အခန်း ၁၃၄၈
Vol. 90 Ch. 1348
အခန်း (၁၃၄၈) လူတိုင်း ထိတ်လန့်ကြခြင်း။
ချက်ခြင်းပင် ချင်ယွင်၏ နတ်ဘုရားဆေဘာသည် သူ့လက်ထဲတွင် ပေါ်လာပြီး သူ့ရုပ်အသွင်က တောက်ပသွားကာ လိပ်နက်နတ်ဘုရားသားရဲဆီသို့ ပြေးသွားလေသည်။
သူသည် ထိုနတ်ဘုရားသားရဲကြီး ရှေ့သို့ ချီတက်လာခြင်းကို ရပ်တန့်ချင်သည်။ အကယ်၍ သူသာ ဤလိပ်နက်ကြီးကို ကျိုးဟုန်ရွှဲ့နှင့် အခြားသူများထံ ချဉ်းကပ်ခွင့် ပေးလိုက်ပါက ကျိုးဟုန်ရွှဲ့၏ အသက်ကိုပင် ကယ်တင်နိုင်မည် မဟုတ်ပေ။
"သူ ရူးနေတာလား?။ သူက တကယ်ပဲ ပြေးထွက်သွားရဲတယ်ပေါ့” ကျိုးဟုန်ရွှဲ့အနားရှိ လူအိုကြီးများ အားလုံး အံ့အားသင့်နေသော အမူအရာများကို ထုတ်ဖော်လာကြသည်။
အစောပိုင်းက လိပ်နက်နတ်ဘုရားသားရဲ၏ ဟိန်းဟောက်သံကြောင့် သူတို့သည် ကြောက်ရွှံ့သွားကြပြီး၊ ယခုအခါ, သူတို့သည် သူတို့၏ တိုက်ခိုက်လိုသော ဆန္ဒတစ်ခုကိုပင် ထုတ်ဖော်နိုင်စွမ်း မရှိကြတော့ဘဲ၊ ၎င်းတို့၏စိတ်နှလုံးထဲတွင် ကြောက်ရွံ့မှုများကိုသာ ခံစားခဲ့ရသည်။
ဤအခိုက်အတန့်တွင်, သူတို့သည် အတူတူတက်လျှင်ပင်, ဤလိပ်နက်နတ်ဘုရား သားရဲကြီးကို ဆန့်ကျင်တိုက်ခိုက်နိုင်မည် မဟုတ်ကြောင်း သူတို့အနေဖြင့် သဘောပေါက် ထားပြီး ဖြစ်သည်။
သို့သော် ထိုသို့သော အခြေအနေမျိုးတွင် ချင်ယွင်သည် အမှန်တကယ်ပင် အလျင်စလို ပြေးတက်ရန် ရွေးချယ်ခဲ့သည်။ ဤအရာက သေခြင်းတရားကို တောင်းခံနေခြင်း မဖြစ်နိုင်ဘူးလား။
ထို့အပြင် ချင်ယွင်၏ ကျင့်ကြံမှုသည် လုံးဝ ပြောင်းလဲလာခြင်း မရှိကြောင်းကို သူတို့ တွေ့ရှိလိုက်ရသည်။ သူသည် နတ်ဘုရားတစ်ပိုင်းအဆင့်မှာ ရှိနေတုန်းပင်။ ဆိုလိုသည်မှာ ချင်ယွင်သည် သူ့ကျင့်ကြံမှုကို လုံးဝ ဖိနှိပ်ထားခြင်းမဟုတ်ဘဲ၊ ဤကျင့်ကြံမှု အခြေခံသည် သူ ပိုင်ဆိုင်ထားသည့်အရာ ဖြစ်သည်။
"ဟမ့်၊ ဒီကောင်က အရူးပဲ။ သူက နတ်ဘုရားတစ်ပိုင်းအဆင့်လေးနဲ့ နှောင်းပိုင်း မြေကမ္ဘာ နတ်ဘုရားနတ်သားရဲတစ်ကောင်ကို နှိုးဆော်ဝံ့တယ်။ သူက တကယ်ကို သေခြင်းတရားကို ချစ်မြတ်နိုးနေတာပဲ။ လိပ်နက်နတ်ဘုရားသားရဲက သူ့ကို အသက်တစ်ချက်ရှူထုတ်ရုံနဲ့ ပြာဖြစ်သွားမှတောင် ငါ စိုးရိမ်မိသေး" လင်းဖန်းက မထိန်းနိုင်ဘဲ လှောင်ပြောင် ပြောလိုက်သည်။
လင်းချင်ရှန်းသည် မျက်ခုံးပင့်ကာ ဝေခွဲမရဖြစ်ဟန် အမူအရာဖြင့် အဝေးသို့ ပျံသန်းသွား သော ချင်ယွင်ကို ကြည့်လိုက်သည်။ "ဖြစ်နိုင်တာက ငါကပဲ သူ့ကို အထင်ကြီးလွန်းနေတာ လား?။ သူက တကယ်ပဲ ဘာစွမ်းအားမှမရှိတဲ့ အရူးတစ်ယောက်လား။" သူသည် သူ့ကိုယ်သူ သံသယရှိစွာ မေးလိုက်သည်။
