အခန်း (၈၁၅-၈၁၆)
Vol. 68 Ch. 815-816
အခန်း(၈၁၅)
မြို့စားကတော်က သူမရှေ့မှာရှိနေတဲ့ ထူးဆန်းတဲ့ သတ္တုအုတ်ခဲကြီးကို ကြည့်လိုက်တယ်။
"ဒါ ဘာကြီးလဲ" လို့ သူမက သူ့ကို မေးလိုက်တယ်။
"ဒီမှာပဲ ခဏစောင့်နေ" လို့ ရှင်းပြချက်လေးတောင် မပေးဘဲ အရိပ်ရွှေ့ပြောင်းမသွားခင်မှာ သူက ပြောလိုက်တယ်။
သူမ တစ်ယောက်တည်း ကျန်ခဲ့တဲ့အခါမှာတော့ ဒါက ဗုံးလား၊ ဒါမှမဟုတ် သတ္တုပန်းပုရုပ်လားဆိုတာ မသိတာမို့ အုတ်ခဲကြီးကို စိုးရိမ်တကြီးနဲ့ ဟိုစမ်းဒီစမ်း လုပ်နေခဲ့တယ်။
"ဒီကလေး ဘယ်တွေ သွားနေတာလဲ..."
ဒါပေမဲ့ သူမ ညည်းညူတော့မယ့်ဆဲဆဲမှာပဲ အဲဒီ 'အုတ်ခဲ' က ရုတ်တရက် တုန်ခါလာတာမို့ သူမကို ကုလားထိုင်ပေါ်ကနေ လန့်ဖြတ်သွားစေခဲ့တယ်။
"ဘုရားရေ" လို့ သူမက အော်ဟစ်လိုက်တာကြောင့် ၀၀၁ က သူမရှေ့မှာ ကာကွယ်ပေးမယ့် ကိုယ်နေဟန်ထားနဲ့ ပေါ်လာခဲ့တယ်။
ဂျလင်... ဂျလင်...
၀၀၁ က မျက်နှာပြင်ပေါ်မှာ ရေးထားတဲ့ စာသားတွေကို ကြည့်ရင်း ဖုန်းနားကို တိုးကပ်သွားတယ်။
[Video call coming from 003. Please press any button to accept.]
သူက ဖုန်းကို ဂရုတစိုက် ကောက်ကိုင်လိုက်ပြီး မြို့စားကတော်ကို ပြသလိုက်တယ်။ သူတို့နှစ်ယောက်စလုံးက မိုက်ကယ်ကို ယုံကြည်ကြတာမို့ ဒီထူးဆန်းတဲ့ပစ္စည်းက သူတို့ကို ဘယ်လိုနည်းနဲ့မှ အန္တရာယ်ပေးမှာ မဟုတ်ဘူးဆိုတာကို သိထားကြတယ်။
"ငါတို့... ငါတို့ ခလုတ်တစ်ခုခုကို နှိပ်လိုက်ရမလား" လို့ သူမက သူ့ကို မေးလိုက်တယ်။
၀၀၁ က ခေါင်းညိတ်လိုက်ပြီး ကီးဘုတ်ပေါ်ကို သူ့လက်မနဲ့ ဖိချလိုက်ရာ ခလုတ်အများကြီးကို တစ်ပြိုင်နက်တည်း နှိပ်မိသွားတယ်။
အဲဒီလို နှိပ်လိုက်တာနဲ့ တစ်ပြိုင်နက် ဖုန်းဆီကနေ အချက်ပြချိတ်ဆက်သွားတဲ့ သာယာတဲ့ အသံလေးတစ်ခု ထွက်ပေါ်လာခဲ့တယ်။
"ဟယ်လို... မြို့စားကတော်၊ အဲဒီမှာ ရှိနေလား"
သေချာတာပေါ့... မြို့စားကတော် ရီဂျီနာက ဒီအသံကို ဘယ်နေရာမှာပဲဖြစ်ဖြစ် မှတ်မိနေမှာပဲလေ။ "မိုက်ကယ်... မင်း ဘယ်မှာလဲ"
အဲဒီအချိန်မှာပဲ မျက်နှာပြင်ကို ကြည့်နေတဲ့ ၀၀၁ ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားတာကို သူမ မြင်လိုက်ရတယ်။ သူ့ကို ဘယ်အရာမှာမဆို ဒီလောက်အထိ အံ့အားသင့်နေတာမျိုး သူမ တစ်ခါမှ မမြင်ဖူးခဲ့ဘူး။
"မြို့စားကတော်..." သူက ဖုန်းကို သူမဘက် လှည့်ပေးရင်း ပြောလိုက်တယ်။
နောက်ဆုံးတော့ မျက်နှာပြင်ပေါ်မှာ ပြသနေတဲ့ ပုံရိပ်ကို သူမ မြင်လိုက်ရတယ်။ အဲဒါက နောက်ခံမှာ အဆုံးမရှိတဲ့ သဲကန္တာရ မိုးကုတ်စက်ဝိုင်းကြီးနဲ့ သူမကို လက်ပြနေတဲ့ မိုက်ကယ်ပဲ ဖြစ်နေတယ်။
"မိုက်ကယ်... ဒါ မင်းလား၊ မင်းက ဘာလို့ သေတ္တာထဲကို ရောက်နေတာလဲ၊ မင်း ပိတ်မိနေတာလား"
