အခန်း (၈၁၁-၈၁၂)
Vol. 68 Ch. 811-812
အခန်း(၈၁၁)
"သခင် မိုက်ကယ်" လို့ လူပု တစ်ယောက်က နှုတ်ဆက်လိုက်တယ်။
မိုက်ကယ်က အဆီတွေပေပွနေတဲ့ အဲဒီလူပုကို သူတို့ယဉ်ကျေးမှုအရ ခင်မင်ရင်းနှီးမှုပြယုဂ်တစ်ခုဖြစ်တဲ့ လက်မောင်းချင်းချိတ်ဆက်ပြီး ပြန်လည်နှုတ်ဆက်လိုက်တယ်။
စားပွဲပေါ်မှာ ပုံလွန်းနေတဲ့ သတ္တုရိုင်းတွေနဲ့ တွင်းထွက်ပစ္စည်းတွေကို မြင်သွားတော့ "အို... ပရောဂျက်အသစ်လား" လို့ လူပုက မေးလိုက်တယ်။
မိုက်ကယ်က ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်... ဒါက ငါတို့အတွက် ဝင်ငွေအသစ်ရှာပေးမယ့်အရာ ဖြစ်လာဖို့ စီစဉ်ထားတာ၊ ဒါပေမဲ့ အခုထိတော့ လုပ်လက်စပဲ ရှိသေးတယ်" လို့ ပြန်ဖြေလိုက်တယ်။
"အကယ်လို့ အကူအညီလိုရင် ကျွန်တော်တို့ကိုသာ အားကိုးလိုက်ပါ သခင်" လို့ လူပုက သူ့ရဲ့ လက်မောင်းကြွက်သားတွေကို ညှစ်ပြရင်း ပြောလိုက်တယ်။
သေချာတာကတော့ မိုက်ကယ်က သူ့ရဲ့ကမ်းလှမ်းမှုကို လက်ခံမှာပဲ။ သူက အနည်းဆုံး ဖုန်းအလုံးရေ ထောင်ချီပြီး ထုတ်လုပ်ဖို့ လိုအပ်နေတာဖြစ်ပြီး ဒါက သူတစ်ယောက်တည်း လုပ်နိုင်တဲ့အရာ မဟုတ်ဘူးလေ။
"မီသရယ် ဖန်တီးတဲ့နေရာမှာ မင်းတို့ရဲ့ စွမ်းရည်တွေက ဘယ်လိုနေလဲ"
အဲဒီမီသရယ်ကို ဖန်တီးဖို့ဆိုတာ လူပုတိုင်း လုပ်နိုင်တဲ့အရာ မဟုတ်ဘူး။ အဲဒီအတွက် ပါရမီနဲ့ လေ့ကျင့်မှုတွေ အများကြီး လိုအပ်တယ်။
"အဆင်ပြေပါတယ် သခင်၊ ကျွန်တော်တို့က သခင့်အဆင့်ကို မမီပေမဲ့ ဘီယာလေးဘာလေး တိုက်မယ်ဆိုရင်တော့ နောက်ထပ်နည်းနည်း ပိုလုပ်ပေးနိုင်ပါတယ် ဟားဟား"
အဲဒီနောက် မိုက်ကယ်က ပုံထားတဲ့အထဲကနေ စတုဂံပုံစံ မီသရယ် အတုံးငယ်လေးတစ်ခုကို ကောက်ကိုင်လိုက်ပြီး "မင်းနဲ့ မင်းလူတွေက ဒါမျိုး တစ်နေ့ကို အခုတစ်ထောင်လောက် လုပ်နိုင်မယ်လို့ ထင်လား" လို့ မေးလိုက်တယ်။
လူပုက သဟဇာတ စွမ်းအင်အရင်းအမြစ်ကို ထည့်သွင်းမယ့် မီသရယ်သေတ္တာလေးကို အနီးကပ် သေချာစစ်ဆေးကြည့်လိုက်တယ်။
ပြီးတော့ သူက ခေါင်းခါလိုက်တယ်။
"ဒီလောက်များတဲ့ မီသရယ်တွေကို ထုတ်လုပ်ဖို့ဆိုတာ... ကျွန်တော်တို့ချည်းသက်သက်ဆို မလုပ်နိုင်ဘူး၊ တိုင်းပြည်ထဲက ညီအစ်ကိုတွေရဲ့ အကူအညီ လိုအပ်လိမ့်မယ်" လို့ လူပုက ပြောလိုက်တယ်။
'ငါ ဘီရူး ဆီ သွားလည်ရတော့မယ် ထင်တယ်' လို့ မိုက်ကယ်က တွေးလိုက်တယ်။
သူက လူပုရဲ့ အကူအညီအတွက် ကျေးဇူးတင်စကားဆိုပြီး သူ့ဒရုန်းရဲ့ ရေဂီယို ထဲကို ပြန်လာခဲ့တယ်။
