည် သူ၏အမည်ခံတူမလည်း ဖြစ်သည်။ ကျိုးဟုန်ရွှဲ့သည် ယခင်က သူ့အား ရင်းနှီး ဖော်ရွေခြင်း မရှိသော်လည်း၊ အကယ်၍ ကျိုးဟုန်ရွှဲ့သာ ဒုက္ခရောက်နေပါက ချင်ယွင်သည် ဘေးမှ ရပ်ကြည့်နေမည် မဟုတ်ပေ။

ကံကောင်းထောက်မစွာ၊ ကျိုးဟုန်ရွှဲ့သည် အားနည်းခြင်းမရှိဘဲ အသာစီးရနေခဲ့သည်။

လင်းဖန်းဘက်တွင် လူများစွာရှိသော်လည်း ကျိုးဟုန်ရွှဲ့ဘက်မှ အဖိုးအိုနှစ်ဦးသည် မီးစာကုန်ဆီခမ်းနေသူများ မဟုတ်ကြပေ။ သူတို့နှစ်ဦးစလုံးသည် မြေကမ္ဘာနတ်ဘုရား နယ်ပယ် နှောင်းပိုင်းအဆင့် ကျွမ်းကျင်သူများ ဖြစ်သည်။

ဆောင်းအကာကွယ်မြို့တော် ဘက်ခြမ်းတွင်၊ အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ နှစ်ဦးထဲမှတစ်ဦးသည် ဒဏ်ရာအပြင်းထန် ရထားပြီးဖြစ်သည်။ ချင်ယွင်နှင့် အခြားသူများ ရောက်ရှိလာခြင်းကြောင့်သာ မဟုတ်ပါက၊ လွင့်မျောနှင်းမြို့တော်သည် ဆောင်းအကာကွယ်မြို့တော်ကို သိပ်မကြာခင်မှာ အနိုင်ယူနိုင်လိမ့်မည်။

သို့သော် ချင်ယွင်နှင့် အခြားသူများ ရောက်ရှိလာခြင်းကြောင့် နှစ်ဖက် တိုက်ပွဲများသည် ရပ်တန့်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် သူတို့သည် ချင်ယွင်နှင့် အခြားလူများကို သတိထားသည့် အမူအရာဖြင့် ကြည့်နေကြသည်။ ကျိုးဟုန်ရွှဲ့သည်လည်း ချင်ယွင်နှင့် အခြားသူများကို ကြည့်နေသည်။

ချင်ယွင်သည် သူတို့လေးယောက်ထဲတွင် နောက်ဆုံးမှာ ရပ်နေသည်။ ထို့အပြင် သူ၏ ရုပ်ရည်သွင်ပြင်နှင့် ပင်ကိုယ်အရည်ချင်းပါ ပြောင်းလဲသွားသောကြောင့် ကျိုးဟုန်ရွှဲ့သည် သူ့ကို မမှတ်မိခဲ့ပေ။

ချင်ယွင်က သူမကို နှုတ်ဆက်ရန် အစပြုခြင်းမရှိဘဲ စောင့်ကြည့်ရန် ရွေးချယ်လိုက်သည်။

"မင်းတို့က ဘယ်သူတွေလဲ၊ မြန်မြန်ထွက်သွားစမ်း" လင်းဖန်းသည် ချင်ယွင်နှင့် အခြားသူများ ပေါ်လာသည်ကို မြင်သောအခါ ချက်ချင်း အေးစက်စွာ အော်ပြောလိုက် သည်။

သို့သော် သူပြောပြီးသည်နှင့် သူ့ဘေးနားရှိ အသက်လတ်ပိုင်းအရွယ် အမျိုးသားက သူ့ကို စူးစူးရဲရဲ စိုက်ကြည့်လာသည့်အတွက် ပါးစပ်ကို ပိတ်ထားလိုက်ရသည်။ ထို့နောက် ထိုလူက ဦးဆောင်နေသော မိုဟဲနှင့်ဖန်းယီကို ကြည့်ကာ ပြောလိုက်သည် "မင်းတို့က ခေါင်းလောင်း လေ နတ်ဘုရားနန်းတော်ကလားဆိုတာ ငါ သိနိုင်မလား။ မင်းတို့ရဲ့ ထူးခြားတဲ့ ဝတ်စား ဆင်ယင်ပုံအရ ကြည့်ရတာ နတ်ဘုရားတစ်ပိုင်းဖြစ်နေရုံလောက်နဲ့ မရိုးရှင်းသင့်ဘူး။”

လူလတ်ပိုင်းအရွယ် အမျိုးသား၏ စကားကိုကြားတော့ ဤအရာအားလုံးကို အေးစက်စက် မောက်မာစွာ ကြည့်နေသော မိုဟဲသည် လူလတ်ပိုင်းအရွယ် အမျိုးသားထံ လှည့်ကြည့် လိုက်ပြီး အေးစက်စွာ ပြောလိုက်သည် "ခင်ဗျားမှာ အမြင်အာရုံအချို့ ရှိနေတာပဲ။ မှန်တယ်၊ ငါတို့က ခေါင်းလောင်းလေနတ်ဘုရားနန်းတော်က လာတာ။ ငါတို့ရဲ့အကြောင်းကိုတော့ ခင်ဗျားအနေနဲ့ သိနိုင်ဖို့ အရည်အချင်း မပြည့်မှီသေးဘူး။ အခု ခင်ဗျားတို့ကို အသက်ရူချိန် သုံးရှိုက်စာ အချိန်ပေးမယ်။ မြန်မြန် ထွက်သွားပါ။ မဟုတ်ရင်, မကြင်နာတဲ့အတွက် ကျုပ်ကို အပြစ်မတင်နဲ့”။

ထိုစကားများပြောပြီးသည်နှင့် ဆောင်းအကာကွယ်မြို့တော်နှင့် လွင့်မျောနှင်းမြို့တော်မှ လူခုနစ်ဦး၏မျက်ခုံးများသည် တွန့်သွားကြသည်။

All Chapters