← Chapters

အခန်း ၃၈၉

Vol. 39 Ch. 389

အခန်း ၃၈၉

Vol. 39 Ch. 389

အခန်း (၃၈၉) လျှို့ဝှက်သဘောတူညီချက်

အလုပ်သမားကို ကြည့်ကာ ယောင်ရန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်လေ သည်။

"ကျွန်မ ဘေးအိမ်ဗီလာမှာ နေတာပါ… ရှင်တို့ လျှပ်စစ်ဓာတ်အားလိုင်းတွေနဲ့ ဂျင်နရေတာတွေ တပ်ဆင်နေတာကို သတိထားမိလို့ လာကြည့်တာပါ…"

သူမတွင် လက်နက်တစ်စုံတစ်ရာ ပါမလာသည်ကို မြင်သောအခါ အလုပ် သမားသည် သတိထားနေမှုကို လျှော့ချလိုက်လေသည်။ သူသည် နဖူးမှ ချွေး များကို သုတ်လိုက်ပြီး သူ၏အလုပ်ကို ဆက်လုပ်နေခဲ့လေသည်။

ယောင်ရန်သည် သူတို့အား ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် မေးလိုက် လေသည်။

"ဦးလေး... ဒီဗီလာပိုင်ရှင်အတွက် အမြဲတမ်း အလုပ်လုပ်ပေးနေတာလား…"

အလုပ်သမားက ခဏရပ်လိုက်ပြီး ပြန်ဖြေလာလေသည်။

"မဟုတ်ပါဘူး။ ဒီနေ့ လျှပ်စစ်ဓာတ်အားလိုင်းတွေနဲ့ ဂျင်နရေတာတွေ လာတပ် ပေးရုံသက်သက်ပါပဲ…"

သူမ စိတ်ဝင်စားနေသည်ကို မြင်သောအခါ အလုပ်သမားက ထပ်မေးလိုက် လေသည်။

"မိန်းကလေးရော လျှပ်စစ်ဓာတ်အားလိုင်းတွေ တပ်ချင်လို့လား…"

တုကျောက်ယီထံမှ 'သေတ္တာတော်' နှင့်ပတ်သက်သော သတင်းအချက် အလက်များ စုဆောင်းရန် ယောင်ရန် စခန်းတွင် ဆက်နေရန် လိုအပ်ပေသည်။ သူမ ဤနေရာတွင် ဆက်နေရန် စီစဉ်ထားပြီး ဗီလာကလည်း သူမအပိုင်ဖြစ် ရာ၊ ကာကွယ်ရေးပိုင်းကို တိုးမြှင့်ထားခြင်းက အကျိုးယုတ်စရာ မရှိပေ။

ခေတ္တမျှ စဉ်းစားပြီးနောက် သူမက မေးလိုက်လေသည်။

"ဦးလေး... လျှပ်စစ်ဓာတ်အားလိုင်း တပ်ဆင်မယ်ဆိုရင် ကုန်ကျစရိတ် ဘယ် လောက်ရှိမလဲ…."

အလုပ်သမားက လက်ငါးချောင်းကို ထောင်ပြကာ ပြောလိုက်လေသည်။

"အစားအစာ ကီလိုဂရမ် ငါးဆယ်… ကျွန်တော်တို့က လုပ်အားပဲ ပေးမှာ…"

"ဘယ်လို အစားအစာမျိုးနဲ့မဆို ပေးချေလို့ ရလား…."

ယောင်ရန်က မေးလိုက်လေသည်။

အလုပ်သမားက ခေါင်းယမ်းပြီး ရှင်းပြလေသည်။

"ကျွန်တော်တို့က အထားခံတဲ့ အစားအစာတွေကိုပဲ လက်ခံတာ… ဆေးဝါး တွေပါရင်တော့ ပိုတောင် ကောင်းသေးတယ်...”

ယင်းကို ကြားသောအခါ ယောင်ရန်သည် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးမှ မေး လိုက်လေသည်။

"ဦးလေး... ဘယ်တော့ အချိန်ရမလဲ… ဒီနေ့ ကျွန်မကို လျှပ်စစ်ဓာတ်အား လိုင်းတွေ လာတပ်ပေးလို့ ရမလား…"

သူမ၏ မေးခွန်းကြောင့် အလုပ်သမား၏ မျက်လုံးများ အရောင်လင်းလာ ခဲ့လေသည်။ သူက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်လေသည်။

"ဒီမှာ လုပ်စရာရှိတာတွေ ပြီးတော့မယ် မိန်းကလေးရဲ့… လိုအပ်တဲ့ပစ္စည်း တွေ အဆင်သင့်ရှိတယ်ဆိုရင်တော့၊ ဒီကိစ္စပြီးတာနဲ့ ကျွန်တော်တို့ လုပ်ပေးလို့ရပါ တယ်…."