အဲဒီမှာ နိုဗာ ပေးထားတဲ့ ညွှန်ကြားချက်တွေအတိုင်း သူ စတင်လုပ်ဆောင်တော့တယ်။
ဗိသုကာပုံစံမှာ လိုအပ်တဲ့ အတိအကျ သတ်မှတ်ချက်တွေအတိုင်း သတ္တုရိုင်းတွေကို မြေဒြပ်စင် မှော်ပညာနဲ့ ပုံဖော် ကွေးညွတ်လိုက်တဲ့အခါ သူ့ပတ်လည်မှာ မှော်စက်ဝန်းပေါင်းများစွာ ပေါ်ထွက်လာခဲ့တယ်။
အလူမီနီယမ်နဲ့ ကိုယ်ထည်ကို တည်ဆောက်လိုက်တာမို့ လက်ထဲမှာ ကိုင်ရတာ ချောမွေ့သေသပ်နေစေတယ်။ အဲဒီနောက် ဆီလီကွန်ကို အသုံးပြုပြီး မျက်နှာပြင်ကို ဖန်တီးလိုက်တာကြောင့် ကြည်လင်ပြီး ဖတ်ရလွယ်ကူသွားစေတယ်။
မျက်နှာပြင်ရဲ့ အနောက်ဘက်မှာတော့ ဖုန်းကို အလွန်ကြည်လင်ပြတ်သားတဲ့ အရည်အသွေးနဲ့ ပုံရိပ်တွေ ဖန်တီးနိုင်အောင် ကူညီပေးမယ့် သေးငယ်တဲ့ LED မီးသီးလေးတွေ ရှိနေတယ်။ အဲဒီနောက် ဖုန်းခေါ်ဆိုတာတွေနဲ့ မက်ဆေ့ချ်ပို့တာတွေအတွက် စပီကာတွေနဲ့ မိုက်ခရိုဖုန်းစနစ်တစ်ခုကိုပါ ထည့်သွင်းလိုက်တယ်။
ပြီးတော့ ဒီကမ္ဘာ့ဘာသာစကားရဲ့ အက္ခရာတွေကို ဖော်ပြပေးမယ့် သီးသန့်စာလုံးတွေ ရိုက်နှိပ်ထားတဲ့ သတ္တုခလုတ်ငယ်လေးတွေကို သူ ဖန်တီးလိုက်တယ်။
အဲဒီနောက် နိုဗာ ဖန်တီးထားတဲ့ ရှုပ်ထွေးနက်နဲလှတဲ့ ကင်မရာ နည်းပညာကို အသက်သွင်းဖို့အတွက် စက်ဝိုင်းပုံ မှန်ပြားတွေကို ဖုန်းအပေါ်မှာ လွင့်ပျံနေအောင် ထိန်းချုပ်လိုက်ပြီး ဖုန်းရဲ့ ကျောဘက်မှာ တပ်ဆင်လိုက်တယ်။
ဒီလုပ်ငန်းစဉ်က အချိန်ယူရပေမဲ့ မှော်ပညာကို အသုံးပြုလိုက်တဲ့အခါမှာတော့ တော်တော်လေး လွယ်ကူသွားခဲ့တယ်။
နောက်ဆုံးမှာတော့ သူက သဟဇာတ စွမ်းအင်အရင်းအမြစ်ကို ယူပြီး စတုဂံပုံစံ မီသရယ်သေတ္တာလေးထဲမှာ လုံလုံခြုံခြုံ ထည့်သွင်းလိုက်တယ်။
အဲဒီနှစ်ခုက ဖုန်းအတွင်းမှာ နေရာအများဆုံး ယူထားပေမဲ့ သူ လုပ်နိုင်တာ ဘာမှမရှိခဲ့ဘူး။ သဟဇာတ စွမ်းအင်အရင်းအမြစ်ကို အရွယ်အစား လျှော့ချလိုက်မယ်ဆိုရင် စွမ်းအင်ထွက်ရှိမှု သုညအထိ ကျဆင်းသွားနိုင်သလို အလွယ်တကူ ပေါက်ကွဲသွားနိုင်တဲ့ အန္တရာယ်လည်း ရှိနေတယ်လေ။
အစိတ်အပိုင်းအားလုံး ဖန်တီးပြီးသွားတဲ့အခါ အချင်းချင်း ချိတ်ဆက်ပေးဖို့ပဲ ကျန်တော့တယ်။
'အရေးကြီးဆုံး အချိန်ပဲ' မီသရယ်ဆီကို ဆားကစ်ပြားတစ်ခုချင်းစီ စတင်ချိတ်ဆက်ရင်း သူက စိုးရိမ်တကြီးနဲ့ တီးတိုးရေရွတ်လိုက်တယ်။
မီသရယ်ရဲ့ ကောင်းတဲ့အချက်ကတော့ သဟဇာတ စွမ်းအင်အရင်းအမြစ်ကနေ ထွက်လာမယ့် စွမ်းအင်တွေအတွက် အလွန်ကောင်းမွန်တဲ့ လျှပ်ကူးပစ္စည်းတစ်ခု ဖြစ်နေတာပဲ။ သူ လုပ်ရမယ့်အရာက မီသရယ်သေတ္တာဆီကို ဆက်သွယ်မှုတစ်ခုချင်းစီ ဂဟေဆော်ပေးဖို့သာဖြစ်ပြီး အဲလိုလုပ်လိုက်တာနဲ့ သဟဇာတစွမ်းအင်ကနေတစ်ဆင့် အလိုအလျောက် အသက်ဝင်လာမှာ ဖြစ်တယ်။
