← Chapters

အခန်း (၈၁၇-၈၁၈)

Vol. 69 Ch. 817-818

အခန်း (၈၁၇-၈၁၈)

Vol. 69 Ch. 817-818

အခန်း(၈၁၇)

ပထမမေးခွန်းကို ဖြေရတာ လွယ်ကူခဲ့တယ်။

ဘာပဲဖြစ်ဖြစ် သူက လူပုနိုင်ငံတော် က သူ့ရဲ့ မဟာမိတ်တွေဆီ အကူအညီ တောင်းလို့ ရနေတာပဲလေ။ သမိုင်းကြောင်းအရ သူတို့က မီသရယ် ဖန်တီးတဲ့နေရာမှာ အကျွမ်းကျင်ဆုံးသူတွေပဲ။ သူတို့က အဲဒီပညာရပ်ကို မေ့ပျောက်သွားခဲ့တာ။ ဒါပေမဲ့ သူ့ကျေးဇူးနဲ့ သူတို့က ဒါကို ဘယ်လိုပြန်ဖန်တီးရမလဲဆိုတာ ဖြည်းဖြည်းချင်း ပြန်သင်ယူနေကြပြီမို့ စက်ရုံတစ်ရုံကို လည်ပတ်နိုင်ဖို့ လုံလောက်မယ်လို့ မျှော်လင့်ရတယ်။

ဒုတိယမေးခွန်းကို ဖြေဖို့ကတော့ နည်းနည်း ပိုခက်ခဲတယ်။

သူတစ်ယောက်တည်းကသာ သဟဇာတ စွမ်းအင်အရင်းအမြစ် တွေကို ဘယ်လိုဖန်တီးရမလဲဆိုတာ သိတာလေ။ တခြားဘယ်သူမှ မလုပ်နိုင်ဘူး။

စဉ်းစားပြီးတဲ့နောက် သူ့မှာ ဖြေရှင်းစရာ နည်းလမ်းတစ်ခုပဲ ရှိတော့တယ်။

သူက မျက်လုံးတွေကို မှိတ်လိုက်ပြီး သူ့ကိုယ်ပွားကို ထွက်လာဖို့ အမိန့်ပေးလိုက်တယ်။

သူ့ခေါင်းထိပ်ကနေ ခန္ဓာကိုယ်အထိ ရောင်စုံအလင်းတန်း ဒေါင်လိုက်မျဉ်းတစ်ခု ပေါ်လာခဲ့တယ်။ ပြီးတော့ အဲဒါက ကျယ်လာပြီး သဟဇာတ ပုံရိပ်တစ်ခု အပြင်ကို ထွက်လာခဲ့ကာ မိုက်ကယ်က ဆဲလ်ပွားတာကို အတုယူထားသလိုမျိုး ဖြစ်နေစေတယ်။

သူ့ရဲ့ သဟဇာတကိုယ်ပွား တစ်ခုက သူ့ရှေ့ကို ထွက်လာခဲ့ပြီး ခန္ဓာကိုယ်ပတ်လည်က ရောင်စုံအလင်းတန်းက ဖြည်းဖြည်းချင်း မှေးမှိန်သွားကာ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်တွေနဲ့ တစ်ထပ်တည်းကျတဲ့ မိတ္တူတစ်ခုကို ပြသလိုက်တယ်။

"လောလောဆယ်တော့ မင်းက သဟဇာတ စွမ်းအင်အရင်းအမြစ် ဖန်တီးတဲ့ကိစ္စကို တာဝန်ယူရမယ်လို့ ထင်တယ်" လို့ သူက ပြောလိုက်တယ်။

ဒီ သဟဇာတကိုယ်ပွား တစ်ခုတည်းကသာ ရင်ဘတ်ထဲမှာ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်း မရှိတာလေ။

ဒီ သဟဇာတကိုယ်ပွား ကို သူ့ရဲ့ နောက်ဆုံးအရေးပေါ်ထွက်ပေါက်အဖြစ် ထားဖို့ သူ ဆုံးဖြတ်ထားပြီးသားပဲ။ အဲဒါက ရီနေးတားနိုင်ငံ ထဲမှာပဲ နေနေမှာဖြစ်ပြီး တကယ်လို့ သူ အန္တရာယ်တစ်ခုခုနဲ့ ကြုံလာရရင် အဲဒီကို ချက်ချင်း နေရာရွှေ့ပြောင်းနိုင်ဖို့ လုံခြုံတဲ့နေရာတစ်ခုအဖြစ် ရှိနေမှာလေ။

ပြီးတော့ ဒီမှာ နေနေတဲ့အချိန်အတွင်း ဘာမှလုပ်စရာမရှိတာမို့ ကာယလုပ်အားလေး နည်းနည်းပါးပါး လုပ်ပေးမယ်ဆိုရင်လည်း မနာဘူးလေ။

"ဒါပေမဲ့ မင်းရဲ့မျက်နှာကို ပြောင်းလိုက်ကြရအောင်၊ လူတိုင်းက မင်းကို ငါ့ကိုယ်ပွားမှန်း သိနေရင် အရေးပေါ်ထွက်ပေါက် ဖြစ်လာမှာ မဟုတ်ဘူး"

နိုဗာ ဆီကနေ မှော်ကျင့်စဉ် ကို ရိုးရှင်းစွာ ပြောင်းလဲလိုက်တာနဲ့ ကိုယ်ပွားရဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်တွေက စတင်ပြောင်းလဲလာခဲ့တယ်။ မျက်နှာတစ်ခုတည်း မဟုတ်ဘဲ ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ အသားအရောင်ကပါ ပြောင်းလဲသွားတာလေ။

