← Chapters

အခန်း ၃၈၆

Vol. 39 Ch. 386

အခန်း ၃၈၆

Vol. 39 Ch. 386

အခန်း (၃၈၆) ထူးဆန်းသော ကျောက်တုံး

အစီအစဉ်ဆွဲပြီးနောက် လုံယုသည် ယောင်ရန်ဘက်သို့ လှည့်ကာ ပြောလိုက် လေသည်။

"ရန်ရန်... ကျောက်တုံးကိစ္စကို ဖြေရှင်းဖို့ အာရွှမ်နဲ့အတူ ကိုယ်သွားလိုက်မယ်.. မင်း ဒီမှာနေပြီး ဗီလာကို စောင့်ပေးလို့ရမလား…"

ယောင်ရန်က ခေါင်းညိတ်လိုက်လေသည်။

"ဒီနေရာကို ကျွန်မဆီသာ လွှဲထားလိုက်ပါ… ရှင်တို့နှစ်ယောက် အပြင်မှာ သတိ ထားကြဦးနော်...”

"နားလည်ပါပြီ…" ဟု လုံယုက ပြန်ဖြေလိုက်လေသည်။

မထွက်ခွာမီ ယောင်ရန်သည် အကာအကွယ်ဝတ်စုံ နှစ်စုံ၊ အသက်ရှူနှာခေါင်း စည်းများ၊ ညကြည့်မျက်မှန်များနှင့် လေထုအတွင်းရှိ အဆိပ်သင့်မှုကို စောင့် ကြည့်ရန် ကိရိယာတစ်ခုတို့ကို သူတို့ထံ ကမ်းပေးလိုက်လေသည်။

ပြင်ဆင်ပြီးသည်နှင့် လုံယုနှင့် ရွှီရွှမ်းတို့သည် ဒုတိယထပ် ဝရန်တာမှတစ်ဆင့် ဗီလာအပြင်သို့ ထွက်လာခဲ့ကြလေတော့သည်။

သူတို့ ထွက်သွားပြီးနောက် ယောင်ရန်သည် သတ္တုတံခါးကို သော့ခတ်လိုက်ပြီး ရေချိုးရန် ဆုံးဖြတ်လိုက်လေသည်။

ကျူးကျော်ရပ်ကွက်သို့ သွားရာလမ်းတွင် လုံယုက မျက်နှာပြင်ကို ကြည့်ကာ လမ်းပြနေပြီး ရွှီရွှမ်းက ဧရိယာကို ကင်းထောက်ရန် ဒရုန်းကို အသုံးပြုခဲ့သည်။ သဲများကြားတွင် နာရီပေါင်းများစွာ လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင် သူတို့နှစ်ဦးသည် ကျူးကျော်ရပ်ကွက်သို့ ရောက်ရှိသွားကြတော့သည်။

လမ်းကြားနားသို့ ချဉ်းကပ်သွားသည်နှင့် လုံယုသည် ဒရုန်းကို လွှဲယူထိန်းချုပ် လိုက်ပြီး ရွှီရွှမ်းအား "သတိထား" ဟု သတိပေးလိုက်လေသည်။

ရွှီရွှမ်းက ခေါင်းညိတ်လိုက်ပြီး ၊

"ဟုတ်ကဲ့ပါ ခေါင်းဆောင်" ဟု ဆိုလေသည်။

အနီးသို့ ထပ်မတိုးမီ လုံယုသည် သူတို့ပတ်ဝန်းကျင်တွင် အတားအဆီးတစ်ခု ဖန်တီးရန် သူ၏ လေစွမ်းအင်ကို အသုံးပြုလိုက်လေသည်။

သူလုပ်ဆောင်ပြီးစီးသွားသောအခါ ပြောလိုက်လေသည်။

"သွားကြစို့…"

လမ်းကြားထဲသို့ လျှောက်ဝင်သွားရင်း လုံယုသည် လေထုထဲတွင် အဆိပ်သင့် မှု ရှိမရှိ စစ်ဆေးရန် ကိရိယာကို ဖွင့်လိုက်လေသည်။ မျက်နှာပြင်ပေါ်ရှိ ဂဏန်း များကို စစ်ဆေးပြီးနောက် သူကပြောလိုက်လေသည်။

"အဆိပ်ငွေ့ကို မတွေ့ရဘူး… မင်း စလို့ရပြီ…"

ရွှီရွှမ်းက ခေါင်းညိတ်လိုက်ပြီး ကျောက်တုံးကို သီးခြားခွဲထုတ်ရန် သူ၏ နေရာ လွတ်စွမ်းအင်ကို အသုံးပြုလိုက်ရာ သူ၏ လက်ချောင်းများ တိကျစွာ လှုပ်ရှား မှုများနှင့်အတူ ၎င်း၏ပတ်လည်တွင် လေဟာနယ်ဧရိယာတစ်ခုကို ဂရုတစိုက် ဖန်တီးလိုက်လေသည်။

သူ ပြီးသွားသောအခါ ရွှီရွှမ်းက ပြောလိုက်လေသည်။

"ခေါင်းဆောင်... အဆင်သင့်ဖြစ်ပါပြီ…."