အဲဒါ ပြီးသွားတာနဲ့ အစိတ်အပိုင်းအားလုံးကို စုစည်းပြီး ဖုန်းရဲ့ အနောက်ဘက်ခြမ်းနဲ့ အရှေ့ဘက်ခြမ်းကို ချိတ်ဆက်လိုက်တယ်။
ကျေနပ်စရာကောင်းတဲ့ ကလစ်ခနဲမြည်သံလေးနဲ့အတူ ဒီကမ္ဘာရဲ့ ပထမဆုံး ဖုန်းတစ်လုံးကို သူ ဖန်တီးနိုင်ခဲ့ပြီလေ။
မျက်နှာပြင်က အဖြူရောင်အလင်းတန်းတစ်ခုနဲ့ ရုတ်တရက် လင်းလက်လာပြီး စပီကာကနေ ပျံ့လွင့်လာတဲ့ ခမ်းနားတဲ့ တံပိုးမှုတ်သံ သံစုံတီးဝိုင်းဂီတနဲ့အတူ 'ရီနေးတား' ဆိုတဲ့ စာလုံးက ထင်ထင်ရှားရှား ပေါ်လာခဲ့တယ်။
'မဆိုးဘူးပဲ' သူက နိုဗာကို ချီးကျူးလိုက်တယ်။
[ :) ]
စက္ကန့်အနည်းငယ်အကြာမှာတော့ 'ရီနေးတား' ဆိုတဲ့ စာသား ပျောက်ကွယ်သွားပြီး အပေါ်ဘက် ဘယ်ထောင့်မှာ အိုင်ကွန်သုံးခုကို မိုက်ကယ် မြင်လိုက်ရတယ်။
ဘယ်ဘက်အစွန်ဆုံးမှာ ရှိနေတာက ကင်မရာမှန်ဘီလူး ပုံစံဖြစ်ပြီး အောက်မှာတော့ 'Camera' လို့ ရေးထားတယ်။
(TR Note: ဖုန်းအခေါ်အဝေါ်တွေတော်တော်များများက ဘာသာပြန်တာထက် မူရင်Englishလိုကပိုအဆင်ပြေလို့ မူရင်းအတိုင်းထည့်လိုက်ပါတယ်)
အဲဒီဘေးနားက တစ်ခုကတော့ စကားပြော ပူပေါင်းပုံစံလေးဖြစ်ပြီး အောက်မှာ 'Message' လို့ ရေးထားတယ်။
အဲဒီအိုင်ကွန်ရဲ့ ညာဘက်မှာတော့ ပါးစပ်ကနေ အသံလှိုင်းတွေ ထွက်ပေါ်နေတဲ့ လူတစ်ယောက် စကားပြောနေတဲ့ ပုံဖြစ်တယ်။ အောက်ဘက်မှာတော့ 'Call' လို့ ရေးထားတယ်။
ဒါတွေက ဖုန်းအတွက် ပထမဆုံး အခြေခံအက်ပလီကေးရှင်း သုံးခုပဲ ဖြစ်တယ်။ အနာဂတ်မှာ သူက နောက်ထပ် အများကြီး ထည့်သွင်းဖို့ စီစဉ်ထားပေမဲ့ အခုလောလောဆယ်အတွက်တော့ ဒါက လုံလောက်နေပြီလေ။
သူက ကီးဘုတ်အပေါ်က Trackpad ကို သုံးပြီး ကင်မရာခလုတ်ကို ရွေးချယ်လိုက်တဲ့အခါ မျက်နှာပြင်ပေါ်မှာ ပုံရိပ်တစ်ခု ပေါ်လာတာကို မြင်လိုက်ရတယ်။
အဲဒါက သူ့ရှေ့က မြင်ကွင်းကို ကြည်လင်ပြတ်သားတဲ့ HD အရည်အသွေးနဲ့ ပြသနေပြီး ခလုတ်တစ်ချက် နှိပ်လိုက်တာနဲ့ သူက ပုံရိပ်ကို ဖမ်းယူလိုက်တယ်။
ကင်မရာက အပြစ်အနာအဆာမရှိ အလုပ်လုပ်နေတာပဲ။
အဲဒီနောက် ဖုန်းခေါ်ဆိုတာတွေနဲ့ မက်ဆေ့ချ်ပို့တာတွေအတွက် ဖုန်းရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်ကြည့်ဖို့ သူ ဆုံးဖြတ်လိုက်တယ်။
