အခန်း (၈၂၁-၈၂၂)
Vol. 69 Ch. 821-822
အခန်း(၈၂၁)
တန်ဇင်းနဲ့ တခြားလူတွေအားလုံးက အသံလာရာဆီကို လှည့်ကြည့်လိုက်တဲ့အခါ တိရစ္ဆာန်သားရေတွေကိုသာ ဝတ်ဆင်ထားတဲ့ အသားညိုညိုနဲ့ ကြွက်သားအမြွှာမြွှာ ထစ်နေတဲ့ လူတစ်စု တန်းစီပြီး သူတို့ဆီ ချဉ်းကပ်လာတာကို မြင်လိုက်ရတယ်။
"ဒါ ဘရောင်းဘလဒ် ဝံပုလွေလူသားတွေပဲ" လို့ မောက်မာတဲ့လူက စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်တယ်။ သူက ဒါကို သူ့အတွက် အခွင့်အရေးလို့ ထင်နေခဲ့တာလေ။ သူက ဝတ်ရုံပုံစံမျိုးဖြစ်တဲ့ သူ့ရဲ့ အဖြူရောင် ယူနီဖောင်းပွပွကြီးကို ကမန်းကတန်း သပ်ရပ်သွားအောင် လုပ်လိုက်ပြီး ခါးကို မတ်လိုက်တယ်။
"သူတို့က အဖွဲ့ထဲသွင်းဖို့ တစ်ယောက်ယောက်ကို ရှာတွေ့သွားတာလား" လို့ တန်ဇင်းက မေးလိုက်တယ်။ ဝံပုလွေလူသားတွေက သူတို့ နှစ်စဉ်ကျင်းပတဲ့ ‘လ’ ပူဇော်ပွဲများ အတွက် မဟာမိတ်တွေ ရှာဖွေဖို့ ကြိုးစားနေတယ်ဆိုတာကို လူတိုင်း သိထားကြတယ်။ ဒါပေမဲ့ ရိုင်းဇင်းဆစ် ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ သူ့အတွက်တောင်မှ သူတို့ရဲ့ အာရုံစိုက်မှုကို ရဖို့က တော်တော်လေး ခက်ခဲနေခဲ့တာလေ။
ဒါပေမဲ့ အခုတော့ ဒီဝံပုလွေလူသားတွေက တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို အမဲလိုက်နေတဲ့ မျက်လုံးမျိုးတွေနဲ့ နယ်မြေတွေကြားက နယ်နိမိတ်မျဉ်းအတိုင်း ပြေးဆင်းလာနေကြတယ်။
"ဟားဟားဟား ကောင်းကင်ဘုံက ငါ့ကို အခွင့်အရေးတစ်ခု ပေးသနားလိုက်တာပဲ ဖြစ်ရမယ်" လို့ မောက်မာတဲ့လူက ပြောလိုက်တယ်။ "သူတို့က ငါ ဒီမှာရှိနေတယ်ဆိုတာကို သိသွားကြတာ နေမှာပေါ့"
တန်ဇင်းက စုပ်သပ်လိုက်မိတယ်။ "သူတို့က သူ့အတွက် လာတာတော့ မဖြစ်နိုင်ပါဘူးနော်"
မိုက်ကယ်က ပခုံးတွန့်ပြလိုက်တယ်။ "မဖြစ်နိုင်လောက်ဘူး သူက ငါတို့ဆီ လာနေတာ" လို့ သူက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တယ်။
"အင်း ဒါက တိုက်ဆိုင်မှုသက်သက် ဖြစ်လောက်ပါတယ် နေပါဦး မင်း ဘာပြောလိုက်တာလဲ"
မိုက်ကယ်နဲ့ သူ့ရဲ့ လူတစ်ပိုင်းသတ္တဝါ မဟာမိတ်တို့က ဝံပုလွေလူသားတွေ ရောက်လာချိန်မှာ ရှေ့ကနေ ပိတ်ရပ်ဖို့ ရည်ရွယ်ပြီး ရှေ့ကို လျှောက်သွားတာကို မြင်လိုက်ရလို့ တန်ဇင်းရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။
ဒါပေမဲ့ သူ တစ်ခုခု မပြောနိုင်ခင်မှာပဲ မောက်မာတဲ့လူက ရှေ့ကို ပြေးထွက်သွားပြီး မိုက်ကယ်နဲ့ မျက်နှာချင်းဆိုင် ရပ်လိုက်တယ်။
"မင်း အခု ဘာပြောလိုက်တယ် ထင်ယောင်ထင်မှား ဖြစ်နေတာကို ရပ်လိုက်တော့" လို့ သူက ပြောလိုက်တယ်။ သူက မိုက်ကယ်နဲ့ တန်ဇင်းတို့ရဲ့ စကားပြောသံကို ကြားသွားပုံရတယ်။
"သူတို့က ငါတို့အတွက် လာတာလေ ငါ့အတွက်တော့ မဟုတ်ဘူးပေါ့ ဒီဘက်က ငါ့သူငယ်ချင်း ဂျာကူ အတွက်ပါ" လို့ မိုက်ကယ်က ဂျာကူကို ရှေ့ကို တွန်းထုတ်ရင်း ပြောလိုက်တယ်။
ဒါကို မြင်ပြီးနောက်မှာတော့ မောက်မာတဲ့လူနဲ့ သူ့ရဲ့အဖွဲ့သားတွေက အသံထွက်တဲ့အထိ ရယ်မောလိုက်ကြတယ်။
