အခန်း ၉၃၂
Vol. 63 Ch. 932
အခန်း (၉၃၂) သွေးကြွေးကို သွေးဖြင့်ဆပ်မည်... လှုပ်ရှားခြင်း (အပိုင်း- ၃)
အရိုင်းနယ်မြေထဲရှိ တာ့ယန်အင်မော်တယ် မင်းဆက်၏ ပထမမြောက် အင်မော်တယ်မြို့တော်။
လျှို့ဝှက် ဂူစံအိမ်တစ်ခု၏ အတွင်း၌
ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးအိုတစ်ဦးမှာ တင်ပျဉ်ခွေထိုင်နေ၏။ အဘိုးအို၏ ပတ်ပတ်လည်၌ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များ ရစ်ဝဲနေ၏။
သူ၏ရှေ့မှောက်တွင်တော့ ရှေးဟောင်း လိပ်ခွံအချို့က မှိန်ပျပျ အင်မော်တယ်အလင်းရောင်များ ဖြာထွက်နေကာ အဆက်မပြတ် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ ခပ်ရေးရေးကြည့်လျှင် တစ်စုံတစ်ရာသော တာအိုပုံစံများ ထွက်ပေါ်လာနေသည့်နှယ်ပင်။
ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးအို၏ မျက်နှာချင်းဆိုင်တွင် ငွေဖြူ ချပ်ဝတ် ဝတ်ဆင်ထားသည့် ခန့်ညားထည်ဝါသော သက်လတ်ပိုင်း တစ်ဦး ရှိနေ၏။ သူ၏ ခါးထက်တွင် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ထွက်ပေါ်နေသည့် သွေးရောင် သံမဏိဓားကြီး တစ်လက် ချိတ်ဆွဲထားသည်။ အဘိုးအိုက ဟောကိန်းထုတ်တွက်ချက်နေသည်ကို သူက မျက်မှောင်အနည်းငယ် ကြုတ်လျက် စောင့်ကြည့်နေလေသည်။
ထိုခန့်ညားသော လူ၏ဘေးတွင် စာပေသမား ပုံပေါက်သော လူတစ်ဦးက ယပ်တောင်ကို တဖျတ်ဖျတ် ခတ်ကာ မတ်တတ်ရပ်နေသည်။ သူကလည်း အဘိုးအို၏ အကြိမ်ကြိမ် တွက်ချက်နေသော်လည်း အချည်းနှီးသာ ဖြစ်နေသည်ကို ရပ်ကြည့်နေ၏။
စာပေသမားက အသံလှိုင်းပို့လွှတ်ကာ မေးမြန်းလိုက်သည်။
"ကောင်းကင်ဓားသခင်... အရိုင်းနယ်မြေထဲက ငါတို့ တာ့ယန်အင်မော်တယ် မင်းဆက်ရဲ့ ရတနာတိုက်ကို ခိုးသွားတဲ့ သူခိုးရဲ့ တည်နေရာကို ဒီ ခရမ်းရောင်နေမင်း တာအိုဆရာက တွက်ချက်နိုင်ပါ့မလား"
"သူသာ တွက်မထုတ်နိုင်ဘူးဆိုရင် ငါတို့တွေ ဒီမှာ အချိန်ဖြုန်းပြီး ထိုင်စောင့်နေရသလို ဖြစ်မနေဘူးလား"
အချိန်အနည်းငယ် ကြာပြီးနောက် အဘိုးအို၏ ရှေ့ရှိ လိပ်ခွံများ ရုတ်တရက် တုန်ခါသွားပြီး လေထဲမှ ပြုတ်ကျသွားတော့သည်။
အဘိုးအိုကိုယ်တိုင်လည်း ကောင်းကင်တာအိုထံမှ နတ်ဘုရား ဒဏ်ခတ်မှုတစ်ခုကို ခံလိုက်ရသည့်နှယ် သွေးတစ်လုပ် အန်ချလိုက်ရ၏။ သူက မျက်လုံးများကို ဖွင့်လိုက်ရာ အထိတ်တလန့်ဖြစ်မှုနှင့် ကျန်ရစ်နေသေးသော ကြောက်ရွံ့မှု အရိပ်အယောင်များကို တွေ့မြင်ရလေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ငွေရောင်ချပ်ဝတ်နှင့် လူရော စာပေသမားလူပါ မျက်နှာအမူအရာများ အနည်းငယ် လှုပ်ခတ်သွားကြပြီး အလျင်စလို မေးမြန်းလိုက်ကြသည်။
