အခန်း ၃၈၂
Vol. 39 Ch. 382
အခန်း (၃၈၂) လီထျန်းယု၏ ဆုံးဖြတ်ချက်
လုံယုသည် လီထျန်းယုနှင့် ဒုတိယတပ်မတော်မှ အခြားတပ်မှူးများနှင့် အကြိမ် အနည်းငယ်သာ ပူးပေါင်းဆောင်ရွက်ဖူးသော်လည်း၊ သူတို့အားလုံးသည် ကျွင်းချန်စစ်စခန်းမှ စစ်သည်များ ဖြစ်ကြလေသည်။
မည်သို့ပင်ဖြစ်စေ သူတို့သည် သူ၏ ရဲဘော်ရဲဘက်များ ဖြစ်နေဆဲပင်။
တုကျောက်ယီက သူတို့အား ဤကဲ့သို့ ဆက်ဆံသည့်အတွက် လုံယု ဒေါသတ ကြီး အံကြိတ်လိုက်မိလေသည်။
သူ၏ ဒေါသကို ခံစားမိသော ယောင်ရန်က စားပွဲအောက်တွင် တင်းကျပ်စွာ ဆုပ်ထားသော သူ၏လက်ကို လှမ်းကိုင်လိုက်သည်။ သူမအထိအတွေ့၏ နွေးထွေးမှုကို ခံစားလိုက်ရပြီးနောက် လုံယုသည် တဖြည်းဖြည်း တည်ငြိမ် သွားခဲ့လေတော့သည်။ သူ စိတ်တည်ငြိမ်သွားသည်နှင့် ယောင်ရန်သည် လီထျန်းယုဘက်သို့ ပြန်လှည့်ကာ အာရုံစိုက်လိုက်လေသည်။
"တပ်မှူးလီ... ရှင့်လူ ဘယ်နှယောက်က ကျွန်မတို့နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိကြလဲ…" ဟု သူမက မေးလိုက်လေသည်။
လီထျန်းယုသည် လုံယု၏အဖွဲ့နှင့် ပူးပေါင်းရန် ဆုံးဖြတ်ပြီးနောက် သူ၏ ရဲဘော်ရဲဘက်များနှင့် ဤကိစ္စကို တိုင်ပင်ပြီးဖြစ်သောကြောင့် အဖြေတစ်ခု အတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ချေသည်။
သူက ယောင်ရန်ကို ကြည့်ကာ ပြန်ဖြေလိုက်လေသည်။
"ကျွန်တော့်နောက်ကို လိုက်မယ့် ညီအစ်ကို (၅၀၀) ရှိတယ်… ကျန်တဲ့သူတွေ ကတော့ အခုထိ အဖြေမပေးကြသေးဘူး…"
စစ်မှုထမ်းအများစုသည် မိမိတို့၏နိုင်ငံကို ကာကွယ်ရန်နှင့် မိသားစုများကို ကာကွယ်ရန်ဟူသော တူညီသည့်ရည်ရွယ်ချက်ဖြင့် ဝင်ရောက်လာကြခြင်းဖြစ် ကြောင်း ယောင်ရန် နားလည်ထားပေသည်။ ထို့ကြောင့် စစ်တပ်မှ ထွက်ခွာရန် ဆုံးဖြတ်ဖို့ဆိုသည်မှာ သူတို့အတွက် လွယ်ကူလိမ့်မည် မဟုတ်ပေ။
တုကျောက်ယီ၏ လွန်ကဲသောလုပ်ရပ်များကြောင့်သာ မဟုတ်လျှင် လီထျန်း ယုသည် သူတို့နှင့် ပူးပေါင်းရန် ဒုတိယတပ်မတော်မှ ထွက်ခွာလာမည် မဟုတ် ကြောင်း ယောင်ရန် ယုံကြည်ထားပေသည်။
ထိုအချက်ကို စိတ်ထဲမှတ်ထားလျက် ယောင်ရန်က ပြောလိုက်လေ သည်။
"ကျွန်မ နားလည်ပါတယ်… ရှင်နဲ့ ရှင့်ညီအစ်ကိုတွေက ကျွန်မတို့နဲ့ ပူးပေါင်းချင် မှတော့ ရှင်က သူဌေးလင်းတို့နဲ့အတူ လေကြောင်းရန်ခိုလှုံရေးစခန်းကို ပြန် သွားမှာလား…"