"သူ့ကိုလား" လို့ သူက ဂျာကူကို လက်ညိုးထိုးရင်း ပြောလိုက်တယ်။ "မင်း ဒီထက်ပိုကောင်းတဲ့ လိမ်ဆင်တစ်ခုကို ရွေးလို့ရသားပဲ ဒီကောင်ကြီးကို ကြည့်ပါဦး"
တန်ဇင်းက မိုက်ကယ်ကို ကာကွယ်ပေးချင်နေပေမဲ့ သူ့အနေနဲ့တောင် မိုက်ကယ်ရဲ့ စကားတွေကို သံသယဝင်သွားမိတယ်။ တကယ်လို့ ဝံပုလွေလူသားတွေရဲ့ အာရုံစိုက်မှုကို ရခဲ့တဲ့သူက မိုက်ကယ်ဆိုရင်တော့ သူ ရာနှုန်းပြည့် ယုံကြည်မှာပဲလေ။ မိုက်ကယ်ရဲ့ စွမ်းဆောင်ရည်တွေအရဆိုရင် ဒါက မျှော်လင့်ထားတာထက်တောင် ပိုနေသေးတယ်။ ဒါပေမဲ့ သူ့ဘေးက လူတစ်ပိုင်းသတ္တဝါကြီးတော့ မဖြစ်နိုင်ဘူးလေ။
လေလံပွဲအတွင်းမှာ မိုက်ကယ်ရဲ့ မဟာမိတ်တွေက တကယ့်ကို ကြီးမားတဲ့ ပါရမီအချို့ကို ပြသနိုင်ခဲ့ကြတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့က အကန့်အသတ်ရှိတဲ့ အလားအလာတွေသာရှိတဲ့ လူတစ်ပိုင်းသတ္တဝါ တွေသာ ဖြစ်ကြတယ်။ သူတို့က မက်ဂ်နက်တစ် တွေ မဖြစ်နိုင်ဘူးလေ။
မိုက်ကယ်ကတော့ သံသယတွေ ရှိနေပေမဲ့လည်း ယုံကြည်ချက် ခိုင်မာနေဆဲပဲ။
မကြာခင်မှာပဲ ဝံပုလွေလူသားတွေ ရောက်လာကြတယ်။
"လမ်းဖယ်ပေးစမ်း မင်းရဲ့ အလိမ်အညာတွေက ငါတို့အားလုံးကို ဒုက္ခရောက်စေလိမ့်မယ်" လို့ မောက်မာတဲ့လူက အကြီးအကဲ လူပန် ရောက်လာတာကို ကြိုဆိုဖို့အတွက် မိုက်ကယ်ရဲ့ ပခုံးကို တိုက်ကာ ဖြတ်သွားရင်း ပြောလိုက်တယ်။
ဝံပုလွေလူသားတွေက မောက်မာတဲ့လူရဲ့ အရှေ့တည့်တည့်မှာ ခြေကိုဆောင့်ကာ ရပ်တန့်လိုက်ကြတယ်။
သူတို့ရဲ့ ဖွဲ့စည်းပုံအလယ်တည့်တည့်မှာရှိနေတဲ့ အကြီးအကဲ လူပန်က သူတို့ဆီ ချဉ်းကပ်လာခဲ့တယ်။
"နာမည်ကျော်ကြားလှတဲ့ ဘရောင်းဘလဒ် ဝံပုလွေလူသားတွေကို အခုလို အပြင်မှာ မြင်တွေ့ရတာ ဂုဏ်ယူစရာပါပဲ ငါတို့အဖွဲ့နှစ်ဖွဲ့ ဒီနေ့ တွေ့ဆုံရတာက ကောင်းကင်ဘုံရဲ့ စီစဉ်ပေးမှုပဲ ဖြစ်ရမယ် ဟားဟားဟားဟား"
အကြီးအကဲ လူပန်က စကားတစ်ခွန်းမှ မပြောဘဲ ချဉ်းကပ်လာတာမို့ မောက်မာတဲ့လူကို ပိုပြီး ယုံကြည်မှု ရှိသွားစေခဲ့တယ်။
"ကျွန်တော်က ကြီးမြတ်လှတဲ့ ဇန်သေဗန်မြို့ ကနေ လာတာပါ ခင်ဗျားတို့ရဲ့ မဟာမိတ်ဖြစ်ဖို့ ထိုက်တန်တဲ့ ကုမ္ပဏီကြီးတစ်ခုကပေါ့ ကျွန်တော့်နာမည်ကတော့"
နာမည်မရှိတဲ့ အဲဒီမောက်မာတဲ့လူအတွက် ကံမကောင်းစွာနဲ့ပဲ အခုအချိန်အထိ သူက နာမည်မရှိတဲ့သူအဖြစ် ဆက်ရှိနေခဲ့တယ်။
အကြီးအကဲ လူပန်က သူ့ကို တစ်ချက်လေးတောင် လှည့်မကြည့်ဘဲ ဖြတ်လျှောက်သွားခဲ့တယ်။
သူတို့နှစ်ယောက် ထိတွေ့မှု မရှိခဲ့ပေမဲ့လည်း အကြီးအကဲ လူပန်က သူ့ဘေးကနေ ပွတ်ကာသီကာ ဖြတ်သွားတာနဲ့တင် မောက်မာတဲ့လူဟာ ဖင်ထိုင်လျက် လဲကျသွားခဲ့တယ်။
ဝံပုလွေလူသား အကြီးအကဲရဲ့ ရှိနေမှုလေးတစ်ခုတည်းနဲ့တင် မောက်မာတဲ့လူရဲ့ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေခဲ့တယ်။
အကြီးအကဲ လူပန်က မိုက်ကယ်နဲ့ ဂျာကူရဲ့ ရှေ့ကို ရောက်မှသာ ရပ်တန့်သွားခဲ့တယ်။
မိုက်ကယ်ရဲ့ စကားတွေက အမှန်တကယ် ဖြစ်လာပြီဆိုတာကို သိလိုက်ရလို့ တန်ဇင်းတစ်ယောက် နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်မိတယ်။
