အခန်း ၉၃၃
Vol. 63 Ch. 933
အခန်း (၉၃၃) သွေးကြွေးကို သွေးဖြင့်ဆပ်မည်... လှုပ်ရှားခြင်း (အပိုင်း- ၄)
မူလဝိညာဉ်အဆင့် အရှင်သခင်တိုင်း၏ မျက်လုံးများထဲတွင် တုန်လှုပ်ခြောက်ခြားမှု အရိပ်အယောင်များ ပြည့်နှက်နေပြီး ဤအဖြစ်ကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေကြ၏။
"မြို့စားမင်း..."
"အရှင်သခင်တွေ..."
"မရှိတော့ဘူး... မြို့စားမင်းရဲ့ နတ်ဘုရားခန္ဓာ ကျဆုံးသွားပြီလား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
မည်သူက လက်စွမ်းပြသွားသနည်း။
သူတို့ အသိစိတ်ပင် ပြန်မဝင်သေး။
ပထမ အင်မော်တယ်မြို့တော်၏ အထက်ကောင်းကင်ယံရှိ ဟင်းလင်းပြင်လှိုင်းဂယက်များနှင့်အတူ လူရိပ်တစ်ရိပ် ထွက်ပေါ်လာ၏။ ထိုသူက အောက်ဘက်ရှိ မူလဝိညာဉ်အဆင့် အရှင်သခင်များနှင့် တာ့ယန် အင်မော်တယ်မင်းဆက်မှ ကျင့်ကြံသူအားလုံးကို အေးစက်စွာ ငုံ့ကြည့်နေသည်။
“ဝုန်း…”
နောက်တစ်ခဏ၌ ဓာတ်ကြီးငါးပါး တာအိုနှင့် အချိန်တာအို၏ စွမ်းအားများက ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားတော့၏။
စုယွီက လက်တစ်ဖက်ကို ဆန့်တန်းလိုက်သည်။
ဓာတ်ကြီးငါးပါး မှော်ပညာနှင့် မဟာယာနအဆင့်နီးပါးရှိသော ဓာတ်ကြီးငါးပါး တာအိုစွမ်းအားတို့ ပေါင်းစပ်သွားပြီး ပြင်းထန်လှသော စွမ်းအင်တစ်ရပ် ပေါက်ကွဲထွက်ပေါ်လာ၏။
အချိန်တာအိုက ပထမ အင်မော်တယ်မြို့တော်အတွင်းရှိ ကျင့်ကြံသူအားလုံးကို ဖုံးလွှမ်းသွားရာ မည်သူကမျှ အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိတော့သလို ခုခံရန် အခင်းအကျင်းများကိုလည်း မထိန်းချုပ်နိုင်ကြတော့ချေ။
ဟင်းလင်းပြင် တာအို စွမ်းအားက အင်မော်တယ်မြို့တော် တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ဓာတ်ကြီးငါးပါး မှော်စွမ်းအားများကို နေရာအနှံ့ ထိုးဖောက်ဝင်ရောက်ခွင့် ပြုလိုက်သည်။
“ဝုန်း…”
တစ်ခဏချင်းအတွင်းမှာပင် အင်မော်တယ်မြို့တော်၏ မြေပြင်ကြီး ပြိုကျပျက်စီးသွား၏။ ရေတွက်၍မရနိုင်သော အခင်းအကျင်းများ၊ အင်မော်တယ် နန်းတော်များနှင့် ဂူစံအိမ်များ အားလုံး စိစိညက်ညက် ကျေမွသွားတော့သည်။ ကောင်းကင်သို့ ထိုးတက်နေသော အင်မော်တယ်နွယ်ပင်များ မြေအောက်မှ ပေါက်ကွဲထွက်ပေါ်လာပြီး မြို့အတွင်းရှိ ထောင်သောင်းချီသော ကျင့်ကြံသူများကို ရစ်ပတ်ချည်နှောင်လိုက်တော့သည်။
အထက်ကောင်းကင်ယံတွင် ခရမ်းရောင်သန်းနေသော အနက်ရောင် မီးဖီးနစ်ငှက်ကြီးများ ပုံဖော်ဖြစ်တည်လာပြီး ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားအောင် စူးစူးနစ်နစ် အော်ဟစ်နေကြ၏။