မိုက်ကယ်ကို အကျဉ်းချခံရမှုကနေ ကယ်တင်ဖို့အတွက် သတ္တုအုတ်ခဲကို ခွဲပစ်ဖို့ သူမက ၀၀၁ ကို ချက်ချင်းပဲ တိုက်တွန်းလိုက်တယ်။
"နေဦး နေဦး နေဦး... အဲဒီလို မလုပ်နဲ့၊ ဒါကို အရင်ကြည့်ရမယ်၊ မြို့စားကတော်... ဖုန်းကို ယူလိုက်ပါ"
သူများ အဲဒီအနောက် တစ်နေရာရာမှာ ပုန်းနေသလားဆိုတာကို ကြည့်ဖို့ မျက်နှာပြင်အနောက်ကို ချောင်းကြည့်ရင်း သူမက ၀၀၁ ဆီကနေ ဖုန်းကို စိုးရိမ်တကြီးနဲ့ လှမ်းယူလိုက်တယ်။
"ဘာကိုလဲ"
"ကြည့်လိုက်" ကင်မရာကို ခပ်လှမ်းလှမ်းက ဧရာမ အဆောက်အအုံကြီးတစ်ခုဆီ ချိန်ရွယ်လိုက်ရင်း သူက ပြောလိုက်တယ်။
ကြောက်မက်ဖွယ်ကောင်းတဲ့ အငွေ့အသက်တွေနဲ့ ပါးစပ်ထဲကနေ ရေဘဝဲလက်တံတွေ အများကြီး ထွက်နေပြီး အရပ်အမောင်းကလည်း ကောင်းကင်ကိုတောင် ထိုးဖောက်မတတ် မြင့်မားနေတဲ့ သတ္တဝါကြီးတစ်ကောင်ကို သူမ မြင်လိုက်ရတယ်။
ပြီးတော့ ကသူလူးရဲ့ ပါးစပ်ထဲကို ဝင်တော့မယ့် ယာဉ်တွေပေါ်က လူတွေရဲ့ အော်ဟစ်သံတွေကိုလည်း စပီကာတွေကနေတစ်ဆင့် သူမ ကြားလိုက်ရတယ်။
"ဒါက..."
ဒီအချက်အလက်တွေကို သူမ သေချာနားလည်အောင် မတွေးတောနိုင်ခင်မှာပဲ ရုပ်ပုံတစ်ခုလုံး ရုတ်တရက် အမည်းရောင် ပြောင်းသွားခဲ့တယ်။
"ဟေး... မျက်နှာပြင်နား ဒီလောက်ကပ်နေရင် သူမ မင်းကို မြင်ရမှာမဟုတ်ဘူး"
"အိုး... ဆောရီးပဲ အစ်ကိုမိုက်ကယ်၊ ဒီလောက်ဆို ရပြီလား"
"ကျွန်တော့်အစ်ကိုကို ခွင့်လွှတ်ပေးပါ၊ သူက ငတုံးမို့လို့ပါ"
"မဟုတ်ဘူး... မင်းကသာ ငတုံးတာ"
နောက်ဆုံးတော့ အလင်းရောင်က မျက်နှာပြင်ပေါ်ကို ကျရောက်လာတာမို့ ရုပ်ပုံက ပြန်လင်းလာခဲ့တယ်။
မြို့စားကတော်က ဖုန်းကို သူမမျက်နှာနား ပိုတိုးကပ်လိုက်ပြီး သူမကို လက်ပြနှုတ်ဆက်နေကြတဲ့ သူမမြေးတွေရဲ့ ရင်းနှီးနေတဲ့ မျက်နှာတွေကို မြင်လိုက်ရချိန်မှာ သူမရဲ့ မျက်လုံးတွေကနေ မျက်ရည်တွေ စီးကျလာခဲ့တယ်။
"ငါ့ကလေးတွေ..." လက်နဲ့ ပါးစပ်ကိုအုပ်ထားရင်း သူမက တီးတိုးရေရွတ်လိုက်တယ်။
"ဖွားဖွား... သား ဖွားဖွားကို မြင်ရတယ်"
"ဖွားဖွား နေကောင်းလား၊ ဒီမှာ ကြည့်... သားတို့ ရိုလာကိုစတာ ထပ်စီးတော့မလို့"
"ဖွားဖွား ဝမ်းနည်းနေတာလား၊ ဘာလို့ ငိုနေတာလဲ"
မြို့စားကတော် ရီဂျီနာက သူမမျက်နှာပေါ်က မျက်ရည်တွေကို သုတ်လိုက်ရင်း ရယ်မောလိုက်တယ်။ "ဟားဟား... ဘာမှမဟုတ်ပါဘူး ကလေးတို့ရယ်၊ ဖွားဖွားက မြေးလေးတို့အားလုံးကို လွမ်းနေလို့ပါ"
သူမရဲ့ မြေးလေးယောက်က သူမကို ပြုံးပြလိုက်ကြတယ်။ "သားတို့လည်း ဖွားဖွားကို လွမ်းတယ်"
ထို့နောက် ကောင်လေးနှစ်ယောက်ထဲက တစ်ယောက်က ဖုန်းနားကို တိုးကပ်လာပြီး မျက်နှာပြင်အပြည့် နေရာယူလိုက်တယ်။ တော်ဝင်မျိုးနွယ်တစ်ယောက်နဲ့ မလိုက်ဖက်အောင် ဖရိုဖရဲဖြစ်နေတဲ့ သူ့ဆံပင်တွေကို ကြည်လင်ပြတ်သားစွာနဲ့ သူမ မြင်တွေ့နိုင်ခဲ့တယ်။
