အခန်း (၂၉၁၉-၂၉၂၀)
Vol. 292 Ch. 2919-2920
အခန်း (၂၉၁၉) - ရှန်းချီ တူတော်မောင်
နေရာတွင် ရှိနေကြသော သူတော်စင်များအားလုံးမှာ လွမ်းရှန်းချီ၏ ခြိမ်းခြောက်စကားကြောင့် တိတ်ဆိတ်သွားကြသည်။
မကြာမီ ကောင်းကင်အရှင် အဆင့်သို့ တက်လှမ်းတော့မည်။
ဒီသတင်းက သူတို့အတွက် အနည်းငယ် အံ့အားသင့်စရာ ဖြစ်သည်။
သို့သော်လည်း……
ကောင်းကင်အရှင် အဆင့်သို့ ရောက်သော်လည်း ကိုယ်ပိုင် ကျင့်စဉ်နည်းလမ်း မရှိသော သူတော်စင်တစ်ဦးသည် ကောင်းကင်ငါးပါး တွင် မည်မျှအထိ ဩဇာတိက္ကမ ကြီးမားနိုင်မည်နည်း။
"ကောင်းကင်ငါးပါးရဲ့ လက်ရှိ အခြေအနေကို ဒီလောက်နဲ့တောင် မမြင်တတ်ကြသေးဘူး။ ကောင်းကင်အရှင် အဆင့်နဲ့တင် ကမ္ဘာကြီးကို တစ်ယောက်တည်း စိုးမိုးနိုင်မယ်လို့ အိပ်မက် မက်နေတုန်းပဲ။"
ဆွေ့ရှန်းကျီ က သည်းမခံနိုင်တော့ဘဲ လွမ်းထိုက်ကူဆီ စိတ်အာရုံမှတစ်ဆင့် ရယ်မောပြောဆိုလိုက်သည်။
"မင်းရဲ့ ဒီတူတော်မောင်က ကိုယ့်ကိုကိုယ် လှည့်စားနေတာ ဖြစ်ဖို့များတယ်။ ငါတို့လို သူတော်စင်တွေ ကောင်းကင်အရှင် အဆင့် တက်လှမ်းပြီးတဲ့အခါ ကောင်းကင်ငါးပါးက ဘယ်လို ဖြစ်လာမလဲဆိုတာကို သူ လုံးဝ မတွေးမိတာပဲ။"
"ခဏနေရင် အခွင့်အရေး ရအောင် စုံစမ်းကြည့်ဦးမယ်။ သူ ဘယ်သူ့စကားကို နားယောင်ပြီး ဒီလိုတွေ လာပြောနေတာလဲဆိုတာ သိချင်တယ်။ သူက ဒီလောက်အထိတော့ မမိုက်မဲလောက်ပါဘူး။"
လွမ်းထိုက်ကူက ပြန်လည် စိတ်အာရုံလွှင့်သည်။
"မင်း အခုနက ပြောလိုက်တဲ့ စကားက ငါတို့ ရှန်းဟုန်မျိုးနွယ်စုကို ခြိမ်းခြောက်လိုက်တာလား"
စကားပြောလိုက်သူမှာ ဝမ်ချုံစန်း ဖြစ်သည်။
"မင်းက ကရုဏာတောင် က ဝမ်ချုံစန်း မဟုတ်လား ဒီတစ်ခါ နိဗ္ဗာန် တားမြစ်နယ်မြေမှာ ကျဲနယဲ့ အလယ်ဆင့်အထိ ကောင်းကောင်း ရောက်ခဲ့တယ်ဆို။"
လွမ်းရှန်းချီက ဝမ်ချုံစန်းကို တစ်ချက်ကြည့်လိုက်ပြီးမှ လှောင်ပြုံးဖြင့် -
"ဒါပေမဲ့ မင်းတို့ ရှန်းဟုန်ရဲ့ အခြေခံအုတ်မြစ်က ဒီလောက်ပါပဲ။ ဆန်းနယဲ့နယ်မြေမှာ ဘယ်လောက်ပဲ ထူးချွန်ပါစေ၊ ဆန်းနယဲ့ စစ်မြေပြင်မှာ ဘယ်လောက်ပဲ တောက်ပပါစေ၊ ကောင်းကင်ငါးပါးရဲ့ စည်းမျဉ်းအတိုင်းပဲ လိုက်နာရမှာ မဟုတ်လား"
ဟု ပြောသည်။
"ဒီကောင်က သူကိုယ်တိုင် ကောင်းကင်ငါးပါးရဲ့ စည်းမျဉ်းကို ကိုယ်စားပြုတယ်လို့ ပြောနေတာပဲ။"
ဝမ်ချုံစန်းက ဖန့်ချန်ကို တစ်ချက်လှမ်းကြည့်သည်။
ဖန့်ချန်က ပြုံးလျက် -
"သူ့မျက်နှာက တကယ်ကိုပဲ ကြီးမားလွန်းနေလို့ ဖြစ်မှာပါ။" ဟု ပြောသည်။
စကားဆုံးသော် ဖန့်ချန်က ဒေါသကြောင့် မျက်နှာပျက်နေသော လွမ်းရှန်းချီကို လျစ်လျူရှုလိုက်ပြီး ချင်ဖိုကျားနှင့် ချင်ဝူဆန့် တို့ဆီသို့ အကြည့်ရောက်သွားသည်။
"မင်းတို့ နှစ်ယောက်က ကိုယ်တိုင် ထွက်မလာရဲဘဲ ဒီလူကို အသုံးချပြီး ဒီလိုနေရာမှာ အဓိပ္ပာယ်မဲ့တဲ့ စကားတွေ ပြောခိုင်းနေတာ ဘာလုပ်မလို့လဲ "
"ဖန့်ချန်၊ မင်း အလွန်အကျွံ မလုပ်နဲ့တော့။"
ချင်ဝူဆန့် က မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်သည်။
ချင်ဖိုကျားကမူ ဘာစကားမျှ မဆိုဘဲ ဖန့်ချန်ကို အေးစက်စက် အကြည့်ဖြင့်သာ ကြည့်နေသည်။