သူ့ခြေထောက်အောက်မှာ မှော်စက်ဝိုင်းတစ်ခု ပေါ်လာတာနဲ့အမျှ သဟဇာတကိုယ်ပွား က ရောင်စုံအလင်းတန်းတွေ တောက်ပလာခဲ့တယ်။ သူ့ရဲ့ စူးရှတဲ့ အသွင်အပြင်တွေက ပိုပြီး ပြေပြစ်လာကာ မတူညီတဲ့ ပုံစံတစ်ခုအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့တယ်။

စက္ကန့်အနည်းငယ်အကြာမှာတော့ ရောင်စုံအလင်းတန်းတွေ လျော့ကျသွားပြီး လုံးဝကွဲပြားတဲ့ လူတစ်ယောက်အသွင်ကို ပြသလိုက်တယ်။

အခုတော့ သူက အသက်နှစ်ဆယ်နှောင်းပိုင်းအရွယ်၊ ကြမ်းတမ်းတဲ့ ရုပ်ရည်နဲ့ နေလောင်ထားတဲ့ အသားအရောင်ရှိတဲ့ အမျိုးသားတစ်ယောက် ဖြစ်နေပြီ။ သူက မိုက်ကယ် နဲ့ လုံးဝ ကွဲပြားသွားခဲ့တယ်။

"မင်းကို အယ်လ်ဖာ လို့ပဲ ခေါ်ကြတာပေါ့" လို့ သူက ပြောလိုက်တယ်။

သူက သူ့ရဲ့ တခြားကိုယ်ပွား လေးခုအတွက်ပါ နာမည်အသစ်တွေ ရွေးပေးလိုက်တယ်။ သူတို့နာမည်တွေကတော့ ဘရာဗို၊ ချာလီ၊ ဒယ်လ်တာ နဲ့ အီကို တို့ပဲ ဖြစ်တယ်။

(TR Note: NATO Phonetic Alphabet တွေဖြစ်တဲ့ Alpha, Bravo, Charlie, Delta, Echo ဆိုပြီးပေးထားတာဖြစ်ပါတယ်)

ထို့နောက် သူက အယ်လ်ဖာ ကို သဟဇာတ စွမ်းအင်အရင်းအမြစ် တွေ ချက်ချင်း စတင်ထုတ်လုပ်ဖို့ စီစဉ်ပေးလိုက်တယ်။ ဒီနည်းအားဖြင့် ဖုန်းစက်ရုံ ကို စီစဉ်ပြီးတာနဲ့ လုံလောက်တဲ့ ပမာဏတစ်ခု အဆင်သင့် ရှိနေမှာလေ။

အယ်လ်ဖာ တစ်ယောက် လက်နှစ်ဖက်စလုံးနဲ့ သဟဇာတ အစုအဝေးတွေကို စတင်ဖန်တီးနေချိန်မှာပဲ သူက အယ်လ်ဖာ ကို တစ်ယောက်တည်း ထားခဲ့လိုက်တယ်။

တစ်ချိန်တည်းမှာပဲ သူက လူပုနိုင်ငံတော် ကို နေရာရွှေ့ပြောင်းသွားပြီး လူပုဘုရင် ဘီရူး ကို ရှာဖွေကာ မီသရယ် ထုတ်လုပ်ဖို့ အကူအညီတောင်းရန် ဆုံးဖြတ်လိုက်တယ်။ စက်ရုံအတွက် ထုတ်လုပ်ရမယ့် ပမာဏနဲ့ဆိုရင် ရီနေးတား လူပုတွေ ချည်းပဲ သီးသန့် မလုပ်နိုင်ဘူးလေ။

လူပုနိုင်ငံတော် ရဲ့ ဆင်ခြေဖုံးမှာတော့ မိုက်ကယ် တစ်ယောက် ခရီးဆုံးကို ရောက်ရှိသွားတာနဲ့ မြေကြီးထဲကနေ အရိပ်အမိုးခုံးတစ်ခု ထွက်ပေါ်လာခဲ့တယ်။

သူက ဘီရူး ရဲ့ ရဲတိုက် ထဲကို တိုက်ရိုက် နေရာရွှေ့ပြောင်းသွားလို့ ရပေမဲ့ သူက တိုင်းပြည်တစ်ခုလုံးကို အရင်မြင်ချင်ခဲ့တာလေ။

သူ ဒီနေရာကို လာလည်ခဲ့တာ နှစ်အနည်းငယ်ပဲ ရှိသေးပေမဲ့ အဲဒီအချိန်ကတည်းကစပြီး အများကြီး ပြောင်းလဲသွားခဲ့ပြီ။

သူ ဘယ်ဘက်ကို ကြည့်လိုက်တော့ မြေပြိုမှုအောက်မှာ ပိတ်မိနေခဲ့တဲ့ လူပုတွေ နဲ့ သူ ပထမဆုံး တွေ့ဆုံခဲ့တဲ့ ရွာလေးကို မြင်လိုက်ရတယ်။

အခုတော့ အပျက်အစီးတွေ တစ်ခုမှ မကျန်တော့ဘူး။ အဲဒီအစား ရီနေးတားနိုင်ငံ ကနေ တင်သွင်းလာတဲ့ ကွန်ကရစ်တွေနဲ့ တည်ဆောက်ထားတဲ့ စည်ကားလှတဲ့ ခေတ်မီမြို့လေးတစ်မြို့နဲ့ အစားထိုးထားတာလေ။ တခြားတစ်ဖက်ကို ဖြတ်သန်းသွားပြီး တိုင်းပြည်ရဲ့ ပင်မ ရဲတိုက် ဆီအထိ ရောက်ရှိသွားတဲ့ ရထားလမ်းကိုတောင် သူ မြင်လိုက်ရသေးတယ်။