"မပူပါနဲ့ ဖွားဖွားရဲ့... အစ်ကိုမိုက်က ပြောတယ်၊ ဒီဖုန်းနဲ့ဆိုရင် သားတို့က ဖွားဖွားနဲ့ စကားပြောလို့ရမယ်၊ မြင်ရမယ်၊ ပြီးတော့ သားတို့လိုချင်တဲ့အချိန်တိုင်း ဖွားဖွားနဲ့အတူ စကားတွေပြောပြီး ရယ်မောနိုင်မယ်တဲ့"
"ဟုတ်တယ်... ဖွားဖွား သားတို့ကို လွမ်းနေစရာ မလိုတော့ဘူး"
"ညတိုင်း သားတို့အချင်းချင်း စကားပြောလို့ရပြီ၊ ပြီးတော့ သားက ဘေ့စ်ဘောအကြောင်းတွေကိုလည်း ဖွားဖွားကို ပြောပြလို့ရပြီ"
မြို့စားကတော် ရီဂျီနာက တခစ်ခစ် ရယ်မောလိုက်တယ်။ "အင်းပါ ကလေးရယ်"
အဲဒီအချိန်မှာပဲ ရိုလာကိုစတာက နောက်ဆုံးတော့ ရပ်တန့်သွားတာမို့ သတ္တုချင်း ရိုက်ခတ်သံတွေကို သူတို့ ကြားလိုက်ရတယ်။ အခုတော့ ခရီးသည်အသစ်တွေ စတင်တက်ရောက်နေကြပြီပဲ ဖြစ်တယ်။
"အာ... သားတို့ နောက်ကျတော့မယ်"
"သားတို့ သွားတော့မယ်နော် ဖွားဖွား"
"နစ်စီ... လာလေ၊ ဖွားဖွားကို နှုတ်ဆက်လိုက်ဦး"
ရှက်တတ်တဲ့ ရေသူမ ကောင်မလေးတစ်ယောက်က မျက်နှာပြင်အောက်ခြေမှာ ပေါ်လာပြီး လက်ကို ဖြည်းညင်းစွာ ဝှေ့ယမ်းပြလိုက်တယ်။
"ကဲ... ကလေးတို့၊ နစ်စီကို အရမ်း ဒုက္ခမပေးကြနဲ့နော်" မြို့စားကတော်က သူတို့ကို သတိပေးလိုက်တယ်။ "သူမက နာလန်ထစပဲ ရှိသေးတယ်"
"သူ အဆင်ပြေပါတယ်... ဟုတ်တယ်မလား နစ်စီ"
နစ်စီက ခေါင်းညိတ်ပြလိုက်ပြီးနောက် ကောင်မလေးနှစ်ယောက်က သူမရဲ့လက်ကိုဆွဲကာ ရိုလာကိုစတာရှိရာဘက်ဆီ စတင်ပြေးသွားကြတော့တယ်။ ကောင်လေးတွေကလည်း သူတို့ကို အမြန်အမီလိုက်သွားကြပြီး မြို့စားကတော် နောက်ဆုံးမြင်လိုက်ရတာကတော့ အဝေးကနေ လက်ပြနှုတ်ဆက်သွားတဲ့ သူတို့ရဲ့ မြင်ကွင်းလေးပဲ ဖြစ်တယ်။
မြို့စားကတော်က အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး သူမရဲ့ ရင်ဘတ်ကို ဖိထားလိုက်တယ်။ သူမရဲ့ မျက်လုံးတွေက မျက်ရည်တွေကြောင့် နီရဲနေပေမဲ့ နှုတ်ခမ်းထက်မှာတော့ အပြုံးတစ်ခု ကျယ်ပြန့်နေခဲ့တယ်။
"မိုက်ကယ်..." သူမက လှမ်းခေါ်လိုက်တယ်။
"ခင်ဗျား နောက်ဆုံးတော့ စိတ်ပြောင်းသွားပြီလား" ဖုန်းကို သူ့မျက်နှာရှေ့မှာ ထားရင်း သူက မေးလိုက်တယ်။
"မင်း ဖန်တီးထားတဲ့ ဒီအရာက ဘာကြီးလဲ"
မိုက်ကယ်က ဖုန်းကို ခဏချလိုက်ပြီး မြို့စားကတော်ရဲ့ အခန်းဆီကို အရိပ်ရွှေ့ပြောင်းပြီး ပြန်ရောက်လာခဲ့တယ်။
"ဒါကို ဖုန်းလို့ ခေါ်တယ်... ခင်ဗျား စောစောက မြင်ခဲ့တဲ့အတိုင်းပဲ၊ အကွာအဝေးကို ပမာဏမထားဘဲ တခြားဖုန်းတစ်ခုရှိတဲ့ ဘယ်သူ့ကိုမဆို ဗီဒီယိုကောလ်ခေါ်လို့ရတယ်၊ စာရိုက်လို့ရတယ်၊ မက်ဆေ့ချ်ပို့လို့ရတယ်... မှော်စွမ်းအင်ဖြစ်ဖြစ်၊ တန်ခိုးဖြစ်ဖြစ် မလိုအပ်ဘူး၊ သူ့ဟာသူ လည်ပတ်နိုင်စွမ်းရှိတယ်"