"ကောင်းပြီလေ၊ သူက ဒီကိစ္စကို ကြားဝင်မဖြေရှင်းပေးချင်ဘူး ဆိုတော့လည်း ကိုယ့်အရည်အချင်းနဲ့ကိုယ်ပဲ ယှဉ်ကြည့်ကြတာပေါ့။"
လွမ်းရှန်းချီက လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။
"မင်းက ဘာအရည်အချင်းနဲ့ ယှဉ်မှာလဲ"
လွမ်းထိုက်ကူက ရုတ်တရက် ဝင်ပြောလိုက်သည်။
"ဘိုးဘေး၊ ဒီကိစ္စက အဘိုးနဲ့ မဆိုင်ပါဘူး။"
လွမ်းရှန်းချီက မျက်မှောင်ကြုတ်လိုက်သည်။
"မင်းက ငါ့ကို ဘိုးဘေးလို့ ခေါ်ရမှန်း သိနေရဲ့သားနဲ့ ဘာလို့ ဒီကိစ္စက ငါနဲ့ မဆိုင်ဘူးလို့ ပြောရဲတာလဲ။
ငါက သူတော်စင်ဘိုးဘေး စီမံကိန်းထဲမှာ ပါတယ်ဆိုတာ မင်း မသိဘူးလား "
လွမ်းထိုက်ကူက ဆူပူလိုက်သည်
"နောက်တစ်ခါ ဖန့် သူတော်စင်ဘိုးဘေး ကို လာပြီး မနှောင့်ယှက်နဲ့။ ငါတို့ စီမံကိန်းနဲ့ ဟော်ဆွေ့မျိုးနွယ်စုကြားက ရန်ငြိုးကို မင်း ကြားဝင်စွက်ဖက်ဖို့ အရည်အချင်း မရှိဘူး။"
"ဘာ..."
ချင်ဖိုကျားနှင့် ချင်ဝူဆန့် တို့မှာ ချက်ချင်းပင် အံ့အားသင့်သွားကြသည်။
လွမ်းရှန်းချီမှာလည်း ထိတ်လန့်သွားပြီး -
"ဘိုးဘေး၊ ဒါက ရှန်းဟုန်နဲ့ ဟော်ဆွေ့ကြားက ကိစ္စလေ..."
"ဖန့် သူတော်စင်ဘိုးဘေး က ရှန်းဟုန်ရဲ့ အရှင်သခင်၊ ပြီးတော့ စီမံကိန်းရဲ့ တည်ထောင်သူနဲ့ အကောင်အထည်ဖော်သူ။ ဒါကြောင့် ဒါက ငါတို့ စီမံကိန်းနဲ့ မင်းတို့ ဟော်ဆွေ့ကြားက ကိစ္စပဲ။"
ဆွေ့ဟွမ်ရွှီက အေးစက်စက် ပြုံးလျက် -
"မင်းလိုမျိုး အထွတ်ထိပ်တာအို သူတော်စင် အဆင့်လောက်နဲ့ ဒီလိုနေရာမှာ ဝင်ပါရဲတာ ဘယ်သူက မင်းကို သတ္တိပေးလိုက်တာလဲ။
ငါတို့ ကျန်ထန်းဝမ် ခန်းမက မင်းလိုလူမျိုးကို အမုန်းဆုံးပဲ။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တက်ချင်ရင် တကယ့် စွမ်းရည်အစစ်အမှန်ကိုသာ ပြသလိုက်စမ်းပါ။"
ဟု ပြောသည်။
စီီကုကျိ ကလည်း -
"အခု ကျန်ထန်းဝမ် နဲ့ စီမံကိန်းက ဆန်းနယဲ့ စစ်မြေပြင်အတွက် ကြိုးစားနေကြတာ။ မင်းက နောက်ကနေ ခြေထိုးဖို့ ကြံစည်နေတာလား"
"ဒီကိစ္စက မင်းတို့ လင်ယောင် နဲ့ မဆိုင်ပါဘူး။"
လွမ်းရှန်းချီက ပြောလိုက်သော်လည်း သူ၏ အမူအရာမှာ ပို၍ လေးနက်သွားသည်။
ကိုယ့်စိတ်ကူးနဲ့ ကိုယ် ဝင်ဖြေရှင်းပေးဖို့ ကြိုးစားတာက ဒီလောက်တောင် အမုန်းခံရလိမ့်မယ်လို့ သူ မထင်ထားခဲ့ပေ။
သို့သော်……
လွမ်းရှန်းချီက ချင်ဖိုကျားကို တစ်ချက်ကြည့်ပြီးနောက် ဖန့်ချန်တို့ဘက်ကို လှည့်ကာ အေးစက်စက် ရယ်မောလိုက်သည်။
"ငါက ချင်ဖိုကျားကို ညီအစ်ကိုလို သဘောထားတဲ့အတွက် သူ့ကိစ္စကို ငါ လျစ်လျူမရှုနိုင်ဘူး။ ဒီကိစ္စကို ငါ တာဝန်ယူဖြေရှင်းပေးမယ်။"
ထိုအချိန်တွင် တန်လင် ကျောင်းတော်မှ သူတော်စင် တစ်ဦးက ရုတ်တရက် ဝင်ပြောလိုက်သည်။
"ဒီတစ်ခါ တန်လင် ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးရော၊ ချင်းမင်ဌာနရဲ့ တာဝန်ခံ လွမ်းထိုင်ယို ပါ ရောက်လာကြတယ်။"
လွမ်းထိုင်ယို
သူတော်စင်များ အနည်းငယ် ငေးမောသွားကြသည်။ လွမ်းရှန်းချီ ဘာလို့ ဒီလောက်အထိ ရဲတင်းနေရသလဲဆိုတာကို သူတို့ သဘောပေါက်သွားကြပြီ။