သူ့အမြင်အရဆို, ဦးနှောက်ရှိသည့်လူတိုင်း ယခုအချိန်မှာ အရင်တိုက်ခိုက်ဖို့ အစပြုမှာ မဟုတ်ပါဘူး။ နောက်ဆုံးတွင်၊ ဤနတ်ဘုရားသားရဲသည် မည်မျှတန်ခိုးကြီးသည်ကို သူတို့ မြင်ထားပြီး ဖြစ်သည်။ အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများကို မဆိုထားနှင့်၊ နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများပင်လျှင် ဤရှေးဟောင်း နတ်ဘုရားသားရဲ၏ ပြိုင်ဘက်ဖြစ်မည် မဟုတ်ပေ။ ထို့ကြောင့် ချင်ယွင်သည် သေခြင်းတရားကို ချစ်မြတ်နိုးနေသည်ဟု သူ လုံးဝ ယုံကြည်သွားသည်။
ဖန်းယီသည် ချောက်ကမ်းပါးရှေ့တွင် ရပ်နေသည်။ သူမ၏ လှပသော မျက်နှာသည် ယခုအခါ နှင်းခဲများဖြင့် ဖုံးလွှမ်းနေပြီး ချင်ယွင်ကို ငေးကြည့်နေရင်း အနည်းငယ် ဒေါသထွက်သွားသည်။
ချင်ယွင်၏ ရှေ့သို့ လှမ်းတက်သွားခြင်းကြောင့် သူမသည် အနည်းငယ်မျှ ကျေနပ်အားရမှု မရှိခဲ့ပေ။ ယင်းအစား ဒေါသတွေက တဟုန်ထိုး ထိုးတက်လာသလို ခံစားရသည်။
သူမအမြင်အရဆို, ယခုအချိန်တွင် ချင်ယွင်၏ တိုက်ခိုက်မှုသည် ထိုရှေးဟောင်း နတ်ဘုရား သားရဲကို လုံးဝ နှိုးဆော်လိုက်ခြင်း ဖြစ်သည်။ ဟုတ်ပါသည်၊ သူမသည် ချင်ယွင်၏ ရှင်ခြင်း သေခြင်းကို ဂရုမစိုက်ပါဘူး။ သူမ အာရုံစိုက်သည်မှာ ချင်ယွင်သည် ဤရှေးဟောင်း နတ်ဘုရားသားရဲကို နှိုးဆော်ပြီးနောက်, သူမတို့အပေါ်ပါ ငြိတွယ်လာမှာကိုပါ။ ထို့ကြောင့် ချင်ယွင်က တဟုန်ထိုး ပြေးထွက်သွားသည်ကို မြင်သောအခါ သူမသည် ဒေါသ ထွက်သွားခြင်းဖြစ်သည်။
ကျိုးဟုန်ရွှဲ့သည် သူမလက်ထဲတွင် ချင်ယွင် ပေးထားသည့် ကျောက်စိမ်းဆွဲသီးကို ကိုင်ထားပြီး၊ ရှုပ်ထွေးရှုပ်ထွေးသော အမူအရာဖြင့် ပြေးထွက်သွားသော ပုံရိပ်အား ကြည့်လိုက်သည်။
ယခုလေးတင် ချင်ယွင် သူမအား ပြောသောလေသံသည် လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို ကြည့်မြင်သည့် ဂရုစိုက်မှုနှင့်အတူ ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသည့် လေသံမျိုးဖြစ်သည်။ သို့သော် သူမသည် ချင်ယွင်ကို မသိသောကြောင့် သူမစိတ်ထဲတွင် အလွန်ရှုပ်ထွေးသွားခဲ့သည်။