သူ ရှေ့ကို ဆက်ပျံသန်းသွားတော့ ပတ်ဝန်းကျင်မှာ ခေတ်မီအဆောက်အအုံတွေ ပိုများလာတာကို မြင်တွေ့လိုက်ရတယ်။

ပြီးတော့ သူ့ကို အံ့သြသွားစေတာက အဆောက်အအုံတွေကို လူပု ဗိသုကာလက်ရာတွေနဲ့ချည်း တည်ဆောက်ထားတာ မဟုတ်တာပဲ။ လူသားတွေရဲ့ ဒီဇိုင်းတွေလည်း ပါဝင်နေတယ်။ လူသားတွေ၊ လူပုတွေ နဲ့ လူတစ်ပိုင်းသတ္တဝါ တွေ အချင်းချင်း ရောနှောနေကြပြီး သပ်ရပ်တဲ့ လူမှုအသိုက်အဝန်းတစ်ခုကို ဖန်တီးထားတာကို သူ မြင်တွေ့လိုက်ရတာပဲ။

လူတိုင်းနဲ့ အဆက်အသွယ်ဖြတ်ပြီး သီးသန့်နေထိုင်တတ်တယ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လူပုနိုင်ငံတော် ကြီးက အခုတော့ နိုင်ငံခြားသားတွေကို လက်ခံနေပြီလေ။ သူတို့အများစုက ရီနေးတားနိုင်ငံ က ဖြစ်ကြပေမဲ့ ဒါက အများကြီး တိုးတက်လာတဲ့ အနေအထားပဲ။

သူ ပင်မတိုင်းပြည်ထဲ ဝင်ရောက်သွားတဲ့အခါမှာလည်း ဒီလိုပုံစံမျိုးတွေကို ထပ်မြင်ရပြီး ပိုတောင် များနေသေးတယ်။ လူပုတွေ ရဲ့ မြို့တော်ကြီးက ခရီးသွားဧည့်သည် တွေနဲ့ ဧည့်သည်တွေအတွက် အချက်အချာကျတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပြီ။ ပြီးတော့ လူပုတွေ ကလည်း သူတို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတာပဲ။

သူတို့ရဲ့ အရက်ဆိုင်တွေက ပုံမှန်ထက် ပိုကြီးလာပြီး လူသားတွေကိုပါ အထဲဝင်ခွင့် ပြုထားတာက ဒီအချက်ကို ပိုပြီး သိသာထင်ရှားစေတယ်။

လူပု တစ်ယောက်က သူ့ရဲ့အရက်ကို မင်းနဲ့ မျှသောက်ပြီဆိုရင် မင်း သူနဲ့ သူငယ်ချင်းဖြစ်နေပြီဆိုတာ သိနိုင်တာပေါ့။

စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက် ခပ်လှမ်းလှမ်းဆီကနေ စိတ်လှုပ်ရှားစွာ အော်ဟစ်အားပေးနေတဲ့ အသံတွေကို သူ ကြားလိုက်ရတယ်။

သူ အပေါ်ကို ပျံတက်ကြည့်လိုက်တော့ လူပုနိုင်ငံတော် ရဲ့ အလယ်ဗဟိုမှာရှိတဲ့ ပေါက်ကွဲနိုင်တဲ့ မီးတောင်ဘေးကပ်လျက်မှာ တည်ဆောက်ထားတဲ့ ဘဲဥပုံစံ အားကစားကွင်းကြီးတစ်ခုကို မြင်လိုက်ရတယ်။ ပြီးတော့ သေချာတာပေါ့၊ သူတို့က ဘေ့စ်ဘောကလွဲပြီး ဘာကစားနေကြမှာမို့လို့လဲ။

ပန်းပဲဖိုတွေ၊ အရက်ဆိုင်တွေနဲ့ လူနေအဆောက်အအုံတွေအားလုံးက ရီနေးတားနိုင်ငံ ရဲ့ လျှပ်စစ်ဓာတ်အားပေးစနစ်နဲ့ ချိတ်ဆက်ထားတဲ့ လျှပ်စစ်ကြိုးတွေကနေတစ်ဆင့် ရရှိတဲ့ ဖန်တီးထားတဲ့ အလင်းရောင်တွေနဲ့ လင်းထိန်နေခဲ့တယ်။

လူပုနိုင်ငံတော် အတွင်းက အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ။ သူတို့က ရီနေးတားသားတွေ ရဲ့ နေထိုင်မှုပုံစံတွေကို အတုယူ ကျင့်သုံးနေကြတာလေ။

ဒါကိုမြင်ပြီးတဲ့နောက် နည်းနည်းလေးမှ ဂုဏ်ယူမနေဘူးလို့ မိုက်ကယ် ပြောခဲ့ရင် သူ လိမ်ပြောတာပဲ ဖြစ်လိမ့်မယ်။ ဒါက လူပုတွေ နဲ့ သူ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ ရလာတဲ့ တိုက်ရိုက်ရလဒ်လေ။ သူတို့က သူ့ကို ကူညီခဲ့ကြသလို သူကလည်း သူတို့ကို ပြန်ကူညီခဲ့တယ်။ ဒါက သူတို့ နှစ်ဖက်စလုံးရဲ့ နယ်မြေတွေကို အချိန်တိုလေးအတွင်းမှာ ဒီလောက်အထိ တိုးတက်စည်ပင်လာစေခဲ့တာပဲ။