"လွမ်းထိုင်ယို ဆိုတာ လွမ်းရှန်းချီရဲ့ ဖခင်ပဲ။ ဖခင်ဖြစ်သူကလည်း ပါလာတော့ သားအဖနှစ်ယောက် ပေါင်းပြီး လုပ်တော့မှာပေါ့။"
လွမ်းချူထျန်းက ဖန့်ချန်ဆီ စိတ်အာရုံလွှင့်သည်။
"လွမ်းရှန်းချီ ဒီအခွင့်အရေး ရလာတာ သူ့အဖေကြောင့်ပဲ ဖြစ်မယ်။"
လွမ်းရှန်းချီက ထိုစကားပြောသူကို မျက်စောင်းထိုးလိုက်သည်။
ချင်းမင်ဌာနက တာဝန်ခံ
ဒါဆိုရင် ချင်းမင်အဖွဲ့ရဲ့ အကြီးအကဲပေါ့။
ဖန့်ချန် စဉ်းစားခန်း ဝင်သွားသည်။ ထိုစဉ် အိမ်ဝင်းအပြင်ဘက်မှ အသံသြသြများ ထွက်ပေါ်လာသည်။
လူဆယ်ယောက်ကျော်မျှ ရယ်မောပြောဆိုရင်း အိမ်ဝင်းထဲသို့ ဝင်ရောက်လာကြသည်။
ဖန့်ချန်က (၉၀) ရာခိုင်နှုန်းလောက်ကို သိသည်။
ဌာန (၉) ခု၏ တာဝန်ခံများ၊ ဦးဆောင်သူမှာ ဒွမ်ချင်းရှန်း ဖြစ်သည်။
တန်လင် ကျောင်းတော်မှ ဆွေ့ကျောင်းတော်အုပ်ချုပ်သူမှာ ဟေးဆန်းနှင့် စကားပြောရင်း ရယ်မောနေသည်။
ဆွေ့ကျောင်းတော်အုပ်ချုပ်သူ၏ ဘေးတွင် သက်လတ်ပိုင်းအရွယ် သူတော်စင်တစ်ဦး ပါလာသည်။
သူ၏ မျက်လုံးတွင် ရွှေရောင် အကွင်းလေးတစ်ခု ပါဝင်နေပြီး ကောင်းကင်စစ်သည် မျိုးနွယ်စု၏ သင်္ကေတ ဖြစ်သည်။
သူတို့ ရောက်လာသည်ကို မြင်သောအခါ သူတော်စင်များအားလုံး အမြန်ပင် ထရပ်လိုက်ကြသည်။
"မင်းတို့ ခုဏက အရမ်း ပျော်ရွှင်နေကြတာပဲ၊ အမှားအမှန် ဖောက်ထွင်းမျက်လုံး နဲ့ ပတ်သက်ပြီး ဘာများ ထူးခြားတဲ့ အမြင်ရှိလို့လဲ။
ကိစ္စမရှိပါဘူး၊ ငါတို့ကိုလည်း ပြောပြကြပါဦး။ ငါတို့လို အဘိုးကြီးတွေကလည်း မင်းတို့နဲ့အတူ တိုက်ပွဲဝင်ရတော့မှာလေ။"
ဒွမ်ချင်းရှန်းက ရယ်မောလျက် ပြောသည်။
စီီကုကျိ က -
"ဒွမ် တာဝန်ခံ၊ ငါတို့က အမှားအမှန် ဖောက်ထွင်းမျက်လုံး အကြောင်း ပြောနေတာ မဟုတ်ပါဘူး။ လွမ်းရှန်းချီ က ဟော်ဆွေ့မျိုးနွယ်စုအတွက် ကြားဝင်ပေးဖို့ ကြိုးစားပြီး ဖန့် သူတော်စင်ဘိုးဘေး ကို အတင်းအကျပ် မျက်နှာသာပေးခိုင်းနေတာပါ။"
လွမ်းရှန်းချီ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ အကြီးအကဲတွေ ရှေ့မှာ ဒီလိုကိစ္စကို ပြောပြလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
စီီကုကျိ ပြောလိုက်သည်နှင့် တပြိုင်နက် ကောင်းကင်အရှင် အုပ်စုမှာ တိတ်ဆိတ်သွားသည်။
ကောင်းကင်စစ်သည် မျိုးနွယ်စုမှ လွမ်းထိုင်ယိုက သူ့သားကို တစ်ချက် ကြည့်လိုက်ပြီးနောက် ချောင်းဟန့်လိုက်သည်။
"အားလုံးပဲ အပြစ်မယူကြပါနဲ့။ ကျွန်တော့်သား ရှန်းချီက သူငယ်ချင်းအပေါ် သစ္စာရှိလွန်းလို့ပါ။ ချင်ဖိုကျားနဲ့လည်း သူငယ်ချင်းတွေ ဖြစ်နေတော့ သူ့အတွက် ဝင်ပြောပေးတာပါ။ ဒီနှစ်တွေအတွင်းမှာ ဟော်ဆွေ့မျိုးနွယ်စုက ဖိအားပေးခံနေရတာလည်း အမှန်ပဲလေ။"
"အော် တစ်ယောက်ယောက်က ဟော်ဆွေ့မျိုးနွယ်စုကို ဖိအားပေးနေတယ်"
ဒွမ်ချင်းရှန်း၏ အမူအရာ ပြောင်းလဲသွားပြီး -
"ဒီကိစ္စကိုတော့ လျစ်လျူရှုလို့ မရဘူး။ အခု ဒါက စုံစမ်းစစ်ဆေးရေးဌာန ဖြစ်နေတော့၊ ငါတို့ ဌာနက ဒီလိုကိစ္စမျိုးကို ဂရုမစိုက်ပေမဲ့ အမှုစစ်ဆေးရာမှာ တော်တဲ့လူတွေတော့ ရှိတယ်။
အဲဒီတော့..."