ချင်ယွင် အလျင်အမြန် ထွက်သွားသည်ကို သူမ မြင်လိုက်ရချိန်မှာ ထိုရှုပ်ထွေးနေသော ခံစားချက်က ပိုပိုပြီး ပြင်းထန်လာခဲ့သည်။ သူမသည် ချင်ယွင် သေခြင်းတရားနှင့် ပတ်သက်ပြီး ဆန္ဒမရှိလုနီးပါး ဖြစ်သော်လည်း၊ သူမ၏ ကျိုးကြောင်းဆီလျော်မှုက ဤလူငယ် သေဆုံးတော့မည်ဟု ပြောနေခဲ့ပါသည်။
နေသာဧကရာဇ်တစ်ယောက်သာလျှင် တည်ငြိမ်နေ၏။ သို့သော် ချင်ယွင်သည် တစ်ယောက်တည်း ရှေ့ထွက်ရင်ဆိုင်ရန် အစပြုလိမ့်မည်ဟု သူ မယုံနိုင်ပေ။ ချင်ယွင်သည် စွမ်းအားကြီးမားကြောင်း သူသိသော်လည်း ချင်ယွင်သည် လိပ်နက်နတ်ဘုရားသားရဲကို တစ်ယောက်တည်း တိုက်ခိုက်ရန် လုံလောက်သည်ဟု သူ မထင်ခဲ့ပေ။
အဝေးမှ လိပ်နက်နတ်ဘုရားသားရဲသည် သူ့ဆီသို့ ပျံသန်းလာနေသော ချင်ယွင်ကို ရှာဖွေ တွေ့ရှိခဲ့ပြီး ဖြစ်သည်။ ၎င်း၏ကြီးမားသော မျက်လုံးများသည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေခဲ့ပြီး ၎င်း၏မျက်လုံးများတွင် ပြင်းထန်သော အထင်သေး ရှုတ်ချမှုနှင့်အတူ ဒေါသစိတ်များ ရှိနေသည်။
၎င်း၏မျက်လုံးများတွင် ချင်ယွင်သည် တုန်လှုပ်နေသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်ပြီး၊ ဤပုရွက်ဆိတ်သည် အမှန်တကယ်ပင် သူ့ကို ရန်စရန် စတင် လုပ်ဆောင်ခဲ့သည်။ သူသည် မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း?။
"အောင်း..”။
ယခင်ကကဲ့သို့ပင် လိပ်နက်ကြီးသည် ချင်ယွင်ရှိရာဆီသို့ ဦးတည်ပြီး ကြောက်မက်ဖွယ် ကောင်းသော နဂါးဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်သည်။ ပြင်းထန်သော အသံလှိုင်း တစ်ခုသည် ချင်ယွင်ဆီသို့ ပြင်းထန်စွာ တွန်းပို့သွားရင်း ကောင်းကင်နှင့် မြေကြီးကို လှုပ်ယမ်းသွားခဲ့သည်။
ချင်ယွင်၏ရုပ်အသွင်သည် ကြီးမားသော နတ်တောင်ကြီးတစ်ခုနှင့် အပြင်းအထန် တိုက်မိသွားသလို ခံစားလိုက်ရသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်း ရိုတ်ခတ်မူကြောင့် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် လှိုင်းလုံးကြီးသည် သူ့ခန္ဓာကိုယ် ကို ချက်ချင်း တားဆီးကာ နောက်ပြန်ဆုတ်သွားရသည့် လက္ခဏာများပင် ပေါ်လာသည်။
ထိုမျှသာမကဘဲ ချင်ယွင်လည်း ပြင်းထန်သော နတ်ဘုရား စိတ်ဝိညာဉ်တိုက်ခိုက်မှုက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ ၎င်းတိုက်ခိုက်မူသည် သူ့ခန္ဓာကိုယ်ကို လှည့်ပတ်ကြည့်ပြီးနောက် ချင်ယွင်၏ နတ်ဘုရားစိတ်ဝိညာဉ်ကို ရှာမတွေ့ခဲ့ပေ။ ထို့နောက်, ၎င်းတိုက်ခိုက်မူသည် ချင်ယွင်၏ နတ်ဘုရားခန္ဓာကိုယ်မှ တဆင့် လေထဲသို့ လွင့်ပျံသွားခဲ့သည်။