၎င်းတို့ ဖြတ်သန်းသွားရာ နေရာတိုင်းရှိ မူလဝိညာဉ်အဆင့် အရှင်သခင်များပင်လျှင် မီးဖီးနစ်များ၏ အငွေ့အသက်ကြောင့် တစ်ခဏချင်း ပြာကျသွားရတော့သည်။
ထို့အပြင် အန္တရာယ်ကင်းလှသည်ဟု ထင်ရသော နေရောင်ရေစင်နှင့် လရောင်ရေစင် စက်ပေါက်များ ဖွဲ့တည်လာပြီး မြို့အတွင်း အင်မော်တယ်နွယ်ပင်များဖြင့် ချည်နှောင်ခံထားရသော ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များပေါ်သို့ မိုးပေါက်များအလား ရွာကျလာ၏။
ကနဦးတွင် ကျင့်ကြံသူများက ဤမိုးရေပေါက်များ၏ အသုံးဝင်ပုံကို နားမလည်နိုင်အောင် ဖြစ်နေကြသည်။
သို့သော် နောက်တစ်ခဏ၌ ထိုမိုးရေပေါက်များ ကျဆင်းလာသည်နှင့်အမျှ သူတို့၏ ရုပ်ခန္ဓာများ.. သွေးရေများအဖြစ် တဖြည်းဖြည်း အရည်ပျော်ကျလာတော့၏။
သူတို့၏ မူလဝိညာဉ်များပင်လျှင် လရောင်ရေစင်၏ လွှမ်းမိုးမှုအောက်တွင် တဖြည်းဖြည်း အရည်ပျော်စ ပြုလာသည်။
ဤသို့သော နာကျင်မှုကား ငရဲပြည်တွင် ခံစားရသည့်နှယ် ဆိုးရွားလှပြီး သေရခြင်းထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေတော့သည်။
တာ့ယန် အင်မော်တယ်မင်းဆက်၏ အပျက်အစီးနယ်မြေရှိ ပထမ အင်မော်တယ်မြို့တော်အတွင်းမှ မချိမဆံ့ အော်ဟစ်သံကြီးများ တစ်ခဏချင်း ပဲ့တင်ထပ်သွား၏။
"အား..."
ထို့အပြင် ကြီးစိုးသော သတ္တုစွမ်းအင် အရှိန်အဝါများ ပြည့်နှက်နေသည့် ဓားမြောက်မြားစွာ စုစည်းလာပြီး ဓားနယ်မြေတစ်ခုအလား အရာအားလုံးကို ရက်စက်စွာ ခုတ်ထစ်နေတော့သည်။
သို့ရာတွင် အသတ်ခံလိုက်ရသော ကျင့်ကြံသူများ၏ မျက်နှာထက်၌မူ ပြုံးယောင်သန်းနေကြ၏။
ထိုအပြုံးများက နောက်ဆုံးတွင် သူတို့ ခံစားနေရသော ဆင်းရဲဒုက္ခများမှ လွတ်မြောက်သွားပြီဖြစ်ကြောင်း ဖော်ပြနေသည့်နှယ်ပင်။
“ဝုန်း…”
စုယွီက လက်ဖဝါးကိုလှန်၍ အောက်သို့ ဖိချလိုက်သည်နှင့် တာ့ယန် အင်မော်တယ်မင်းဆက်၏ အပျက်အစီးနယ်မြေရှိ ပထမ အင်မော်တယ်မြို့တော်ကြီးသည် ဓာတ်ကြီးငါးပါး မှော်စွမ်းအားအောက်တွင် အလုံးစုံ ပြိုကျပျက်စီးသွားပြီး ထောင်ပေါင်းများစွာသော ကျင့်ကြံသူများ တစ်ခဏချင်း သေဆုံးသွားကြရတော့သည်။
မြေပြင်ကြီးက ပြင်းထန်စွာ တုန်ခါသွားပြီး မိုးကြိုးပစ်ချလိုက်သည့်နှယ် ဟိန်းဟောက်သံကြီးများ ထွက်ပေါ်လာကာ အင်မော်တယ်မြို့တော်မှာ အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွား၏။
အသက်ရှင်ကျန်ရစ်သူ ကျင့်ကြံသူများက သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ အပြည့်အနှက်နှင့် အထက်ကောင်းကင်ယံရှိ အဖြူရောင် ဝတ်စုံရှင်ကို မော်ကြည့်လိုက်ကြသည်။
"ပြေးကြ..."
