အခန်း ၄၇၀
Vol. 47 Ch. 470
အခန်း (၄၇၀) ရွံရှာဖွယ်ကောင်းသော ရွာသားများ
"မင်း ထွက်သွားရင် ငါတို့ ဘယ်လိုလုပ်ရမလဲ..."
လီလန် ထွက်သွားမည်ဟု ပြောသည်ကို ကြားလိုက်ရသည့်အခါ အဘိုးရွာလူကြီးမှာ စိုးရိမ်ပူပန်သွားလေသည်။
မနေ့ညက ဖြစ်ပျက်ခဲ့သည့် ကိစ္စများအရ ဝက်ဝံသည် အလွန်ကောက်ကျစ်စဉ်းလဲကြောင်း သူ ကောင်းကောင်းသိနေပြီ ဖြစ်သည်။ ထို့အပြင် ၎င်းသည် အငြိုးအတေး အလွန်ကြီးမားလှပေ၏။
လီလန်ကဲ့သို့ စွမ်းဆောင်ရည်မြင့်မားသော မုဆိုးတစ်ယောက်ပင်လျှင် တံခါးဝ၌ ဝက်ဝံ၏ ချုံခိုတိုက်ခိုက်မှုကြောင့် သေလုနီးပါး ဖြစ်ခဲ့ရသည်။ ထိုသို့ဆိုလျှင် သူတို့ရွာမှ လူငယ်များမှာ ဝက်ဝံ၏ အစာအဖြစ် အလွယ်တကူ ကျရောက်သွားမည် မဟုတ်ပါလော။
တစ်ခါတစ်ရံတွင် မုဆိုးတစ်ယောက်၏ စွမ်းရည် အနည်းငယ် လိုအပ်သွားပါက အသက်ပင် ဆုံးရှုံးသွားနိုင်လေသည်။
အဘိုးရွာလူကြီးသည် မနေ့က ထိုဝက်ဝံ မည်သို့ လှုပ်ရှားခဲ့သည်ကို ကိုယ်တိုင် မမြင်တွေ့ခဲ့ရသော်လည်း ကျိုးပဲ့နေသော တံခါးနှင့် နံရံပေါ်ရှိ ဝက်ဝံသွေးများက မနေ့ညက မည်မျှ အန္တရာယ်ကြီးမားခဲ့ကြောင်း ပြသနေလေသည်။
လီလန်သာ ရွှမ်းရွှေရွာသို့ ပြန်သွားပါက သူတို့ရွာလေး၏ ကံကြမ္မာမှာ မည်သို့ ဖြစ်သွားမည်နည်း။ ရွှမ်းရွှေရွာသည် သူတို့ရွာနှင့် မိုင်ပေါင်းများစွာ ကွာဝေးပြီး မြင်းလှည်းဖြင့် သွားလျှင်ပင် တစ်ရက်ခရီးခန့် ကြာမြင့်သည်။
ထို့အပြင် သူတို့ရွာနှင့် ရွှမ်းရွှေရွာကြားတွင် အခြားကျေးရွာများစွာလည်း ရှိနေသေးသည်။ ထိုဝက်ဝံသည် လီလန်နောက်သို့ ထာဝရ လိုက်နေမည် မဟုတ်သောကြောင့် လက်စားချေရန်အတွက် သူတို့၏ ရွာငယ်လေးကို ပစ်မှတ်ထားလာမည်မှာ အသေအချာပင် ဖြစ်သည်။
"လူငယ်လေး မင်း ခုလိုလုပ်တာ တရားမျှတမှု မရှိဘူးနော်..."
အဘိုးရွာလူကြီးသည် ဒေါသတကြီးဖြင့် ခေါင်းခါရမ်းလိုက်ပြီး လီလန်အား ဆက်လက် ဆုံးမရန် ပြင်လိုက်စဉ်မှာပင် လီလန်က သူ့ကို မျက်စိမှိတ်ပြလိုက်သည်ကို သတိပြုမိသွားတော့သည်။
"အဘိုး ကျွန်တော်တို့ စကားများပြီး အဆင်မပြေဖြစ်သွားသလို ဟန်ဆောင်လိုက်ပါ..."
"မနက်ပိုင်းမှာ ကျွန်တော်တို့ ထွက်သွားပြီး ညဘက်ကျရင် ပြန်လာခဲ့မယ်..."
လီလန်၏ ပါးစပ်မှာ လှုပ်ရှားခြင်း မရှိသော်လည်း အဘိုးရွာလူကြီးသည် လီလန်၏ အသံကို သူ၏ နားထဲတွင် ရှင်းလင်းစွာ ကြားလိုက်ရသည်။
"အဘိုး ဒီနေ့ ကျွန်တော်နဲ့အတူ ဇာတ်လမ်းတစ်ပုဒ်လောက် ကပြပေးပါ..."
"ဟိုဝက်ဝံက အရမ်းပါးနပ်တယ်လေ ကျွန်တော်တို့ ဟန်ဆောင်တာ မပီပြင်ရင် သူ ရိပ်မိသွားနိုင်တယ်..."
အဘိုးရွာလူကြီးက သဘောပေါက်သွား၏။
ထို့ကြောင့် လီလန်သည် ရွှမ်းရွှေရွာသို့ ပြန်သွားမည်ဟု ဟန်ဆောင်ကာ အမှန်တကယ်တွင်မူ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ရန် စီစဉ်နေခြင်း ဖြစ်မည်လား။
အဘိုးရွာလူကြီးသည် အသက်အရွယ် အတော်လေး ရနေပြီဖြစ်သော်လည်း သူ၏ ရင်ထဲတွင် လီလန်အား လက်မထောင်ကာ ချီးကျူးလိုက်မိသည်။
ထိုဝက်ဝံသည် မည်မျှပင် ပါးနပ်စေကာမူ လီလန်လောက်တော့ မလည်ပတ်နိုင်ပေ။ ၎င်းသည် အချို့သော အဖြစ်အပျက်များမှတစ်ဆင့် လူသားတို့၏ တိုက်ခိုက်ရေး လှုပ်ရှားမှုများကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိကောင်းရှိနိုင်ပြီး ထောက်လှမ်းရေးနှင့် ချုံခိုတိုက်ခိုက်မှုများကိုလည်း နားလည်နိုင်ပေသည်။
သို့သော်လည်း လူသားများ အကျွမ်းကျင်ဆုံးဖြစ်သော လိမ်လည်လှည့်ဖြားခြင်းကိုမူ ၎င်း နားလည်နိုင်မည် မဟုတ်ချေ။ လိမ်လည်လှည့်ဖြားခြင်းဆိုသည်မှာ လူသားတို့၏ အစွမ်းထက်ဆုံးသော လက်နက်ပင် ဖြစ်သည်။
"မင်းလို လူငယ်လေးကို ငါတို့ရွာက အချိန်အကြာကြီး ကျွေးမွေးစောင့်ရှောက်လာခဲ့တာလေ..."