မြို့စားကတော်က ဖုန်းကို လက်ထဲယူလိုက်ပြီး သူမရဲ့ အိတ်ကပ်ထဲ ထည့်လိုက်တယ်။ "မင်း အံ့မခန်းဖြစ်စရာတစ်ခုကို ဖန်တီးလိုက်ပြန်ပြီပဲ" သူမရဲ့ ဗီရိုတွေဆီကို လျှောက်သွားရင်း သူမက ပြောလိုက်တယ်။
"ဟုတ်တယ်... ကျွန်တော် ဖန်တီးလိုက်တာ၊ အခုတော့ ဒါက ခင်ဗျားရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်သွားပြီ မဟုတ်လား၊ ခင်ဗျားအနေနဲ့ မက်ထရိုပိုလစ်ရဲ့ မြို့စားကတော်အဖြစ် အလုပ်တွေကို ဆက်လုပ်နိုင်သလို ခင်ဗျားမြေးတွေကိုလည်း လိုချင်တဲ့အချိန်တိုင်း မြင်တွေ့နိုင်ပြီလေ"
သူမ လမ်းလျှောက်နေတာကို ရပ်တန့်လိုက်ပြီး သူ့ကို ကြည့်လိုက်တယ်။ "ဒါက မင်း အကြံဉာဏ်တောင်းချင်တဲ့ ကိစ္စလား"
"ဟုတ်တယ်... ကျွန်တော် ဒါကို တစ်လုံးကို သဲဒင်္ဂါး တစ်သောင်းနဲ့ ရောင်းဖို့ စီစဉ်ထားတယ်၊ ဒါက ဈေးကောင်းပဲ မဟုတ်လား"
မြို့စားကတော်က ရပ်တန့်သွားပြီး သူမရဲ့ မျက်လုံးတွေက တွေးတောမှုထဲ နစ်ဝင်နေခဲ့တယ်။ "မင်း ဒါတွေကို အများကြီး ဖန်တီးနိုင်လား"
သူက ခေါင်းယမ်းလိုက်တယ်။ "မရသေးဘူး... ကျွန်တော် လုပ်နိုင်တဲ့တစ်နေ့ စက်ရုံတစ်ခု တည်ဆောက်ဖို့ စီစဉ်ထားတယ်၊ ဒါကြောင့် လောလောဆယ်မှာတော့ ဝယ်လိုအားကို မမီနိုင်သေးတာမို့ လူသိရှင်ကြား မကြေညာနိုင်သေးဘူး"
သူမက ခေါင်းညိတ်လိုက်ပြီးနောက် ဒူးထောက်ထိုင်ချကာ အံဆွဲကို ဖွင့်လိုက်တယ်။ အထဲမှာရှိတဲ့ ကျောက်မျက်ရတနာတွေနဲ့ ရွှေထည်ပစ္စည်းတွေကို မွှေနှောက်ရှာဖွေပြီးနောက် နောက်ဆုံးတော့ သူမက အိတ်ကြီးတစ်လုံးကို ဆွဲထုတ်လိုက်တယ်။
ပြီးတော့ အဲဒီအိတ်ကြီးကို ကိုင်ထားရင်း သူမက မိုက်ကယ်ဆီ လျှောက်လာပြီး သူ့ရှေ့မှာ ချပေးလိုက်တယ်။
"ဒါက သဲဒင်္ဂါး လေးသိန်းပဲ... ငါ ဖုန်းအလုံး ၂၀ လိုချင်တယ်" လို့ သူမက ပြောလိုက်တယ်။
မိုက်ကယ်က အိတ်ပေါက်ဝကနေတစ်ဆင့် လှမ်းကြည့်လိုက်ရာ အပေါ်အထိ ပြည့်လျှံနေပြီး တောက်ပစွာ လင်းလက်နေတဲ့ သဲဒင်္ဂါးတွေကို မြင်လိုက်ရတယ်။
ဒီလောက်တိုတောင်းတဲ့ အချိန်တိုလေးအတွင်းမှာ သူက သဲဒင်္ဂါး အမြောက်အမြားကို စုဆောင်းနိုင်ခဲ့တာပဲ။ မယုံနိုင်စရာပဲ။
"နေဦး... ဖုန်း အလုံး ၂၀ ကို လေးသိန်း ဟုတ်လား"
သူမက ခေါင်းညိတ်ပြလိုက်တယ်။ "ဟုတ်တယ်... မင်းကို ဒါတွေ ဖန်တီးဖို့ ဦးစားပေးစေချင်လို့ ဖုန်းတစ်လုံးကို သဲဒင်္ဂါး နှစ်သောင်း ပေးတာပဲ၊ ငါနဲ့ ငါ့မိသားစုကို အိတ်ကပ်ထဲမှာ ဖုန်းရှိတဲ့ ပထမဆုံးလူတွေ ဖြစ်စေချင်တယ်"
မိုက်ကယ်က ဒါကို ငြင်းဆန်မှာတော့ မဟုတ်ဘူး။ သူက အမြဲတမ်း သဲဒင်္ဂါးတွေ ပိုလိုချင်နေတာလေ။
ပြီးတော့ သူမကို ကျေးဇူးတင်စကား ပြောတော့မယ့်ဆဲဆဲမှာပဲ မြို့စားကတော်က သူ့ကို ရုတ်တရက် ဖက်ထားလိုက်တယ်။
အဲဒီနောက် သူမက တီးတိုးရေရွတ်လိုက်တယ်။ "ကျေးဇူးပါပဲ"