သူက ဖန့်ချန်ကို ကြည့်လိုက်သည်
"မင်းက ငါတို့ဌာနရဲ့ အရာရှိငယ် တစ်ယောက်ပဲ၊ ဒီနေ့ပဲ အမှုဖွင့်ပြီး ဒီကိစ္စကို ရှင်းရှင်းလင်းလင်း စစ်ဆေးလိုက်စမ်း။"
"..."
သူတော်စင်အများစု တိတ်ဆိတ်သွားကြသည်။
ချင်ဖိုကျားနှင့် ချင်ဝူဆန့် တို့မှာ မျက်နှာပျက်နေကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဘာမှ မပြောရဲကြပေ။
လွမ်းထိုင်ယို ခဏမျှ ကြောင်အသွားပြီးနောက် ပြုံးလျက် -
"ဒွမ်အစ်ကို၊ တအား တင်းကျပ်မနေပါနဲ့ဗျာ။ ဒါက နားလည်မှုလွဲတာ တစ်ခုခု ဖြစ်မှာပါ။ လူငယ်တွေဆိုတော့ စကားများကြတာ သဘာဝပါ၊ အမှုဖွင့်စရာ မလိုပါဘူး။"
သို့သော် လွမ်းရှန်းချီက သွားများကို ကြိတ်လျက် -
"အဖေ၊ သူတို့က အမှုဖွင့်ချင်ရင်လည်း ဖွင့်ခိုင်းလိုက်ပါ။ ကျွန်တော်လည်း လူကြားထဲမှာ ရှင်းရှင်းလင်းလင်း ပြောချင်တယ်။ ချင်ဖိုကျား ဒီလိုအခြေအနေ ရောက်ဖို့ မလွယ်ခဲ့ဘူး၊ သူ တစ်ပါး အနိုင်ကျင့်ခံနေရတာကို ကျွန်တော် မကြည့်ရက်ဘူး။" ဟု ပြောသည်။
"အစကနေ အဆုံးထိ ဟော်ဆွေ့မျိုးနွယ်စုကပဲ ရှန်းဟုန်ကို အနိုင်ကျင့်နေတာ မဟုတ်ဘူးလား"
ဟေးဆန်းက စဉ်းစားဟန်ဖြင့် -
"ဒီစကားက ဘာလို့ ပြောင်းပြန် ဖြစ်သွားရတာလဲ"
ဒွမ်ချင်းရှန်းနှင့် ဟေးဆန်းတို့၏ သဘောထားကို မြင်သောအခါ လွမ်းထိုင်ယို ထပ်ပြီး မငြင်းရဲတော့ပေ။
သူက လွမ်းရှန်းချီကို ဆူလိုက်သည် -
"အရွယ်ရောက်နေပြီပဲ၊ မင်းကိစ္စ မင်း ဆက်မရှုပ်နဲ့။ မဟုတ်ရင် ပြန်သွားတော့၊ မင်းရဲ့ ခွဲတမ်းကိုလည်း ပယ်ဖျက်လိုက်မယ် "
ပြောပြီးနောက် သူက ဖန့်ချန်ကို ကြည့်ကာ ပြုံးလျက် အရိုအသေပေးသည်။
"တောင်းပန်ပါတယ်၊ ဖန့် အရာရှိငယ် ကို အနှောင့်အယှက် ဖြစ်သွားပြီ။"
"လွမ်းအစ်ကို၊ အားနာစရာ မလိုပါဘူး။"
ဖန့်ချန်လည်း အရိုအသေ ပြန်ပေးသည်
"ရှန်းချီ တူတော်မောင် က ချင်ဖိုကျား အတွက် စိတ်ကောင်းရှိလို့ ဝင်ပြောပေးတာပါ၊ ဘာမှ အနှောင့်အယှက် မဖြစ်ပါဘူး။"
ရှန်းချီ တူတော်မောင်
ခုဏကအထိ ဒေါသ မထွက်သေးသော လွမ်းရှန်းချီမှာ ထိုစကားလုံးကို ကြားလိုက်ရသည့်အခါ မျက်နှာမှာ နီရဲသွားပြီး စိတ်ထဲရှိသမျှတို့ ပြိုကျသွားတော့သည်။
အခန်း (၂၉၂၀) - ငရဲမင်းကြီး ငါးပါး
လွမ်းထိုင်ယိုသည် ဖန့်ချန်၏ စကားကို ကြားလိုက်ရသောအခါ အမူအရာမှာ အနည်းငယ် တောင့်တင်းသွားသည်။
ဖန့်ချန်သည် သူတော်စင်ဘိုးဘေး စီမံကိန်း၏ တည်ထောင်သူဖြစ်ပြီး လက်ရှိ လူငယ်မျိုးဆက်၏ ထိပ်သီးပုဂ္ဂိုလ် ဖြစ်သော်လည်း၊ သူကဲ့သို့ ကောင်းကင်အရှင် အဆင့် ပုဂ္ဂိုလ်ကို တန်းတူထား၍ ဤမျှထိ မလေးမစား စကားပြောဆိုခြင်းမှာ အလွန်ပင် ရိုင်းစိုင်းလှသည်။