အခုလည်း သူက လူပုနိုင်ငံတော် ထဲကို ပိုပြီးကြီးမားတဲ့ စီးပွားရေးအလားအလာတွေ ယူဆောင်လာပေးဖို့ စီစဉ်နေခဲ့တာလေ။

သူက ရဲတိုက် ရဲ့ အရှေ့ဘက်လှေကားထစ်တွေဆီ လျှောက်သွားလိုက်တော့ လူပု အစောင့်တွေက သူ့ကို ချက်ချင်း မှတ်မိသွားကြပြီး ပြုံးရွှင်တဲ့မျက်နှာတွေနဲ့ သူ့ဆီ ချက်ချင်း အုံအလာကြတယ်။

"သခင် မိုက်ကယ်၊ မတွေ့ရတာ ကြာပြီနော်"

"ကျွန်တော်တို့ရဲ့ ဘေ့စ်ဘောကွင်းကြီးကို တွေ့ပြီးပြီလား သခင်၊ မိုက်တယ်မလား"

သူကလည်း သူတို့အားလုံးကို ပြန်လည်နှုတ်ဆက်လိုက်ပြီး ဘေ့စ်ဘောပွဲမှာ ရီနေးတားသားတွေ က သူတို့ လူပု အသင်းကို အနိုင်ယူဦးမှာပဲဆိုပြီး နောက်ပြောင်လိုက်သေးတယ်။

သူတို့ရဲ့ ခင်မင်ရင်းနှီးစွာ နောက်ပြောင်နေမှုတွေက ရဲတိုက် တံခါးကြီး ပွင့်လာပြီး တရားဝင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ လူပု တစ်ယောက် အပြင်ကို ကမန်းကတန်း ထွက်လာချိန်ကျမှ ရပ်တန့်သွားခဲ့တယ်။

"ဆာ မိုက်ကယ်"

အဲဒီ လူပု က လူပုဘုရင် ရဲ့ ကိုယ်ရေးကိုယ်တာ အစေခံတွေထဲက တစ်ယောက်ဆိုတာ မိုက်ကယ် မှတ်မိလိုက်တယ်။

"ကျွန်တော်တို့ တိုင်းပြည်ကနေ လှိုက်လှဲစွာ ကြိုဆိုပါတယ် အရှင် မိုက်ကယ်၊ ကျေးဇူးပြုပြီး အထဲကို ဝင်ပါခင်ဗျာ"

မိုက်ကယ် လည်း သဘောတူလိုက်ပြီး လူပု နောက်ကနေ ရဲတိုက် ရဲ့ အတွင်းဘက်ဆီ လိုက်သွားခဲ့တယ်။ အဲဒီနောက် သူ့ကို သူ့လို လူသားတွေအတွက် သီးသန့်ဖန်တီးထားတဲ့ ဧည့်ခန်းဆီကို ခေါ်ဆောင်သွားခဲ့တယ်။

သူ ထိုင်လိုက်တာနဲ့ လူပု အမျိုးသမီးတစ်ယောက်က သူတို့ကိုယ်တိုင် ချက်လုပ်ထားတဲ့ အယ်လ်ကိုဟောမပါတဲ့ ဘီယာတစ်ခွက်ကို လာချပေးတယ်။ သောက်ရတာ တော်တော်လေး အရသာရှိတယ်။

"ဘာကိစ္စများ ရှိလို့ လာခဲ့တာလဲ အရှင် မိုက်ကယ်"

"ဘီရူး ရှိလား၊ ငါ သူ့ကို တိုင်ပင်ချင်တဲ့ စီးပွားရေးအဆိုပြုချက်တစ်ခု ရှိလို့ပါ"

"လူပုဘုရင် လား၊ ကံမကောင်းစွာနဲ့ပဲ သူ ထွက်သွားပြီ" လို့ လူပု က ခေါင်းယမ်းရင်း ပြောလိုက်တယ်။

"ဘယ်ကိုလဲ"

"နယူးစပါတာ ကိုပါ" လို့ လူပု က ဖြေလိုက်တယ်။

ဒါက အံ့ဩစရာကောင်းတယ်။ လူပုဘုရင် က သူ့တိုင်းပြည်ထဲကနေ ဒီလောက်အဝေးကြီး ထွက်သွားလိမ့်မယ်လို့ သူ တစ်ခါမှ မတွေးဖူးခဲ့ဘူးလေ။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် သူတို့က သူတို့ရဲ့ တံတိုင်းတွေအပြင်ဘက် တစ်လက်မလောက်လေးတောင် ထွက်လာမှာ မဟုတ်ဘူး။

"သူက ဘာလို့ နယူးစပါတာ ကို သွားရတာလဲ"

လူပု က သက်ပြင်းချလိုက်ပြီး ခေါင်းယမ်းလိုက်တယ်။ သူ့နောက်မှာတော့ ဘီရူး ရဲ့ တခြားအစေခံတွေကလည်း သူတို့ရဲ့ စိတ်ပျက်နေမှုကို ထုတ်ဖော်ပြသနေကြတယ်။

"ဟား... ကျွန်တော်တို့လည်း မသိဘူး။ ဒါပေမဲ့ သူ့အကြောင်းသိတဲ့အတိုင်း သူကိုယ်တိုင် ယဉ်ကျေးမှုအသစ်တစ်ခုကို ခံစားကြည့်ချင်တာ နေမှာပါ။ ကျွန်တော်တို့ သူ့ကို တားဖို့ ကြိုးစားသေးတယ်၊ ဒါပေမဲ့ သူက ကျွန်တော်တို့ကို သဘောတူလာအောင် ဖိအားပေးနိုင်ခဲ့တယ်"