သူ လုပ်ပေးခဲ့တဲ့ အရာရဲ့ ပမာဏကို ငွေကြေးတန်ဖိုးနဲ့ တွက်ချက်လို့ မရနိုင်ဘူး။ ဒါပေမဲ့ ဒါက သူမ လုပ်ပေးနိုင်တဲ့ အနည်းဆုံး အရာပဲလေ။
စက္ကန့်အနည်းငယ်ကြာပြီးနောက် သူမက ဖက်ထားရာကနေ လွှတ်ပေးလိုက်ပြီး မျက်လုံးက မျက်ရည်တွေကို သုတ်လိုက်တယ်။
မိုက်ကယ်လည်း ခဏလောက် အနေရခက်သွားပြီးနောက် မေးလိုက်တယ်။ "ဒါဆို ခင်ဗျား အနားယူတော့မှာ မဟုတ်ဘူးပေါ့"
မြို့စားကတော်က ပြုံးလိုက်တယ်။ "ငါ အနားယူမှာပါ"
* * * * * * * *
စာစဉ်(၆၈)
အခန်း(၈၁၆)
"ဘာ"
"အင်း အဲဒါကို အနားယူတစ်ပိုင်းလို့ ငါ ခေါ်မယ်" လို့ မြို့စားကတော်က ပြင်ပြောလိုက်တယ်။
"ဘာလို့လဲ ဖုန်းနဲ့ ခင်ဗျားရဲ့ ပြဿနာကို ကျွန်တော် ဖြေရှင်းပေးပြီးပြီလို့ ထင်ခဲ့တာ" လို့ သူက စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်တယ်။
သူမက ခေါင်းယမ်းလိုက်တယ်။ "ငါ မင်းကို ပြောပြီးသားပါ ငါ့ရဲ့ နေ့ရက်တွေကို မြေးလေးတွေနဲ့အတူ ဖြတ်သန်းချင်တယ်လို့လေ ငါ သူတို့ကို မြင်ရုံသက်သက် မဟုတ်ဘဲ ဖက်ထားချင်တယ် သူတို့ရဲ့ ဆံပင်လေးတွေကို ဆော့ကစားချင်တယ် ပြီးတော့ သူတို့ရဲ့ ချစ်စရာအနမ်းလေးတွေကို ခံယူချင်တယ်"
အဲဒီနောက် သူမက အိတ်ကပ်ထဲကနေ ဖုန်းကို ထုတ်ယူလိုက်ပြီး ရိုးရှင်းတဲ့ ဒီဇိုင်းလေးကို သဘောကျစွာ ကြည့်လိုက်တယ်။
"ဒီဖုန်းက ငါ့အလုပ်ကိုလည်း လုပ်ရင်း မြေးတွေနဲ့လည်း အတူရှိနေနိုင်တယ်ဆိုတာကို သိသွားစေတယ် သူတို့နဲ့ ဝေးကွာနေမယ့်အစား ငါ့အလုပ်နဲ့ပဲ ဝေးကွာနေတော့မယ် ငါ့ရဲ့ အစေခံတွေကို ဒီဖုန်းနဲ့ ခေါ်ပြီး စီးပွားရေးကိစ္စတွေကို အဲဒီနည်းနဲ့ ဖြေရှင်းလို့ရတယ်"
မိုက်ကယ်က အဲဒါကို စဉ်းစားတောင် မစဉ်းစားမိခဲ့ဘူး။ သူမက သူ ဖြစ်စေချင်တာနဲ့ လုံးဝ ဆန့်ကျင်ဘက်ကို လုပ်ပစ်လိုက်တာပဲ။
ဖုန်းတစ်လုံးနဲ့ မိနစ်အနည်းငယ်လောက် အကျွမ်းတဝင်ရှိသွားရုံနဲ့ သူမက အိမ်ကနေ အလုပ်လုပ်မယ်ဆိုတဲ့ အကြံဉာဏ်ကို တစ်နည်းနည်းနဲ့ စဉ်းစားနိုင်ခဲ့တယ်။
"ဒါဆို မက်ထရိုပိုလစ်ကရော ဘယ်လိုလုပ်မလဲ နယူးစပါတာကရော" လို့ သူက နည်းနည်း စိတ်ဓာတ်ကျတဲ့ဟန်နဲ့ မေးလိုက်တယ်။
"သူတို့ ငါ့ကို မလိုအပ်တော့ဘူးဆိုတာ ငါ သိလိုက်ရပြီ သူတို့မှာ မင်း ရှိနေတယ်လေ"
မိုက်ကယ်က သူမကို နားမလည်နိုင်စွာ ကြည့်လိုက်တယ်။ "ဘာ"
"မင်းက တကယ်ကို အံ့မခန်းစရာတစ်ခုကို ဖန်တီးခဲ့တာပဲ ဒီဖုန်းက တော်လှန်ရေးတစ်ခုလိုပဲ ကမ္ဘာကြီးကိုပါ ပြောင်းလဲစေနိုင်တယ် ဒါပေမဲ့ ဒါက တစ်ကမ္ဘာလုံးကို ဂယက်ရိုက်သွားစေမယ့် မင်း ဖန်တီးခဲ့တဲ့ ပထမဆုံး တီထွင်မှုမျိုး မဟုတ်ဘူး အများကြီးထဲက တစ်ခုပဲ
မက်ထရိုပိုလစ်ဆိုတဲ့ သင်္ဘောကြီးကို ငါ ဦးကိုင်စရာ မလိုတော့ဘူး မင်းရဲ့ ပါရမီနဲ့တင် ဒါကို တွန်းတင်ပေးနေပြီပဲ တခြားသူတွေ ဒါကို မြင်လာဖို့ဆိုတာ အချိန်တစ်ခုပဲ လိုတော့တယ်"