"ငါတို့ မင်းကို အများကြီး ကာကွယ်ပေးခဲ့တာတောင် မင်းက ခုလိုအချိန်မျိုးမှာ ထွက်သွားရက်တယ်ပေါ့..."
"မင်း ငါတို့ရွာကနေ စားသောက်ခဲ့တာပဲ ငါတို့ မင်းကို ဘယ်တုန်းက မတရားဆက်ဆံဖူးလို့လဲ..."
"မင်းက စားပြီးတော့ ပါးစပ်သုတ်ပြီး ထွက်သွားချင်တာလား..."
"လောကကြီးမှာ ခုလိုကောင်းတဲ့ကိစ္စမျိုး ဘယ်မှာရှိမှာလဲ..."
လီလန်က သူ့ကို ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုသည်ကို မြင်သောအခါ အဘိုးရွာလူကြီးသည်လည်း စတင် ဟန်ဆောင်လေတော့သည်။ သူသည် အလွန်ဒေါသထွက်နေဟန်ဖြင့် သူ၏ တုတ်ကောက်ကို မြေကြီးပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်၏။
သူသည် စကားပင် မပြောနိုင်လောက်အောင် ဒေါသထွက်နေသည့်အလား လီလန်အား လက်ညိုးထိုး၍ တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။
"အခုချက်ချင်း ထွက်သွားစမ်း..."
"ငါ မင်းကို မမြင်ချင်တော့ဘူး..."
"ကျားခေါင်းတောင်အောက်မှာ ဝက်ဝံကို နှိမ်နင်းနိုင်တဲ့ မုဆိုးဆိုလို့ မင်းတစ်ယောက်တည်း ရှိတယ်လို့ ထင်နေတာလား..."
"သားသတ်သမားကျန်း မရှိရင် ငါတို့က အမွှေးမကျွတ်သေးတဲ့ ဝက်သားကိုပဲ စားနေရမှာလား..."
"လီလန် မင်းကိုယ်မင်း အထင်ကြီးလွန်းနေပြီ..."
အဘိုးရွာလူကြီး အမှန်တကယ် ဒေါသထွက်နေသည်ကို ကြားလိုက်ရသည့်အခါ ရွာတစ်ခုလုံးမှာ ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားတော့သည်။ အမျိုးသားများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများမှစ၍ ကလေးငယ်များအထိ အိမ်ထဲမှ ထွက်လာကြကာ ပွဲလာကြည့်ရန် စုရုံးရောက်ရှိလာကြသည်။
လီလန် ရွာမှ ထွက်ခွာရန် ပြင်ဆင်နေကြောင်းကို ကြားလိုက်ရသည့်အခါ ရွာသားများမှာ တစ်ခဏချင်းပင် ဒေါသပေါက်ကွဲသွားကြတော့သည်။
"မနေ့ညကသာ ငါတို့နှစ်ယောက် မင်းအတွက် ကင်းစောင့်မပေးခဲ့ရင် ညသန်းခေါင်ကျော်မှာ မင်း အေးအေးဆေးဆေး အိပ်ပျော်နိုင်ပါ့မလား..."
"ဒါ့အပြင် အဘိုးရွာလူကြီးကသာ မင်းကို လက်မခံခဲ့ရင် မင်း သေနေတာ ကြာလှပေါ့..."
"ဟိုဝက်ဝံက မင်းကြောင့် ဒီနေရာကို ရောက်လာတာလေ အခုတော့ မင်းက အထုပ်အပိုးသိမ်းပြီး ထွက်သွားချင်တာလား..."
ဟန်ဆောင်နေခြင်းဖြစ်ကြောင်း မသိရှာသော ဘေးပတ်လည်ရှိ ရွာသားများမှာ လီလန် ထွက်သွားမည်ကို ကြားလိုက်ရသည့်အခါ စိတ်လှုပ်ရှားစွာဖြင့် ပြေးဝင်လာကြသည်။
"မင်း ထွက်သွားချင်ရင် သွားလို့ရတယ် ဒါပေမဲ့ မနေ့က မင်းစားခဲ့တဲ့ အသားတွေနဲ့ ဒီနေ့မနက်က စားခဲ့တဲ့ အသားမုန့်တွေကို ပြန်အန်ထုတ်ခဲ့..."
"မင်းတို့က နှလုံးသားမရှိတဲ့ကောင်တွေပဲ..."
"မင်းတို့ လုပ်ရပ်က ခုလိုလား..."
"လီလန် ငါပြောလိုက်မယ် မင်းရဲ့ နာမည်ကောင်းကတော့ ထာဝရ ပျက်စီးသွားပြီ..."
"မင်း ငါတို့ကို ခုလိုဆက်ဆံရင် ငါတို့ မြို့ပေါ်တက်ပြီး မင်းကို သေချာပေါက် တိုင်တန်းမယ်..."
"မင်း ဘယ်လိုလုပ်ပြီး ခုလိုလုပ်ရက်တာလဲ ငါတို့အားလုံးက မင်းကို အားကိုးနေရတာလေ အခုတော့ မင်းက ခုလိုကြီး ထွက်သွားတယ်ပေါ့..."
လီလန် ထွက်သွားမည်ကို ကြားသည့်အခါ ယောကျ်ား၊ မိန်းမ၊ အကြီးအကဲနှင့် ကလေးသူငယ်များအားလုံးမှာ အလုအယက် ပြေးဝင်လာကြသည်။ သူတို့သည် လီလန်နှင့် သူ၏ လူစုကို ဝိုင်းရံလိုက်ကြပြီး မကျေမနပ် ပြောဆိုမှုများဖြင့် ပြင်းပြင်းထန်ထန် ရေရွတ်ကြတော့သည်။
ထိုအရာကို မြင်လိုက်ရသောအခါ လီလန်က ချက်ချင်းပင် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး ကျန်းဝေ့ကော်၏ အနောက်သို့ ဝင်ပုန်းလိုက်လေသည်။
ဤအဘိုးအဘွားများ၊ အသက်ကြီးပိုင်း အမျိုးသားနှင့် အမျိုးသမီးဆယ်ဦးခန့်မှာ အားလုံးပေါင်းလိုက်လျှင်ပင် သွားငါးချောင်း ပြည့်အောင် မရှိကြချေ။ သူတို့ စကားပြောသည့်အခါ မည်သည့် ထိန်းချုပ်မှုမျှမရှိပေ။ ညစ်ပတ်နေသော တံတွေးများမှာ နေရာအနှံ့သို့ လွင့်စင်ထွက်လာသည်။
သေရေးရှင်ရေး အခြေအနေများကို ကြုံတွေ့ခဲ့ဖူးသော လီလန်ကဲ့သို့ မုဆိုးတစ်ယောက်ပင်လျှင် သက်ကြီးရွယ်အို အဘိုးအဘွားများစွာ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရန် အနည်းငယ် ခက်ခဲနေတော့သည်။
"ကျန်းဝေ့ကော် အခုက မင်း ငါ့အတွက် တာဝန်ထမ်းဆောင်ရမယ့် အချိန်ပဲ..."