ဒွမ်ချင်းရှန်းက ထိုအခြေအနေကို မြင်သောအခါ ချက်ချင်းပင် ရယ်မောလျက် လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဟားဟား၊ လူငယ်တွေကြားမှာ အနည်းငယ် ပွတ်တိုက်မှုတွေ၊ စကားများမှုတွေ ရှိတာ သဘာဝပါပဲ။ ကိစ္စမရှိပါဘူး၊ ငါတို့ရဲ့ အဓိက ရည်ရွယ်ချက်က 'အမှားအမှန် ဖောက်ထွင်းမျက်လုံး' ကို နားလည်သဘောပေါက်ဖို့ပဲလေ။
မင်းတို့အားလုံး ငါ့ရဲ့ အတွေ့အကြုံကို ကြားဖူးကြမှာပါ။ ငါတောင် ဒီစွမ်းအားကို မကာကွယ်နိုင်ခဲ့ဘူးဆိုတော့ ဒီပညာရဲ့ စွမ်းအားက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ သိသာနေတာပေါ့။"
"ဒါက မျက်လုံးကျင့်စဥ် ကိုးပါး ထဲက တစ်ခုပဲ၊ ကိုးပါးထဲမှာ တိုက်ခိုက်ရေးစွမ်းအား အပြင်းထန်ဆုံး စွမ်းအားလို့တောင် ပြောကြတာ။"
"သာမန်လူတွေက ဒီပညာရပ်ကိုသာ ကူးယူနိုင်မယ်ဆိုရင် သူတို့ရဲ့ စွမ်းအားတွေက တစ်ဆင့်မြင့်တက်သွားမှာပဲ။"
"ဒီလို နောက်မျိုးဆက်တွေက ဆန်းနယဲ့ စစ်မြေပြင်မှာလည်း ပိုပြီး သန်မာလာကြမှာပေါ့။"
ဟေးဆန်းကလည်း ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
ထိုထိပ်သီးပုဂ္ဂိုလ်ကြီးနှစ်ဦးက ဝင်ရောက်ဖျန်ဖြေပေးလိုက်သည့်အတွက် လွမ်းထိုင်ယိုလည်း နောက်ထပ် ဘာမှ ဆက်မပြောတော့ပေ။
ထို့နောက် ကောင်းကင်အရှင် ပုဂ္ဂိုလ်များသည် သူတော်စင်များအား အမှားအမှန် ဖောက်ထွင်းမျက်လုံး ကို လေ့လာမည့် အစီအစဉ်အချို့ကို ပြောပြပြီး၊ အနားယူကြရန် မှာကြားကာ အားလုံးအတူတကွ ထွက်ခွာသွားကြသည်။
"ဖိုကျား၊ ဝူဆန့်၊ သွားကြစို့။"
လွမ်းရှန်းချီက ဖန့်ချန်တို့ကို တစ်ချက် စောင်းကြည့်လိုက်ပြီး -
"စကားလမ်းကြောင်း မတူရင်တော့ ထွေထွေထူးထူး ပြောနေစရာ မလိုပါဘူး။ ဒီတစ်ခါ ဘယ်သူက အမှားအမှန် ဖောက်ထွင်းမျက်လုံး ကို ပိုနားလည်နိုင်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။"
ဟု ပြောသည်။
ထိုလူနှစ်ဦးလည်း လွမ်းရှန်းချီနောက်သို့ လိုက်ပါသွားကြသည်။
သူတော်စင်များစွာမှာမူ ရှုပ်ထွေးသော အမူအရာများဖြင့် ကြည့်နေကြသည်။
ဒီနေ့ မြင်ကွင်းအရ၊ လူသားမျိုးနွယ်စု၏ ဟော်ဆွေ့မျိုးနွယ်စုမှာ ကောင်းကင်အရှင်တစ်ဦး ရှိနေသော်လည်း၊ ရှန်းဟုန်မျိုးနွယ်စုကို ယှဉ်နိုင်သည့် အသာစီးရမှုမျိုး မရှိတော့ပေ။
တစ်ဖက်တွင်လည်း ရှန်းဟုန်မျိုးနွယ်စု၌လည်း သူတို့ကို ကျောထောက်နောက်ခံ ပြုပေးနိုင်သည့် ကောင်းကင်အရှင်များ အမြောက်အမြား ရှိနေသည်ကို လူတိုင်း သိလိုက်ကြပြီ ဖြစ်သည်။
လက်ရှိအချိန်တွင် ဟော်ဆွေ့မျိုးနွယ်စု၌ ရှိနေသည့် တစ်ခုတည်းသော အသာစီးမှာ ဟော်ဆွေ့၏ ခေါင်းဆောင် ချင်ဟော်ဆွေ့သည် ကောင်းကင်အရှင် ဖြစ်နေခြင်းသာ ဖြစ်သည်။ ရှန်းဟုန်၏ ခေါင်းဆောင်မှာမူ ကမ္ဘာငယ် သူတော်စင်သာ ဖြစ်သေးသည်။