သူမ ပြောလိုက်တဲ့ စကားတွေကို နားလည်အောင် ကြိုးစားရင်း မိုက်ကယ်တစ်ယောက် ထိုင်ခုံပေါ်ကို အရုပ်ကြိုးပြတ် ကျသွားခဲ့တယ်။
"ဒါပေမဲ့ မစိုးရိမ်ပါနဲ့ ငါ မက်ထရိုပိုလစ်ကို ဟိုကနေ ဒီကနေ ဆက်ပြီး ထောက်ပံ့ပေးသွားမှာပါ အစည်းအဝေးအတွက် ငါ့ကို လိုအပ်လာရင် ငါ ကိုယ်တိုင် သွားလိုက်မယ် ဒီဖုန်းအကြောင်းကို သတင်းဖြန့်ပေးဖို့လည်း ငါ ကူညီပေးမှာပါ တခြားသူတွေက ငါ သုံးနေတာကို မြင်ရင် သူတို့လည်း လိုချင်လာကြမှာပဲ"
အခြေခံအားဖြင့် မြို့စားကတော်ရဲ့ အနားယူတစ်ပိုင်းဆိုတာ အချိန်အများစုမှာ သူမက ဘေးထွက်နေပြီး မိုက်ကယ်နဲ့ တခြားကုမ္ပဏီတွေကို သူတို့ လိုချင်တဲ့နေရာဆီ ဦးဆောင်ခွင့်ပေးလိုက်တာကို ဆိုလိုတာပဲ။ သူမက တကယ် လိုအပ်တဲ့ အထူးအခါသမယတွေမှာသာ ထွက်ပေါ်လာတော့မှာ။
အဲဒါကြောင့်လည်း သူမက ဖုန်းအလုံး နှစ်ဆယ် ဝယ်ခဲ့တာပဲ။ သူမရဲ့ အစေခံတွေကိုနဲ့ မက်ထရိုပိုလစ်ကို အဝေးကနေ စီမံခန့်ခွဲနိုင်ဖို့ အဲဒီဖုန်းအများစုကို အစေခံတွေဆီ ပေးချင်နေတာလေ။
"ကျွန်တော် ဒါကို မျှော်လင့်ထားသင့်တာ" လို့ သူက တီးတိုးရေရွတ်လိုက်တယ်။
ရီနေးတားမှာ နေချင်တာကြောင့် တော်ဝင်မျိုးနွယ်တစ်ယောက် ရုတ်တရက် အနားယူသွားတာက ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ဘူး။ ဒါပေမဲ့ မြို့စားကတော်က မက်ထရိုပိုလစ်အတွက် အရမ်းအရေးကြီးတာမို့ သူမရဲ့ သရဖူကို စွန့်လွှတ်လိုက်ဖို့ လုံးဝ မဖြစ်နိုင်ဘူးလို့ သူ ထင်ခဲ့မိတာ။
"မင်း ဒါကို ပျော်နေသင့်တာ" လို့ ပြောရင်း သူမက သူ့ကျောကို ပုတ်လိုက်တယ်။
"ကျွန်တော်က ပျော်ရမှာလား"
"ဟုတ်တယ်လေ မင်း မက်ထရိုပိုလစ်ဆီကို ဆက်ပြီး နယ်မြေချဲ့ထွင်နိုင်တော့မှာပေါ့ အဲဒီနေရာကို မင်းရဲ့ ရွှေလမ်းမကြီးထဲက အစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲနိုင်ပြီလေ အဝေးပြေးလမ်းမတွေ၊ ရထားလမ်းတွေ၊ ရေပိုက်လိုင်းတွေ၊ လျှပ်စစ်ကွန်ရက်တွေ အရာအားလုံးကို မင်း ဖန်တီးနိုင်တော့မှာ"
သူက သူမကို စွေကြည့်လိုက်တယ်။ "အဲဒါ ကျွန်တော့်အတွက် အလုပ်တွေ ပိုများသွားတာလေ"
"ဟားဟားဟား အင်း မင်းရဲ့ ရွှေလမ်းမကြီးကို ချဲ့ထွင်ချင်တယ်ဆိုရင်တော့ အဲလိုပဲ ဖြစ်မှာပေါ့ တကယ်လို့ မင်းက ဒီအခွင့်အရေးကို အသုံးချပြီး မက်ထရိုပိုလစ်ကို မင်းရဲ့ နယ်မြေအဖြစ် ပြောင်းလဲနိုင်မယ်ဆိုရင် ကွင်းစ်နယ်မြေရဲ့ အထက်တန်းလွှာအဆင့်တွေဆီ တက်လှမ်းနိုင်ဖို့ မင်း လမ်းကြောင်းပေါ် ရောက်နေပြီပဲ"
"အထက်တန်းလွှာအဆင့်တွေ" လို့ သူက စူးစမ်းလိုစိတ်နဲ့ မေးလိုက်တယ်။