"မြန်မြန်ပြေးကြ.. အရှင်သခင်တွေ အကုန်သေကုန်ပြီ"
"မိစ္ဆာကောင်.. ဒီလူက ငါတို့ တာ့ယန် အင်မော်တယ်မင်းဆက်က လူတွေကို ဒီလောက်တောင် ရက်ရက်စက်စက် သတ်ရဲတယ်ပေါ့လေ"
"သတင်းပို့ဖို့ မြန်မြန် ကြံစည်ကြ.. အင်မော်တယ်အရှင်သခင်ဆီကနေ တရားမျှတမှု တောင်းခံရမယ်"
အသက်ရှင်ကျန်ရစ်သော ကျင့်ကြံသူများမှာ သတ္တိများ လုံးဝ ပျက်ပြားသွားပြီး အရပ်မျက်နှာ အသီးသီးသို့ ထွက်ပြေးသွားကြတော့သည်။
စုယွီက ထိုလူများကို ဆက်လက် လိုက်လံ ဖမ်းဆီးခြင်း မပြုတော့ပေ။ သူက တစ်ခဏချင်း လှုပ်ရှားလိုက်ပြီး ဤအင်မော်တယ်မြို့တော်၏ ရတနာတိုက်အတွင်းရှိ ရတနာများနှင့် သူသတ်ဖြတ်ခဲ့သူများ ချန်ရစ်ခဲ့သော အရင်းအမြစ်များ အားလုံးကို သိမ်းပိုက်လိုက်၏။
ယခုအခါ မြေကမ္ဘာအင်မော်တယ်စံအိမ်ဂိုဏ်း သည် နှစ်ပေါင်းတစ်ရာကျော်တိုင်အောင် စစ်ပွဲများကို အဆက်မပြတ် ဆင်နွှဲခဲ့ရသဖြင့် သူတို့၏ အခြေခံအုတ်မြစ်မှာ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီး ရတနာတိုက်မှာလည်း ဟာလာဟင်းလင်း ဖြစ်နေချေပြီ။
အရင်းအမြစ်များ အားလုံးမှာလည်း အလွန်အမင်း ရှားပါးနေ၏။
ထို့ကြောင့် စုယွီအနေဖြင့် ဤလူများ၏ အရင်းအမြစ်များကို ပြောင်စင်အောင် သိမ်းကျုံးယူဆောင်ပြီး အကြွင်းအကျန်များကိုပါ စုဆောင်းရခြင်းကား သဘာဝပင်။
အားလုံးကို လုယူသိမ်းပိုက်ပြီးနောက် စုယွီသည် စိုးစဉ်းမျှ တုံ့ဆိုင်းမနေဘဲ နေရာရွှေ့ပြောင်း အခင်းအကျင်းဆီသို့ သွားကာ တိုက်ရိုက် အသက်သွင်းလိုက်ပြီး တာ့ယန် အင်မော်တယ်မင်းဆက်ဆီသို့ ဦးတည်ထွက်ခွာသွားတော့သည်။
တာ့ယန် အင်မော်တယ်မင်းဆက်၏ နယ်မြေများမှာ အလွန်တရာ ကျယ်ဝန်းလှပြီး တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ တစ်ခုလုံးနီးပါးနှင့် ယှဉ်နိုင်စွမ်း ရှိ၏။
ယခင်က မြေကမ္ဘာအင်မော်တယ်စံအိမ်ဂိုဏ်း၏ အုပ်ချုပ်မှုအောက်တွင် ကြီးမားသော အင်မော်တယ်မြို့တော် ဆယ်ဂဏန်းခန့်သာ ရှိခဲ့သော်လည်း တာ့ယန် အင်မော်တယ်မင်းဆက်၏ အင်မော်တယ်မြို့တော်များမှာမူ အလွန်ပေါများလှ၏။ အင်မော်တယ်မြို့တော်ပေါင်း တစ်ရာကျော်ပင် ရှိသည်။
ဤအင်မော်တယ်မြို့တော်များ အနက်မှ အချို့ကို တာ့ယန် အင်မော်တယ်မင်းဆက်က တိုက်ရိုက် အုပ်ချုပ်၏။