အဲဒီလိုလုပ်ဖို့အတွက် သူက စမ်းသပ်ဖို့ နောက်ထပ် ဖုန်းနှစ်လုံး ဖန်တီးလိုက်တယ်။ သေချာတာကတော့ အဲဒါတွေကို အင်တာနက်ကုဗတုံးနဲ့ အရင်ဆုံး ချိတ်ဆက် မှတ်ပုံတင်ထားတာပဲ။
ပြီးတော့ သူက Message Appကို နှိပ်ပြီး မျက်နှာပြင်ရဲ့ အပေါ်ဘက်ဆီ ရွှေ့သွားလိုက်တယ်။
သူက '0002' ဆိုတဲ့ နံပါတ်ကို ရိုက်ထည့်လိုက်တယ်။ ဆိုလိုတာက သူ ဖန်တီးထားတဲ့ ဒုတိယမြောက်ဖုန်းဆီ မက်ဆေ့ချ်ပို့ဖို့ ရည်ရွယ်ထားတာပဲ။
{Testing Testing}
ပြီးတော့ သူက ပို့မယ့်ခလုတ်ကို နှိပ်လိုက်တယ်။
တစ်စက္ကန့်အကြာမှာ မျက်နှာပြင်ပေါ်မှာ အသိပေးချက်တစ်ခု မပေါ်လာခင် သူ့ရဲ့ ဒုတိယမြောက်ဖုန်းဆီကနေ ကျေနပ်စရာကောင်းတဲ့ အသံလေးတစ်ခု ထွက်ပေါ်လာခဲ့တယ်။
{Message from 0001: Testing Testing}
'အဆင်ပြေသွားပြီ၊ တကယ် အလုပ်လုပ်နေတာပဲ'
ဒီအရာကို မြင်လိုက်ရတဲ့နောက်မှာတော့ မိုက်ကယ်တစ်ယောက် ဝမ်းသာလုံးဆို့သွားခဲ့တယ်။ သူ ကိုယ်တိုင် ဖုန်းတစ်လုံးကို သူ့လက်နှစ်ဖက်နဲ့ ဖန်တီးနိုင်ခဲ့ပြီလေ။
ဒါပေမဲ့ သေချာတာကတော့ သူက ဒီစိတ်လှုပ်ရှားမှုကြောင့် သူ့ရဲ့ စမ်းသပ်မှုတွေကို ရပ်တန့်မသွားစေခဲ့ဘူး။
အဲဒီနောက် ဖုန်းထဲက 'Call' Appကို စမ်းသပ်ဖို့ '0003' ဆိုတဲ့ နံပါတ်ကို သူ ခေါ်လိုက်တယ်။
တစ်စက္ကန့်အကြာမှာ သူ့ရဲ့ တတိယမြောက်ဖုန်းက အစစ်တွေလိုပဲ မြည်သံထွက်လာပြီး တုန်ခါလာတော့တယ်။
သူက ဖုန်းကို ကိုင်လိုက်ပြီး "ဟယ်လို" လို့ ပြောလိုက်တဲ့အခါ ဖုန်းနှစ်လုံးစလုံးကနေ သူ့ရဲ့အသံ ပဲ့တင်ထပ်နေတာကို ကြားလိုက်ရတယ်။
ဒါက တကယ် အလုပ်လုပ်နေတာပဲ။
အဆင်ပြေမှန်း သေချာသွားတဲ့နောက်မှာတော့ ဖုန်းရဲ့ ကန့်သတ်ချက်တွေကို စမ်းသပ်ဖို့ သူ ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့ မှော်ကမ္ဘာငယ်လေးထဲကနေ နေရာရွှေ့ပြောင်းလိုက်ပြီး ရီနေးတား နိုင်ငံမှာရှိတဲ့ ကက်စတယ်လာရဲ့ ရုံးခန်းထဲကို တိုက်ရိုက် ရောက်ရှိသွားခဲ့တယ်။
"သခင်လေး" လို့ ကက်စတယ်လာက လန့်ဖျပ်ပြီး ရေရွတ်လိုက်တယ်။ သူမက ထိုင်ခုံကနေ ချက်ချင်းထရပ်ပြီး အရိုအသေပေးလိုက်တယ်။
"ဒါကို ယူထားလိုက်" လို့ ပြောပြီး သူက ပထမဆုံးဖုန်းကို သူမဆီပေးကာ နေရာရွှေ့ပြောင်း ပျောက်ကွယ်သွားခဲ့တယ်။
ဒါက ကက်စတယ်လာကို လုံးဝ ဇဝေဇဝါ ဖြစ်သွားစေခဲ့တယ်။ ဒီတစ်ကြိမ် မိုက်ကယ်တစ်ယောက် ဘယ်လိုပစ္စည်းမျိုးကို ဖန်တီးလိုက်ပြန်ပြီလဲဆိုတာ တွေးတောရင်း သူမ လက်ထဲက အုတ်ခဲလိုအရာကြီးကို စိုက်ကြည့်နေမိတယ်။
အဲဒီအချိန်မှာပဲ အဲဒီအရာက တုန်ခါလာခဲ့တယ်။
RING RING...