လီထျန်းယုသည် သူမ၏မေးခွန်းကို ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက် လေသည်။
"စစ်တပ်ကနေ နုတ်ထွက်တဲ့ လုပ်ငန်းစဉ်တွေ ပြီးဖို့ ကျွန်တော်တို့ အချိန်နည်း နည်းတော့ ယူရလိမ့်မယ်… လေကြောင်းရန်ခိုလှုံရေးစခန်းကို မသွားခင် ဒီမှာ ခဏလောက် နေဖို့ လိုကောင်းလိုလိမ့်မယ်…"
ကပ်ဘေးမတိုင်မီကဆိုလျှင် စစ်သည်များ စောစောစီးစီး အငြိမ်းစားယူရန်မှာ မခက်ခဲလှပေ။
ယခု ကမ္ဘာကြီး ဖရိုဖရဲဖြစ်နေပြီး စစ်သည်လိုအပ်ချက် များပြားနေချိန်တွင် သူ တို့၏ အထက်လူကြီးက သူတို့အား စောစောစီးစီး အငြိမ်းစားပေးရန်ဆိုသည် မှာ လုံးဝမဖြစ်နိုင်သလောက်ပင်။
ကျွင်းချန်စစ်စခန်းအတွင်း သူ၏ လွှမ်းမိုးမှုနှင့် အာဏာကို ချဲ့ထွင်ရန် တု ကျောက်ယီ၏ ရည်မှန်းချက်များကို ထည့်သွင်းစဉ်းစားလိုက်သောအခါ လီထျန်းယုနှင့် သူ၏ရဲဘော်ရဲဘက်များ ချောချောမွေ့မွေ့ အငြိမ်းစားယူရန်မှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်ကြောင်း ယောင်ရန် သံသယဝင်သွားမိပေသည်။
သူမ ထိုသို့ စဉ်းစားနေစဉ်တွင် လုံယုက မေးလိုက်လေသည်။
"တပ်မှူးလီ... တုကျောက်ယီက ခင်ဗျားကို အငြိမ်းစားပေးမယ်လို့ ထင်လား…"
"ကျွန်တော်တော့ အဲ့ဒီလို မထင်ဘူး…"
လီထျန်းယုက ဝန်ခံပြီးနောက် တိတ်ဆိတ်သွားခဲ့လေသည်။
စက္ကန့်အနည်းငယ်အကြာတွင် သူက ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ထပ်ပြောလိုက် လေသည်။
"ဒါပေမဲ့ အဲ့ဒီအတွက်တော့ စိတ်မပူပါနဲ့… သူက ကျွန်တော်တို့ အငြိမ်းစားယူ တာကို သဘောမတူဘူးဆိုရင်တောင် ကျွန်တော်တို့ကို တားလို့ မရပါဘူး…"
"သစ္စာစောင့်သိမှုကလွဲရင် ကျွန်တော်တို့ကို စစ်တပ်နဲ့ ချည်နှောင်ထားတဲ့ စနစ် တွေ၊ စည်းမျဉ်းတွေ မရှိတော့ဘူး… တပ်မှူးကြီးတုက ကျွန်တော်တို့ကို အရင် သစ္စာဖောက်ခဲ့တာဆိုတော့ ကျွန်တော်တို့ ထွက်သွားမှာကို တားမြစ်ပိုင်ခွင့် သူ့မှာ မရှိတော့ဘူးလေ…"
လီထျန်းယု၏ စရိုက်ကို သိထားသဖြင့် သူအလိုရှိသော ရလဒ်ရရန် ယုံကြည်မှု နှင့် အစီအစဉ်တစ်ခုခု မရှိဘဲ ဤကဲ့သို့ စကားမျိုးကို ပြောမည်မဟုတ်ကြောင်း လုံယု နားလည်လိုက်လေသည်။
"ခင်ဗျားက ချောချောမွေ့မွေ့ အငြိမ်းစားယူနိုင်မယ်လို့ ယုံကြည်နေမှတော့ ကျွန်တော်တို့အဖွဲ့ကနေ ကြိုဆိုပါတယ် တပ်မှူးလီ…."