"မိတ်ဆွေ ခရမ်းရောင်နေမင်း... ဘာတွေဖြစ်သွားတာလဲ"
တည်ငြိမ်မှု ကင်းမဲ့နေသော မျက်နှာဖြင့် ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးအိုမှာ အချိန်အတန်ကြာမှသာ အထိတ်တလန့် အော်ဟစ်လိုက်တော့၏။
"အဲဒီလူက ကောင်းကင်တာအိုရဲ့ အကာအကွယ်ကို ရထားတာ... ငါ သူ့ကို လုံးဝ ထောက်လှမ်းလို့ မရဘူး"
"ခုနလေးတင် ငါက လျှို့ဝှက်ပညာရပ်တစ်ခုကို သုံးပြီး ရလဒ်ကို အတင်းအကျပ် တွက်ထုတ်ဖို့ ကြိုးစားခဲ့တာ... ဒါပေမဲ့ ကောင်းကင်တာအိုရဲ့ ပြောင်းပြန်အကြေးခွံကို သွားထိမိသလို ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ... ကောင်းကင်ဘုံရဲ့ အစွမ်းက တိုက်ရိုက်ကျဆင်းလာပြီး ငါ့ရဲ့ ဝိညာဉ်အသိကို ဖိချေပစ်လိုက်တယ်"
ကံကောင်းထောက်မစွာဖြင့် အချိန်မီ ရပ်တန့်နိုင်ခဲ့၍သာ။
မဟုတ်ပါက ဤအခိုက်အတန့်တွင် ကောင်းကင်ဘုံ၏ ဒဏ်ခတ်မှုကြောင့် သူ၏ သက်တမ်းများ အကြီးအကျယ် လျော့ကျသွားမည်မှာ အသေအချာပင်။
ငွေရောင်ချပ်ဝတ်နှင့် လူ၏ မျက်မှောင်များ ကြုတ်သွားပြီး မျက်နှာအမူအရာက ကြမ်းကြုတ်သွားတော့သည်။
"ကောင်းကင်တာအိုရဲ့ အကာအကွယ်ကို ရထားတယ် ဟုတ်လား... ဟမ့်... ဒီလိုစကားမျိုးတွေကို အင်မော်တယ်အရှင်သခင် ကြားသွားရင် ယုံလိမ့်မယ်လို့ ထင်နေတာလား"
"ငါတို့ တာ့ယန်အင်မော်တယ် မင်းဆက်က ရေတွက်လို့မရတဲ့ နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့တာ... ကံကြမ္မာ အထောက်အပံ့က စိတ်ကူးယဉ်လို့တောင် မရနိုင်လောက်အောင် ကျယ်ပြန့်ပြီး အခုဆို အထွတ်အထိပ်ကို ရောက်နေပြီ"
"ငါတို့ တာ့ယန်အင်မော်တယ် မင်းဆက်ရဲ့ ကံကြမ္မာအောက်မှာ နဂါးတွေတောင် ခွေခေါက်နေရပြီး ကျားတွေတောင် ဝပ်တွားနေရတာ"
"ခွေးသူခိုး တစ်ကောင်လောက်ကိုများ ကောင်းကင်တာအိုရဲ့ အကာအကွယ်ရထားတယ်လို့ ပြောနေရသလား... ဟမ့်"
ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးအို၏ မျက်နှာမှာ ရှက်ရွံ့မှုနှင့် ဒေါသတို့ကြောင့် မှောင်မည်းသွားပြီး ကောင်းကင်ဓားသခင်အား စူးစူးရဲရဲ စိုက်ကြည့်ကာ ဒေါသတကြီး တုံ့ပြန်လိုက်သည်။
"အဖြစ်မှန်က ဒီအတိုင်းပဲ"
"ကောင်းကင်ဓားသခင်က မယုံဘူးဆိုရင်လည်း လူတချို့ခေါ်ပြီး ကိုယ့်ဘာသာကိုယ် သွားရှာကြည့်လိုက်လေ... အဲဒီလူကို ရှာတွေ့နိုင်မလား သို့မဟုတ် အဲဒီလူကို သတ်နိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့"