နောက်ထပ် လဝက်ခန့် ကြာပြီးနောက်တွင်၊ တစ်နေ့၌ သူတော်စင်များအားလုံးသည် တစ်စုံတစ်ခုကို သတိပြုမိလိုက်ကြသည်။ သူတို့၏ အတွင်းကမ္ဘာ များမှာ တဖြည်းဖြည်းနှင့် အောက်ဘက်သို့ နစ်မြုပ်သွားနေသလို ခံစားလိုက်ရသည်။
သူတို့သည် သဘောပေါက်သွားကြပြီး တည်းခိုရာ အခန်းများထဲမှ အသီးသီး ထွက်လာကြသည်။
"ငါတို့ ယင်လောက ကို ရောက်တော့မယ်နဲ့ တူတယ်။"
စီကုကျိ က အတွေးနက်စွာဖြင့် ပြောသည်။
သူတော်စင် တစ်ဦးစီ၏ မျက်လုံးများတွင် လေးနက်သော အရိပ်အယောင်များ ပေါ်ပေါက်လာသည်။
ယင်လောကကို ရောက်ပြီဆိုသည်မှာ သူတို့သည် ဟင်းလင်းပြင် ကွပ်မျက်သူများ ၏ နယ်မြေသို့ သွားရောက်၍ အမှားအမှန် ဖောက်ထွင်းမျက်လုံး ကို လေ့လာရတော့မည်ဟု ဆိုလိုသည်။
ဤခရီးစဉ်တွင် ကိုယ့်အသက်ကို အလောင်းအစား လုပ်ရတော့မည်ဖြစ်ပြီး၊ အချိန်မရွေး အသက်စွမ်းအင် ဖြင့် အသက်ပေးရန် အသင့်ပြင်ထားရမည် ဖြစ်သည်။
မည်မျှကြာသွားမှန်း မသိ၊ ဖန့်ချန်သည် ရှူလုံ မဟာကောင်းကင်အရှင် ထံမှ သတင်းစကား လက်ခံရရှိလိုက်ပြီး၊ သူတော်စင်များကို ခေါ်ဆောင်ကာ အတွင်းကမ္ဘာ ပေါက်ဝဆီသို့ ထွက်လာခဲ့သည်။
ထိုအချိန်တွင် ရှူလုံ မဟာကောင်းကင်အရှင်၊ ဒွမ်ချင်းရှန်း၊ ဟေးဆန်း၊ ဆွေ့ကျောင်းတော်အုပ်ချုပ်သူ၊ လွမ်းထိုင်ယို၊ ဌာန (၉) ခုမှ အခြား တာဝန်ခံ (၈) ဦးနှင့် အခြားသော မျက်နှာစိမ်း သူတော်စင်အချို့ကလည်း ထိုနေရာတွင် စောင့်ဆိုင်းနေကြသည်။
ဖန့်ချန် သတိပြုမိလိုက်သည်မှာ၊ မျက်နှာစိမ်း သူတော်စင်များအားလုံးမှာ ကောင်းကင်အရှင်များ ဖြစ်နေကြသည်။
ဤတစ်ခါ (၅၀၀) ခွဲတမ်းတွင် ကောင်းကင်အရှင်များလည်း အများအပြား ပါဝင်နေသည်။
"ဒီတစ်ခါ ငါတို့ ပိလော့ ယင်လောက ထဲကနေ ဖြတ်သွားကြမယ်၊ အဲဒီနေရာက ဒီတစ်ခါ သွားမယ့်နေရာနဲ့ အနီးဆုံးပဲ။"
ရှူလုံ မဟာကောင်းကင်အရှင်က တည်ငြိမ်စွာ ပြောသည်။
"သွားကြစို့။"
သူက လက်ကို အသာမြှောက်လိုက်ရာ အတွင်းကမ္ဘာ ပေါက်ဝမှာ ဖြည်းဖြည်းချင်း ပွင့်လာသည်။
ရှေ့မှ မီးခိုးရောင် မြူများ ပျောက်ကွယ်သွားပြီးနောက်၊ ကြီးမားခမ်းနားလှသော နန်းတော်ကြီးတစ်ခုမှာ သူတော်စင်များ၏ အမြင်အာရုံထဲသို့ ရောက်ရှိလာသည်။
"ဒါ ပိလော့ ယင်လောကရဲ့ ငရဲမင်းနန်းတော် မဟုတ်လား ပြောရရင် ငါ ဒီလောက် နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့တာ ဒီနေရာကို ပထမဆုံးအကြိမ် ရောက်ဖူးတာပဲ။"
ဒွမ်ချင်းရှန်းက စိတ်လှုပ်ရှားစွာ ပြောသည်။
ပိလော့ ယင်လောကရဲ့ ငရဲမင်းနန်းတော်
သူတော်စင်များ၏ အမူအရာမှာ လေးနက်သွားကြသည်။
ဤနေရာမှာ ရိုးရိုးနေရာ မဟုတ်ပေ။
သူတို့၏ အဆင့်အတန်းအထိ ရောက်ရှိလာသူများဖြစ်၍ ကောင်းကင်ငါးပါး ၏ အခြေခံအုတ်မြစ်မှာ ဤငရဲမင်း (၅) ပါးပေါ်တွင် တည်ရှိနေကြောင်း သိရှိကြသည်။ ယင်လောကရှိ ဝိညာဉ်မျိုးနွယ်စုများမှာ လူသားလောက၏ ကိစ္စရပ်များကို အမြဲတစေ ဝင်ရောက်စွက်ဖက်လေ့ မရှိသော်လည်း၊ အရေးကြီးသော ဌာနတိုင်းတွင် ဝိညာဉ်မျိုးနွယ်စုဝင်များ မပါဝင်ဘဲ မရှိပေ။