"ဘယ်လိုမျိုးလဲ"

"သူက... ကျွန်တော်တို့ရဲ့ ဘီယာထောက်ပံ့မှုကို ဖြတ်တောက်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာ" လို့ လူပု က တုန်ရီစွာနဲ့ ပြောလိုက်တယ်။ အဲဒီအကြောင်း တွေးလိုက်တာနဲ့တင် သူ့ကို ချွေးပြန်သွားစေခဲ့တယ်။

* * * * * * * *

စာစဉ်(၆၉)

အခန်း(၈၁၈)

ဘီရူးက အဲဒီလို အကျပ်ကိုင်ခဲ့တာ တော်တော်လေး ရက်စက်တာပဲ။

"ဒါပေမဲ့ စီးပွားရေးအကြောင်း ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့နဲ့ ဆွေးနွေးလို့ရပါတယ်" လို့ လူပုက ပြောလိုက်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ အစေခံတွေက သူတို့ဘုရင်အတွက် တရားဝင် တော်ဝင်လုပ်ငန်းကိစ္စတွေကို စီစဉ်ပေးနေကျလေ။

"ကောင်းပြီလေ" လို့ မိုက်ကယ်က ပြောရင်း သူ့အိတ်ကပ်ထဲကနေ ဖုန်းကို ထုတ်ယူလိုက်တယ်။ "ငါ ဒီပစ္စည်းကို အမြောက်အမြား ထုတ်လုပ်ဖို့ စီစဉ်နေတာ၊ ဒါပေမဲ့ မီသရယ် အများကြီး လိုအပ်တယ်..."

သူက ဖုန်းကို အကြမ်းဖျင်း အသုံးပြုပြလိုက်တော့ သူတို့က ကက်စတယ်လာ လိုပဲ တုံ့ပြန်ကြတာပဲ။

"အံ့ဩစရာပဲ... ဒီအရာကနေတစ်ဆင့် ခင်ဗျားရဲ့ အသံကို ကျွန်တော် ကြားနေရတယ်"

"ခင်ဗျားရဲ့ မျက်နှာကိုလည်း မြင်ရတယ်... ခင်ဗျားက ကျွန်တော့်လက်ထဲ ရောက်နေသလိုပဲ"

သူက လူပုတွေကို ဖုန်းတစ်လုံးစီ ပေးလိုက်ပြီး ရဲတိုက်ရဲ့ တစ်ဖက်တစ်ချက်စီကနေ အချင်းချင်း ဆက်သွယ်ခိုင်းလိုက်တယ်။

မကြာခင်မှာပဲ လူပု အယောက်နှစ်ဆယ်လောက်က ဖုန်းနားကို အုံအုံကြွက်ကြွက် ရောက်လာကြပြီး ဖုန်းရဲ့ တည်ဆောက်ပုံကို စတင်လေ့လာကြတော့တယ်။

ပန်းပဲပညာနဲ့ ပတ်သက်ပြီး မွေးရာပါ ကျွမ်းကျင်မှု ရှိကြတာမို့ ဖုန်းတစ်လုံး တည်ဆောက်ဖို့ လိုအပ်တဲ့ ရှုပ်ထွေးမှုနဲ့ အဆင့်မြင့် နည်းပညာကို သူတို့ အသိအမှတ်ပြု ချီးကျူးခဲ့ကြတယ်။ နောက်ထပ် ဘဝတစ်ခု ထပ်ရခဲ့ရင်တောင် ဒီလိုထုတ်ကုန်မျိုး သူတို့ ဘယ်တော့မှ ဖန်တီးနိုင်မှာ မဟုတ်မှန်း သိနေကြလို့ အချို့က စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါရုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ကြဘူး။

"သခင် မိုက်ကယ်... ဒါကို ခင်ဗျား ဘယ်လို တည်ဆောက်ခဲ့တာလဲ"

"ဖုန်းတွေက ဘယ်လို ချိတ်ဆက်ထားတာလဲ... ဒါက မဖြစ်နိုင်ဘူး"

သူက လူပုတွေကို အထင်ကြီးစေချင်ပေမဲ့ အင်တာနက်ကုဗတုံး အကြောင်းကိုတော့ ပြောပြလို့ မဖြစ်ဘူးလေ။

"ဒါက လုပ်ငန်း လျှို့ဝှက်ချက်လေ" လို့ သူက မျက်စိတစ်ဖက် မှိတ်ပြရင်း ပြောလိုက်တယ်။

သူတို့ကလည်း ပန်းပဲဆရာတွေ ဖြစ်ကြတာမို့ သူ့ရဲ့ အကြောင်းပြချက်ကို နားလည်ပေမဲ့ ဖုန်းက ဘယ်လို အလုပ်လုပ်သလဲဆိုတာကို စဉ်းစားလို့မရတဲ့အခါ လုံးဝကို စိတ်ရှုပ်သွားကြတယ်။ ပြီးတော့ သူတို့က ဖုန်းရဲ့ အတွင်းပိုင်း ယန္တရားတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ခန့်မှန်းချက်တွေကို အချင်းချင်း စတင် ငြင်းခုံကြတော့တယ်။

"ဒါ မှော်ပညာ ဖြစ်ရမယ်"