ထိုအထဲတွင် အဓိက အချက်အချာကျသော အင်မော်တယ်မြို့တော် ကိုးမြို့ ပါဝင်သည်။ ကျန်မြို့များကိုမူ ဝိညာဉ်ခွဲထွက်အဆင့် မြို့စားများထံ ခွဲဝေပေးအပ်ထားပြီး ဘုရင်ကိုယ်စား စီမံအုပ်ချုပ်စေသော နယ်မြေများအဖြစ်သို့ ပြောင်းလဲထားသည်။
အပျက်အစီးနယ်မြေနှင့် ချိတ်ဆက်ထားသော နေရာရွှေ့ပြောင်း အခင်းအကျင်း လမ်းကြောင်းမှာ တာ့ယန် အင်မော်တယ်မင်းဆက်၏ အချက်အချာကျသော နယ်မြေများအတွင်း၌ တည်ရှိ၏။
သို့သော် ၎င်းသည် တာ့ယန် အင်မော်တယ်မင်းဆက်၏ အင်ပါယာမြို့တော်နှင့် နီးကပ်သော မြို့တစ်မြို့ မဟုတ်ဘဲ အနည်းငယ် ဝေးကွာသော နေရာတွင် ရှိသည်။ ထိုမြို့မှာ အဓိက အင်မော်တယ်မြို့တော် ကိုးမြို့အနက် အဆင့်ငါး နေရာတွင်ရှိသော ကောင်းကင်ဓား အင်မော်တယ်မြို့တော်ပင်။
ကောင်းကင်ဓား အင်မော်တယ်မြို့တော်သည် ကောင်းကင်ဓား မြို့စား ကြီးကြပ်အုပ်ချုပ်ရသော အင်မော်တယ်မြို့တော်လည်း ဖြစ်၏။
စုယွီ၏ မြားတစ်စင်းက ကောင်းကင်ဓား မြို့စား၏ နတ်ဘုရားခန္ဓာကို လုပ်ကြံသတ်ဖြတ်လိုက်သည့် အချိန်၌ပင် ကောင်းကင်ဓား အင်မော်တယ်မြို့တော် ဗဟိုချက်ရှိ လျှို့ဝှက်နယ်မြေတစ်ခုအတွင်း တရားထိုင်နေသော အဖြူရောင်ဝတ်စုံနှင့် လူတစ်ယောက် ပြင်းထန်သော စိတ်ဝိညာဉ် နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ၏ မျက်နှာအမူအရာမှာ သိသိသာသာ ညှို့မှိုင်းသွားပြီး သွေးများ အန်ချလိုက်ရတော့၏။
တရားထိုင်ရာမှ လန့်နိုးလာသော ကောင်းကင်ဓား မြို့စား၏ မျက်နှာမှာ ပြာနှမ်းသွားပြီး သူ၏ နတ်ဘုရားခန္ဓာ ကျဆုံးသွားရသည့် နောက်ဆုံးမြင်ကွင်းများက သူ၏ စိတ်ထဲတွင် လျှပ်တစ်ပြက် ဖြတ်ပြေးသွားလေသည်။
ထိုတောက်လောင်နေသော မီးတောက်များ၊ ထိုမြားတစ်စင်း... ၎င်းတို့က သူ၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ပြင်းထန်စွာ တုန်လှုပ်ချောက်ချားသွားစေ၏။
ထိုမြားတစ်စင်းမှ သယ်ဆောင်လာသော အချက်အလက်များကို အခြေခံ၍ သူ၏ နတ်ဘုရားခန္ဓာကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် တရားခံ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို ကောင်းကင်ဓား မြို့စားက ချက်ချင်းပင် ခန့်မှန်းမိလိုက်တော့သည်။
"တာအိုဆရာ အရိပ်နီ..."