"ဒီတစ်ခါ ငရဲမင်းနန်းတော်ကနေ ဖြတ်သွားကြတာဆိုတော့ ငါတို့ အတော်လေး စိတ်ချရမှာပါ။ အရင်တစ်ခါလို ဖြစ်ရပ်မျိုး ထပ်ဖြစ်မှာ မဟုတ်တော့ဘူး။"
အကြီးကဲငါးပါးက တိုးတိုးလေး စိတ်အာရုံလွှင့်ကြသည်။
ယင်ယန် ဝိညာဉ်မျက်လုံး သွားလေ့လာတုန်းက သူတို့ အတော်လေး အထိနာခဲ့ရပြီး ယခုထိတိုင် ကြောက်လန့်နေဆဲ ဖြစ်သည်။ ထိုစဉ်က ဝိညာဉ်ပြန်ခေါ်နည်းလမ်းမှာ ပြတ်တောက်သွားခဲ့ပြီး၊ အကယ်၍ သူတို့သာ အဲဒီမှာ ကျန်ခဲ့ရင် အသက်စွမ်းအင် နဲ့ အစားထိုးဖို့ဆိုတာ စိတ်ကူးယဉ်စရာတောင် မဖြစ်နိုင်ပေ။
သူတော်စင်များမှာ ရှူလုံ မဟာကောင်းကင်အရှင်နောက်မှ လိုက်၍ ငရဲမင်းနန်းတော်ဆီသို့ ဝင်သွားကြသည်။
ထိုအချိန်တွင် နောက်ထပ် အတွင်းကမ္ဘာ (၄) ခုလည်း ဆက်တိုက် ရောက်ရှိလာကြသည်။
ထိုအတွင်းကမ္ဘာ (၄) ခုမှလည်း သူတော်စင် အုပ်စုအသီးသီး ထွက်ပေါ်လာသည်။
ဖန့်ချန် တစ်ချက် ဝေ့ကြည့်လိုက်ရာ ရင်းနှီးသော မျက်နှာအချို့ကို တွေ့ရသည်။
တစ်ဖက်လူများလည်း စကားမပြောဘဲ တိတ်ဆိတ်စွာပင် ငရဲမင်းနန်းတော်ထဲသို့ ဝင်ရောက်သွားကြသည်။
ငရဲမင်းနန်းတော်ထဲတွင် ဝိညာဉ်မျိုးနွယ်စုဝင် (၁၀၀) ကျော်က စောင့်ဆိုင်းနေကြသည်။
ဖန့်ချန်သည် ပိုင်ဇီဝမ်ချင်း ၊ ပိုင်ဇီယုရှန်း တို့နှင့်အတူ ပြန်လည်ဝင်စားခြင်းဌာနမှ ငရဲမင်းတစ်ပါး၊ ယင်ဇူ ဌာနမှ ငရဲမင်းတစ်ပါးကို တွေ့လိုက်ရသည်။
ထိုသူနှစ်ဦးမှာ အဘွားအိုတစ်ယောက်၏ ဘေးတွင် ရပ်နေကြသည်။
ဖန့်ချန် ထိုအဘွားအိုကို တစ်ခါမက မြင်ဖူးသည်။
သူမမှာ ချင်းမင် ယင်လောက ၏ ငရဲမင်း ပိုင်ဇီရွှင်ဖြစ်ကြောင်း သူ သိသည်။
သူ အကြည့်လွှဲလိုက်ရာ ယင်ချဲ့ မဟာကောင်းကင်အရှင် ကို တွေ့ရသည်။ သူမမှာ (၁၂၊ ၁၃) နှစ်အရွယ် လူငယ်လေးတစ်ဦး၏ နောက်တွင် ရပ်နေသည်။
"သူက ပိလော့ ယင်လောကရဲ့ ငရဲမင်းလား"
ဖန့်ချန် စဉ်းစားမိသည်။ တစ်ဖက်လူ၏ ပုံစံကြောင့် သူ အရင်က သိခဲ့ရသည့် မော်ထျန်းတီကျန့် ကို သတိရသွားသည်။
ဖန့်ချန်က ထိုလူငယ်လေးကို ကြည့်နေစဉ်၊ ထိုလူငယ်လေးကလည်း ဖန့်ချန်ကို ကြည့်ကာ ပြုံးပြသည်။
"သူက ပိလော့ ယင်လောကရဲ့ ငရဲမင်းပဲ၊ နာမည်က 'တူယွမ်'။"
ဒွမ်ချင်းရှန်း၏ အသံမှာ ဖန့်ချန်၏ နားထဲသို့ ရောက်လာသည်။
"ဟိုဘက်က တစ်ယောက်ကတော့ လင်ယောင် ယင်လောက ရဲ့ ငရဲမင်း၊ နာမည်က ယောင် ။"
ဖန့်ချန် သိလိုက်သည်။ သူပြောနေတာ ဘယ်သူလဲဆိုတာ။
ထိုအချိန်တွင် ယဲ့ရှင်းရှန်း က အဲဒီနေရာမှာ ရပ်နေပြီး သူ့ကို တစ်ချက်၊ နှစ်ချက် စိုက်ကြည့်နေသည်။
ယဲ့ရှင်းရှန်း၏ ရှေ့တွင် အရပ် (၂) တောင်ခန့်ရှိပြီး တောင်ကုန်းငယ်တစ်ခုလို ကြီးမားလှသော အရပ်မြင့်မြင့် လူတစ်ယောက် ရပ်နေသည်။