"မင်းသာ လုပ်နိုင်ခဲ့မယ်ဆိုရင် အခုချိန်ကစပြီး မင်းခိုင်းတဲ့အတိုင်း ငါ အကုန်လုပ်ပေးမယ်... မင်းအတွက် သေရမယ်ဆိုရင်တောင် အသင့်ပဲ"
ကောင်းကင်ဓားသခင်မှာ တာ့ယန်အင်မော်တယ် မင်းဆက်အတွင်း တက်သစ်စ ကြယ်ပွင့်တစ်ပွင့်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး နာမည်ဆိုးဖြင့် ကျော်ကြားသော ပါရမီရှင်တစ်ဦးနှင့် ထိပ်တန်းစစ်သည်တော်တစ်ဦးလည်း ဖြစ်၏။
သူက တစ်ချိန်က ချန်ကု အင်မော်တယ်မြို့တော် အပြင်ဘက်တွင် တူညီသော ကျင့်ကြံခြင်းအဆင့်ရှိ အရှင်သခင်သုံးပါးကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ဖူးသည်။ အခြေအနေကို ပြောင်းပြန်လှန်ပစ်ကာ ပြိုင်ဘက်များကို သေလုမျောပါး ဒဏ်ရာရစေပြီး ဆုတ်ခွာသွားစေခဲ့ရာ တိုက်ပွဲတစ်ပွဲတည်းဖြင့် နာမည်ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။
တာ့ယန်အင်မော်တယ် မင်းဆက်၏ မင်းသားများနှင့် မှူးမတ်များစွာ အကြားတွင် ကောင်းကင်ဓားသခင်၏ အဆင့်အတန်းမှာ ထိပ်ဆုံးငါးဦးစာရင်းဝင် ဖြစ်လေသည်။
ဤစကားများကို ကြားလိုက်ရသောအခါ ကောင်းကင်ဓားသခင်၏ နှလုံးသား လှုပ်ရှားသွားတော့သည်။
ခရမ်းရောင်နေမင်း တာအိုဆရာတွင် အတိုင်းအတာ တစ်ခုအထိ စွမ်းရည်ရှိပြီး မိမိအတွက် အလုပ်လုပ်ပေးမည်ဆိုပါက မိမိ၏ ကိုယ်ပိုင် အခြေခံအင်အားနှင့် လွှမ်းမိုးမှုအတွက် ကြီးမားသော အထောက်အပံ့တစ်ခု ဖြစ်လာမည်မှာ သေချာလှ၏။
"ကောင်းပြီ"
"ငါ အခု လူတွေခေါ်ပြီး အဲဒီသူခိုးကို သွားရှာမယ်... ရှာတွေ့ခဲ့ရင် မိတ်ဆွေ ခရမ်းရောင်နေမင်းက ကတိကို မမေ့စေနဲ့"
ကောင်းကင်ဓားသခင်က ကျယ်လောင်စွာ ကြွေးကြော်လိုက်ပြီး သူ၏ ပတ်လည်တွင် ကြမ်းကြုတ်သော သတ်ဖြတ်ခြင်း အငွေ့အသက်များ စုစည်းလာသည်။ ကြေးခေါင်းလောင်းများနှင့် တူသော သူ၏ ကျားမျက်လုံးများက ခရမ်းရောင်နေမင်း တာအိုဆရာအား စူးစူးရဲရဲ စိုက်ကြည့်လိုက်ရာ ခရမ်းရောင်နေမင်း တာအိုဆရာ၏ ခန္ဓာကိုယ်မွေးညှင်းများပင် ထောင်မတ်သွားရတော့၏။
ကောင်းကင်ဓားသခင်က ဂူစံအိမ်မှ ထွက်ခွာရန် လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ရှေ့ရှိ ဟင်းလင်းပြင်က ရုတ်တရက် လှိုင်းထသွားတော့သည်။
နောက်တစ်ခဏတွင် တောက်ပလွန်း၍ မျက်စိကျိန်းမတတ် ဖြစ်စေသော မီးတောက်တစ်ခုက ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ အက်ကွဲကြောင်းငယ်လေး တစ်ခုမှ ဆင်းသက်လာတော့သည်။