"အင်း မက်ထရိုပိုလစ်ရဲ့ မြောက်ဘက်ကို ဆက်သွားရင် ကုမ္ပဏီကြီးတွေရဲ့ နယ်မြေတွေကို တွေ့ရလိမ့်မယ် သူတို့က မင်းရဲ့ တကယ့်ပြိုင်ဘက်တွေပဲ အဲဒါက မင်းရဲ့ နောက်ဆုံးပန်းတိုင်ပဲ"
မိုက်ကယ်က သူ့ခံစားချက်တွေထဲ နစ်မြုပ်နေတာကြောင့် ပိုကြီးမားတဲ့ မြင်ကွင်းကို ကြည့်ဖို့ လုံးဝ မေ့သွားခဲ့တယ်။
သူ ဒီလိုတွေ လုပ်နေတာက ရီနေးတားရဲ့ အတွေးအခေါ်တွေကို တစ်ကမ္ဘာလုံးကို ဖြန့်ဝေချင်လို့လေ။ ပြီးတော့ အဲဒါကို လုပ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ရွှေလမ်းမကြီးကို အပြီးသတ်နိုင်မှပဲ။
သူက မက်ထရိုပိုလစ်ကို သူ့ရဲ့ နယ်မြေချဲ့ထွင်မှုမှာ နောက်ထပ်နယ်မြေ ဖြစ်လာဖို့ မျှော်လင့်ချက်နဲ့ လာခဲ့တာ။
ဒါပေမဲ့ ဒီလောက် မြန်မြန်ဆန်ဆန် ဖြစ်လာလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။ မြို့စားကတော်က အခု မက်ထရိုပိုလစ်ကို အုပ်ချုပ်ခွင့် သူ့ဆီ အခြေခံအားဖြင့် လွှဲပြောင်းပေးနေပြီပဲ။
ပထမတော့ သူမ အနားယူချင်လို့ ခက်ခဲတဲ့ အလုပ်တွေအားလုံးကို သူ့ဆီ လွှဲချနေတယ်လို့ သူ ထင်ခဲ့ပေမဲ့ သေချာပြန်စဉ်းစားကြည့်တော့ သူမက သူမနေရာကို ယူဖို့ သူ့ကို တွန်းအားပေးနေတာပဲ။ အဲဒါက သိမ်မွေ့တဲ့ တွန်းအားပေးမှုမျိုးတောင် မဟုတ်ဘူး အတင်းကို တွန်းပို့နေတာ။
"အဲဒါကြောင့် မင်း နယူးစပါတာမှာ စွမ်းဆောင်ရည်ကောင်းဖို့ ပိုပြီး အရေးကြီးတာ ထိပ်ဆုံးနေရာကနေ ကျဆင်းသွားတဲ့ နယ်မြေတစ်ခုကို အုပ်ချုပ်ရတာက ဘာများ ကောင်းမှာလဲ"
တကယ်လို့ မက်ထရိုပိုလစ်သာ နယူးစပါတာမှာ သူတို့ရဲ့ ထိပ်ဆုံးနေရာကို ဆက်ပြီး ထိန်းသိမ်းထားနိုင်ပြီး မိုက်ကယ်က အဲဒါကို သူ အောင်နိုင်တဲ့ နယ်မြေတစ်ခုအဖြစ် ခိုင်မာအောင် လုပ်နိုင်ခဲ့ရင် တော်ဝင်တိုက်ကြီးရဲ့ အထက်တန်းလွှာအဆင့်ကို ရောက်တဲ့အခါ သူ ပိုပြီး လေးစားခံရမယ့် အရည်အချင်းတွေ ရရှိလာလိမ့်မယ်။
ကုမ္ပဏီကြီးတွေက သူ့ကို အထင်ကြီးလာပြီး သူတို့နဲ့တန်းတူအဖြစ် ဆက်ဆံရတော့မှာလေ။
"အခု သဘောပေါက်ပြီလား မိုက်ကယ်"
မိုက်ကယ်က ခေါင်းညိတ်လိုက်ပေမဲ့ သူ့မျက်လုံးတွေကတော့ အဝေးတစ်နေရာကို ငေးမောနေဆဲပဲ။
"ကျွန်တော်... ကျွန်တော် အဲလို ထင်ပါတယ်"
"ကောင်းတယ်" လို့ မြို့စားကတော်က အော်ပြောလိုက်တယ်။ "ကဲ သွားပြီး အဲဒီဖုန်းတွေ ငါ့အတွက် လုပ်ပေးတော့ ငါ့မြေးတွေအားလုံးနဲ့ အမြန်ဆုံး စကားပြောချင်နေပြီ"
မိုက်ကယ်က ခေါင်းညိတ်လိုက်တယ်။ သူ ထွက်သွားဖို့ လှည့်လိုက်ပေမဲ့ သူမက တားလိုက်ပြီး အကူအညီတစ်ခု တောင်းခဲ့တယ်။
"ငါ့ကို ရီနေးတားဆီ အရိပ်ရွှေ့ပြောင်းပေးဖို့ ကူညီပါလား"
သူက သူမကို ပါးစပ်အဟောင်းသားနဲ့ စိုက်ကြည့်နေမိတယ်။ သူ့အပေါ် ဘာကြိုတင်သတိပေးမှုမှ မရှိဘဲ လေးလံတဲ့ တာဝန်ကြီးကို ချထားပေးပြီးမှ ဒီလောက် ရဲတင်းနေတာကို သူ မယုံနိုင်အောင် ဖြစ်နေတာ။