အသက်ရှင်ကျန်ရစ်သူများသည် ယနေ့မှသာ မြေအောက်ခိုလှုံရေးစခန်းမှ ပြန် လည်ရောက်ရှိလာကြခြင်းဖြစ်၍ လောလောဆယ်တွင် မည်သည့်ပြဿနာမျှ ဖန်တီးကြမည် မဟုတ်ပေ။

သို့သော်လည်း ယနေ့ပြီးနောက်တွင် အခြေအနေများက ဤမျှ တည်ငြိမ်နေ မည် မဟုတ်နိုင်ပေ။ လျှပ်စစ်ဓာတ်အားလိုင်းများကို တတ်နိုင်သမျှ မြန်မြန် တပ်ဆင်ခြင်းက အကောင်းဆုံးဖြစ်မည်ဟု တွေးတောကာ ယောင်ရန် ပြတ် ပြတ်သားသားပင် ခေါင်းညိတ်လိုက်လေသည်။

"ကောင်းပါပြီ… ဒီနေ့ပဲ လုပ်လိုက်ကြတာပေါ့...”

ထို့နောက် သူမက သူမ၏ဗီလာဘက်သို့ လက်ညိုးထိုးပြကာ မှာလိုက်လေ သည်။

"ဦးလေး... ကျွန်မက အဲ့ဒီဗီလာမှာ နေတာပါ…ဒီကိစ္စ ပြီးတာနဲ့ တန်းလာခဲ့လို့ ရပါတယ်…"

အလုပ်သမား၏ မျက်နှာတွင် အပြုံးများ ဝေဆာသွားပြီး သူက အလျင်အမြန် တုံ့ပြန်လိုက်လေသည်။

"ရတာပေါ့… ဒီကအလုပ်ကို တတ်နိုင်သမျှ မြန်မြန် ပြီးအောင်လုပ်လိုက်ပါ့ မယ်…"

"ကောင်းပါပြီ...”

အစီအစဉ်များ ချမှတ်ပြီးနောက် ယောင်ရန်သည် ထိုဗီလာမှထွက်၍ သူမ၏ ဗီလာသို့ ပြန်လာခဲ့လေသည်။ အပြန်လမ်းတွင် သူမသည် ရွှီချီဖန်၏ ဗီလာကို ဖြတ်သန်းသွားစဉ် အမျိုးသားများစွာက လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဂျင်န ရေတာများ တပ်ဆင်ရန် အလုပ်များနေကြသည်ကို သတိပြုမိလိုက်လေ သည်။

သူမသည် အထဲသို့ ဆက်မဝင်မီ သူတို့အား ခေတ္တမျှ ရပ်ကြည့်နေခဲ့ပေသည်။

အခြားဗီလာတစ်ခု၏ ဒုတိယထပ်တွင်၊ မူရှီးချန်သည် ရွှီရူဟန်ကို တစ်ချက် ကြည့်လိုက်ပြီးနောက်၊ တံခါးကို ခုလေးတင် ပိတ်လိုက်သော ယောင်ရန်ကို အောက်သို့ ငုံ့ကြည့်လိုက်သည်။

ယောင်ရန် အထဲသို့ ဝင်သွားသည်နှင့်၊ မူရှီးချန်က ရွှီရူဟန်ဘက်သို့ လှည့်ကာ မေးလိုက်လေသည်။

"ရူဟန်... မင်း ဒီတလော ဘာတွေလုပ်နေတာလဲ…မြေအောက်ခိုလှုံရေးစခန်း မှာ တုန်းကတောင် မင်းကို ရှာရတာ ခက်လိုက်တာ…"

ရွှီရူဟန်က သူ့ကိုကြည့်ကာ တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။

"တောင်းပန်ပါတယ်… မင်း ငါ့ဆီက တစ်ခုခု လိုအပ်လို့လား…"

မူရှီးချန်က ယောင်ရန်၏ ဗီလာဘက်သို့ လက်ဟန်ပြလိုက်ပြီး မေးလိုက်လေ သည်။

"မင်း ဒီရက်ပိုင်း ဘာတွေလုပ်နေတာလဲ… အဲ့ဒါ သူမနဲ့ ပတ်သက်နေတယ် မဟုတ်လား…"