လုံယုက ခေါင်းညိတ်လိုက်ပြီး မေးလိုက်လေသည်။

"မင်းရဲ့ နေရာလွတ်စွမ်းရည်နဲ့ အဲ့ဒါကို ဖျက်ဆီးပစ်လို့ ရမလား…"

ရွှီရွှမ်းက ထိုမေးခွန်းကို ခေတ္တမျှ စဉ်းစားပြီးမှ ပြန်ဖြေလိုက်လေသည်။

"ကျွန်တော် စမ်းကြည့်ပါ့မယ်…"

ရွှီရွှမ်းသည် သူ၏စိတ်ကို အာရုံစူးစိုက်ကာ လေဟာနယ်ဧရိယာအတွင်း ဖိအား ကို တိုးမြှင့်လိုက်လေသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် ကျောက်တုံး၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး နောက်ဆုံးတွင် ဖုန်မှုန့်များအဖြစ်သို့ ကြေမွသွားလေတော့သည်။

ရွှီရွှမ်းက သက်သာရာရသွားကာ သက်ပြင်းချလိုက်ပြီး လုံယုဘက်သို့ လှည့်ကာ မေးလိုက်လေသည်။

"ခေါင်ဆောင်... လေဟာနယ်ဧရိယာထဲကနေ အဆိပ်ငွေ့တွေ ထွက်သွားတာ ရှိမရှိ စစ်ဆေးပေးလို့ရမလား…."

"ကောင်းပြီလေ...”

လုံယုသည် ကိရိယာ၏ မျက်နှာပြင်ကို စောင့်ကြည့်နေရင်း လွင့်မျောနေသော ဖုန်မှုန့်များအနီးသို့ တိုးကပ်သွားခဲ့လေသည်။ အရာအားလုံး ပုံမှန်ဖြစ်ကြောင်း အတည်ပြုပြီးနောက် သူက ပြောလိုက်လေသည်။

"ဘာအဆိပ်ငွေ့မှ မတွေ့ရဘူး…"

ယင်းကို ကြားသောအခါ ရွှီရွှမ်းကမေးလိုက်လေသည်။

"ခေါင်းဆောင်... ဖုန်မှုန့်တွေကို ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ…"

လုံယုသည် လေဟာနယ်နေရာလပ်အတွင်းရှိ ဖုန်မှုန့်များကို လေ့လာကြည့်ရှု လိုက်ပြီး မေးလိုက်လေသည်။

"အခု မင်း ပစ္စည်းတွေကို ဘယ်လောက်အဝေးအထိ ပို့ဆောင်ပေးနိုင်လဲ…"

"ကျွန်တော့်ရဲ့ အများဆုံး အကွာအဝေးက (၅) ကီလိုမီတာပါ" ဟု ရွှီရွှမ်းက ပြန်ဖြေလိုက်လေသည်။

ခေတ္တမျှ စဉ်းစားပြီးနောက် လုံယုက အမိန့်ပေးလိုက်လေသည်။

"တတ်နိုင်သမျှ ဝေးဝေးမှာရှိတဲ့ ညစ်ညမ်းနေတဲ့ မြေဆီလွှာဆီကို ပို့ပေး လိုက်…"

အက်ဆစ်မိုးနှင့် ရေဒီယိုသတ္တိကြွမှုတို့အပြီး မြေဆီလွှာသည် ညစ်ညမ်းမှုများ ကြောင့် စိုက်ပျိုးရေးအတွက် အသုံးမပြုနိုင်တော့သဖြင့် စွန့်ပစ်ရန် အကောင်း ဆုံးနေရာတစ်ခု ဖြစ်လာခဲ့သည်။

အမိန့်ကို လက်ခံလိုက်ပြီး ရွှီရွှမ်းက ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

"ဟုတ်ကဲ့ ခေါင်းဆောင်…"

သူ၏ လက်တစ်ချက် လှုပ်ရှားလိုက်မှုနှင့်အတူ ဖုန်မှုန့်များ ပျောက်ကွယ် သွားခဲ့လေလေသည်။

သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်ပြီး သူက "ပြီးသွားပြီ" ဟု ပြောလိုက်သည်။

လုံယုက ခေါင်းညိတ်ပြီးပြောလိုက်လေသည်။

"ကောင်းတယ်… မပြန်ခင် ကျန်တဲ့နေရာတွေကိုပါ ကင်းလှည့်ကြည့်ကြရ အောင်…"

"ကောင်းပါပြီ...”