* * * * * * * *
စာစဉ်(၆၈)
အခန်း(၈၁၂)
ကက်စတယ်လာက သူမလက်ထဲက အုတ်ခဲကို ကြည့်လိုက်တဲ့အခါမှာ {Incoming call from 0002. Press any button to accept} ဆိုတဲ့ စာသားတွေကို မြင်လိုက်ရတယ်။
ရှုပ်ထွေးသွားတဲ့ ကက်စတယ်လာမှာ မျက်နှာပြင်ပေါ်က ထူးဆန်းတဲ့ စာသားတွေအတိုင်း ကီးဘုတ်ပေါ်က ခလုတ်တစ်ခုကို နှိပ်လိုက်ရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိခဲ့ဘူး။
ချက်ချင်းပဲ ဖုန်းချိတ်ဆက်သွားခဲ့တယ်။
{...ဟယ်လို...}
တိုးဖျော့ဖျော့ အသံတစ်သံက ဖုန်းထဲကနေ ပဲ့တင်ထွက်ပေါ်လာတယ်။ ကက်စတယ်လာက အဲဒီအသံကို မှတ်မိနေတဲ့ပုံပဲ။ အဲဒါ သူမရဲ့ သခင်လေးဆီကလေ။
သူမက ဖုန်းကို နားနား ကပ်လိုက်တော့ နောက်ဆုံးမှာ အသံကို ကျယ်ကျယ်လောင်လောင်နဲ့ ရှင်းရှင်းလင်းလင်း ကြားလိုက်ရတော့တယ်။
{ဟယ်လို... ကက်စတယ်လာ... ငါပြောတာ ကြားရလား}
"သခင်လေး... ကျွန်မကို ပြောနေတာလား"
{ဟုတ်တယ်... အခု ကီးဘုတ်အပေါ်က Trackpad ခလုတ်ကို နှိပ်ပေးလို့ရမလား}
ကက်စတယ်လာက ဖုန်းထဲက ထူးဆန်းပြီး စိမ်းသက်နေတဲ့ ခလုတ်တွေကို ရှာဖွေရင်း မျက်လုံးကို မှေးကြည့်လိုက်တယ်။ နောက်ဆုံးမှာတော့ ခလုတ်တွေကို တစ်မိနစ်လောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် မိုက်ကယ် ပြောတဲ့အတိုင်း ခလုတ်ကို နှိပ်နိုင်ခဲ့တယ်။
ရုတ်တရက် မျက်နှာပြင်ပေါ်က ပုံရိပ်က ပြောင်းလဲသွားပြီး အသိပေးချက်တစ်ခု ပေါ်လာခဲ့တယ်။
{Video Call accepted}
ကက်စတယ်လာက မျက်နှာပြင်ပေါ်မှာ မိုက်ကယ် ပေါ်လာတာကို မြင်လိုက်ရလို့ လန့်သွားခဲ့တယ်။ "သခင်လေး... အဲဒါ သခင်လေးပဲ" လို့ သူမက အာမေဍိတ်သံနဲ့ ပြောလိုက်တယ်။
မိုက်ကယ်က သူမကို ပြန်ပြီး လက်ပြလိုက်တယ်။ သူက ဒရုန်းရဲ့ ရေဂီယိုထဲမှာ ရှိနေတာဖြစ်ပြီး ဖုန်းရဲ့ အရှေ့ဘက် ကင်မရာကို ကြည့်ရင်း မျက်နှာပြင်ပေါ်မှာ ရောင်ပြန်ဟပ်နေတဲ့ ကက်စတယ်လာရဲ့ မျက်နှာကို မြင်နေရတယ်။
ဖုန်းက သူ ရည်ရွယ်ထားတဲ့အတိုင်း အတိအကျ အလုပ်လုပ်နေခဲ့တယ်။ ဖုန်းတွေက မတူညီတဲ့ တိုင်းတာမှုနယ်ပယ်တွေကြား ခြားနားနေပေမဲ့လည်း ထစ်ငေါ့တာမျိုး မရှိဘဲ ကောင်းကောင်းမွန်မွန် အလုပ်လုပ်နေဆဲပဲ။ ပုံရိပ်နဲ့ အသံက အရမ်းကို ရှင်းလင်းပြတ်သားနေတယ်။
{သခင်လေး... ဒါက ဘာကြီးလဲ... ဒီအုတ်ခဲထဲမှာ သခင်လေးကို ကျွန်မ ဘယ်လိုလုပ် မြင်နေရတာလဲ}
"ဒါကို ဖုန်းလို့ ခေါ်တယ် ကက်စတယ်လာ... မင်းကို ဘယ်လိုသုံးရမလဲဆိုတာ ငါ သင်ပေးမယ်"
သူက ဖုန်းရဲ့ အသုံးဝင်ပုံတွေဖြစ်တဲ့ ဖုန်းခေါ်ဆိုတာ၊ စာပို့တာနဲ့ ဓာတ်ပုံရိုက်တာတွေကို သူမကို စတင် လမ်းညွှန်ပြသပေးတော့တယ်။
{သဘောပေါက်ပြီ... ဒါ တကယ့်ကို အံ့ဩစရာပဲ သခင်လေး... ဒါက မှော်စွမ်းအင်ကို မသုံးဘူးပေါ့... လူထုကြားထဲမှာ ဒါက အလွန် လူကြိုက်များလာတော့မယ်ဆိုတာ ကျွန်မ အခုကတည်းက မြင်ယောင်နေပြီ}