လုံယုက သူ့ဆီသို့ လက်လှမ်းပေးရင်း ပြောလိုက်လေသည်။
လီထျန်းယုက ရယ်မောလိုက်ပြီး လုံယု၏လက်ကို ဆွဲခါနှုတ်ဆက်လိုက်သည်။
"ကျေးဇူးတင်ပါတယ် တပ်မှူးလုံ…"
ယခု လုံယုက သူ့အား သူတို့အဖွဲ့ထဲသို့ တရားဝင် လက်ခံလိုက်ပြီဖြစ်ရာ သူ တို့၏ ကျန်းမာရေးကို အာဟာရဖြည့်တင်းပေးပြီး သူတို့၏ ခန္ဓာကိုယ်များကို အကောင်းဆုံး အခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် ယောင်ရန် ဆုံးဖြတ် လိုက်လေသည်။
သူမ၏ ခန့်မှန်းချက်သာ မှန်ကန်ပါက မဝေးတော့သောအနာဂတ်တွင် တု ကျောက်ယီနှင့် တိုက်ပွဲဖြစ်လာနိုင်ပေသည်။
သူမ သူ့ကိုကြည့်ကာ ပြောလိုက်လေသည်။
"တပ်မှူးလီ... ရှင့်မှာ ဖြူဖျော့ဖျော့ အသားအရေနဲ့ အသားဝါနေတာကို ကျွန်မ သတိထားမိတယ်… ရှင်က ပင်ပန်းနေပုံရပြီးတော့ အာဟာရချို့တဲ့နေတဲ့ပုံပဲ…"
"ကျွန်မတို့ ဒီမြေအောက်ခိုလှုံရေးစခန်းကနေ ထွက်သွားပြီးရင် ကျွန်မတို့ရဲ့ ဗီလာကို လာခဲ့ပေးပါ… ရှင်နဲ့ ရှင့်ညီအစ်ကိုတွေအတွက် ဗီတာမင်တွေ၊ ရေနဲ့ အာဟာရဖြစ်စေမယ့် အစားအစာတချို့ကို ကျွန်မ ပြင်ဆင်ထားပေးပါ့မယ်… လျှို့ဝှက်လာဖို့တော့ မှတ်ထားပါ၊ လောလောဆယ် ကျွန်မတို့ ပူးပေါင်းဆောင် ရွက်နေတာကို တုကျောက်ယီ မသိပါစေနဲ့…"
ယင်းကို ကြားသောအခါ လီထျန်းယုက မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။ သူမ ဘာလုပ်ချင်သလဲဆိုသည်ကို သူ အလွန် သိချင်နေသော်လည်း မမေးခဲ့ ပေ။ သူ ခေါင်းညိတ်ပြီး ပြောလိုက်လေသည်။
"နားလည်ပါပြီ…"
အရေးကြီးသော ကိစ္စရပ်များကို ပြောဆိုပြီးနောက် လီထျန်းယုသည် အနည်း ငယ် သက်သောင့်သက်သာ ဖြစ်သွားခဲ့လေသည်။
ကုလားထိုင်ကို မှီထိုင်လိုက်ရင်း သူက ပြောလိုက်လေသည်။
"အခု ထာဝရည ရောက်လာပြီဆိုတော့ ခင်ဗျားတို့အားလုံး သတိထားဖို့ လို တယ်… ဒီမြေအောက်ခိုလှုံရေးစခန်းကနေ ကျွန်တော်တို့ ထွက်သွားပြီးရင် လူဆိုးဂိုဏ်းတချို့ လှုပ်ရှားကြလိမ့်မယ်ဆိုတဲ့ သတင်းကို ကျွန်တော် ရထား တယ်… သူတို့ရဲ့ ပထမဆုံးပစ်မှတ်က ချမ်းသာပြီး လွှမ်းမိုးမှုရှိတဲ့ လူတွေနေ ထိုင်တဲ့ ဗီလာဧရိယာ ဖြစ်နိုင်ခြေများတယ်…"
ယင်းကို ကြားသောအခါ ယောင်ရန် မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့လေ သည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူမက ပြောလိုက်လေ သည်။
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…"
လီထျန်းယု မထွက်ခွာမီ သူတို့ ခဏမျှ စကားစမြည် ပြောခဲ့ကြလေသည်။ တံခါးကို ပိတ်ပြီးနောက် ယောင်ရန်သည် လုံယုနှင့် ရွှီရွှမ်းတို့ဘက်လှည့်ကာ ပြောလိုက်လေသည်။