လီလန်သည် ကြောင်တောင်တောင် ဖြစ်နေသော ကျန်းဝေ့ကော်ကို သူ၏ ရှေ့သို့ တိုက်ရိုက် တွန်းပို့လိုက်သည်။ ဝက်ဝံနှင့် ယှဉ်လိုက်လျှင် ရွာမှ ဤအဘိုးအဘွားများက ယခုအချိန်၌ ပို၍ ကြောက်မက်ဖွယ် ကောင်းနေပုံရသည်။ လီလန်သည် ဤလူများနှင့် ရင်ဆိုင်ရမည့်အစား ဝက်ဝံနှင့်သာ ရင်ဆိုင်လိုက်ချင်တော့သည်။
ကျန်းဝေ့ကော်ကို လီလန်က အပြင်သို့ တွန်းထုတ်လိုက်ပြီးနောက် ကျန်ရှိနေသော ချင်းလုံဂိုဏ်းမှ ညီအစ်ကိုများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လီလန်၏ ဘေးသို့ လာရောက် ဝိုင်းရံကာ ကာကွယ်ပေးထားခြင်းမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။
"ကျေးဇူးကန်းတဲ့အကောင် လီလန်ကို သေအောင် ရိုက်ကြစမ်း..."
လီလန် အလွှာလိုက် အကာအကွယ်များနောက်တွင် ပုန်းအောင်းနေသည်ကို မြင်သောအခါ ဘေးပတ်လည်ရှိ မုဆိုးများမှာ အကြီးအကျယ် ဒေါသထွက်သွားကြလေသည်။
"လီလန် မင်း သတ္တိရှိရင် ထွက်ခဲ့စမ်း..."
"မင်း ဘောင်းဘီထဲ လက်နှိုက်ပြီး မင်းမှာ သတ္တိကျန်သေးလားဆိုတာ စမ်းကြည့်လိုက်ဦး..."
"မင်းမှာ ဝက်ဝံကို တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ရှိနေတာ သိသာကြီးကို အခုကျတော့ ငကြောက်တစ်ကောင်လို ပြုမူနေတာလား..."
"မနေ့က ငါတို့ မင်းကို သူရဲကောင်းတစ်ယောက်လို့ သတ်မှတ်ခဲ့တာ အခု ကြည့်ရတာတော့ မင်းက ငကြောက်ကြီးတစ်ကောင် ဖြစ်နေပါလား..."
"မင်းလိုလူမျိုးက လောကကြီးမှာ အသက်ရှင်ဖို့ ဘယ်လိုလုပ် သတ္တိရှိနေရတာလဲ..."
"ငါတို့သာ သဘောမကောင်းခဲ့ရင် မနေ့က ဝက်ဝံနက်ရဲ့ ပါးစပ်ထဲမှာ မင်း သေနေလောက်ပြီ..."
"မနေ့ကတော့ မင်းက လူနဲ့ နည်းနည်းတူသေးတယ် အခုလို ဝက်ဝံနဲ့တူတဲ့ အခြေအနေမျိုး ပြောင်းသွားမယ်လို့ ဘယ်သူက သိမှာလဲ..."
"ငါတို့ မင်းအကြောင်း တကယ့်ကို ထပ်မပြောချင်တော့ဘူး အခုချက်ချင်း ဒီနေရာကနေ ထွက်သွားစမ်း..."
"ရွာလူကြီးက မင်းကို ကြိုဆိုမှာ မဟုတ်ဘူး..."
"စစ်ပြေးတစ်ယောက် ဖြစ်ရမယ့်အစား ငါတို့ သေတာကမှ ပိုကောင်းသေးတယ်..."
"ဥက္ကဋ္ဌမော်က ငါတို့ကို ရန်သူကို ရဲရဲဝံ့ဝံ့ တိုက်ခိုက်ရဲတဲ့သူတွေ ဖြစ်ဖို့ သင်ကြားပေးခဲ့တာလေ..." (မော်စီတုန်းကိုပြောတာပါနော်)
အဘိုးအဘွားများ၏ ပြင်းထန်သော ဆဲဆိုကြိမ်းမောင်းမှုများအောက်တွင် လီလန်နှင့် ချင်းလုံဂိုဏ်းမှ ညီအစ်ကိုအချို့မှာ အသက်လု၍ ထွက်ပြေးရသည့်အလား ပြေးထွက်သွားကြတော့သည်။
အစောပိုင်းက ကတိပေးထားသော မြင်းလှည်းများနှင့် နွားလှည်းများကိုလည်း စီစဉ်ပေးခြင်း မရှိတော့ချေ။ ဤအချိန်တွင် သူတို့သည် မိမိတို့၏ ခြေထောက်နှစ်ချောင်းကိုသာ အားကိုးနိုင်တော့သည်။
လူအုပ်ကြီး၏ တွန်းထိုးမှုအောက်တွင် လီလန်သည် ချင်းလုံဂိုဏ်းမှ ညီအစ်ကိုငါးဦးကို ဦးဆောင်ကာ တိုက်ရိုက် နှင်ထုတ်ခံလိုက်ရသည်။ ထို့အပြင် ကြောင်တောင်တောင် ဖြစ်နေသော ကျန်းဝေ့ကော်ကိုမူ ရွာသားများက မနေ့က သူတို့ စားသောက်ခဲ့သော အစားအသောက်ဖိုးများ နုတ်ယူရန်ဟုဆိုကာ ဖမ်းဆီးထားလိုက်ကြသည်။
မနေ့က အစားအသောက်ဖိုးများအပြင် တံခါးများနှင့် ပြတင်းပေါက်များကို ပြုပြင်ရန်အတွက် ကုန်ကျစရိတ်များနှင့် ယနေ့မနက်စာအတွက် ကုန်ကျစရိတ်များပါ ပါဝင်လေသည်။
"ဒုခေါင်းဆောင် ငါတို့ ဘယ်လိုလုပ်ကြမလဲ..."