ဒါပေမဲ့ သူ ဘာလုပ်နိုင်မှာလဲ သူမကို ငြင်းရမှာလား သူမက သူ့ကို မက်ထရိုပိုလစ်ကို ပေးလိုက်တာလေ။
လက်တစ်ချက် အသံမြည်အောင် တီးလိုက်တာနဲ့ အရိပ်တစ်ခုက မြို့စားကတော်ကို ဖုံးလွှမ်းသွားပြီး စက္ကန့်ပိုင်းအတွင်း ရီနေးတားဆီ ရွှေ့ပြောင်းပေးလိုက်တယ်။ သူမ မထွက်သွားခင် သူ့ကို မျက်စိတစ်ဖက် မှိတ်ပြပြီး အဝေးကနေ အနမ်းပေးသွားတာကိုတော့ သူက လျစ်လျူရှုလိုက်တယ်။
ဒါက ကြီးမားတဲ့ ရဲတိုက်ကြီးထဲမှာ မိုက်ကယ်တစ်ယောက်တည်း ကျန်ခဲ့စေတော့တယ်။
'ငါ အခု ဒီနေရာမှာ နေရတော့မလား'
ဒီလောက် ကြီးမားတဲ့ နေရာကြီး လူသူကင်းမဲ့နေရင် နှမြောစရာကြီး။ မြို့စားကတော်ကလည်း မကြာခင်အချိန်အတွင်း သေချာပေါက် ပြန်လာမှာ မဟုတ်ဘူးလေ။
'ငါ အဲဒါကို မစဉ်းစားချင်တော့ဘူး'
သူက နယ်မြေကိစ္စတွေအကြောင်း တွေးနေတာကို ဖယ်ထားလိုက်ပြီး တကယ့် လက်တွေ့အချက်အလက်တွေအပေါ်မှာပဲ အာရုံစိုက်လိုက်တယ်။
သူ့ခြေထောက်နားက အရိပ်က ရှည်ထွက်လာပြီး သူ့ရှေ့မှာရှိနေတဲ့ သဲဒင်္ဂါးအိတ်ကြီးကို ဖုံးလွှမ်းသွားခဲ့တယ်။
တွက်ချက်ကြည့်လိုက်တဲ့အခါ ပြီးခဲ့တဲ့အပတ်ကထက် သဲဒင်္ဂါး ၆၀၀,၀၀၀ ပိုချမ်းသာလာမှန်း သူ သိလိုက်ရတယ်။ အတိအကျပြောရရင် ၆၆၁,၅၂၃ ပေါ့။
သူက သူ့အိမ်ဆီ ပြန်လည်ရွှေ့ပြောင်းလိုက်ပြီး ကုတင်ပေါ်လှဲချရင်း အဲဒီကိန်းဂဏန်းအကြောင်း တွေးနေခဲ့တယ်။
'ဒါနဲ့ ဒရုန်းအသေး ၆၆ စင်း ဝယ်လိုက်ရမလား'
အဲဒီအတွေးက သူ့ကို ဆွဲဆောင်နိုင်ပေမဲ့ သူ့ရဲ့ သဲဒင်္ဂါးတွေအားလုံးကို သုံးဖို့ ပိုကောင်းတဲ့ နည်းလမ်းတွေ သေချာပေါက် ရှိနေသေးတယ်။
ဒါပေမဲ့ အဲဒီအချိန်မှာ နောက်ထပ် အတွေးတစ်ခု ဝင်လာခဲ့တယ်။ သူသာ သဲဒင်္ဂါးတွေ ပိုရှာနိုင်ပြီး သူ လိုအပ်တာတွေ အားလုံး ဝယ်နိုင်ရင် ဘာဝယ်ရမလဲဆိုတာကို ဘာလို့ ပူပန်နေရမှာလဲ။
'ဖုန်း ၄၀ နဲ့ ညီမျှတာကို ရောင်းပြီးတာတောင် ငါ ဒီလောက် ရခဲ့တာ ဖုန်း အလုံး တစ်ထောင်သာ ရောင်းရမယ်ဆိုရင် ဒါဆိုရင်...'
သူက ချက်ချင်းပဲ ခေါင်းယမ်းလိုက်တယ်။ အဲဒါတွေကို ဘယ်လို သေချာ ထုတ်လုပ်ရမလဲဆိုတာတောင် မစဉ်းစားရသေးဘဲ အဲဒီအကြောင်းတွေ တွေးနေလည်း အလကားပဲလေ။ မြို့စားကတော်ကို ပေးရမယ့် ဖုန်း အလုံး ၂၀ ကိုတောင် သူ မလုပ်ရသေးဘူး။
လောလောဆယ်တော့ သူ ကိုယ်တိုင် လုပ်ပြီး အဲဒီနည်းနဲ့ ရောင်းနိုင်တယ်။ ဒါပေမဲ့ အဲဒါက ရေရှည်မှာ အဆင်မပြေနိုင်ဘူး။
သူ စက်ရုံတစ်ခု လိုအပ်တယ်။
ဒါပေမဲ့ အဲဒါကို လုပ်ဖို့ သူ မေးခွန်းနှစ်ခုကို ဖြေဆိုဖို့ လိုအပ်တယ်။ ပထမတစ်ခုက ထုတ်လုပ်ရေးအတွက် အဲဒီလောက်များတဲ့ မီသရယ်တွေကို သူ ဘယ်လို ရယူမလဲ။ ဒုတိယက သဟဇာတ စွမ်းအင်အရင်းအမြစ်တွေကို သူ ဘယ်လို ထုတ်လုပ်မလဲ ဆိုတာပဲ။
* * * * * * * *