"မဟုတ်ဘူး... ငါ အဲဒီကနေ ဘာမှ မခံစားရဘူး"

"ဒါဆို သူ့ရဲ့ အကန့်အသတ်မရှိတဲ့ စွမ်းအင်ကို မင်း ဘယ်လို ရှင်းပြမလဲ"

နောက်ဆုံးမှာတော့ ရှောင်လွှဲလို့မရတဲ့ တောင်းဆိုမှုတစ်ခု ထွက်ပေါ်လာခဲ့တယ်။ လူပုတွေက သူတို့ရဲ့ ကိုယ်ပိုင်လက်နဲ့ ဖုန်းကို မဖြုတ်ကြည့်သရွေ့ သူတို့ရဲ့ လေ့လာဆန်းစစ်မှုတွေက ခရီးရောက်မှာ မဟုတ်မှန်း သဘောပေါက်သွားကြတာကိုး။

"အရှင် မိုက်ကယ်... ကျွန်တော်တို့အတွက် ဒီဖုန်းတွေကို ထုတ်လုပ်ပေးလို့ ရနိုင်မလား" လို့ တော်ဝင် လူပု အစေခံက တောင်းဆိုလိုက်တယ်။

မိုက်ကယ်က လေကို ပြင်းပြင်းရှူသွင်းလိုက်တယ်။ "ရတာပေါ့... တစ်လုံးကို သဲဒင်္ဂါး တစ်သောင်း ကျသင့်မယ်၊ ဒါပေမဲ့ လောလောဆယ်တော့ အရေအတွက် အကန့်အသတ်နဲ့ပဲ လုပ်ပေးနိုင်မယ်၊ ငါ့မှာ မပြီးသေးတဲ့ တခြားအော်ဒါတွေ အများကြီး ကျန်နေသေးလို့ပါ"

"ဒါဆို ကျွန်တော်တို့ ဖုန်း အလုံး ၂၀ အော်ဒါတင်မယ်" လို့ လူပုတွေက တစ်ပြိုင်နက်တည်း ပြောလိုက်ကြတယ်။

မိုက်ကယ်က သူတို့ရဲ့ သင့်လျော်တဲ့ အော်ဒါပမာဏကြောင့် တော်တော်လေး အံ့အားသင့်သွားခဲ့တယ်။ ရှုပ်ထွေးတဲ့ နည်းပညာတွေအပေါ်မှာ ရှိတဲ့ သူတို့ရဲ့ ပြင်းထန်တဲ့ စပ်စုချင်စိတ်ကို သိထားတာမို့ သူတို့က အဓိပ္ပာယ်မရှိလောက်အောင် အများကြီး အော်ဒါတင်မယ်လို့ သူ ထင်ထားခဲ့တာလေ။

ဒါပေမဲ့လည်း ဒါက ယုတ္တိရှိပါတယ်။ လူပုအများစုက သူတို့ရဲ့ နိုင်ငံတော်ကနေ ဘယ်တော့မှ ထွက်ခွာလေ့ မရှိကြတာမို့ သူတို့အတွက် ခရီးဝေး ဆက်သွယ်ရေး ကိရိယာတစ်ခု ရှိဖို့ မလိုအပ်ဘူးလေ။ တကယ်လို့ သူတို့က တစ်ယောက်ယောက်နဲ့ စကားပြောချင်တယ်ဆိုရင် သူတို့ရဲ့ နိုင်ငံတော်တစ်ဝိုက်မှာ ပြေးဆွဲနေပြီး အလွန်မြန်ဆန်တဲ့ ရထားကို အမြဲတမ်း အသုံးပြုလို့ ရတယ်လေ။

"အိုကေ... ငါ ဒါကို ပို့ပေးနိုင်ဖို့ ရက်အနည်းငယ်တော့ ကြာလိမ့်မယ်၊ အဆင်ပြေရဲ့လား"

လူပုတွေက သူ့ကို လက်မထောင်ပြလိုက်ပြီးနောက် ဖုန်းတွေဆီကို သူတို့ရဲ့ အာရုံတွေ ပြန်လှည့်သွားကြတယ်။

"သခင် မိုက်ကယ်... ဒီပေါ်က apps တွေကို ပြောင်းလို့ရလား"

ဉာဏ်ကောင်းတဲ့ လူပုတစ်ယောက်က ဖုန်းရဲ့ settings တွေကို ခဏလောက် ကလိကြည့်ပြီးနောက်မှာ စိတ်ကြိုက် ပြင်ဆင်လို့ရတဲ့ အချက်ကို ရှာဖွေတွေ့ရှိသွားခဲ့တယ်။

အထူးသဖြင့် သူက options ထဲက settings မှာ အခုလို ရေးထားတာကို မြင်လိုက်ရတာပဲ။

{Turn on automatic app downloads in the future}

ဒါက အနာဂတ်မှာ တခြား apps တွေကို ထည့်သွင်းလို့ ရနိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ခြေကို ညွှန်ပြနေတာလေ။

"မင်း ခန့်မှန်းတာ မှန်တယ်" လို့ သူက လူပုကို ပြောလိုက်တယ်။ "ဒီ apps သုံးခုက မူလပါဝင်တဲ့ အရာတွေပဲ ဖြစ်လိမ့်မယ်၊ နောင်တစ်ချိန်မှာ ငါက ဒီထက်ပိုပြီး အများကြီး လုပ်ဖို့ စီစဉ်ထားတယ်၊ အသုံးပြုသူတိုင်းက သူတို့ လိုချင်တာကို ရွေးချယ်နိုင်ပြီး မလိုချင်တာကို ဖယ်ရှားနိုင်လိမ့်မယ်"