ထိုမီးတောက်အလင်းကို မြင်လိုက်ရသည့် အခိုက်အတန့်တွင်ပင် ကောင်းကင်ဓားသခင်... ခရမ်းရောင်နေမင်း တာအိုဆရာနှင့် ကျန်ရှိနေသေးသော ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်တို့မှာ သူတို့အပေါ် ကျရောက်လာမည့် မရဏ ခံစားချက်ကို အသည်းခိုက်မတတ် ခံစားလိုက်ကြရ၏။
"ချွင်..."
ကောင်းကင်ဓားသခင်၏ ခါးမှ ဓားကြီးက ရုတ်တရက် ဓားအိမ်မှ ကျွတ်ထွက်လာ၏။ ထိုအခိုက်အတန့်၌ ကောင်းကင်ဓားသခင်ကိုယ်တိုင်ပင် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည့်နှယ်ပင်။
အမြင့်မြတ်ဆုံးသော ဓားတာအို အလင်းရောင်များ ဖွဲ့တည်လာတော့သည်။
ကောင်းကင်နှင့် မြေကြီးမှာ အေးစက်သော အလင်းရောင်ဖြင့် လင်းထိန်သွားပြီး ဂူစံအိမ်အတွင်းရှိ ဟင်းလင်းပြင်နှင့် အခင်းအကျင်းတို့မှာ ဓားတာအို၏ ဓားသွားအောက်တွင် လက်မအနည်းငယ်စီ အပိုင်းပိုင်းအစစ ကွဲအက်သွားရ၏။
"ဝုန်း..."
ကောင်းကင်ဓားသခင်က ဓားအဖြစ် ပြောင်းလဲသွားစဉ် ထိုမီးတောက်အလင်းတန်းဆီသို့ ခုတ်ပိုင်းချလိုက်တော့သည်။
"ရွှီး..."
မီးတောက် ရောက်ရှိလာသည့် အခိုက်အတန့်တွင် ၎င်းက ကောင်းကင်ယံသို့ ပျံသန်းနေသော မီးတောက်ကြီးအသွင် ပြောင်းလဲသွားကာ ကောင်းကင်ထက်တွင် စူးရှစွာ အော်ဟစ်နေသော ဖီးနစ်ငှက်ကြီး တစ်ကောင် ဖြစ်လာတော့၏။
ဓားနှင့် တိုက်ရိုက် ထိပ်တိုက် ရင်ဆိုင်လိုက်ခြင်းပင်။
ဓားနှင့် မီးတောက် တွေ့ဆုံသွားသည့် အခိုက်အတန့်တွင်ပင် ဓားကြီးမှာ အပိုင်းပိုင်းအစစ ကြေမွသွားခဲ့လေပြီ။
ကောင်းကင်ဓားသခင်မှာ စိတ်ကူးယဉ်၍ပင် မရနိုင်သော ဖျက်ဆီးခြင်း စွမ်းအားကြီး တစ်ခု သူ့အပေါ် ဖိကျလာသည်ကိုသာ ခံစားလိုက်ရသည်။ သူ၏ တာအိုခန္ဓာကို အပိုင်းပိုင်း ကြေမွသွားစေကာ သွေးများ အန်ထုတ်လျက် ပိုမိုမြန်ဆန်သော အရှိန်ဖြင့် နောက်သို့ လွင့်စင်သွားတော့သည်။
လေထဲတွင် ရှိနေဆဲဖြစ်သော ကောင်းကင်ဓားသခင်က ကောင်းကင်ထက်ရှိ ဖီးနစ်ငှက်ကြီး လုံးဝ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရ၏။
ကောင်းကင်ယံကိုပင် လောင်ကျွမ်းပစ်မည့်အလား ထင်ရသော မီးပင်လယ်ကြီး တစ်ခုကိုသာ ချန်ရစ်ထားခဲ့လေသည်။
မီးပင်လယ်ထဲမှ အနည်းငယ် သေးငယ်သော ဖီးနစ်ငှက်တစ်ကောင် ထွက်ပေါ်လာပြီး ပြာများထဲမှ ပြန်လည်မွေးဖွားလာကာ အော်ဟစ်လိုက်ပြီးနောက် သူ့ထံသို့ ထပ်မံ ပစ်လွှတ်လာပြန်၏။
"ဝုန်း..."