ချင်ယွင်၏ စိတ်ဝိညာဉ်သည် ကနဦးစကြာဝဠာထဲတွင် ဝှက်ထားခဲ့သည်။ ထို့ကြောင့် ထိုစိတ်ဝိညာဉ် တိုက်ခိုက်မှုသည် သူ့အပေါ် လုံးဝ သက်ရောက်မှု မရှိခဲ့ပါ။ သေချာသည်မှာ, အကယ်၍, ထိုကြောက်မက်ဖွယ်ကောင်းသော စိတ်ဝိညာဉ်တိုက်ခိုက်မူသည် ချင်ယွင်၏ စိတ်ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်ခဲ့မည်ဆိုလျှင်ပင်, သူသည် ၎င်းကို ခံနိုင်ရည် ရှိနေဆဲ ပင်။ အဘယ့်ကြောင့်ဆိုသော် သူ့စိတ်ဝိညာဉ်သည် အစောပိုင်း ကောင်းကင်နတ်ဘုရား အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။ ဤလိပ်နက် နတ်ဘုရားသားရဲသည် မြေကမ္ဘာ နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင်သာ ရှိနေခဲ့သည်။ ၎င်းသည် ချင်ယွင်၏ စိတ်ဝိညာဉ်ကို အလွယ်တကူ လှုပ်ခတ်နိုင်စွမ်း မရှိခဲ့ပေ။
လှိုင်းလုံးကြီးသည် လျင်မြန်စွာ ဖြတ်ကျော်သွားကာ ချင်ယွင်၏နောက်မှ နတ်တောင်တစ်ခု ကို အပိုင်းပိုင်း ဖြတ်တောက်သွားခဲ့သည်။ သို့သော် ချင်ယွင်၏ရုပ်အသွင်သည် လေထဲတွင် ရပ်တန့်သွားပြီး၊ သူသည် နောက်သို့ ခြေတစ်လှမ်းမျှ မလှမ်းခဲ့ရပါ။
"ဘာလဲ...ဘာလဲ?" အသံလှိုင်းရိုတ်ခတ်မူမှ ပြန်လည်ကောင်းမွန်လာခဲ့ကြသော ခပ်လှမ်းလှမ်းရှိ ချောက်ကမ်းပါးစွန်းမှ လူတိုင်းသည် ချင်ယွင်အား လေထဲတွင် ဒဏ်ရာ ကင်းစွာ ရပ်နေကြသည်ကို တွေ့လိုက်ရလျှင်, သူတို့၏မျက်နှာများသည် အလွန် အံ့သြသွား သည့် အမူအရာများ ပေါ်လာကြသည်။
မြေကမ္ဘာ နတ်ဘုရားနယ်ပယ်၏ အလယ်အလတ်အဆင့်တွင် ရှိနေသည့် မိုဟဲသည်ပင် ထိုဟိန်းဟောက်သံကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ သို့သော် ဤလူငယ်သည် အမှန်ပင် ကြံ့ကြံ့ခံနိုင်ခဲ့သည်။ သူတို့ ဘယ်လိုလုပ် မထိတ်လန့်ဘဲ နေမည်နည်း?။
ကျိုးဟုန်ရွှဲ့သည် သူမပါးစပ်ကို ဖုံးအုပ်ထားကာ အလွန်အံ့ဩတုန်လှုပ်သွားသည့် အမူအရာ ကို ထုတ်ဖော်လိုက်သည်။
ထိုအခိုက်တွင် ဖန်းယီလည်း အံ့သြသွားသည်။ ထင်ရှားသည်မှာ၊ သူမ အမြဲတမ်း အထင်သေး နှိမ့်ချခဲ့သော ဤလူငယ်သည် ဤမျှလောက် အစွမ်းထက်သည်ဟု သူမ မျှော်လင့်ထားမိသည်မှာ ထင်ရှားပါသည်။ သို့သော် လျင်မြန်စွာပင် သူမ၏ မျက်လုံးများမှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။