"ကျွန်မတို့ရဲ့ ဗီလာအတွက် စိတ်ပူတယ်… ကျွန်မတို့ ပစ္စည်းတွေသိမ်းပြီး တတ် နိုင်သမျှ မြန်မြန် ထွက်သွားသင့်တယ်…"
"ကောင်းပါပြီ…"
ထို့နောက် ရွှီရွှမ်းသည် သူ၏အဆောင်သို့ ပြန်သွားပြီး လုံယုကမူ ယောင်ရန် အား ပစ္စည်းသိမ်းရန် ကူညီပေးရန် ကျန်ရစ်ခဲ့လေသည်။ သူတို့သည် ပစ္စည်း များကို အတူတကွ စုဆောင်းသိမ်းဆည်းကြပြီးနောက် ယောင်ရန်က သူမ၏ နေရာလွတ်ထဲတွင် သိုလှောင်လိုက်လေသည်။
အခန်းအမှတ် (၂၀) ကို ရှင်းလင်းပြီးနောက် သူတို့သည် ကျောပိုးအိတ်များနှင့် လက်နက်များကို သယ်ဆောင်ကာ အခန်းတံခါးကို သော့ခတ်၍ ထွက်လာခဲ့ ကြလေသည်။
ရွှီရွှမ်း အပြင်တွင် သူတို့အား စောင့်နေသည်ကို မြင်သောအခါ လုံယုက ပြောလိုက်လေသည်။
"သော့တွေ အရင်ပြန်အပ်ဖို့ အများပြည်သူဆိုင်ရာရုံးကို သွားကြရအောင်…"
ရွှီရွှမ်းက ခေါင်းညိတ်ပြီး အခန်းအမှတ် (၁၉) ၏ သော့ကို လုံယုအား ပေးလိုက် လေသည်။ ထို့နောက် သူတို့သည် အများပြည်သူဆိုင်ရာရုံးသို့ ထွက်လာခဲ့ကြ တော့သည်။
ရောက်ရောက်ချင်းတွင် အသက်ရှင်ကျန်ရစ်သူ အမြောက်အမြား အပြင်ဘက် ၌ စုရုံးနေကြသည်ကို မြင်လိုက်ရသဖြင့် ယောင်ရန် အံ့ဩသွားသည်။ သူမ၏ ရှေ့တွင် ဘာဖြစ်နေသည်ကို မမြင်ရသဖြင့် ယောင်ရန်သည် အနီးနားတွင် စောင့်နေသော အသက်လေးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးထံ ချဉ်း ကပ်သွားခဲ့လေသည်။
"အန်တီ... ဒီနေ့ ဘာလို့ ဒီမှာ လူတွေ အရမ်းများနေတာလဲဟင်…"
စောင့်ရတာ ငြီးငွေ့နေသော အမျိုးသမီးကြီးသည် စကားပြောခွင့်ရသဖြင့် လန်းဆန်းသွားသည့်ပုံရလေသည်။ သူမ၏ မျက်လုံးများ အရောင်လင်းလာပြီး အတင်းပြောလိုစိတ်များ တဖွားဖွားပေါ်လာတော့သည်။
သူမက ယောင်ရန်ကို အနားသို့လာရန် လက်ယပ်ခေါ်လိုက်ပြီး တိုးတိုးလေး မေးလိုက်လေသည်။
"ကောင်မလေး... သတင်း မကြားသေးဘူးလား…"
ယောင်ရန် ခေါင်းယမ်းလိုက်ပြီး ပြန်မေးလိုက်သည်။
"ဘာသတင်းလဲဟင်…"
အန်တီကြီးသည် သူမ မသိသည်ကို အံ့ဩသွားပုံရလေသည်။ သူမကို ကြည့် ကာ အန်တီကြီးက မေးလိုက်လေသည်။
"မသိဘဲနဲ့ နင်က ဒီကို လာသေးတယ်ပေါ့…"
သူမ၏ တကယ့်ရည်ရွယ်ချက်ကို မဖော်ပြလိုသဖြင့် ယောင်ရန်သည် မျက် တောင်မခတ်ဘဲ လိမ်ပြောလိုက်လေသည်။
"အမျိုးသမီးလစဉ်သုံးပစ္စည်း ဝယ်ဖို့ လုံလောက်လားဆိုတာ သိရအောင် ကျွန်မရဲ့ စခန်းသုံးငွေကြေးလက်ကျန်ကို စစ်ကြည့်ချင်လို့ပါ…"
သူမစကားကြောင့် အန်တီကြီးသည် ကိုယ်ချင်းစာနာစွာ သက်ပြင်းချလိုက်ပြီး ကိုယ်ချင်းစာဟန်ဖြင့် ပြောလိုက်လေသည်။
"ဒီလိုအချိန်မျိုးမှာ မိန်းမတစ်ယောက်ဖြစ်ရတာ မလွယ်ပါဘူးအေ…"