"ဒီမှာ မင်းကို တွေ့ရမယ်လို့ ငါ မျှော်လင့်မထားဘူး လူငယ်သမိုင်းပညာရှင်" လို့ အကြီးအကဲ လူပန်က မျက်ခုံးပင့်ရင်း ပြောလိုက်တယ်။
"သူက မင်းကို သိတယ်ပေါ့" လို့ တန်ဇင်းက မိုက်ကယ်ကို တိုးတိုးလေး ကပ်ပြောလိုက်တယ်။
အဲဒီနောက်မှာတော့ အကြီးအကဲရဲ့ အကြည့်တွေက ဂျာကူဆီ ရောက်သွားခဲ့တယ်။ ဒရာဂွန်ဘွန်း ရဲ့ ခန္ဓာကိုယ်ကို ခေါင်းအစခြေအဆုံး အကဲခတ်ကြည့်လိုက်တာနဲ့ တစ်ပြိုင်နက် အကြီးအကဲ လူပန်ရဲ့ မျက်လုံးတွေက တောက်ပသွားခဲ့တယ်။
ဂျာကူကလည်း 'ဘာကြည့်နေတာလဲ' လို့ မေးနေတဲ့ပုံစံနဲ့ အမှုမဲ့အမှတ်မဲ့ပဲ ပြန်ကြည့်နေခဲ့တယ်။
ဒါကို မြင်တော့ မောက်မာတဲ့လူက နေရာကနေ ပြန်ထလာပြီး ဂျာကူဆီ ပြေးသွားခဲ့တယ်။ "ဝံပုလွေလူသား အကြီးအကဲကို အဲဒီလို မလေးမစားပုံစံနဲ့ မကြည့်နဲ့" လို့ သူက ဟန်ဆောင်ဒေါသထွက်ပြရင်း ပြောလိုက်တယ်။ သူ့ရဲ့ စကားတွေက အကြီးအကဲရဲ့ မျက်နှာသာပေးမှုကို ရဖို့အတွက် လုပ်ပြနေတာ သက်သက်ပဲလေ။
မောက်မာတဲ့လူက သူ့ရဲ့ လုပ်ရပ်ကို သဘောကျနေမယ့် အကြည့်မျိုးကို မျှော်လင့်ရင်း အကြီးအကဲ လူပန်ဆီ ခိုးကြည့်လိုက်တယ်။ ဒါပေမဲ့ သူ မြင်လိုက်ရတာကတော့ အမုန်းတရားနဲ့ ဒေါသတွေ ပြည့်နှက်နေတဲ့ စူးရှတဲ့ အကြည့်တစ်ချက်ပဲ။
"မင်း ရဲဝံ့လှချည်လား" လို့ အကြီးအကဲ လူပန်က အော်ဟစ်လိုက်ပြီး သူ့အသံက ဝံပုလွေတစ်ကောင်ရဲ့ ဟိန်းသံလို ပဲ့တင်ထပ်သွားခဲ့တယ်။
အသံလှိုင်းရဲ့ ရိုက်ခတ်မှုကြောင့် မောက်မာတဲ့လူဟာ နောက်ကို လွင့်စင်သွားပြီး သူ့ရဲ့ အဖွဲ့သားတွေကိုပါ သေသေချာချာ ပစ်ပေါက်လိုက်တဲ့ ဘိုးလင်းဘောလုံးလို ဝင်တိုက်မိသွားတယ်။
"အင့်" လို့ မောက်မာတဲ့လူက ညည်းညူလိုက်ပြီး ခေါင်းကို ဖြည်းဖြည်းချင်း မော့လာကာ သူ့မျက်နှာပေါ်မှာ နားမလည်နိုင်တဲ့ အမူအရာတွေ ပြည့်နှက်နေခဲ့တယ်။
"ဒါပေမဲ့ ဒါပေမဲ့ သူက သူက သာမန် လူတစ်ပိုင်းသတ္တဝါလေးပါ"
အကြီးအကဲ လူပန်က ဂျာကူဘက်ကို မလှည့်ခင် သူ့ရဲ့ လည်ချောင်းကို နှိပ်နယ်ရင်း စိတ်ကို ပြန်လည်တည်ငြိမ်အောင် အချိန်ခဏ ယူလိုက်တယ်။
"ကြီးမြတ်လှတဲ့ ဓားစစ်သည်တော်ကြီး အဲဒီလူသားရဲ့ စကားတွေအတွက် ငါ အများကြီး တောင်းပန်ပါတယ်" လို့ သူက အရိုအသေပေးရင်း ပြောလိုက်တယ်။
ဒီသေးငယ်တဲ့ ဆက်ဆံရေးလေးက ဒီပဋိပက္ခကို စောင့်ကြည့်နေတဲ့ တန်ဇင်းနဲ့ တခြားလူတွေဆီ အံ့ဩတကြီး ရေရွတ်သံတွေကို ကူးစက်သွားစေခဲ့တယ်။
အခုဆို လူအုပ်ကြီးက ပရိသတ်တစ်ရာနီးပါးအထိ စုရုံးရောက်ရှိနေပြီ ဖြစ်တယ်။ အစပိုင်းတုန်းကတော့ နယ်မြေတွေကြားက နယ်နိမိတ်မျဉ်းကို ဖြတ်သန်းသွားလာနေကြတဲ့ ဈေးသည်တွေနဲ့ လမ်းသွားလမ်းလာတွေလောက်သာ ရှိခဲ့တာပါ။ ဒါပေမဲ့ ဝံပုလွေလူသားတွေ ရောက်လာတာနဲ့ တစ်ပြိုင်နက် လူတွေ တဖြည်းဖြည်း များလာလိုက်တာ လမ်းမကြီးတစ်ခုလုံး ပြည့်သွားတဲ့အထိပဲ။
"ဟို ဝံပုလွေလူသား အကြီးအကဲက အဲဒီ လူတစ်ပိုင်းသတ္တဝါ ကို အရိုအသေပေးနေတာပဲ"
"သူတို့က ဘယ်သူတွေလဲ"
အကြီးအကဲ လူပန်က အကြည့်တွေအားလုံးကို လျစ်လျူရှုပြီး ဂျာကူကိုသာ အာရုံစိုက်လိုက်တယ်။ "လေးစားရတဲ့ ဓားသမားကြီး ကံမကောင်းတဲ့ အခြေအနေတွေကြောင့် ပြိုင်ပွဲအပြီးမှာ ငါတို့ မတွေ့ဖြစ်ခဲ့ကြဘူး မိတ်ဆွေဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ခင်ဗျားကို ငါတို့ မျိုးနွယ်စုဆီ ဖိတ်ခေါ်လို့ ရနိုင်မလား"