သူတို့ မစစ်ဆေးရသေးသော စခန်း၏ အစိတ်အပိုင်းများကို စတင်စစ်ဆေးနေ စဉ်၊ အဝေးမှ အူသံများက သူတို့၏ ကင်းလှည့်မှုကို အနှောင့်အယှက် ပေးလာ ခဲ့လေသည်။

"အာဝူး…."

ယင်းကို ကြားကြားချင်းပင် လုံယုကဟု ပြောလိုက်လေသည်။

"ပြန်ကြစို့…"

မျိုးရိုးဗီဇပြောင်းတိရစ္ဆာန်များ ပြန်ရောက်လာပြီဖြစ်၍ ထိုဧရိယာတွင် ထူး ဆန်းသောကျောက်တုံးများ မရှိတော့ကြောင်း ထင်ရှားသွားသည်။ ရွှီရွှမ်းက ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ဦး ဗီလာသို့ ပြန်လာခဲ့ကြလေတော့သည်။

သူတို့ ရောက်ရှိလာချိန်တွင် ယောင်ရန်သည် ညစာပြင်ဆင်ပြီး သူတို့ကို စောင့် နေခဲ့လေသည်။ သူတို့ ဘေးကင်းစွာ ပြန်လာသည်ကို မြင်သောအခါ သူမက ပြောလိုက်သည်။

​"ညစာစားချိန်တောင် လွန်နေပြီ…အရင်ဆုံး စားကြရအောင်…."

"ကောင်းပါပြီ...”

ညစာစားပြီးနောက် သူတို့သုံးဦးသည် တတိယထပ် ဧည့်ခန်းတွင် စုရုံးနေခဲ့ကြ သည်။

ဆိုဖာပေါ်တွင် ထိုင်ရင်း ရွှီရွှမ်းက သက်ပြင်းချကာ ပြောလိုက်လေသည်။

"နေရောင်မရှိတော့ အရာအားလုံးက ထူးဆန်းပြီး ကမောက်ကမဖြစ်နေသလို ခံစားရတယ် …"

ယောင်ရန်က သဘောတူကြောင်း ခေါင်းညိတ်လိုက်လေသည်။

"ဒီထာဝရညက အချိန်တွေကို မှတ်သားဖို့ ခက်ခဲစေတယ်… ကံကောင်းလို့ ကျွန်မတို့မှာ အချိန်ကြည့်ဖို့ နာရီ ရှိနေတာ… ဒါမှမဟုတ်ရင် အခု ဘယ် အချိန်ရှိပြီလဲဆိုတာတောင် သိရမှာ မဟုတ်ဘူး...”

သူမ စကားပြောပြီးသည်နှင့် ဝံပုလွေတစ်ကောင်၏ အူသံက ညဖက်တွင် ပဲ့တင်ထပ်သွားခဲ့လေတော့သည်။

"အာဝူး…"

အူသံများ ရပ်တန့်သွားပြီးနောက် ရွှီရွှမ်းက မှတ်ချက်ချလိုက်လေသည်။

"အခု အဲ့ဒီထူးဆန်းတဲ့ ကျောက်တုံးကို ကျွန်တော်တို့ ရှင်းပစ်လိုက်ပြီဆိုတော့ မျိုးရိုးဗီဇပြောင်းသတ္တဝါတွေ ပြန်ရောက်လာကြပြီ…."

ယင်းကို ကြားသောအခါ လုံယုနှင့် ယောင်ရန်တို့သည် အချင်းချင်း အကြည့် ချင်း ဖလှယ်လိုက်ကြလေသည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ယောင်ရန်က ပြောလိုက်လေသည်။

"သူဌေးလင်းနဲ့ တခြားသူတွေ အခုလောက်ဆို မြေအောက်ခိုလှုံရေးစခန်းကနေ ထွက်လာလောက်ပြီလား မသိဘူး…."

အနည်းငယ် တွေးတောပြီးနောက် လုံယုက ပြောလိုက်လေသည်၊

"သူတို့ ဒီနေ့တော့ ထွက်လာနိုင်ဦးမယ် မထင်ဘူး…."

အစောပိုင်းက အများပြည်သူဆိုင်ရာရုံးတွင် အသက်ရှင်ကျန်ရစ်သူ အရေ အတွက်ကို ပြန်ပြောင်းသတိရသွားပြီး ယောင်ရန် ခေါင်းညိတ်လိုက်လေသည်။

"သူတို့ မနက်ဖြန်လည်း စခန်းကနေ ထွက်နိုင်ဖို့ မဖြစ်နိုင်သေးဘူးထင်တယ်...”