"သူက ချန်ကု အင်မော်တယ် မြို့တော် နယ်မြေထဲမှာ ပါထျန်း မြို့စားကြီးရဲ့ သမီးနဲ့ ဝိညာဉ်ခန္ဓာပိုင်ရှင် ပါရမီရှင်တစ်ယောက်ကို မြားတစ်စင်းတည်းနဲ့ ပစ်သတ်ခဲ့ဖူးတဲ့လူပဲ.. ပြီးတော့ ထျန်းပေါင်ဂိုဏ်းမှာ မိစ္ဆာမျိုးနွယ်စုတွေ အကြမ်းဖက် ဝင်ရောက်လာတုန်းကလည်း မိစ္ဆာ အရှင်သခင် လေးပါးကို မြားလေးစင်းနဲ့ သတ်ခဲ့သေးတယ်"
"သူဟာ အပျက်အစီး တစ်ရာ ကျင့်ကြံခြင်း ကမ္ဘာရဲ့ ယန္တရား တစ်ထောင် အင်မော်တယ်မြို့တော်မှာ ယန္တရား တစ်ထောင် ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို မြားတစ်စင်းတည်းနဲ့ လုပ်ကြံသတ်ဖြတ်လုနီးပါး ဖြစ်ခဲ့တဲ့ တာအိုဆရာ အရိပ်နီပဲ"
ကောင်းကင်ဓား မြို့စားမှာ အလွန်တရာ အံ့အားသင့် ထိတ်လန့်စွာဖြင့် ရေရွတ်လိုက်၏။
တာအိုဆရာ အရိပ်နီသည် ပါထျန်း မြို့စားကြီး၏ သမီးကို သတ်ဖြတ်ခဲ့ဖူးသောကြောင့် တာ့ယန် အင်မော်တယ်မင်းဆက်က ဤကိစ္စကို စုံစမ်းစစ်ဆေးခဲ့သည်။ နောက်ဆုံးတွင် ချန်ကျိုး နယ်မြေအတွင်းမှ ဤသတင်းအချက်အလက်များကို ဖော်ထုတ်နိုင်ခဲ့၏။
ယခင်က ကောင်းကင်ဓား မြို့စားသည် ဤသတင်းအချက်အလက်များကို တစ်ချက်မျှသာ ကြည့်ခဲ့ဖူးသည်။ သူက ထိုအမည်ခံ တာအိုဆရာ အရိပ်နီဆိုသူကို အန္တရာယ်တစ်ခုအဖြစ် မမှတ်ယူခဲ့ချေ။ ထို့အပြင် ဤပြိုင်ဘက်နှင့် မိမိ ပတ်သက်ရလိမ့်မည်ဟုလည်း တစ်ခါမျှ မတွေးမိခဲ့။
သို့သော် ယခုအချိန်၌ ကောင်းကင်ဓား မြို့စား၏ ရင်ထဲတွင်မူ အဆုံးအစမရှိသော ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်လျှံတက်လာတော့သည်။
မြားတစ်စင်း။
မြားတစ်စင်းတည်းနှင့်ပင် တာအိုဆရာ အရိပ်နီက သူ၏ နတ်ဘုရားခန္ဓာကို လုပ်ကြံသတ်ဖြတ်နိုင်ခဲ့သည် မဟုတ်ပါလား။
သူ၏ နတ်ဘုရားခန္ဓာမှာ အပျက်အစီးနယ်မြေရှိ ပထမ အင်မော်တယ်မြို့တော်၏ ခံတပ်အတွင်း၌ လျှို့ဝှက်စွာ ရှိနေခဲ့သည်တိုင်အောင်။ ပထမ အင်မော်တယ်မြို့တော်၏ အကာအကွယ် အခင်းအကျင်းနှင့် ထိုခံတပ်၏ အခင်းအကျင်းများမှာ ထိုမြားတစ်စင်းအောက်တွင် မည်သို့မျှ အသုံးမဝင်ခဲ့ပေ။ ထိုမြားက ဟင်းလင်းပြင်ကို ထိုးခွဲလာပြီး ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် သုံးပါး၏ နတ်ဘုရားခန္ဓာများကို တစ်ခဏချင်း သတ်ဖြတ်ပစ်ခဲ့သည်။