သူ့ရဲ့ စကားလုံးတွေက လူပုတွေကြားထဲမှာ 'ရှုပ်ထွေးခြင်း မန္တန်' တစ်ခုကို သက်ရောက်သွားစေသလိုပဲ။

"သခင်... ဒါဆို ကျွန်တော်တို့က ဒီ apps တွေ ထည့်ဖို့ ဖုန်းကို ခင်ဗျားဆီ ပြန်ပေးရမယ်လို့ ဆိုလိုတာလား" လို့ သူတို့ထဲက တစ်ယောက်က အားလုံးရဲ့ မေးခွန်းကို ကိုယ်စားပြုပြီး မေးလိုက်တယ်။

"မဟုတ်ဘူး... အဲဒါက သူတို့ အိပ်နေချိန် ဒါမှမဟုတ် သုံးနေချိန်မှာ အလိုအလျောက် ထည့်သွင်းသွားမှာ၊ ပြန်ပေးစရာ မလိုပါဘူး"

ဒါက လူပုတွေကို ပိုပြီးတောင် ရှုပ်ထွေးသွားစေခဲ့တယ်။ တစ်ခုခုကို ဖန်တီးပြီးသွားတာတောင် ပြောင်းလဲလို့ရတယ်ဆိုတဲ့ အကြံဉာဏ်ကို သူတို့ လုံးဝ နားမလည်နိုင်ကြဘူးလေ။

အဲဒါက ပန်းပဲဆရာရဲ့ ဝင်ရောက်စွက်ဖက်မှုမပါဘဲ ဓားတစ်လက်က တူတစ်လက်အဖြစ် ရုတ်တရက် ပြောင်းလဲသွားနိုင်တယ်လို့ ပြောနေသလိုပဲ။

"ဒီမှာ... ငါ မင်းတို့ကို ပြမယ်" လို့ ပြောရင်း သူက လူပုတွေဆီက ဖုန်းတစ်လုံးကို ယူလိုက်တယ်။

'နိုဗာ... မင်း ရိုးရှင်းတဲ့ app တစ်ခု လုပ်ပေးလို့ ရမလား...'

အဲဒီ အမိန့်ပေးချက်ကို ပေးပြီးနောက် စက္ကန့်အနည်းငယ်အတွင်းမှာပဲ နိုဗာ က သူ့ကို အသစ်ဖန်တီးထားတဲ့ app တစ်ခုကို ပေးလိုက်တယ်။

[ဒီ app ကို ကုဗတုံးထဲ အပ်လုဒ်လုပ်ချင်ပါသလား၊ ထုတ်လုပ်ထားတဲ့ ဖုန်းအားလုံးက ဒီ app ကို အလိုအလျောက် ဒေါင်းလုဒ်လုပ်သွားပါလိမ့်မယ်]

'လုပ်မယ်'

အင်တာနက်ကုဗတုံး နဲ့ ဆက်သွယ်ဖို့ ကြားခံအဖြစ် သူ့ရဲ့ သဟဇာတကိုယ်ပွား ကို အသုံးပြုလိုက်ချိန်မှာပဲ အရောင်အသွေးစုံလင်တဲ့ မှော်စက်ဝိုင်းတစ်ခုက သူ့ခြေအောက်မှာ ပေါ်လာခဲ့တယ်။

အဲဒါ ပြီးဆုံးသွားချိန်မှာတော့ မျက်စိနဲ့ မမြင်နိုင်တဲ့ မှော်စွမ်းအင် လှိုင်းလုံးတစ်ခုက သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာပြီး မတူညီတဲ့ တိုင်းတာမှုနယ်ပယ်တွေကို ဖြတ်သန်းသွားကာ နောက်ဆုံးမှာတော့ သူ့ဒရုန်း ရဲ့ မှော်ကမ္ဘာငယ်လေး ထဲက ကုဗတုံးနဲ့ သွားရောက်ထိတွေ့ခဲ့တယ်။

ပြီးတော့ အချက်ပြလှိုင်းက ပြန်ကန်ထွက်လာတာနဲ့တစ်ပြိုင်နက် လူပုတွေရဲ့ လက်ထဲက ဖုန်းတွေက ရုတ်တရက် တုန်ခါသွားခဲ့ပြီး သူတို့ကို လန့်သွားစေကာ ကြမ်းပြင်ပေါ်ကိုတောင် ပြုတ်ကျမတတ် ဖြစ်သွားစေခဲ့တယ်။

"ဝိုး"

"ဘုရားရေ... အဲဒါ ဘာကြီးလဲ"

"ကြည့်စမ်း... မျက်နှာပြင်ပေါ်မှာ icon အသစ်တစ်ခု ရောက်နေပြီ" လို့ လူပုတစ်ယောက်က ဖုန်းပေါ်က စတုတ္ထမြောက် app ကို လက်ညှိုးထိုးပြရင်း ပြောလိုက်တယ်။

Call app ဘေးမှာ အနောက်ဘက်ကနေ သေတ္တာတစ်လုံး တပ်ဆင်ထားတဲ့ ထူးဆန်းတဲ့ ဘီးနှစ်ဘီးတပ် ယာဉ်တစ်စီးကို စီးနင်းနေတဲ့ လူတစ်ယောက်ရဲ့ ပုံရိပ်အသစ်တစ်ခု ရှိနေခဲ့တယ်။