ရွှီရူဟန် တိတ်ဆိတ်သွားပြီး၊ သူ ဤရက်ပိုင်း ဘာတွေအလုပ်ရှုပ်နေသည်ကို မူရှီးချန် ရိပ်မိသွားလောက်ပြီဖြစ်ကြောင်း သဘောပေါက်လိုက်လေသည်။

လျှပ်စစ်ဓာတ်အားလိုင်းများ တပ်ဆင်နေသည့် သူ၏ လက်အောက်ငယ်သား များကို ကြည့်နေရင်း ရွှီရူဟန်က ပြောလိုက်လေသည်။

"အဘိုးယောင် မကွယ်လွန်ခင်က ငါ့ကို တစ်ခုခု ပေးခဲ့တယ်…."

မူရှီးချန် မျက်ခုံးပင့်ကာ အံ့ဩသွားခဲ့လေသည်။ ထို့နောက် သူက မေးလိုက် လေသည်။

"အဘိုးယောင်က မင်းကို ဘာပေးခဲ့တာလဲ…"

ရွှီရူဟန် တုံ့ဆိုင်းနေသည်ကို မြင်သောအခါ မူရှီးချန်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့လေသည်။

"ဘာလို့လဲ… အဲ့ဒါက ငါ့ကိုတောင် မပြောပြနိုင်လောက်အောင် အရေးကြီးနေ လို့လား…"

သူ၏မေးခွန်းများကြောင့် ရွှီရူဟန် မျက်မှောင်အနည်းငယ် ကြုတ်သွားမိလေ သည်။ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် သူက နောက်ဆုံးတွင် ပြောလိုက် လေသည်။

"မင်း ငါ့ကို ယုံပါ့မလားဆိုတာ မသေချာလို့ပါ…."

ယင်းကို ကြားသောအခါ မူရှီးချန်က ခိုင်မာစွာ ပြောလိုက်လေသည်။

"သာပြောလိုက်ပါ… မင်းကို ငါ ယုံပါတယ်…"

မူရှီးချန် ထိုသို့ပြောပြီးနောက် ရွှီရူဟန်သည် ဆုံးဖြတ်ချက်ချလိုက်ပြီး ပြော လိုက်လေသည်။

"ငါနဲ့ လိုက်ခဲ့…."

စာကြည့်ခန်းဆီသို့ ခေါ်ဆောင်သွားပြီးနောက် ရွှီရူဟန်က မီးခံသေတ္တာထဲမှ စာရွက်စာတမ်းအချို့ကို ထုတ်ယူလိုက်ချိန်တွင် မူရှီးချန်မှာ ဆိုဖာပေါ်၌ ဝင် ထိုင်လိုက်လေသည်။

စာရွက်စာတမ်းများကို ကမ်းပေးလိုက်ပြီး ရွှီရူဟန်က သူ၏ မျက်နှာချင်း ဆိုင်တွင် ဝင်ထိုင်ကာ ပြောလိုက်လေသည်။

"ကြည့်ကြည့်လိုက်…"

မူရှီးချန်သည် သူ၏ ငယ်သူငယ်ချင်းကို တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် စာရွက်စာတမ်းများကို ဖွင့်ကာ တစ်ရွက်ချင်းစီကို ဂရုတစိုက် ဖတ်ရှုလိုက် လေသည်။ သူ ဖတ်ပြီးသွားသောအခါ ယင်းတို့ကို စားပွဲပုလေးပေါ်တွင် တင် လိုက်ပြီး မေးလိုက်လေသည်။

"ဒါ တကယ်ပဲလား…."

ရွှီရူဟန်က ခေါင်းညိတ်လိုက်သည်။

"အဘိုးယောင် အစက ငါ့ကို ပေးတုန်းကဆို ငါကိုယ်တိုင်လည်း မယုံခဲ့ဘူး… ဒါပေမဲ့ အခုတော့ အရာအားလုံးက စာရွက်စာတမ်းတွေထဲက ခန့်မှန်းချက်တွေ အတိုင်း ဖြစ်လာနေတော့ ငါ မယုံဘဲ မနေနိုင်တော့ဘူးလေ...”