တာအိုဆရာ အရိပ်နီ၏ ဤမြားတစ်စင်းကား အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှပေ၏။
ရုတ်တရက်ပင် ကောင်းကင်ဓား မြို့စား၏ မျက်နှာအမူအရာ ထပ်မံပြောင်းလဲသွားပြန်ပြီး သူ၏ လူရိပ်က ခံတပ်အတွင်းမှ တစ်ဟုန်ထိုး ထွက်ပြေးသွားတော့၏။
တစ်ချိန်တည်းမှာပင် ကောင်းကင်ဓား အင်မော်တယ်မြို့တော် အတွင်းရှိ အခြားသော လျှို့ဝှက်နယ်မြေ နှစ်ခုအတွင်းမှလည်း ခရမ်းရောင်နေမင်း တာအိုဆရာနှင့် အခြားသော ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် တစ်ပါးတို့မှာလည်း တံခါးပိတ်ကျင့်ကြံနေရာမှ အသည်းအသန် ထွက်ပေါ်လာကြသည်။
ကောင်းကင်ဓား မြို့စားကို မြင်လိုက်သည်နှင့် သူတို့သုံးယောက်လုံးမှာ စိုးစဉ်းမျှ တုံ့ဆိုင်းမနေတော့ဘဲ ကောင်းကင်ဓား အင်မော်တယ်မြို့တော်၏ နေရာရွှေ့ပြောင်း အခင်းအကျင်း စင်မြင့်ပေါ်သို့ ဆင်းသက်ကာ အခင်းအကျင်းကို အသက်သွင်းပြီး အင်ပါယာမြို့တော်ဆီသို့ ထွက်ပြေးသွားကြတော့သည်။
ကောင်းကင်ဓား မြို့စားနှင့် သူ၏ အဖော်များ ထွက်ခွာသွားပြီးနောက် ထွက်သက်ဝင်သက် အကြိမ် ငါးဆယ်ပင် မပြည့်မီမှာပင်… စုယွီ၏ လူရိပ်က နေရာရွှေ့ပြောင်း အခင်းအကျင်း စင်မြင့်ပေါ်တွင် ပေါ်လာ၏။ သူက အင်မော်တယ်မြို့တော်ကို တစ်ချက်မျှ အကဲခတ်ကြည့်လိုက်သော်လည်း လုံးဝ ရပ်တန့်မနေခဲ့ပါ။
ဟင်းလင်းပြင် တာအို၏ စွမ်းအားများ ထွက်ပေါ်လာခြင်းနှင့်အတူ စုယွီက ခြေတစ်လှမ်း လှမ်းလိုက်ရာ ကောင်းကင်ဓား အင်မော်တယ်မြို့တော်မှ တစ်ခဏချင်း ပျောက်ကွယ်သွား၏။
ဤတစ်ကြိမ် တာ့ယန် အင်မော်တယ်မင်းဆက်ဆီသို့ စုယွီ လာရောက်ရခြင်း၌ အဓိက ရည်ရွယ်ချက် နှစ်ခု ရှိသည်။
ပထမတစ်ခုမှာ မြေကမ္ဘာအင်မော်တယ်စံအိမ်ဂိုဏ်း၏ ရတနာတိုက်ကို ပြန်လည်ဖြည့်တင်းရန်နှင့် ခုခံကာကွယ်ရန်အတွက် လိုအပ်သော အရင်းအမြစ်များနှင့် အရန်ပစ္စည်းများ ပံ့ပိုးပေးနိုင်ရန် မင်းဆက်၏ ရတနာတိုက်မှ အရင်းအမြစ်အချို့ကို ယူငင်ရန်ပင်။