အချို့သော လူပုတွေက အဲဒါကို မော်တော်ဆိုင်ကယ်မှန်း မှတ်မိသွားကြတာမို့ ဒီ app က မော်တော်ယာဉ်တွေနဲ့ ပတ်သက်နေမယ်လို့ ခန့်မှန်းမိသွားကြတယ်။

ဒါပေမဲ့ icon ရဲ့ အောက်ခြေက ခေါင်းစဉ်ကတော့ လုံးဝကို ဆီလျော်မှု မရှိတဲ့ပုံစံပဲ။ အဲဒီမှာ ရေးထားတာက

{Renata Food}

"သခင် မိုက်ကယ်... ဒါက ဘာကြီးလဲ"

"app ကို ဖွင့်လိုက်လေ" လို့ သူက ညွှန်ကြားလိုက်တယ်။ "အဲဒီထဲမှာ options နှစ်ခုကို မြင်ရလား"

လူပုတွေက {Renata Food} app ကို ထိလိုက်ပြီးနောက်မှာတော့ မျက်နှာပြင်တစ်ခုလုံးက ပြောင်းလဲသွားပြီး အလယ်မှာ နောက်ထပ် icon နှစ်ခုကို ပြသလာခဲ့တယ်။

တစ်ခုက ဆိုဒါဘူးပုံလေး ဖြစ်ပြီး {ရီနာတီရို့စ်ဆိုဒါ} လို့ နာမည်ပေးထားတယ်။

နောက်ထပ်ပုံလေးကတော့ လူပုတွေနဲ့ အလွန်ကို ရင်းနှီးကျွမ်းဝင်နေတဲ့ အရာတစ်ခုပဲ။ အဲဒါကတော့ {Beer} တွေ အပြည့်ထည့်ထားတဲ့ ဖန်ခွက်ကြီးတစ်ခုဖြစ်ပြီး အဖြူရောင် အမြှုပ်တွေက ခွက်နှုတ်ခမ်းသားတစ်ဝိုက်ကနေ ဖြည်းဖြည်းချင်း လျှံကျနေတယ်။ သူတို့က အဲဒါ ဘာအကြောင်းလဲဆိုတာကို သိဖို့ ခေါင်းစဉ်ကိုတောင် ဖတ်နေစရာ မလိုခဲ့ဘူး။

လူပုတွေက {Beer} icon ကို ထိလိုက်တော့ ဖုန်းက ရုတ်တရက် window အသစ်တစ်ခုကို ပြသလာခဲ့တယ်။

{Beer Delivery}

{How many would you like}

{Where to deliver}

သူတို့ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့တယ်။ ပြီးတော့ တစ်စက္ကန့်လေးတောင် တုံ့ဆိုင်းမနေဘဲ လူပုတွေရဲ့ လက်ဆယ်ဂဏန်းလောက်က ဖုန်းမျက်နှာပြင်ကို ရုတ်တရက် ထိလိုက်ကြပြီး ဘီယာတွေကို အရူးအမူး စတင် အော်ဒါတင်ကြတော့တာပဲ။

"ဒီဖုန်းနဲ့ ဘီယာကို အော်ဒါတင်လို့ရတယ်လို့ မင်း ပြောချင်တာလား"

"အရက်ဆိုင်သွားဖို့ အိမ်အပြင် ထွက်စရာ မလိုတော့ဘူးပေါ့"

"ငါ ဒါကို လိုချင်တယ်... အခုချက်ချင်း ဒါကို လိုချင်တယ်"

အဲဒီနောက် တော်ဝင် လူပု အစေခံက မိုက်ကယ်အနားကို ချဉ်းကပ်လာခဲ့တယ်။

"အရှင် မိုက်ကယ်... အခုလောလောဆယ် ဖုန်းတွေ အများကြီး မထုတ်နိုင်ဘူးဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အော်ဒါကို ပြောင်းလို့ ရနိုင်မလား

လောလောဆယ် ကျွန်တော်တို့က ဖုန်း အလုံးတစ်ရာလောက်ပဲ လိုချင်ပါတယ်"

မိုက်ကယ်က စကားတစ်ခွန်းမှ မပြောနိုင်တော့ဘဲ သူ့မေးရိုးတွေက ပွင့်ဟသွားခဲ့တယ်။ သူ စကားတစ်ခွန်းမှတောင် မဟနိုင်ခင်မှာပဲ လူပု အစေခံက သူ့လက်ကို လက်ခုပ်တီးလိုက်ပြီး သစ်သားသေတ္တာကြီး တစ်လုံးကို သယ်ဆောင်လာတဲ့ လူပုနှစ်ယောက်ကို အခန်းထဲ ဝင်လာဖို့ တိုက်တွန်းလိုက်တယ်။

သေတ္တာကြီးက မြေပြင်ပေါ်ကို လေးလံတဲ့ အသံကြီးနဲ့အတူ ကျသွားခဲ့တယ်။

အဲဒီနောက် လူပုက သော့ခလောက်တွေကို ဖြုတ်လိုက်ပြီး မိုက်ကယ်အတွက် ပေးမယ့် တောင်လိုပုံနေတဲ့ သဲဒင်္ဂါး တွေကို ဖွင့်ပြလိုက်တယ်။

"ဒါက ကျွန်တော်တို့ရဲ့ ငွေချေမှုပါ အရှင် မိုက်ကယ်... ခင်ဗျားနဲ့ စီးပွားရေး လုပ်ရတာ ဝမ်းသာပါတယ်"

"ဝူးဟူး... ဘီယာ ဘီယာ ဘီယာ" လို့ လူပုတွေက အောင်ပွဲခံလိုက်ကြတယ်။

* * * * * * * *

All Chapters