"ဝိုး"
"ဘရောင်းဘလဒ်တွေရဲ့ အကြီးအကဲက အဲဒီ လူတစ်ပိုင်းသတ္တဝါကို သူတို့ရဲ့ မဟာမိတ်ဖြစ်ဖို့ ကမ်းလှမ်းနေတာပဲ"
ဂျာကူဆီ ရောက်လာတဲ့ မနာလိုတဲ့ အကြည့်တွေကြားမှာပဲ သူက သက်ပြင်းချလိုက်မိတယ်။ "ငါ့သဘောသာဆိုရင်တော့ ငါ ငြင်းမှာပဲ ဒါပေမဲ့ ခင်ဗျားက ငါ့သခင်ကို မေးသင့်တယ်"
ဂျာကူက မိုက်ကယ်ကို လက်ညိုးထိုးပြလိုက်တာမို့ အကြီးအကဲ လူပန် အပါအဝင် လူတိုင်းကို အံ့အားသင့်သွားစေခဲ့တယ်။
"မင်းလား"
"ဟုတ်တယ်"
အကြီးအကဲ လူပန်က နားမလည်နိုင် ဖြစ်သွားတယ်။ "ဒါပေမဲ့ မင်းက ပါမောက္ခရဲ့ တပည့်ကျော်လေ"
မိုက်ကယ်က ပခုံးတွန့်ပြလိုက်တယ်။ "ကျွန်တော်က ကုမ္ပဏီပိုင်ရှင်အဖြစ် လရောင်အောက်မှာ အချိန်ပိုင်း လုပ်သေးတယ်လေ" လို့ သူက ရှင်းပြလိုက်တယ်။
ဒါက အကြီးအကဲကို ပိုပြီး နားရှုပ်သွားစေပုံရတယ်။ ဒါပေမဲ့ မိုက်ကယ်သုံးသွားတဲ့ အသုံးအနှုန်းကိုတော့ သူ သဘောကျသွားတယ်။ "လရောင်အောက် လရောင်အောက်"
"ခင်ဗျားက ‘လ’ ပူဇော်ပွဲများ မှာ ဂျာကူရဲ့ အကူအညီကို လိုချင်တာမို့လား" လို့ မိုက်ကယ်က သူ့ကို မေးလိုက်တယ်။
"ဒါ မှန်တယ်"
မိုက်ကယ်က ခေါင်းညိတ်လိုက်တယ်။ "ဒါဆိုရင် ငါ့ရဲ့ ပျင်းရိနေတဲ့ အစောင့်ကိုယ်စား ငါ လက်ခံပေးပါ့မယ်"
အကြီးအကဲ လူပန်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး မျှော်လင့်ချက်တွေနဲ့ ပြည့်လျှံနေခဲ့တယ်။ "ဒါဆိုရင် မင်းတို့နှစ်ယောက်လုံးကို ငါတို့ မျိုးနွယ်စုဆီ ငါကိုယ်တိုင် လိုက်ပို့ပေးမယ်"
အဲဒီအချိန်မှာပဲ မောက်မာတဲ့လူနဲ့ သူ့ရဲ့ အဖွဲ့သားဆယ်ယောက်ကတော့ မယုံနိုင်စရာ မြင်ကွင်းကြောင့် လုံးဝ စကားဆွံ့အနေခဲ့ကြတယ်။
"နေ နေပါဦး" လို့ ပြောရင်း သူက ထွက်ခွာသွားတဲ့ မိုက်ကယ်၊ ဂျာကူနဲ့ အကြီးအကဲ လူပန်တို့ဆီကို ခြေဆွဲပြီး လိုက်သွားခဲ့တယ်။
ဒါပေမဲ့ သူ အနားမရောက်ခင်မှာပဲ ဝံပုလွေလူသား အယောက်သုံးဆယ်က သူတို့ကို ဟိန်းဟောက်လိုက်တာမို့ သူတို့အားလုံး အကြောက်လွန်ပြီး တွန့်ဆုတ်သွားခဲ့ကြတယ်။
"ဒါပေမဲ့ ဒါပေမဲ့ ဒါပေမဲ့"
အဲဒီအချိန်မှာပဲ လက်သီးတစ်လုံးက မောက်မာတဲ့လူရဲ့ ခေါင်းကို လာခေါက်လိုက်တယ်။
သူ လှည့်ကြည့်လိုက်တော့ သူ့အဖေက ခရမ်းချဉ်သီးလို နီရဲနေတဲ့ မျက်နှာနဲ့ သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေတာကို မြင်လိုက်ရတယ်။
"မင်း ကျေးဇူးကန်းတဲ့သား မင်း" လို့ သူ့အဖေက ညည်းညူပြောဆိုလိုက်တယ်။
မောက်မာတဲ့လူရဲ့ အဖေက သူ့သားရဲ့ ခေါင်းကို ကိုင်ပြီး ထွက်ခွာသွားတဲ့ ဝံပုလွေလူသားတွေဆီ အတင်းအဓမ္မ ဦးညွှတ်ခိုင်းလိုက်တယ်။
"ကျွန်တော့်သားကို ခွင့်လွှတ်ပေးပါ သူက ကောင်းကင်နဲ့ မြေကြီးကိုတောင် ခွဲခြားမသိပါဘူး သူက ရေတွင်းထဲက ဖားတစ်ကောင်ပါပဲ"
အကြီးအကဲ လူပန်က နောက်ကို လှည့်မကြည့်ဘဲ ဆက်လျှောက်သွားရင်း "ဒီလိုမျိုး နောက်တစ်ခါ ထပ်မဖြစ်စေနဲ့" လို့ ပြောလိုက်တယ်။