ဒုတိယ ရည်ရွယ်ချက်မှာ တာ့ယန် အင်မော်တယ်မင်းဆက်၏ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်များကို လိုက်လံ သတ်ဖြတ်ပြီး မင်းဆက်၏ မိခင်နယ်မြေအတွင်း ပရမ်းပတာ အခြေအနေများကို ဖန်တီးရန် ဖြစ်၏။
တာ့ယန် အင်မော်တယ်မင်းဆက်သည် အမှန်တကယ်ပင် အင်အားကြီးမားလှ၏။ သူတို့၏ တိုက်ခိုက်ရေး ကျင့်ကြံသူ စစ်တပ်ကြီးမှာ အလွန် ကြီးမားလှရာ မြေကမ္ဘာအင်မော်တယ်စံအိမ်ဂိုဏ်းကို တိုက်ခိုက်ရန် စစ်သည် သောင်းချီ၍ လွယ်ကူစွာ စေလွှတ်နိုင်စွမ်း ရှိပြီး မြေကမ္ဘာအင်မော်တယ်စံအိမ်မှ လူအများအပြားကိုလည်း သတ်ဖြတ်ခဲ့ပြီးပြီပင်
သို့သော် သူတို့၏ မိခင်နယ်မြေရှိ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်များ တစ်ပါးပြီးတစ်ပါး ကျဆုံးလာချိန်တွင် သူတို့အနေဖြင့် မြေကမ္ဘာအင်မော်တယ်စံအိမ်ဂိုဏ်းအပေါ် ယခုလို မောက်မာစွာ ဆက်လက် ပြုမူနိုင်ဦးမည်လား ဆိုသည်ကို မည်သူက သိနိုင်ပါမည်နည်း။
စုယွီ ထွက်ခွာသွားပြီး မကြာမီမှာပင် ကောင်းကင်ဓား မြို့စားနှင့် အခြားသူများက ကောင်းကင်ဓား အင်မော်တယ်မြို့တော်၌ ပြန်လည် ပေါ်ထွက်လာကြ၏။
ထို့အပြင် သူတို့နှင့်အတူ အခြား လူတစ်ယောက်လည်း ပါလာ၏။
ဤလူ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ကြီးမားကျယ်ပြန့်လှသော အင်မော်တယ် အရှိန်အဝါကြီးတစ်ခုက ကောင်းကင်ဓား အင်မော်တယ်မြို့တော် တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ကောင်းကင်နှင့် မြေကြီးက ပြင်းထန်စွာ တုန်ခါသွားပြီး စကြဝဠာ အကျဉ်းထောင်ကြီးတစ်ခု ဖြစ်တည်လာသည့်နှယ်။
ဤသူကား ငြင်းဆိုဖွယ်ရာ မရှိဘဲ ပကတိ ဟင်းလင်းပြင်အဆင့် တာအိုသခင်ကြီး တစ်ပါးပင်။
သို့သော် ထိုတာအိုသခင် ရောက်ရှိလာသည့်တိုင်အောင် ကောင်းကင်ဓား အင်မော်တယ်မြို့တော် အတွင်း၌ စုယွီ၏ အရိပ်အယောင်ကိုမျှ ရှာမတွေ့ခဲ့ကြ။
ထို့နောက် အပျက်အစီးနယ်မြေဆီသို့ ဦးတည်သွားကြရာ ပျက်စီးလုနီးပါး ဖြစ်နေသော ပထမ အင်မော်တယ်မြို့တော်၏ အခြေအနေကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ကြရတော့သည်။ ထို့အပြင် မီးတောင်ချော်ရည်များအဖြစ် ပြောင်းလဲသွားသော လောင်ကျွမ်းနေသည့် မြေပြင်ကြီးကိုလည်း တွေ့မြင်လိုက်ကြရ၏။