ထင်ထားတဲ့အတိုင်းပဲ ကက်စတယ်လာက ဖုန်းအကြောင်း အကြမ်းဖျင်း နားလည်သွားတာနဲ့ ဈေးကွက်ထဲက နေရာယူနိုင်မယ့် အလားအလာကို ချက်ချင်း တွေးတောလိုက်တယ်။ ဒါက ဘက်ထရီ ဒါမှမဟုတ် မှော်စွမ်းအင် မလိုဘဲ သူ့ဘာသာ ရပ်တည်နိုင်တယ်ဆိုတဲ့ အချက်က ဘယ်သူမဆို အသုံးပြုနိုင်ပြီး ပိုမိုကျယ်ပြန့်တဲ့ ဈေးကွက်ကို ဖြည့်ဆည်းပေးနိုင်တယ်ဆိုတဲ့ သဘောပဲလေ။
"အခု ဖုန်းကို ကောင်းကောင်း သုံးတတ်ပြီလား" လို့ သူက ကက်စတယ်လာကို မေးလိုက်တယ်။
တစ်ခုခုကို နားလည်ဖို့ ကြိုးစားရာမှာ အခက်အခဲရှိတိုင်း လုပ်တတ်တဲ့ သူမရဲ့ အကျင့်အတိုင်း ဖုန်းကို မျက်လုံးမှေးပြီး ခဏခဏ ကြည့်နေတာကို သူ မြင်လိုက်ရတယ်။
{ပထမတော့ နည်းနည်း ရှုပ်ထွေးသွားတယ် သခင်လေး... အထူးသဖြင့် ကီးဘုတ်ပေါ်က ခလုတ်အများကြီးကြောင့်ပေါ့... ဒါပေမဲ့ သခင်လေး ရှင်းပြလိုက်တော့ ကျွန်မဘာသာ အဆင်ပြေပြေ သုံးနိုင်မယ်လို့ ထင်ပါတယ်}
ဒါက သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေထဲက တစ်ခုပဲ။ ဖုန်းက ဒီကမ္ဘာက လူတွေအတွက် အလိုအလျောက် နားလည်နိုင်တဲ့အရာ မဟုတ်ဘူးလေ။ အရင်ကမ္ဘာက လူတွေလိုမျိုး ခလုတ်လှည့်ရတဲ့ဖုန်းကနေ ကြိုးမဲ့ဖုန်း၊ အဲဒီကနေမှ စမတ်ဖုန်းအထိ အဆင့်ဆင့် ကူးပြောင်းလာနိုင်ခဲ့တာမျိုး မဟုတ်ဘဲ ဒါက သူတို့အတွက် အဆင့်မြင့်နည်းပညာနဲ့ ပထမဆုံး အပြန်အလှန် ဆက်သွယ်မှုဖြစ်နေတာကိုး။
ကက်စတယ်လာက အလွန် ထက်မြက်ပေမဲ့ သူမတောင် ထိန်းချုပ်မှုတွေကို မကျွမ်းကျင်ခင်မှာ နည်းနည်းလောက် စမ်းတဝါးဝါး လုပ်ခဲ့ရသေးတယ်။ ပြီးတော့ သူမမှာ အချိန်တစ်လျှောက်လုံး သူ ကိုယ်တိုင် လမ်းညွှန်ပေးနေတယ်ဆိုတဲ့ အားသာချက်လည်း ရှိနေသေးတယ်လေ။
သာမန်လူတစ်ယောက်မှာတော့ အဲဒီလို အားသာချက်တွေ ရှိမှာ မဟုတ်ဘူး။
'ဖုန်းထဲမှာ လုပ်ဆောင်ချက်တွေ အများကြီး မထည့်ထားတာ တော်သေးတာပေါ့'
အရမ်းရှုပ်ထွေးနေရင် လူမှုအသိုင်းအဝိုင်းထဲ ဖုန်း ထိုးဖောက်ဝင်ရောက်ဖို့ အဟန့်အတား ဖြစ်စေလိမ့်မယ်။ လောလောဆယ် လုပ်ဆောင်ချက် သုံးခုပဲ ပါတာက ကောင်းပါတယ်။ လူတွေ ထိန်းချုပ်မှုတွေကို ကျွမ်းကျင်သွားရင် အနာဂတ်မှာ ပိုထည့်ဖို့ အချိန်အမြဲတမ်း ရှိနေတာပဲလေ။
လိုင်းဆစ်ဂနယ်ကို စမ်းသပ်ပြီးတဲ့နောက် မိုက်ကယ်က ကက်စတယ်လာရဲ့ ရုံးခန်းကို ပြန်လာခဲ့ပြီး ဖုန်းနဲ့ပတ်သက်တဲ့ သူမရဲ့ အမြင်ကို မေးကြည့်လိုက်တယ်။
"မင်း ဘယ်လိုထင်လဲ... ဒါကို ငါ ရောင်းလို့ရမလား"
ကက်စတယ်လာက အားတက်သရော ခေါင်းညိတ်လိုက်တယ်။ "ရတာပေါ့ သခင်လေး... ဖုန်း အောင်မြင်ဖို့ သေချာစေမယ့် စျေးကွက်ဗျူဟာကိုတောင် ကျွန်မ တွေးထားပြီးပြီ"
အဲဒီနောက် သူမက နံရံပေါ်က ကျောက်သင်ပုန်းဆီကို သွားပြီး ဖုံးအုပ်ထားတဲ့ ဖဲသားစကို ဖယ်ရှားလိုက်တယ်။