အဖေဖြစ်သူရဲ့ မျက်နှာပေါ်မှာတော့ ဆုံးဖြတ်ချက်တွေ ပြည့်နှက်နေခဲ့တယ်။ အဲဒါက သူ့ရဲ့ မောက်မာတဲ့သားဆီက မှားယွင်းနေသမျှ အရာအားလုံးကို ပြုပြင်ပေးမယ့် ဆုံးဖြတ်ချက်တစ်ခုပဲ။
* * * * * * * *
စာစဉ်(၆၉)
အခန်း(၈၂၂)
တခြားတစ်ဖက်မှာတော့ မိုက်ကယ်နဲ့ ဂျာကူတို့က ဘရောင်းဘလဒ် ဝံပုလွေလူသားတွေဆီကနေ နွေးထွေးတဲ့ ကြိုဆိုမှုကို ရရှိနေတာကို တန်ဇင်းက လုံးဝကို အံ့အားသင့်မှင်တက်စွာနဲ့ စောင့်ကြည့်နေခဲ့တယ်။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာ သူတို့ အရိုအသေ အပေးခံနေရတာက မိုက်ကယ် မဟုတ်ခဲ့ဘူး။ သူ့ဘေးနားက လူတစ်ပိုင်းသတ္တဝါ ဖြစ်နေတာပဲ။
ဒါက သူ့အတွက်တော့ လုံးဝကို နားလည်မရနိုင်အောင် ဖြစ်နေခဲ့တယ်။
အဲဒီအချိန်မှာပဲ မိုက်ကယ်က အကြီးအကဲ လူပန်နဲ့ ခဏလောက် စကားပြောလိုက်ပြီး တန်ဇင်းရှိရာကို ပြန်လှည့်လာခဲ့တယ်။
"ဟေး... တန်ဇင်း"
တန်ဇင်းက မိုက်ကယ်ဆီ လျှောက်လာချိန်မှာ သူ့မျက်နှာပေါ်က ခံစားချက်တွေက သိသာလွန်းနေတယ်။ သူ့မှာ အဖြေရှာဖို့လိုနေတဲ့ မေးခွန်းတွေ အများကြီး ပြည့်နှက်နေခဲ့တာလေ။
"ဘာတွေ ဖြစ်နေတာလဲ၊ မင်းရဲ့ လူတစ်ပိုင်းသတ္တဝါ မဟာမိတ်ကို ဘာလို့ ဘရောင်းဘလဒ် ဝံပုလွေလူသားတွေက ခြံရံခေါ်ဆောင်လာရတာလဲ"
မိုက်ကယ်က ပခုံးတွန့်လိုက်တယ်။ "ငါလည်း သေသေချာချာတော့ မသိဘူး၊ ဒါပေမဲ့ သူက သူတို့ရဲ့ ဓားသမားပြိုင်ပွဲမှာ အနိုင်ရခဲ့လို့ ဖြစ်ရမယ်"
"သူက အနိုင်ရခဲ့တယ်" တန်ဇင်းက အော်လိုက်တယ်။ "နေဦး၊ မော်ရီစီယို အော်ဘတ် ကို အနိုင်ယူခဲ့တာ သူလား"
ဝံပုလွေလူသားတွေနဲ့ သဘောတူထားတဲ့ မဟာမိတ်စာချုပ်ကနေ အော်ဘတ်တွေ နှုတ်ထွက်သွားတယ်ဆိုတဲ့ ကောလာဟလတွေကို သူ ကြားထားခဲ့တယ်။ လူတော်တော်များများကတော့ သဘောတူညီမှု တစ်ခုခု အဆင်မပြေဖြစ်သွားလို့လို့ ခန့်မှန်းခဲ့ကြပေမဲ့ သူတို့ရဲ့ အရည်အချင်းအရှိဆုံး လူငယ်တစ်ယောက် ပြိုင်ပွဲမှာ အနိုင်ယူခံလိုက်ရလို့ဆိုတာကို သိတဲ့သူကတော့ လက်ချိုးရေလို့ရတယ်။
တန်ဇင်းက ဂျာကူကို လုံးဝခြားနားတဲ့ အမြင်သစ်တစ်ခုနဲ့ နောက်တစ်ကြိမ် မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့တယ်။ သူလို လူတစ်ပိုင်းသတ္တဝါတစ်ယောက်က မော်ရီစီယို အော်ဘတ် လို ကြောက်စရာကောင်းတဲ့ ပါရမီရှင်တစ်ယောက်ကို အနိုင်ယူနိုင်ခဲ့တယ်ဆိုတဲ့ အချက်ကို သူ့ဦးနှောက်က လက်ခံပေးလို့ မရနိုင်အောင် ဖြစ်နေခဲ့တယ်။
ဒီအမှန်တရားကို သိသွားတဲ့ တခြားလူတော်တော်များများလိုပဲ လူတစ်ပိုင်းသတ္တဝါတစ်ယောက်က မက်ဂ်နက်တစ် တစ်ယောက်ကို ဘယ်လိုများ အနိုင်ယူနိုင်မလဲဆိုတာကို သူတို့တွေ တွက်ဆမကြည့်ဘဲ မနေနိုင်ကြပေမဲ့ လက်ခံနိုင်စရာ ဘယ်အကြောင်းပြချက်မှ ခေါင်းထဲ ရောက်မလာခဲ့ကြဘူး။ သေချာတာကတော့ သူတို့ထဲက ဘယ်သူကမှ ဂျာကူတစ်ယောက် ဒီဗာ ကို နိုးထနိုင်ခဲ့တယ်လို့ မတွေးမိခဲ့ကြတာပဲ။
"ဒါဆို မင်း ဘာလုပ်နေတာလဲ၊ ဝံပုလွေလူသားတွေနဲ့ အတူလိုက်သွားလေ" လို့ တန်ဇင်းက တိုက်တွန်းလိုက်တယ်။ မက်ထရိုပိုလစ် က ကုမ္ပဏီတစ်ခုအနေနဲ့ ဘရောင်းဘလဒ်တွေနဲ့ မဟာမိတ်ဖွဲ့နိုင်ဖို့က ဘယ်လောက်တောင် အရေးကြီးတယ်ဆိုတာ သူ ကောင်းကောင်း သိထားတယ်လေ။