"သူက လင်ချုံ ယင်လောက ရဲ့ ငရဲမင်း၊ နာမည်က ယင်။"
"ဒီတစ်ယောက်ကတော့ ရှန်းချန်း ယင်လောက ရဲ့ ငရဲမင်း၊ နာမည်က ဖူ ။"
ထိုအချိန်တွင် ရှူလုံ မဟာကောင်းကင်အရှင်တို့က ရှေ့သို့ တိုး၍ အရိုအသေပေးကြသည်။
"ပိုင်ဇီ ငရဲမင်း၊ တူယွမ် ငရဲမင်း၊ ယောင် ငရဲမင်း၊ ယင် ငရဲမင်း၊ ဖူ ငရဲမင်း။"
"ဒီတစ်ခါ ခွဲတမ်း (၅၀၀) ကို အကုန်လုံး ပို့ပေးလိုက်ပါပြီ။"
လင်ယောင် ယင်လောကမှ ယောင် ငရဲမင်းက ပြုံးလျက် ပိလော့ ယင်လောကမှ ငရဲမင်းကို ကြည့်ကာ -
"တူယွမ်မို၊ ဒီနေရာက မင်းရဲ့ နယ်မြေပဲ။ ငါတို့က ဒီနေ့ ပံ့ပိုးပေးဖို့ပဲ လာခဲ့တာဆိုတော့ ကျန်တာကို မင်းပဲ တာဝန်ယူပေးပါဦး။"
တူယွမ်မိုက ခေါင်းညိတ်လိုက်သည်
"ယောင်ကျင်းဟွေ၊ ပိုင်ဇီရွှင်၊ ယင်ချွမ်းရှန်း၊ ဖူယိကွာ၊ ခင်ဗျားတို့ (၄) ယောက်က ဒီတစ်ခါ ဝိညာဉ်ပြန်ခေါ်နံ့သာတိုင် လုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ချန်ထားခဲ့ကြပါ။ ကျန်တာကို ကျွန်တော်ပဲ ပေါင်းစပ်လိုက်မယ်။"
"ပြီးရင် ခင်ဗျားတို့ ပြန်ပြီး သတင်းစောင့်နေလို့ ရပါပြီ။"
ထိုစကားကြောင့် ငရဲမင်း (၄) ပါး၏ မျက်နှာတွင် မကျေနပ်မှုများ ပေါ်လာသည်။
ပိုင်ဇီရွှင်က ပြုံးလျက် -
"တူယွမ်မို၊ ငါတို့တော့ ဒီမှာတင်ပဲ စောင့်ကြည့်နေမယ်။ ဒီခရီးသွားမယ့် သူတော်စင်တွေက အရေးကြီးတဲ့ အစေ့အဆန်တွေမို့ ပေါ့ပေါ့ဆဆ လုပ်လို့ မရဘူး။"
"ခင်ဗျားတို့က ကျုပ်ကို မယုံဘူးပေါ့လေ၊ ကိစ္စမရှိပါဘူး။ ဒီမှာပဲ စောင့်ကြည့်နေကြပါ၊ လိုအပ်တဲ့ ပစ္စည်းတွေကိုသာ ပေးခဲ့ကြပါ။"
တူယွမ်မိုက လက်ကို ဝှေ့ယမ်းလိုက်သည်။
အခြား ငရဲမင်း (၄) ပါးလည်း မြင်သောအခါ ပါးစပ်မှ အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး တူယွမ်မို၏ လက်ထဲသို့ ကျရောက်သွားသည်။
တူယွမ်မိုလည်း သူ၏ ပါးစပ်မှ အစိမ်းရောင် အလင်းတန်း တစ်ခုကို ထွေးထုတ်လိုက်သည်။
အစိမ်းရောင် အလင်းတန်း (၅) ခု ပေါင်းစပ်သွားပြီး သူ့လက်ထဲတွင် အစိမ်းရောင် နံ့သာတိုင် တစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။
ဖန့်ချန်တို့မှာ အံ့အားသင့်စွာ ကြည့်နေကြသည်။ ဝိညာဉ်မျိုးနွယ်စု သူတော်စင်တို့၏ နည်းလမ်းမှာ သူတို့အတွက် နားလည်ရ ခက်ခဲလှသည်။
"ဒါက ငါတို့ ငရဲမင်း (၅) ပါးရဲ့ စွမ်းအားကို ပေါင်းစပ်ပြီး လုပ်ထားတဲ့ ဝိညာဉ်ပြန်ခေါ်နံ့သာတိုင်ပဲ။"
"မကောင်းဆိုးဝါးတွေက မင်းတို့ကို ဝိညာဉ်တားမြစ်ပညာ နဲ့ တိုက်ခိုက်ရင်တောင်မှ ငါတို့နဲ့ တူညီတဲ့ အင်အားစု (၅) ခု၊ ဒါမှမဟုတ် အဲဒီထက် ပိုတဲ့ အင်အားစုတွေ ရှိမှသာ အောင်မြင်နိုင်မှာ။"
တူယွမ်မိုက မောက်မာစွာ ရယ်မောလျက် -
"အချိန်မဖြုန်းနဲ့တော့၊ တရားထိုင်ပြီး ဝိညာဉ်ထွက်ခွာ သွားကြတော့။"