တစ်စနဲ့တစ်စ ဆက်စပ်နေတဲ့ ပင်အပ်တွေ၊ ကြိုးတွေနဲ့ ချိတ်ဆွဲထားတဲ့ ရှုပ်ထွေးလှတဲ့ တင်ပြချက်တွေ ပေါ်ထွက်လာတယ်။ အဲဒီမှာ ဂရပ်ဖ်တွေ၊ စျေးကွက်သုတေသန အချက်အလက်တွေ၊ ဖြန့်ချိရေး လမ်းကြောင်းတွေနဲ့ ဖုန်းထုတ်လုပ်ရောင်းချဖို့ နီးပါး ၁၀ နှစ်စာ စီမံကိန်းကို အသေးစိတ် ဖော်ပြထားတဲ့ တခြားအရာတွေကို ပြသထားတယ်။
"ဒါတွေကို မင်း ဘယ်တုန်းက လုပ်လိုက်တာလဲ"
"ခွင့်လွှတ်ပါ သခင်လေး... သခင်လေး မရှိတဲ့ အချိန်မိနစ်အနည်းငယ်လေးအတွင်းမှာပဲ အခြေခံကျတာလေးတွေကို ကျွန်မ အကြမ်းဖျင်း လုပ်နိုင်ခဲ့လို့ပါ"
ကက်စတယ်လာက ဘာလို့ ရီနေးတားကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်နေရတာလဲဆိုတာကို မိုက်ကယ် တစ်ဖန် ပြန်လည်သတိရသွားခဲ့တယ်။ စီးပွားရေးပိုင်းမှာ သူမရဲ့ ပါရမီက ဘယ်သူနဲ့မှ မယှဉ်နိုင်ဘူးလေ။
စောစောက သူတို့ ဖုန်းပြောနေကြတုန်းက ဖုန်းထုတ်လုပ်တဲ့ ပစ္စည်းတွေနဲ့ပတ်သက်ပြီး သူမက သူ့ကို ပေါ့ပေါ့ပါးပါး မေးခွန်းတွေ မေးခဲ့တယ်။ သူကတော့ သူမဟာ စကားစမြည်ပြောနေတာလို့ပဲ ထင်ခဲ့ပေမဲ့ တကယ်တမ်းကျ သူမက ထုတ်လုပ်မှုနဲ့ပတ်သက်တဲ့ အရာအားလုံးကို တွက်ချက်ဖို့ ကြိုးစားနေခဲ့မှန်း သူ မထင်ထားခဲ့ဘူးလေ။
သူမရဲ့ တင်ပြချက်မှာ ဖုန်းထုတ်လုပ်ဖို့ လိုအပ်မယ့် ကုန်ကျစရိတ်တွေကို ပေါင်းထည့်ထားတဲ့ ဂဏန်းတစ်စုကို သူ မြင်လိုက်ရတယ်။ အဲဒီအထဲမှာ သတ္တုရိုင်းတွေ၊ ပစ္စည်းတွေ၊ ထုတ်လုပ်ရေးအတွက် လုပ်အားခတွေအပြင် လိုအပ်တဲ့ မီသရယ်ပါ ပါဝင်နေတယ်။
"မီသရယ်က ကျွန်မတို့ ထုတ်လုပ်မှုရဲ့ အကြီးမားဆုံး ကုန်ကျစရိတ်ပဲ" လို့ ကက်စတယ်လာက သူမရဲ့ တွက်ချက်မှုတွေကို ညွှန်ပြရင်း ပြောလိုက်တယ်။
"တကယ်လို့ မှောင်ခိုစျေးကွက်က စျေးနှုန်းကို အခြေခံမယ်ဆိုရင် ဖုန်းတစ်လုံး ထုတ်လုပ်ဖို့ သဲဒင်္ဂါး ၈၀၀ တန်ဖိုးရှိတဲ့ မီသရယ် လိုအပ်ပါလိမ့်မယ်... ပြီးတော့ ကုန်ကြမ်းတွေ၊ လုပ်အားခတွေ စတာတွေကိုပါ ထည့်ပေါင်းမယ်ဆိုရင် ဖုန်းတစ်လုံးရဲ့ စုစုပေါင်း ကုန်ကျစရိတ်က သဲဒင်္ဂါး ၁၀၀၀ ရှိမယ်လို့ ကျွန်မတို့ ယုံယုံကြည်ကြည် မှန်းဆနိုင်ပါတယ်...
ဒါပေမဲ့ သူ့ရဲ့ ရှားပါးမှုနဲ့ စီးပွားရေးတန်ဖိုးကြောင့် ဖုန်းတစ်လုံးကို သဲဒင်္ဂါး ၁၀၀၀၀ လောက် စျေးဖြတ်နိုင်မယ်လို့ ကျွန်မ ထင်ပါတယ်"
ဒါက ရူးချင်စရာကောင်းလောက်အောင် ကြီးမားတဲ့ အမြတ်အစွန်းပဲ။
"ငါတို့ အဲဒီလောက် စျေးကြီးကြီး ဖြတ်လို့ရမယ်ဆိုတာ သေချာလို့လား"
ကက်စတယ်လာက ယုံကြည်မှုရှိရှိနဲ့ ခေါင်းညိတ်လိုက်တယ်။ "သေချာတာပေါ့... တကယ်တော့ ကျွန်မတို့က ၂၀၀၀၀ ဒါမှမဟုတ် ၃၀၀၀၀ အထိတောင် စျေးဖြတ်လို့ ရသေးတယ်... မီသရယ်နဲ့ အကန့်အသတ်မရှိတဲ့ ဘက်ထရီကတင် စျေးကွက်အတွက် အလွန် တန်ဖိုးရှိစေမှာပါ...