"ငါ နောက်မှ လိုက်ခဲ့မယ်လို့ ပြောလိုက်တယ်၊ မင်းကို အရင်ဆုံး တစ်ခုလောက် မေးချင်လို့" လို့ မိုက်ကယ်က ပြောလိုက်တယ်။
"ဘာလဲ"
မိုက်ကယ်က ကိုယ်ကို ကိုင်းလိုက်ပြီး တီးတိုးပြောလိုက်တယ်။ "မင်းဆီမှာ ရောင်းစရာ နတ်ဘုရားပန်းပဲဖို အပို အပိုင်းအစတွေ ရှိလား၊ ငါ သဲဒင်္ဂါး တွေနဲ့ တစ်ခုလောက် ဝယ်ချင်လို့"
ဒီလိုတောင်းဆိုလာလို့ အံ့အားသင့်သွားပြီး တန်ဇင်းရဲ့ မျက်ခုံးတွေ ပင့်တက်သွားခဲ့တယ်။ ဒါပေမဲ့ သေချာစဉ်းစားကြည့်ပြီးတဲ့နောက်မှာတော့ ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စတစ်ခုလိုပဲလို့ သူ မြင်သွားတယ်။
"မင်း ပဉ္စမအဆင့်ကို နိုးထဖို့ အချိန်တန်ပြီပဲ" လို့ သူက တီးတိုးရေရွတ်လိုက်တယ်။ "ငါတို့ ကုမ္ပဏီမှာ လောလောဆယ် ၅ ကီလိုလောက်ပဲ အပို ထုတ်ပေးနိုင်မယ်"
ဒါက မိုက်ကယ်ရဲ့ အစီအစဉ်တွေအတွက် မလုံလောက်ပေမဲ့ ဘာမှမရှိတာထက်တော့ ပိုကောင်းနေဆဲပဲ။ "ကျေးဇူးပဲ... မင်းပေးနိုင်သလောက် ရရင်ကို ကျေနပ်ပါတယ်"
တန်ဇင်းက ခေါင်းညိတ်လိုက်ပြီး မိုက်ကယ်ရဲ့ ပခုံးကို ပုတ်ပေးလိုက်တယ်။ "ငါ့အတွက် ဂုဏ်ယူစရာပါပဲ၊ ကဲ... အခုသွားပြီး ဘရောင်းဘလဒ်တွေနဲ့ မဟာမိတ်ဖွဲ့နိုင်အောင် လုပ်လိုက်တော့၊ မင်း ပြန်ဆပ်နိုင်မယ်ဆိုတာ သိထားလို့ ငါ့ကုမ္ပဏီက နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို ငှားပေးဖို့ ပိုပြီး ဆန္ဒရှိနေမှာပါ"
"ဘာ"
"ဘာလဲ"
သူတို့နှစ်ယောက်ကြားမှာ နားလည်မှု လွဲနေခဲ့ကြတယ်။
"အို" မိုက်ကယ်က ရေရွတ်လိုက်တယ်။ "ငါက ငှားချင်တာ မဟုတ်ဘူး၊ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို ဝယ်လို့ရမလားလို့ မေးနေတာ"
"...မင်း ဆိုလိုတာက..."
"အင်း... ငါ့ဆီမှာ ပိုက်ဆံပါလာတယ်" လို့ မိုက်ကယ်က ပြောရင်း သဲဒင်္ဂါး တွေ အပြည့်ထည့်ထားတဲ့ အဝတ်အိတ်တစ်လုံးကို အိတ်ကပ်ထဲကနေ ထုတ်ယူလိုက်တယ်။
တန်ဇင်းက မိုက်ကယ် လက်ထဲက အိတ်ကို အံ့အားသင့်စွာနဲ့ စိုက်ကြည့်နေမိတယ်။ သဲဒင်္ဂါး အများကြီးကို နည်းနည်းလေးတောင် တွန့်ဆုတ်ခြင်းမရှိဘဲ အလွယ်တကူ ထုတ်ပြလာတာက သူ့အတွက်တော့ လုံးဝကို တုန်လှုပ်စရာပဲ။ သူကိုယ်တိုင်တောင်မှ သဲဒင်္ဂါး ၁၀၀၀၀ လောက် သုံးရမယ်ဆိုရင် နှမြောတွန့်တိုနေရမှာလေ။
ဒါပေမဲ့ မိုက်ကယ်က သဲဒင်္ဂါး ၅၀၀၀၀ ကို ပေါ့ပေါ့ပါးပါးကြီး ပေးနေတာပဲ။
သူ့ဆီမှာ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေ တကယ်ရှိရဲ့လားလို့ သေချာအောင် မမေးခင်မှာတင် မိုက်ကယ်က သားရေအိတ်ကို တန်ဇင်းဆီတောင် ကမ်းပေးလိုက်သေးတယ်။
မိုက်ကယ်က ဒီလောက်အထိ ယုံကြည်တတ်လွန်းတာလား၊ ဒါမှမဟုတ် ပိုက်ဆံတွေ အများကြီး ပိုရှိနေလို့ပဲ သုံးဖြုန်းနေတာလားဆိုတာကို တန်ဇင်း မသိတော့ဘူး။
"....မင်းက နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို ဝယ်မှာဆိုတော့... အခု... အခု ငါ့ဆီမှာ မရှိသေးဘူး" လို့ တန်ဇင်းက ထစ်အစွာ ပြောလိုက်တယ်။
"ရပါတယ်" မိုက်ကယ်က အိတ်ကို သူ့ဘက် တွန်းပေးရင်း ပြောလိုက်တယ်။ "အဲဒါကို ယူဖို့ မင်းနဲ့ နောက်မှ လာတွေ့မယ်လေ"