ရွှီရူဟန်၏ စကားများကို ကြားသောအခါ မူရှီးချန် မျက်မှောင်ကြုတ် သွားခဲ့ လေသည်။ သူ ခေတ္တမျှ စဉ်းစားလိုက်ပြီး မေးလိုက်လေသည်။

"မင်း ဒီစာရွက်စာတမ်းတွေထဲမှာ ရေးထားတာတွေကို ဘယ်တုန်းက စယုံခဲ့ တာလဲ…"

ရွှီရူဟန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။

"ယောင်ရန်က ငါ့အဘိုးဆီကနေ လက်နက်အများအပြားကို မှာယူလိုက်ချိန်က တည်းက ဒါတွေ အစစ်ဖြစ်မယ်လို့ ငါ စပြီး သံသယဝင်လာခဲ့တာ… မင်းမိသား စုနဲ့ ရှန်းယန်မိသားစုဆီကနေပါ သူ အများကြီး ဝယ်ယူခဲ့တာကို ငါ သိလိုက်ရ တဲ့အခါမှာတော့ လာတော့မယ့် သဘာဝဘေးအန္တရာယ်တွေအတွက် ငါ စတင် စုံစမ်းပြီး ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်...”

"အဲ့ဒါအပြင် ငါ ကုန်ပစ္စည်းတွေကို သူမဆီ လွှဲပေးလိုက်ပြီးတဲ့နောက်ပိုင်းမှာ၊ လာတော့မယ့် သဘာဝဘေးအန္တရာယ်တချို့အကြောင်းကို ယောင်ရန်က သူ့ကို သွယ်ဝိုက်ပြီး အရိပ်အမြွက် ပြောပြခဲ့သေးတယ်လို့လည်း အဘိုးက ငါ့ကို ပြော ပြခဲ့သေးတယ်...”

ယင်းကို ကြားပြီးနောက် မူရှီးချန်၏ မျက်လုံးများ အရောင်လက်သွားလေ သည်။

"ဒါကြောင့် မင်းက ရုတ်တရက်ကြီး ငါတို့ကို ပိုင်ဆိုင်မှုတွေ ရောင်းချပြီး ရိက္ခာ တွေ စုဆောင်းထားဖို့ ပြောခဲ့တာကိုး…မင်း ရူးသွားပြီလို့တောင် ငါ ထင်ခဲ့တာ… ဒါပေမဲ့ တိုင်ဖွန်းမုန်တိုင်း ဝင်ပြီးသွားတဲ့နောက်မှာတော့ မင်းမှာ အစိုးရပိုင်းက သတင်းပေးတစ်ခုခု ရှိနေလိမ့်မယ်လို့ ငါ တွေးမိခဲ့တယ်...”

သူက စကားခဏရပ်လိုက်ပြီးမှ ထပ်ပြောလိုက်လေသည်။

"ဒါပေမဲ့ အခုတော့ မင်းလုပ်ခဲ့သမျှ အရာအားလုံးက ဒီစာရွက်စာတမ်းတွေ ကြောင့်ဆိုတာ ပေါ်လွင်သွားပြီပေါ့…"

မူရှီးချန်က ထပ်မမေးမီ အခန်းထဲတွင် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွား ခဲ့လေသည်။

"ဒါနဲ့ မင်း တစ်ခုခု ဖော်ထုတ်နိုင်ခဲ့ပြီလား…"

ရွှီရူဟန်၏ မျက်နှာအမူအရာ မှုန်မှိုင်းသွားပြီး သူက ပြန်ပြောလိုက်လေသည်။

"အင်း... နောက်ကွယ်ကနေ ဒီနိုင်ငံကို ထိန်းချုပ်နေတဲ့ အဖွဲ့အစည်းတစ်ခု ရှိ တယ်… အဲ့ဒါက သေတ္တာတော် လို့ ခေါ်တယ်…"

မူရှီးချန် မျက်မှောင်ကြုတ်သွားပြီး ရေရွတ်လိုက်လေသည်။

"ဒီနာမည်က ရင်းနှီးနေသလိုပဲ…."

"ရင်းနှီးမှာပေါ့…. သူတို့က ငါတို့နိုင်ငံမှာ အကြီးဆုံး လေလံရုံကို ပိုင်ဆိုင်ထား တာလေ… သူတို့ရဲ့ လေလံရုံကို ငါတို့ အကြိမ်အနည်းငယ် ရောက်ဖူးသလို၊ မနှစ်ကဆို သူတို့ဝန်ထမ်းတွေက သူတို့ရဲ့ နှစ်ပတ်လည် ညစာစားပွဲကိုတောင် ငါတို့ကို ဖိတ်ခဲ့သေးတာ…"

ရွှီရူဟန်က ရှင်းပြလိုက်လေသည်။

သူ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် မူရှီးချန် အရာအားလုံးကို မှတ်မိ သွားလေတော့သည်။

All Chapters