ဒါပေမဲ့ အဲဒီလောက် စျေးကြီးကြီး ဖြတ်လိုက်ရင် လူတစ်စုလောက်ပဲ ဖုန်းတွေကို ဝယ်နိုင်လိမ့်မယ်... ရေတိုမှာတော့ အမြတ်အစွန်းအတွက် ကောင်းပေမဲ့ ရေရှည်မှာတော့ ကျွန်မတို့ရဲ့ တိုးတက်မှုကို သတ်ပစ်သလို ဖြစ်သွားလိမ့်မယ်... ကျွန်မတို့ရဲ့ ဖုန်းတွေကို လူတွေအများကြီး ရင်းနှီးကျွမ်းဝင်လာဖို့ လိုတယ်လေ... ဒါက နေ့စဉ် မရှိမဖြစ် လိုအပ်တဲ့အရာတစ်ခု ဖြစ်လာသင့်တာပါ"
သူမက အဲဒီလို ရှင်းပြလိုက်တဲ့အခါ မိုက်ကယ်လည်း သဘောကျသွားတယ်။ ဘာပဲဖြစ်ဖြစ် သူက အရင်ဘဝက ဖုန်းကုမ္ပဏီတွေရဲ့ နည်းဗျူဟာတွေကို ကူးချဖို့ စီစဉ်ထားခဲ့တာကိုး။
သူက မကြာခဏဆိုသလို အဆင့်မြှင့်ထားတဲ့ အချက်အလက်တွေနဲ့ ဖုန်းအသစ်တစ်လုံးကို ထုတ်ဝေသွားမှာဖြစ်တယ်။ အဲဒီနည်းလမ်းနဲ့ဆို ဖုန်းတွေကို သုံးဖူးနေပြီးသားသူတွေက နောက်တစ်လုံး ဝယ်ဖို့ ပိုပြီး စိတ်ဝင်စားလာကြမှာဖြစ်လို့ အရင်ထွက်ထားတဲ့ ဖုန်းမော်ဒယ်က တခြားသူတွေအတွက် အများကြီး စျေးသက်သာသွားပြီး ဝယ်နိုင်စွမ်း ရှိလာစေမှာလေ။
"အဲဒီစျေးက ကောင်းပါတယ်" လို့ သူက ပြောလိုက်တယ်။ "ဒါက ဝိညာဉ်ဆီ တစ်စက် ဒါမှမဟုတ် နတ်ဘုရားပန်းပဲဖို အစအန တစ်ကီလိုဂရမ်နဲ့ အတူတူပဲ"
သူ့အမြင်မှာတော့ စျေးက ကြီးပေမဲ့ မဝယ်နိုင်တဲ့အထိတော့ မဟုတ်ဘူးပေါ့။
ဒါပေမဲ့လည်း သူက နောက်ထပ် အမြင်တစ်မျိုးကို သိထားဖို့ လိုအပ်သေးတယ်။ ပြီးတော့ လူထုရဲ့ အကြိုက်တွေ၊ အမြင်တွေနဲ့ နက်နက်ရှိုင်းရှိုင်း ရောယှက်နေတဲ့ တော်ဝင်မျိုးနွယ်တစ်ယောက်ထက် မေးဖို့ပိုကောင်းတဲ့သူ ဘယ်သူရှိဦးမှာလဲ။
* * * * * * * *
တစ်ချိန်တည်းမှာပဲ မက်ထရိုပိုလစ်မှာတော့ တော်ဝင်မော်တော်ယာဉ်တစ်စီးက ကုန်းပြင်မြင့်တစ်ခုပေါ်က ခရီးဆုံးပန်းတိုင်ကို နောက်ဆုံးမှာ ရောက်ရှိသွားခဲ့တယ်။
"ကျွန်တော်တို့ ရဲတိုက်ကို ပြန်ရောက်ပါပြီ သခင်မလေး" လို့ အိမ်တော်ထိန်းတစ်ယောက်က ပြောလိုက်တယ်။ လနဲ့ချီပြီး ထွက်ခွာသွားပြီးနောက် နောက်ဆုံးတော့ အိမ်ပြန်ရောက်ပြီလို့ ကြေညာလိုက်ပေမဲ့လည်း အထဲကလူက အပြင်ထွက်ဖို့ ငြင်းဆန်နေခဲ့တယ်။
ဒါက တခြားသူမဟုတ်ဘဲ မက်ထရိုပိုလစ် တစ်ခုလုံးကို တာဝန်ယူထားရတဲ့ တော်ဝင်မျိုးနွယ် မြို့စားကတော် ရီဂျီနာပဲ ဖြစ်တယ်။
အဲဒီဘွဲ့နာမည် ရှိနေပေမဲ့လည်း မြို့စားကတော်က သူမရဲ့ ဘွဲ့နာမည်နဲ့ ထိုက်တန်သူတစ်ယောက်ရဲ့ တာဝန်တွေကို မထမ်းဆောင်ခဲ့ဘူး။ သူမက ရီနေးတားနိုင်ငံကို ပြန်သွားပြီး သူမရဲ့ ဘဝကို အပြည့်အဝ ခံစားဖို့ အရမ်း အလုပ်များနေခဲ့တာလေ။
ဒါပေမဲ့ အခုတော့ သူမ ပြန်ရောက်လာပြီ။ နိဗ္ဗာန်ဘုံလို နေရာမျိုးကနေ ထွက်ခွာလာခဲ့ပြီး လျှပ်စစ်မီး ဒါမှမဟုတ် ရေပိုက်လိုင်း ဘာတစ်ခုမှ မရှိတဲ့ ဒီနောက်ကျကျန်နေတဲ့ နယ်မြေကို သူမ ပြန်ရောက်လာခဲ့တာပဲ။
* * * * * * * *