အဲဒီနောက် မိုက်ကယ်က လက်ပြနှုတ်ဆက်လိုက်ပြီး ဝံပုလွေလူသားတွေနောက် ပြေးလိုက်သွားခဲ့ကာ တန်ဇင်းတစ်ယောက် သဲဒင်္ဂါး တွေပါတဲ့ သားရေအိတ်ကို ကိုင်လျက်သားနဲ့ ကျန်ရစ်ခဲ့တော့တယ်။
"သူက ချမ်းသာတာပဲ... သဲဒင်္ဂါး တွေနဲ့ပါပဲလား..." လို့ တန်ဇင်းက ကောက်ချက်ချလိုက်တယ်။
ဘရောင်းဘလဒ်တွေနဲ့ မဟာမိတ်ဖွဲ့ပြီးမှပဲ မိုက်ကယ်က ငွေတွေ ရလိမ့်မယ်လို့ သူ ထင်ထားခဲ့တာလေ။
ဒါပေမဲ့ သူ့ဆီမှာ ဒီလောက်အများကြီး သုံးစရာရှိနေတယ်ဆိုရင် မှော်သားရဲ တစ်ပိုင်းသတ္တဝါ တွေကြားမှာ တခြားမဟာမိတ်တွေလည်း ရှိနေရမယ်ဆိုတဲ့ သဘောပဲ။
ဒါက မိုက်ကယ်ဟာ မက်ထရိုပိုလစ် အတွက် တကယ့် မျှော်လင့်ချက်ဆိုတာကို သူ့ကို သဘောပေါက်သွားစေတယ်။
* * * * * * * *
မိုက်ကယ်က ဝံပုလွေလူသားတွေကို အမီလိုက်သွားခဲ့ပြီး သိပ်မကြာခင်မှာပဲ ခွေးဝံပုလွေတွေ ခြံရံထားတဲ့ ရထားလုံးတစ်စီးနဲ့ တောင်ပေါ်တောအုပ်ကို ဖြတ်သန်းသွားခဲ့ကြတယ်။
"ဘရောင်းဘလဒ်တွေရဲ့ အကြီးအကဲ တစ်ယောက်အနေနဲ့ ဒီလိုခက်ခဲကျပ်တည်းနေတဲ့ အချိန်မှာ ငါတို့ကို ကူညီပေးဖို့ ထပ်ပြီး တောင်းဆိုပါရစေ"
ရထားလုံးထဲမှာတော့ အကြီးအကဲ လူပန်က မျှော်လင့်ချက်မဲ့နေတဲ့ မျက်လုံးတွေနဲ့ မိုက်ကယ်နဲ့ ဂျာကူတို့ကို ဦးညွှတ်လိုက်တယ်။
"ခင်ဗျားက ‘လ’ ပူဇော်ပွဲများ မှာ ကျွန်တော်တို့ရဲ့ အကူအညီကို လိုချင်တာလား" လို့ မိုက်ကယ်က မေးလိုက်တယ်။
"ဟုတ်တယ်... ကီယို" အကြီးအကဲ လူပန်က ပြောလိုက်တယ်။ "ငါတို့ သူ့အကူအညီ လိုအပ်တယ်၊ ငါတို့ရဲ့ ဓားသမားပြိုင်ပွဲမှာ သူ ပြသခဲ့တဲ့ ပါရမီတွေက သူ ‘လ’ ပူဇော်ပွဲများ မှာ ကောင်းကောင်း လုပ်ပြနိုင်မယ်ဆိုတာကို ယုံကြည်မှုဖြစ်စေဖို့ လုံလောက်ပါတယ်"
"ဒါနဲ့ ‘လ’ ပူဇော်ပွဲများ ဆိုတာက ဘာလဲ" စူးစမ်းချင်စိတ်နဲ့ မိုက်ကယ်က မေးလိုက်တယ်။
အကြီးအကဲ လူပန်က ရထားလုံး ပြတင်းပေါက်ကနေ တိမ်ကင်းစင်နေတဲ့ ကောင်းကင်ပြာကြီးကို လှမ်းကြည့်လိုက်တယ်။
"အဲဒါက ငါတို့ နှစ်စဉ်လုပ်နေကျ လမင်းကို ပူဇော်တဲ့ပွဲပဲ၊ ငါတို့ရဲ့ ဘုရားသခင်ကို ကျေးဇူးဆပ်တဲ့ နည်းလမ်းတစ်ခုပေါ့၊ ရှေးခေတ်တုန်းကဆိုရင် လမင်းအပေါ် ငါတို့ရဲ့ သစ္စာရှိမှုကို သက်သေပြဖို့ ငါတို့ရဲ့ စုပေါင်းစွမ်းအားကို အသုံးပြုခဲ့ကြတယ်
ဒါပေမဲ့ အခုနောက်ပိုင်းကျတော့ ‘လ’ ပူဇော်ပွဲများ က မျိုးနွယ်စုတွေ ကြားမှာ အချင်းချင်း အပြိုင်အဆိုင် လုပ်တဲ့ပွဲ ဖြစ်လာခဲ့တယ်"
ဘုရားသခင်ကို ပူဇော်တဲ့ နည်းလမ်းတစ်ခုအဖြစ် စတင်ခဲ့တာကနေ သူတို့ မျိုးနွယ်စုတွေက တခြားသူတွေထက် ဘယ်လောက် ပိုသန်မာတယ်၊ ဒါမှမဟုတ် ဘယ်လောက် ပိုကောင်းတယ်ဆိုတာကို ပြသဖို့အတွက် နည်းလမ်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တယ်။
"ဘယ်လို ပြိုင်ပွဲမျိုးလဲ၊ ဓားသမားပြိုင်ပွဲလား" လို့ မိုက်ကယ်က ခန့်မှန်းလိုက်တယ်။
အဲဒါက သူ့အတွက် နားလည်ရခက်နေတာပဲ။ သူသိထားသလောက်ကတော့ ဝံပုလွေလူသားတွေက သူတို့ရဲ့ ဓားကိုင်စွမ်းရည်ထက် ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ပိုပြီး ဂုဏ်ယူတတ်ကြတာလေ။ သူတို့ရဲ့ ‘လ’ ပူဇော်ပွဲများ က နပန်းလုံးတာသာဆိုရင် ပိုပြီး ယုတ္တိရှိဦးမယ်။