"ငါတို့ ခက်ခက်ခဲခဲ ရလာတဲ့ တောကြောင်ရိုင်းကိုလည်း သူတို့ ယူသွားကြပြီ..."
"ပိုက်ဆံပြန်ယူခဲ့ပြီး ကျန်းဝေ့ကော်နဲ့ တောကြောင်ရိုင်းကို ပြန်ရွေးဖို့ သူတို့ ပြောလိုက်တယ်..."
ချင်းလုံဂိုဏ်းမှ ညီအစ်ကိုတစ်ဦးသည် လီလန်၏ ဘေးသို့ ရောက်လာပြီး မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ ယခုအချိန်အထိ ချင်းလုံဂိုဏ်းမှ ညီအစ်ကိုများမှာ နားမလည်နိုင်အောင် ဖြစ်နေကြဆဲပင်။ လီလန်က အဘယ်ကြောင့် ဤရွာမှ ရုတ်တရက် ထွက်ခွာရန် ဆုံးဖြတ်လိုက်သနည်း။
မနေ့က လီလန် တစ်ယောက်တည်း တောကြောင်ရိုင်းကို ပစ်ခတ်ဖမ်းဆီးခဲ့သည့် လုပ်ရပ်ကို ကြည့်ခြင်းအားဖြင့် လီလန်သည် သေရမည်ကို ကြောက်တတ်သူမျိုး မဟုတ်ကြောင်း အသေအချာပင်ဖြစ်သည်။
ချင်းလုံဂိုဏ်းမှ ညီအစ်ကိုများသည် လီလန် မည်သို့ တွေးတောနေသည်ကို မသိကြသော်လည်း လီလန်နောက်သို့ လိုက်ရန်သာ ရွေးချယ်ခဲ့ကြသည်။ လီလန်သည် ဤရွာရှိ အမျိုးသားများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများအားလုံးကို ဝက်ဝံလက်ထဲသို့ အမှန်တကယ် စွန့်ပစ်ထားခဲ့လိမ့်မည်ဟု သူတို့ အလျှင်းမယုံကြည်ကြပေ။
"သွားကြစို့..."
လီလန်သည် သူ၏ ဘာယီရိုင်ဖယ်ကို ပခုံးပေါ်တင်၍ ရွှမ်းရွှေရွာရှိရာ အရပ်သို့ တန်းတန်းမတ်မတ် ဦးတည်ထွက်ခွာသွားလေသည်။
သူက စကားမပြောနိုင်သေးချေ။ လီလန်၏ အာရုံခံစားမှုမှာ အလွန်ထက်မြက်လှပေသည်။ ဤသည်မှာ အလွန်ထူးဆန်းသော အာရုံခံစားမှုတစ်ခုဖြစ်ပြီး ဝက်ဝံတစ်ကောင်က တစ်နေရာရာတွင် ပုန်းအောင်းကာ သူ့အား လျှို့ဝှက်စွာ စောင့်ကြည့်နေသည်ကို သူ ခံစားရသည်။
ရန်သူကို သတိမပေးမိစေရန်အတွက် သူ့အား စောင့်ကြည့်နေသည်ဟူသော ခံစားချက် ပျောက်ကွယ်သွားသည်အထိ စကားလုံးအားလုံးကို ထိန်ချန်ထားရန် လီလန် ဆုံးဖြတ်လိုက်သည်။
လီလန်တွင် ရှင်းပြမည့် ရည်ရွယ်ချက် မရှိသည်ကို မြင်သောအခါ ချင်းလုံဂိုဏ်းမှ ညီအစ်ကိုအချို့မှာ ခေါင်းငိုက်စိုက်ကျကာ လီလန်နှင့်အတူ ထွက်ခွာသွားရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။ နှစ်နာရီခန့် လမ်းလျှောက်ပြီးနောက် လီလန်နှင့် သူ၏ လူစုရှေ့တွင် လမ်းမကြီးတစ်ခု ပေါ်လာလေသည်။
သူတို့အနည်းငယ်သည် လမ်းမကြီးပေါ်တွင် ခဏမျှ စောင့်ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် မြင်းလှည်းတစ်စီးကို တွေ့ရှိသွားတော့သည်။ ယခင်နည်းလမ်းဟောင်းအတိုင်းပင် လီလန်သည် ငါးယွမ်ပေး၍ မြင်းလှည်းမောင်းသည့် အဘိုးအိုအား သူတို့အားလုံးကို လိုက်ပို့ပေးရန် တိုက်ရိုက် တောင်းဆိုလိုက်လေသည်။
"ဒုခေါင်းဆောင် ငါတို့ တကယ်ပဲ ခုလိုကြီး ထွက်သွားကြတော့မှာလား..."
နောက်ဆုံးတွင် ချင်းလုံဂိုဏ်းမှ နောက်လိုက်တစ်ဦးက မေးလိုက်သည်။ သူ၏ အသံမှာ အလွန်မလိုလားအပ်သော ဟန်ပါသည်။
ချင်းလုံဂိုဏ်းမှ အဖွဲ့ဝင်အချို့သည် အမှားများ ကျူးလွန်ခဲ့ဖူးသည်မှာ မှန်သော်လည်း လီလန်က ချင်းလုံဂိုဏ်းကို အသစ်ပြန်လည် ဖွဲ့စည်းပြီးနောက်ပိုင်းတွင်မူ ချင်းလုံဂိုဏ်း၌ ကျန်ရှိနေသူများမှာ မွေးရာပါ ဆိုးသွမ်းသူများ မဟုတ်ကြတော့ချေ။
ထို့ကြောင့် လီလန်၏ အထုပ်အပိုးသိမ်း၍ ထွက်ပြေးသည့် လုပ်ရပ်ကို သူတို့ လက်မခံနိုင်ကြသေးပေ။
"ဒုခေါင်းဆောင် ငါတို့ သေရမှာကို မကြောက်ဘူး..."
"ဒါက မင်းနဲ့အတူ အမဲလိုက်ထွက်တာ ပထမဆုံးအကြိမ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငါတို့က အနှောင့်အယှက်ဖြစ်မယ်လို့ မထင်လိုက်နဲ့..."
"ငါတို့က မင်းရဲ့ လှုပ်ရှားမှုတွေကို ထိခိုက်စေတယ်လို့ ထင်ရင် တည့်သာ ပြောလိုက်ပါ..."
"ငါတို့ ဒီတစ်ကြိမ် မင်းနဲ့အတူ လိုက်လာတာက ကောင်းမှုကုသိုလ်တချို့ လုပ်ဖို့အတွက်ပဲ..."