တစ်ချက်တည်းသော တိုက်ခိုက်မှုဖြင့် ကောင်းကင်ဓားသခင်၏ တာအိုခန္ဓာမှာ ပေါက်ကွဲထွက်သွားပြီး ပြာများအဖြစ်သို့ ပြောင်းလဲသွားကာ မီးတောက်အောက်တွင် ပျောက်ကွယ်သွားခဲ့ရတော့၏။
မသေဆုံးမီလေးတွင် ကောင်းကင်ဓားသခင်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
'မယုံနိုင်စရာပဲ...'
'ငါလို တာ့ယန်အင်မော်တယ် မင်းဆက်ရဲ့ ထိပ်တန်း ဝိညာဉ်ခွဲထွက်အဆင့် စစ်သည်တော် တစ်ယောက်က မြှားတစ်စင်းတည်းနဲ့ အသတ်ခံလိုက်ရတာလား...'
ခရမ်းရောင်နေမင်း တာအိုဆရာ၏ တာအိုခန္ဓာ အပါအဝင် အခြားသော ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် နှစ်ပါးမှာလည်း မီးဖီးနစ်၏ ပိုမို ကြောက်မက်ဖွယ်ကောင်းလာသော အားလှိုင်း အကြွင်းအကျန်များ ရိုက်ခတ်သွားမှုကြောင့် လုံးဝ ပျက်စီးသွား၏။ ဂူစံအိမ် တစ်ခုလုံးမှာ အဆုံးသတ်အား မမြင်နိုင်သော တွင်းနက်ကြီး တစ်ခုအဖြစ် ကျန်ရစ်ခဲ့တော့သည်။
ပထမမြောက် အင်မော်တယ်မြို့တော် အတွင်း၌ အင်အားအကြီးမားဆုံးနှင့် လေးစားရဆုံး ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် သုံးပါး၏ တာအိုခန္ဓာများမှာ ဂူစံအိမ် ပျက်စီးခြင်းနှင့်အတူ ပျက်စီးသွားခဲ့ပြီး မြှားတစ်စင်းတည်းဖြင့် ဇီဝိန်ခြွေခံလိုက်ရလေပြီ။
ပထမမြောက် အင်မော်တယ်မြို့တော် အတွင်းရှိ အခြားသော မူလဝိညာဉ်အဆင့် အရှင်သခင်များနှင့် ကျင့်ကြံသူ တပ်သားများက အနှောင့်အယှက်ကို အာရုံခံမိသွားသောအခါ သူတို့၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားကြ၏ယ အပျက်အစီးများကို ကြည့်ရန် အပြေးအလွှား ထွက်လာကြတော့သည်။
ထိုအချိန်တွင် အတွင်း၌ ပုန်းအောင်းနေသော ကြီးမြတ်သည့် ပုဂ္ဂိုလ်ကြီး သုံးဦး၏ တည်ရှိမှုမှာ ပျောက်ကွယ်သွားပြီး ကျဆုံးသွားခဲ့လေပြီ။