"မျိုးနွယ်စုတိုင်းက ‘လ’ ပူဇော်ပွဲများ မှာ သူတို့ မိတ်ဆက်မယ့် ပြိုင်ပွဲအသစ် တစ်ခုစီ ရှိကြတယ်" လို့ အကြီးအကဲ လူပန်က ရှင်းပြလိုက်တယ်။ "နပန်းပွဲ ဖြစ်နိုင်သလို ပြေးပွဲလည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ စွမ်းရည် လိုအပ်တဲ့ ဘယ်အရာမဆို ဖြစ်နိုင်တာပဲ
ငါတို့ အနေနဲ့ကတော့ ငါက ဓားသမားတွေကြားက ပြိုင်ပွဲတစ်ခုကို ရွေးချယ်ခဲ့တယ်
ပြီးတော့ ‘လ’ ပူဇော်ပွဲများ မှာ တခြား မျိုးနွယ်စုတွေက ငါတို့ရဲ့ ဓားသမားပြိုင်ပွဲကို ဝင်ပြိုင်ပြီးတော့ ငါတို့ကို စိန်ခေါ်ကြလိမ့်မယ်၊ ပြီးတော့ ငါတို့ရဲ့ ကစားနည်းမှာတင် ငါတို့ကို အနိုင်ယူဖို့ ကြိုးစားကြမှာပဲ၊ ငါတို့ ရှုံးသွားရင် ငါတို့ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းသွားလိမ့်မယ်"
အခြေခံအားဖြင့် ‘လ’ ပူဇော်ပွဲများ ဆိုတာ ဝံပုလွေလူသားတစ်ယောက်ရဲ့ ကြီးမားလှတဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေကို ပြသဖို့ နည်းလမ်းတစ်ခုပဲ။
သူတို့က ရုပ်ပိုင်းဆိုင်ရာအရ အလွန်သန်မာကြောင်းကို ပြသချင်ကြတာဖြစ်ပြီး သူတို့နဲ့ မရင်းနှီးတဲ့ ဘယ်ကစားနည်း၊ ဒါမှမဟုတ် ပြိုင်ပွဲမှာမဆို ဝင်ပြိုင်နိုင်ပြီး သူတို့ရဲ့ အင်အားကိုသုံးပြီး အနိုင်ယူနိုင်တယ်ဆိုတာကို ပြသဖို့ ကြိုးစားနေကြတာလေ။
ဒီ ‘လ’ ပူဇော်ပွဲများ က အဲဒါကို သက်သေပြဖို့ ကြိုးစားနေကြတာပဲ။
"ဒါကြောင့် ခင်ဗျားက ဓားသမားတစ်ယောက်ကို ခေါ်ဖို့ ကြိုးစားနေတာကိုး" လို့ မိုက်ကယ်က ရေရွတ်လိုက်တယ်။
"ဟုတ်တယ်၊ ငါတို့ မျိုးနွယ်စုမှာ အားကောင်းတဲ့ ဓားသမား မရှိဘူးလေ"
"ဒါဆို ဘာလို့ အဲဒါကို ရွေးရတာလဲ" လို့ မိုက်ကယ်က မေးလိုက်တယ်။
"ငါတို့မှာ ရွေးချယ်စရာ မရှိဘူးလေ၊ ငါတို့က နောက်ဆုံးမှ ရွေးခွင့်ရတာ" လို့ အကြီးအကဲ လူပန်က ရှက်ရွံ့စွာနဲ့ ပြောလိုက်တယ်။
နယူးစပါတာ မှာ အားအနည်းဆုံး မျိုးနွယ်စု ဖြစ်နေတာမို့ ပြိုင်ပွဲသစ်တစ်ခုကို မိတ်ဆက်ဖို့ နောက်ဆုံးမှ လုပ်ရတာကလွဲပြီး သူတို့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး။
အကြီးအကဲ လူပန်က နပန်းပြိုင်ပွဲ ဒါမှမဟုတ် အပြေးပြိုင်ပွဲကို လိုချင်ခဲ့ပေမဲ့ အဲဒါတွေကို တခြား မျိုးနွယ်စုတွေက ရွေးချယ်သွားကြပြီလေ။
"ဒါပေမဲ့ အဲဒါက ငါ ချဖူးသမျှ ဆုံးဖြတ်ချက်တွေထဲမှာ အကောင်းဆုံး ဖြစ်လာခဲ့တယ်၊ အဲဒါက မင်းကို ရှာတွေ့ဖို့ လမ်းစဖြစ်သွားတာပဲ" လို့ သူက ဂျာကူကို လက်ညှိုးထိုးရင်း ပြောလိုက်တယ်။ "ဒီဗာ ပါတဲ့ လူတစ်ပိုင်းသတ္တဝါ တစ်ယောက်ဆိုတာ... တစ်ခါမှ မကြားဖူးဘူး"
"ဟွန်း" ပြိုင်ပွဲဝင်စရာ မလိုအောင် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချဖို့ ကြိုးစားရင်း ဂျာကူက အသံပြုလိုက်တယ်။
"ဒါတင် မကဘူး၊ မင်း... မင်းဆီမှာ ဒဏ္ဍာရီလာသားရဲများ ရဲ့ စွမ်းအားရှိနေတယ်၊ မင်းမှာ ရှေးဦးဟိန်းသံ ရှိတယ်"
* * * * * * * *