"ငါတို့ အဲ့ဝက်ဝံကို မသတ်နိုင်ခဲ့ရင်..."
"ငါတို့ သေချာပေါက် စိတ်ကောင်းမှာ မဟုတ်ဘူး..."
"ဒုခေါင်းဆောင် ငါတို့ တကယ်ပဲ ခုလိုကြီး ထွက်မပြေးနိုင်ဘူး..."
ချင်းလုံဂိုဏ်းမှ ညီအစ်ကိုများ၏ မကျေမနပ် ပြောဆိုသံများသည် လီလန်၏ နားထဲသို့ ရောက်ရှိလာသော်လည်း လှည်းပေါ်တွင် ထိုင်နေသော လီလန်မှာမူ တိတ်ဆိတ်လျက်ပင် ရှိနေသည်။ သူသည် မျက်လုံးများကို မှိတ်၍ သေချာစွာ အာရုံခံကြည့်လိုက်၏။
ရွာမှ ထွက်ခွာလာကတည်းက တောက်လျှောက် အနောက်မှ လိုက်ခံနေရသည်ဟူသော ခံစားချက်မှာ နောက်ဆုံးတွင် ပျောက်ကွယ်သွားလေပြီ။ ထိုဝက်ဝံသည် သူတို့ကို ဆက်လက် လိုက်လံဖမ်းဆီးရန် လက်လျှော့သွားပုံရသည်။
မနေ့ညက ချုံခိုတိုက်ခိုက်ရန် ဤမျှကောင်းမွန်သော အခွင့်အရေးကို ၎င်း လက်လွတ်မခံခဲ့ချေ။ သို့သော် လီလန်၏ သေနတ်ပစ်စွမ်းရည်ကို ကိုယ်တွေ့ ကြုံရပြီးနောက်တွင်မူ ဝက်ဝံသည် နေ့ခင်းဘက်တွင် လီလန်အား ရဲရဲဝံ့ဝံ့ တိုက်ခိုက်ရဲမည် မဟုတ်သည်မှာ အသေအချာပင် ဖြစ်သည်။
လီလန်၏ သေနတ်ပစ်စွမ်းရည်ဖြင့်ဆိုလျှင် မီတာတစ်ထောင်အတွင်း ထိုဝက်ဝံသာ ပေါ်လာရဲပါက လီလန်သည် ကျည်တစ်တောင့်တည်းဖြင့် ၎င်း၏ အသက်ကို နုတ်ယူပစ်ရန် ရဲဝံ့လေသည်။ ဝက်ဝံသည် လီလန်၏ သေစေနိုင်စွမ်းရှိသော တိုက်ခိုက်မှုစွမ်းရည်ကို အလွန်ရှင်းလင်းစွာ သိရှိထားသည်။
ထို့ကြောင့် လီလန်၏ အနောက်သို့ နှစ်နာရီကြာအောင် အနီးကပ် လိုက်လာပြီးနောက် နောက်ဆုံးတွင် ၎င်းသည် လိုက်လံခြင်းကို စွန့်လွှတ်လိုက်လေသည်။ ဝက်ဝံ၏ အာရုံစိုက်မှု သူ၏ အပေါ်မှ ဖယ်ခွာသွားပြီကို ခံစားလိုက်ရသည့်အခါ လီလန်သည် ပါးစပ်ကို ဟ၍ ပြုံးလိုက်ကာ...
"ဘယ်သူက ငါတို့ ထွက်သွားတော့မယ်လို့ ပြောလဲ..."
"ငါတို့ ရွှမ်းရွှေရွာကို ပြန်သွားပြီး သားရေဝယ်တဲ့သူတွေနဲ့ ဆက်သွယ်ရမယ်..."
"အဲဒီနောက် ညဘက်အမှောင်ထဲမှာ ငါတို့ ပြန်လာခဲ့ကြမယ်..."
ဝက်ဝံသည် သူတို့ပြောသော စကားများကို မကြားနိုင်တော့သောကြောင့် လီလန်သည် ပို၍ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေသည်။
"ဒီနေ့မနက်က အဘိုးရွာလူကြီးနဲ့ ငါက ဟန်ဆောင်ပြီး သရုပ်ဆောင်နေခဲ့ကြတာ..."
"ငါတို့ရဲ့ ရည်ရွယ်ချက်က ငါတို့ အချင်းချင်း အဆင်မပြေဖြစ်သွားပြီဆိုတဲ့ အထင်အမြင်မှားမှုကို ဝက်ဝံကို ပေးချင်လို့ပဲ..."
"အဲ့ဝက်ဝံက အရမ်းအငြိုးကြီးတဲ့ သတ္တဝါပဲ မနေ့က ငါ့ရဲ့ ပစ်ခတ်မှုကို ခံရတာတောင် မပုန်းအောင်းဘဲ ငါတို့နောက်ကို ဆက်လိုက်လာခဲ့တယ်လေ..."
"သူက အရမ်းရိုင်းစိုင်းပြီး လုံးဝကို အငြိုးအတေးကြီးတဲ့ သတ္တဝါပဲ..."
"အဲ့လို အရမ်းဉာဏ်ရည်မြင့်မားတဲ့ တိရစ္ဆာန်ကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် သမားရိုးကျမဟုတ်တဲ့ နည်းလမ်းတချို့ လိုအပ်တယ်..."
လီလန်က ကောက်ကျစ်သော အပြုံးတစ်ခုဖြင့် ပြုံးလိုက်ကာ...
"ဒီနေ့ ငါတို့ ရွာမှာ မရှိတော့ပေမယ့် ဝက်ဝံကတော့ ကျားခေါင်းတောင်နဲ့ သိပ်မဝေးတဲ့ နေရာမှာပဲ ရှိနေမှာ သေချာတယ်..."
"သူက ကျားခေါင်းတောင်ရဲ့ ဘုရင်တစ်ပါး ဖြစ်ပေမယ့် ကျားခေါင်းတောင်ရဲ့ အပြင်ဘက်မှာတော့ အသက်ရှင်နေတဲ့ ပစ်မှတ်တစ်ခုပဲ..."