သူမ မကြိုက်ဆုံးအရာက အခြားသူများ၏ လှည့်စားခြင်းပင် ဖြစ်သည်။ ချင်ယွင်သည် ယခင်က သူ၏ခွန်အားကို ဖုံးကွယ်ထားခြင်းကြောင့် သူမသည် လူရွှင်တော်တစ်ဦးအလား မျက်နှာပျက်သွားခဲ့ရသည်။ ထိုခံစားချက်က သူမကို အလွန် စိတ်မသက်မသာ ဖြစ်စေခဲ့ သည်။ ထို့ကြောင့် ချင်ယွင်၏ ခွန်အားကို သူမ မြင်လိုက်ရသောအခါတွင်, သူမသည် သူ့အပေါ် အနည်းငယ်မျှပင် ကောင်းမွန်သည့်အမြင်မျိုး မရှိတော့ဘဲ၊ သူမသည် ပို၍ပင် ရွံမုန်းလာခဲ့သည်။
ထိုအချိန်တွင် လင်းဖန်းသည် တစ်စုံတစ်ဦး၏ ပါးရိုက်ခြင်းကို ခံရသကဲ့သို့ ခံစားရသည်။ သူ့မျက်နှာက ပြာဝေသွားသည်။ ယခင်က သူသည် ဒီကောင်ကို သတ်ပစ်ချင်သည်ဟု ပြောခဲ့ဖူးသည်။ ယခုတော့, သူသည် ထိုကောင်စုတ်ရှေ့တွင် ကြက်တစ်ကောင်နှင့် ခွေးတစ်ကောင်သာ ဖြစ်နေပုံရသည်။ သူသည် တစ်ချက် ထိုးနှက်ခြင်းကိုပင် မခံနိုင်လောက်ပေ။
ယင်းကြောင့် ချင်ယွင်ကို ကြည့်နေရင်း သူ့မျက်လုံးများက မနာလိုဖြစ်လာခဲ့ရသည်။ သူ့အမြင်အရဆို, ဤလူငယ်သည် သူနှင့် အသက်တူလောက်သည်။ သို့သော် သူသည် အမှန်တကယ်ပင် ဤမျှလောက် ပြင်းထန်သော ခွန်အားကို ပိုင်ဆိုင်ထားသည်။ ဒီအရည်အချင်းက သူ့ကို မည်သို့ မနာလိုစိတ် မဖြစ်စေဘဲနေမည်နည်း?။
လင်းချင်ရှန်းသည် အလွန်အမင်း မျက်မှောင်ကြုတ်နေသည်။ ချင်ယွင်၏ ထိုစွမ်းဆောင်မှု က သူ့ကို ဆိုးရွားသည့် ကြိုတင်သတိပေးချက်တစ်ခု ပေးလာခဲ့သည်။ ထိုခံစားချက်က ဤစစ်ဆင်ရေးသည် ဤလူငယ်ကြောင့် ပျက်စီးသွားဖွယ်ရှိသည်ဟု ခံစားရစေသည်။
"မဟုတ်ဘူး၊ ငါ ဒီလူကို ရှင်းပစ်ရမယ်။ ငါ သူ့ကို လုံးဝ ရှင်သန်ခွင့် မပေးနိုင်ဘူး" လင်းချင်ရှန်းသည် စိတ်ထဲတွင် သူ့ကိုယ်သူ တင်းမာစွာ ပြောလိုက်ပြီး၊ ချင်ယွင်ကို ငေးကြည့်နေရင်း သူ့အကြည့်များက သတ်ဖြတ်ချင်စိတ်တွေ ပြည့်နှက်လာသည်။
ထိုအချိန်တွင် လိပ်နက်သည် အံ့အားသင့်သည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။ သေချာသည်မှာ, သူ့ရှေ့က လူသားလူငယ်လေးသည် သူဟိန်းဟောက်သံ တိုက်ခိုက်မှုကို အမှန်တကယ် တားဆီးဖို့ သူ မမျှော်လင့်ထားခဲ့သည်မှာ ထင်ရှားပါသည်။
"ဟမ့်၊ စောစောက မင်းက တိုက်ခိုက်ခဲ့တယ်။ အခု ငါ့အလှည့်ပေါ့။ ငါ့ဆေဘာကို ခံယူပြီး၊ ဖျက်ဆီးမူကို ခံစားလိုက်ဦး။” ချင်ယွင်သည် သူ့လက်ထဲမှ နတ်ဘုရားဆေဘာကို ဝှေ့ယမ်း လိုက်ပြီး၊ ပြင်းထန်သော အဖျက်စွမ်းအားများ ပါဝင်နေသည့် ကြောက်မက်ဖွယ် ကောင်းသော ဆေဘာအလင်းတန်းတစ်ခုက လိပ်နက်ဆီသို့ ချက်ချင်း ဖြတ်သန်းသွားခဲ့ သည်။