သူမ စကားပြောနေစဉ်မှာပင် နောက်ထပ် အူသံရှည်ကြီးတစ်ခုက တိတ်ဆိတ် နေသောညတွင် ပဲ့တင်ထပ်သွားခဲ့ပြန်လေသည်။

ယင်းကို ကြားသောအခါ ယောင်ရန်က သတိပေးလိုက်လေသည်။

"ဒီည စောစောနားကြရအောင်… စစ်သည်တွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေ မြေအောက်ခိုလှုံရေးစခန်းကနေ မထွက်လာခင် စခန်းကို ကာကွယ်ဖို့အတွက် ကျွန်မတို့ အဲ့ဒီဗီဇပြောင်းသတ္တဝါတွေကို တိုက်ခိုက်ရနိုင်တယ်…"

ရွှီရွှမ်းသည် မတ်တတ်ရပ်ကာ အကြောဆန့်လိုက်လေသည်။ သူက ယောင်ရန် နှင့် လုံယုတို့ကို ကြည့်ကာ ပြောလိုက်လေသည်။

"ဒါဆို ကျွန်တော် အရင်သွားအိပ်တော့မယ်… ကောင်းသောညပါ… "

ယောင်ရန်က ပြန်ဖြေလိုက်လေသည်။

"ကောင်းသောညပါ ရွှီရွှမ်း…"

ယောင်ရန်နှင့် နှစ်ယောက်တည်း ကျန်ရစ်ချိန်တွင် လုံယုသည် သူမ ထိုင်ခုံမှ ထ လာသည်ကို ကြည့်နေခဲ့လေသည်။ သူမ အောက်ထပ်သို့ ဆင်းသွားသောအခါ သူသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ သူမ၏အခန်းဆီသို့ နောက်မှလိုက်သွား ခဲ့လေတော့သည်။

ယောင်ရန် သူ့အား သတိထားမိလိုက်ချိန်တွင် သူက သူမ၏ ရေချိုးခန်းထဲသို့ တည်ငြိမ်စွာ ဝင်သွားပြီး မျက်နှာသစ်နေသည်ကို မြင်လိုက်ရလေသည်။ ခဏ အကြာတွင် လုံယု ပြန်ထွက်လာပြီး သူမ၏ကုတင်ပေါ်တွင် လှဲအိပ်လိုက် လေသည်။

သူမ သူ့အား စိုက်ကြည့်နေသည်ကို မြင်သောအခါ လုံယုက မျက်ခုံးအနည်း ငယ် ပင့်လိုက်ပြီး မေးလိုက်လေသည်။

"ရန်ရန်... မအိပ်တော့ဘူးလား"

သူမ၏အခန်းထဲတွင် သဘာဝကျကျ ပြုမူနေသော သူ့ကို မြင်သောအခါ ယောင်ရန် ပြုံးလိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်သွားခဲ့လေသည်။ သူမ ပြန်ထွက် လာသောအခါ လုံယုက သူ၏ဘေးရှိ လွတ်နေသောနေရာကို ပုတ်ပြကာ ပြုံး ပြလိုက်လေသည်။

ယောင်ရန် လျှောက်သွားပြီး သူ၏ဘေးတွင် လှဲလျောင်းကာ သူ့ကို ဖက်ထား ရင်း အလျင်အမြန် အိပ်ပျော်သွားခဲ့လေတော့သည်။

သူမ၏ အသက်ရှူသံများ မှန်မှန်ဖြစ်သွားသည်အထိ လုံယု စောင့်နေခဲ့ပြီး နောက် သူမ၏ နဖူးကို နမ်းလိုက်ကာ တိုးတိုးလေး ပြောလိုက်လေသည်။

"ကောင်းသောညပါ ရန်ရန်…."

နောက်တစ်နေ့နံနက်တွင် ယောင်ရန် နိုးလာပြီး သူမ၏နာရီကို တစ်ချက်ကြည့် လိုက်လေသည်။

အချိန်က လေးနာရီသာ ရှိသေးကြောင်း မြင်လိုက်ရသဖြင့် သူမသည် လုံယု၏ အိပ်စက်ခြင်းကို မနှောင့်ယှက်မိစေရန် ကုတင်ပေါ်မှ တိတ်တဆိတ် ထလိုက် လေသည်။ ရေချိုးပြီးနောက် သူမရေချိုးခန်းထဲမှ ထွက်လာသောအခါ သူ နိုး နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

အသံသြသြဖြင့် လုံယုက မေးလိုက်လေသည်။

"ဘာလို့ ဒီလောက်အစောကြီး နိုးနေတာလဲ…"

All Chapters