လီလန်၏ အသံမှာ အလွန်ရက်စက်ကြမ်းကြုတ်လှသည်။ ကျားခေါင်းတောင်ပေါ်ရှိ တောရိုင်းမြက်ပင်များမှာ အလွန် မြင့်မားသောကြောင့် ဝက်ဝံသာ ၎င်းတို့ကြားတွင် ပုန်းအောင်းနေပါက သူတို့ ရှာဖွေနိုင်ရန် နည်းလမ်း မရှိပေ။
သို့သော်လည်း ဤသတ္တဝါ တောင်ပေါ်မှ ဆင်းလာသည်နှင့် တစ်ပြိုင်နက် သူတို့တွင် ၎င်းကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်း ရှိလာမည်ဖြစ်သည်။ ထောင်ချောက်များ၊ ကျည်ဆန်များ၊ မီးတုတ်များနှင့် တုတ်ရှည်များ။ လူသားတို့၏ ပိုင်နက်နယ်မြေပေါ်တွင် ရှိနေသရွေ့ သူတို့တွင် နည်းလမ်းပေါင်း သောင်းနှင့်ချီ၍ ရှိနေလေသည်။
ဤဝက်ဝံသည် အလွန်ဉာဏ်ရည်မြင့်မားနေသောကြောင့် သူတို့က ပြောင်းပြန် လုပ်ဆောင်ကြမည် ဖြစ်သည်။ ဝက်ဝံ၏ ဉာဏ်ရည်ကိုပင် ၎င်းကို ပြန်လည် တိုက်ခိုက်ရန် အသုံးပြုကြမည်ဖြစ်၏။
လီလန်၏ အစီအစဉ်ကို ကြားပြီးနောက် ချင်းလုံဂိုဏ်းမှ အဖွဲ့ဝင်အချို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
အမဲလိုက်ခြင်းကို ဤနည်းဖြင့် လုပ်ဆောင်နိုင်လိမ့်မည်ဟု သူတို့ အမှန်တကယ် မတွေးထားခဲ့မိချေ။ ၎င်းသည် တိုက်ရိုက် စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲတစ်ခုပင် ဖြစ်သည်။ ဤသည်မှာ သူတို့အတွက် အမှန်တကယ်ပင် မျက်စိပွင့် နားပွင့် ဖြစ်စေခဲ့လေသည်။
ချင်းလုံဂိုဏ်းမှ ညီအစ်ကိုများ၏ အံ့အားသင့်နေသော မျက်နှာထားများကို ကြည့်ရင်း လီလန်က ခေါင်းခါယမ်းလိုက်သည်။ ဤလူများသည် နောင်လာမည့် ခေတ်ကာလများတွင် အိမ်မွေးကြောင်များက သူတို့၏ ပိုင်ရှင်များကို အငြိုးမထားစေရန်အတွက် မည်သို့ ပြုလုပ်ကြသည်ကို မမြင်တွေ့ဖူးကြသေးချေ။ မြို့ပေါ်ရှိ ကြောင်ပိုင်ရှင်များစွာသည် သူတို့၏ ကြောင်လေးများကို သားကြောဖြတ်သည့်အခါ၌ပင် ဟန်ဆောင်၍ သရုပ်ဆောင်ကြရလေသည်။
ဟန်ဆောင်ခြင်းဖြင့်သာ အငြိုးအတေး အလွန်ကြီးမားသော ဤတိရစ္ဆာန်များသည် ၎င်းတို့၏ ပိုင်ရှင်များအပေါ် အပြစ်တင်မည် မဟုတ်ချေ။ ယခု လီလန် လုပ်ဆောင်နေသည်မှာလည်း ကြောင်ပိုင်ရှင်တစ်ယောက်ကို လှည့်စားခြင်းနှင့် ထူးမခြားနားပင် ဖြစ်သည်။
ဤဝက်ဝံသည် မည်မျှပင် ပါးနပ်စေကာမူ အချိန်တိုအတွင်း လူသားတို့၏ ဘာသာစကားနှင့် လိမ်လည်မှုများကို သင်ယူနိုင်လိမ့်မည်ဟု လီလန် အလျှင်း မယုံကြည်ပေ။ ဤဝက်ဝံကို သတ်ဖြတ်ခြင်းသည် နောက်လာမည့် တစ်ရက် နှစ်ရက်အတွင်းတွင် ဖြစ်ပေါ်လာမည်ဖြစ်သည်။
ချင်းလုံဂိုဏ်းမှ အဖွဲ့ဝင်များနှင့် စကားပြောပြီးနောက် လီလန်က အနားယူရန် မျက်လုံးများကို မှိတ်ထားလိုက်သည်။ နှစ်ပေါင်းများစွာ အမဲလိုက်ခဲ့ပြီးဖြစ်ရာ လီလန်သည် ပင်ကိုအသိစိတ်နှင့်တူသော ကြိုတင်ခံစားသိရှိမှုမျိုးကို ကြာမြင့်စွာကတည်းက ရရှိနေခဲ့ပြီ ဖြစ်သည်။
သူသည် တိရစ္ဆာန်များ၏ အမျိုးမျိုးသော ချုံခိုတိုက်ခိုက်မှုများကို အလွန် အာရုံခံစားလွယ်ပြီး တစ်ခါတစ်ရံတွင် တိရစ္ဆာန်တစ်ကောင်၏ သတ်ဖြတ်လိုသော အငွေ့အသက်ကိုပင် သူ ခံစားသိရှိနိုင်လေသည်။ ဤအချက်ကပင် သူနှင့် အခြားသူများကို ကွဲပြားသွားစေခြင်း
ဖြစ်၏။
ငါးနာရီကျော်ကြာ မြင်းလှည်းစီးပြီးနောက် လီလန်နှင့် သူ၏ လူစုမှာ နောက်ဆုံးတွင် ရွှမ်းရွှေရွာသို့ ပြန်လည်ရောက်ရှိလာကြတော့သည်။
"လီလန် ပြန်ရောက်လာပြီလား..."
"တကယ်ပဲ လီလန် ပါလား..."
"မြန်မြန်... မြန်မြန်... ရွာကို မြန်မြန် သွားပြောကြစမ်း..."
"ငါတို့ မုဆိုးအဖွဲ့ရဲ့ ခေါင်းဆောင် နောက်ဆုံးတော့ ပြန်ရောက်လာပြီဟေ့..."
လီလန်သည် ချင်းလုံဂိုဏ်းမှ ညီအစ်ကိုများကို ဦးဆောင်ကာ ရွှမ်းရွှေရွာသို့ ပြန်လည်ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် လူများ၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။
"လီလန် မင်း ဟိုဝက်ဝံကို သတ်လိုက်ပြီလား..."
"အချိန်တွေက တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးနေပြီ ငါတို့ ကျင်းရှန်းတောင်ကို သွားပြီး အမဲမလိုက်ရင် ရွာမှာ အစားအစာ ပြတ်လပ်သွားလိမ့်မယ်..."
"မင်း မြန်မြန် လှုပ်ရှားဖို့လိုနေပြီ ရွာက စောင့်နေတာ ကြာလှပြီ..."
လီလန် နောက်ဆုံးတွင် ပြန်ရောက်လာသည်ကို မြင်သောအခါ ရွှမ်းရွှေရွာ တစ်ရွာလုံးမှာ နောက်ဆုံးတွင် ဆူညံပွက်လောရိုက်သွားတော့သည်။ ရွာတစ်ရွာလုံးနီးပါး လီလန်အား ကြိုဆိုရန် ရွာအဝင်ဝသို့ ရောက်ရှိလာကြလေသည်။
လီလန်က အပိုစကားများ မပြောတော့ဘဲ တိုက်ရိုက် မေးလိုက်သည်။
"ကျောက်လျူ ဘယ်မှာလဲ..."
ကျောက်လျူနှင့် ကျန်းဝေ့ကော်တို့ နှစ်ဦးစလုံးမှာ မီးနဂါးမုဆိုးအဖွဲ့၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။ အစောပိုင်းက ကျန်းဝေ့ကော်သည် လီလန်ကို ရှာဖွေရန် မြို့ပေါ်သို့ သွားခဲ့ပြီး ကျောက်လျူမှာမူ ဝက်ဝံနက်ထံမှ သီသီလေး လွတ်မြောက်လာခဲ့သော်လည်း ထိုအချိန်မှစ၍ လီလန် သူ့ကို မတွေ့ရတော့ချေ။
ထို့ကြောင့် ရွှမ်းရွှေရွာသို့ ပြန်ရောက်ရောက်ချင်းပင် သူသည် ကျောက်လျူအကြောင်းကို ချက်ချင်း မေးမြန်းလိုက်ခြင်း ဖြစ်သည်။
နူးညံ့သိမ်မွေ့သော အသွင်အပြင်ရှိသည့် ချောမောလှပသော မိန်းကလေးတစ်ဦးမှာ လူအုပ်ထဲမှ ထွက်လာခဲ့သည်။ သူမမှာ လူငယ် တိရစ္ဆာန်ကုဆရာဝန်မလေး ကျန်းရှောင်ဖုန်းပင်ဖြစ်၏။ ကျန်းရှောင်ဖုန်းသည် လီလန်ကို ကြည့်ကာ အနည်းငယ် ရှက်သွေးဖြာနေလေသည်။
လီလန်ကို ရက်အနည်းငယ်ခန့် မတွေ့ရပြီးနောက်တွင် လီလန်သည် ယခင်ကထက် ပို၍ ချောမောလာသကဲ့သို့ သူမ ရုတ်တရက် ခံစားလိုက်ရသည်။
"ကျောက်လျူက ကျွန်မဆီမှာ ရှိတယ်..."
လီလန်၏ အကြည့်က သူမထံသို့ ရောက်ရှိလာသောအခါ ကျန်းရှောင်ဖုန်း၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး သူမ၏ မျက်နှာလေးမှာ ချက်ချင်းပင် နီရဲသွားတော့သည်။
"ငါ့ကို သူ့ဆီ ခေါ်သွားပေးပါ..."
ကျောက်လျူ သူမနှင့်အတူ ရှိနေသည်ဟု ကျန်းရှောင်ဖုန်း ပြောသည်ကို ကြားလိုက်ရသည့်အခါ လီလန်သည် ကျန်းရှောင်ဖုန်း၏ ဘေးသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။ လီလန်မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။
သူ မှတ်မိသည်မှာ မမှားဘူးဆိုလျှင် ကျန်းရှောင်ဖုန်းသည် တိရစ္ဆာန်ကုဆရာဝန် တစ်ဦးဖြစ်သည်။ အသက်ရှင်နေသော လူတစ်ယောက်ဖြစ်သည့် ကျောက်လျူက ကျန်းရှောင်ဖုန်းနှင့်အတူ ဘာလုပ်နေသနည်း။
လီလန်၏ နားမလည်နိုင်သော အမူအရာကို မြင်သောအခါ ကျန်းရှောင်ဖုန်းသည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားတော့ဘဲ...
"ကျောက်လျူ ရွာကို ပြန်ရောက်ကတည်းက သူက လုံးဝကို ပုံမှန်မဟုတ်တော့ဘူး..."
"သူ ရွာကို ပထမဆုံး ပြန်ရောက်လာတုန်းက ကုတင်ပေါ်မှာ လှဲနေပြီး စကားတစ်ခွန်းမှ မပြောနိုင်တော့ဘူးလေ..."
"သူ့ရဲ့ ဝိညာဉ်က ဝက်ဝံရဲ့ ခြောက်လှန့်မှုကြောင့် လွင့်စင်သွားသလိုပဲ..."
"ကျောက်လျူရဲ့ အဘိုးက သူ့ကို ကယ်တင်ဖို့အတွက် ဆေးဝါးတွေ အများကြီး ဝယ်ပြီး ငွေတွေ အများကြီး အကုန်ခံခဲ့ပေမယ့် နောက်ဆုံးတော့ ဘာမှအသုံးမဝင်ခဲ့ဘူး..."
"နောက်ဆုံးတော့ သူက နတ်ဝင်သည်ကိုတောင် ပင့်ပြီး ယတြာချေခိုင်းသေးတယ်..."
"နည်းလမ်းပေါင်းစုံကို စမ်းသပ်ကြည့်ပြီးတဲ့နောက်မှာလည်း ကျောက်လျူက ကုတင်ပေါ်မှာ လှဲနေဆဲဖြစ်ပြီး လှုပ်ရှားလို့ မရသေးဘူး..."
"သူ့အဘိုးမှာ ရွေးချယ်စရာ မရှိတော့တာနဲ့ ကျောက်လျူကို ကျွန်မဆီ ပို့လိုက်ရတော့တာပဲ..."
"ရွာက ဆရာဝန်တွေကလည်း သူ့ကို ဆေးမပေးရဲကြတော့ဘူးလေ အဲဒါကြောင့် နောက်ဆုံးမှာ သူ့အဘိုးက သူ့ကို ကျွန်မဆီကိုပဲ ပို့နိုင်တော့တယ်..."
ကျန်းရှောင်ဖုန်း ပြောသည်ကို ကြားပြီးနောက် လီလန်မှာ တစ်ခဏမျှ စကားပြောမထွက်နိုင် ဖြစ်သွားတော့သည်။
အစပိုင်းတွင် ဆေးသောက်ခြင်းက နားလည်ပေး၍ ရနိုင်ပါသည်။ သို့သော် သူ့အတွက် နတ်ဝင်သည်ကိုပါ ပင့်ခဲ့ပြီး တိရစ္ဆာန်ဆေးတွေပါ တိုက်ခဲ့သည်လား။
ကျန်းမာရေးကောင်းနေသော လူတစ်ယောက်ပင်လျှင် ထိုအရာများကြောင့် သေသွားနိုင်ပေသည်။
ထိုအကြောင်းကို တွေးမိလိုက်သောအခါ လီလန်၏ မျက်လုံးများ ပြာဝေသွားပြီး သတိလစ်လုနီးပါး ဖြစ်သွားတော့သည်။ ဤလောကရှိ လူများမှာ အနည်းငယ် အသိဉာဏ်ကင်းမဲ့နေဆဲပင် ဖြစ်သည်။
သို့သော်လည်း ဤခေတ်ကာလတွင် တောင်ပေါ်သားများ ဖြစ်ကြသည်နှင့်အညီ။ပညာမတတ်ခြင်းမှာ ပုံမှန်ပင် ဖြစ်လေသည်။ လီလန်သာ ဤခေတ်ကာလမှ လူတစ်ယောက် ဖြစ်ခဲ့ပါက သူလည်း ဤလူများနှင့် အတူတူပင် ဖြစ်နေနိုင်ပေသည်။
ကျန်းရှောင်ဖုန်းက လမ်းပြပေးပြီး လီလန်က နောက်မှ လိုက်သွားကာ လီလန်၏ အနောက်တွင်တော့ ချင်းလုံဂိုဏ်းမှ ညီအစ်ကိုငါးဦး ပါလာလေသည်။
ဤချင်းလုံဂိုဏ်းမှ ညီအစ်ကိုများသည် ယခင်က မြို့ပေါ်တွင်သာ အမြဲတမ်း နေထိုင်ခဲ့ကြသူများ ဖြစ်သည်။ လီလန် နေထိုင်ရာ ရွှမ်းရွှေရွာသို့ လာရောက်ခြင်းမှာ သူတို့အတွက် ပထမဆုံးအကြိမ် ဖြစ်လေသည်။ သူတို့သည် ရွာထဲရှိ အရာအားလုံးကို စပ်စုချင်စိတ်ဖြင့် လေ့လာကြည့်ရှုနေကြပြီး သူတို့၏ မျက်နှာများမှာ အံ့သြချီးကျူးမှုများဖြင့် ပြည့်နှက်နေတော့သည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက်။ ကျန်းရှောင်ဖုန်း လမ်းပြခေါ်ဆောင်လာမှုကြောင့် လီလန်က သူမ၏ အိမ်သို့ ရောက်ရှိလာလေသည်။
အဝေးမှပင် တံခါးဝသို့ မဝင်ရသေးမီ လီလန်သည် အလွန် ပြင်းထန်သော ဆေးရနံ့ကို ရလိုက်လေသည်။
လီလန်က ကျန်းရှောင်ဖုန်းကို လှည့်ကြည့်လိုက်ရာ သူမမှာ လျှာလေးထုတ်၍ အနေခက်စွာဖြင့်...
"သူ့အဘိုးက သူ့မြေးအတွက် ဆေးပေးဖို့ အတင်းအကျပ် တောင်းဆိုနေတာလေ ကျွန်မသာ ဆေးမပေးရင် သူက ကျွန်မရှေ့မှာတင် သေပြမယ်လို့ ပြောတယ်..."
"ကျွန်မမှာ တကယ်ကို ရွေးချယ်စရာ မရှိတော့တာနဲ့ ဒေသခံ ဆရာယောင်တစ်ယောက်ဆီကနေ ခါးနာပျောက်ဆေး နည်းနည်း တောင်းလိုက်ရတာ..."
လီလန်... မင်း အဲဒီလို လုပ်လို့ရသလား။
လီလန်သည် ကျန်းရှောင်ဖုန်း နောက်မှလိုက်၍ အိမ်ထဲသို့ ဝင်သွားလေသည်။ ကျောက်လျူသည် အခန်းထဲတွင် သေနေသော လူတစ်ယောက်ကဲ့သို့ မလှုပ်မယှက် လှဲလျောင်းနေ၏။
လီလန်သည် ကျောက်လျူ၏ ဘေးသို့ လျှောက်သွားကာ လက်လှမ်း၍ သူ၏ မျက်ခွံကို ဖွင့်ကြည့်လိုက်ရာ အခြားတစ်ဖက်လူ၏ သူငယ်အိမ်မှာ ကျယ်နေပြီး သူ၏ မျက်လုံးထဲတွင် အလင်းရောင် အနည်းငယ်မျှပင် မရှိတော့သည်ကို တွေ့လိုက်ရသည်။
"ဆရာဝန်က ဘာပြောလဲ..."
လီလန် မေးသည်ကို ကြားသောအခါ ကျန်းရှောင်ဖုန်းက သူမ၏ နဖူးကို ကုတ်၍ ပြောလိုက်သည်။
"သူ လန့်သွားရုံပါပဲလို့ ဆရာဝန်က ပြောပြီး အာရုံကြောငြိမ်ဆေးတချို့ ပေးလိုက်တယ်..."
ထိုစကားကို ကြားသောအခါ လီလန်က ခေါင်းညိတ်လိုက်သည်။ သူ နားလည်သွားလေပြီ။ ဤကျောက်လျူ၏ ရောဂါလက္ခဏာများသည် ကျန်းဝေ့ကော်၏ လက္ခဏာများနှင့် အတိအကျ တူညီနေပေသည်။
"ဝက်ဝံသွေး ယူခဲ့ပေး..."
လီလန်သည် မည်သို့မျှ တုံ့ဆိုင်းမနေဘဲ လှည့်၍ ညွှန်ကြားလိုက်သည်။ မကြာမီမှာပင် ချင်းလုံဂိုဏ်းမှ ညီအစ်ကိုတစ်ဦးသည် သူ၏ ရင်ခွင်ထဲမှ လက်ကိုင်ပဝါတစ်ထည်ကို ဆွဲထုတ်လိုက်လေသည်။
ထို့နောက် လီလန်ထံသို့ တိုက်ရိုက် ကမ်းပေးလိုက်သည်။ လီလန်သည် လက်ကိုင်ပဝါကို ဖြန့်လိုက်ရာ ချက်ချင်းပင် ပြင်းထန်သော သွေးနံ့များမှာ ပျံ့နှံ့ထွက်ပေါ်လာတော့သည်။
"ဘာတွေလဲ..."
"ဒါကဘာလဲ..."
ထိုအနံ့ကို ရလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းရှောင်ဖုန်း၏ မျက်မှောင်များမှာ တင်းကျပ်စွာ စုကြုံ့သွားတော့သည်။ တိရစ္ဆာန်ကုဆရာဝန်တစ်ဦးအနေဖြင့် ဤကဲ့သို့သော အနံ့မျိုးကို သူမ တစ်ခါမျှ မရခဲ့ဖူးချေ။