သူတို့က လူစုကွဲသွားသော ကျင့်ကြံသူ စစ်တပ်များကို ပြန်လည် စုစည်းလိုက်ကြပြီး ကောင်းကင်ဓား မြို့စားနှင့် သူ၏ အဖော်နှစ်ယောက်တို့၏ နတ်ဘုရားခန္ဓာများ ကျဆုံးသွားပြီးနောက် ပထမ အင်မော်တယ်မြို့တော်တွင် မည်သို့မည်ပုံ ဖြစ်ပျက်ခဲ့သည်ကို သူတို့ထံမှ သိရှိလိုက်ရ၏။
တာအိုဆရာ အရိပ်နီသည် ဓာတ်ကြီးငါးပါး တာအိုကို အသုံးပြုကာ ပထမ အင်မော်တယ်မြို့တော်ကို တစ်ခဏချင်း ဖျက်ဆီးပစ်ခဲ့ပြီး ကျင့်ကြံသူ တစ်ထောင်ကျော်ကိုပါ သတ်ဖြတ်ခဲ့ကြောင်း ကောင်းကင်ဓား မြို့စားနှင့် ထိုတာအိုသခင်တို့ ကြားသိလိုက်ရသောအခါ မျက်နှာ ပျက်ယွင်းသွားရပြန်၏။
"ဓာတ်ကြီးငါးပါး တာအို..."
ကောင်းကင်ဓား မြို့စားနှင့် တာအိုသခင်တို့မှာ အံ့အားသင့် မှင်သက်သွားကြတော့သည်။
"ချန်ကျိုးနယ်မြေမှာ ဓာတ်ကြီးငါးပါးကို အထူးပြုလေ့လာထားတဲ့ ဒီလောက် ကြောက်စရာကောင်းတဲ့ ကျင့်ကြံသူတစ်ယောက် ဘယ်အချိန်ကတည်းက ရှိနေခဲ့တာလဲ"
"စုံစမ်းကြ..."
အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် တာအိုသခင်က အေးစက်လှသော သတ်ဖြတ်လိုစိတ်များ အပြည့်အနှက် ပါဝင်နေသည့် လေသံဖြင့် အမိန့်ပေးလိုက်၏။
သို့ရာတွင် သူတို့က ထိုအမည်ခံ တာအိုဆရာ အရိပ်နီဆိုသူကို အသည်းအသန် ရှာဖွေနေကြစဉ် လဝက်ခန့်အကြာ၌ တာ့ယန် အင်မော်တယ်မင်းဆက်၏ အခြားသော အဓိက အင်မော်တယ်မြို့တော် တစ်ခုဆီမှ သတင်းတစ်ပုဒ် ရောက်ရှိလာ၏။
ထိုသတင်းအရ အခြားသော ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် တစ်ပါးမှာ သူ၏ အင်မော်တယ်မြို့တော် ခံတပ်အတွင်း၌ပင် မြားတစ်စင်း၏ ဖောက်ဝင် ချေမှုန်းလိုက်ရကြောင်း သိလိုက်ရတော့သည်။
ဤသတင်းက တာ့ယန် အင်မော်တယ်မင်းဆက် တစ်ခုလုံးသို့ ချက်ချင်းပင် ပျံ့နှံ့သွားရာ မင်းဆက်အတွင်းရှိ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် အားလုံးကို တုန်လှုပ်ချောက်ချားသွားစေခဲ့၏။
သူတို့သည် ရင်တမမနှင့် ကြောက်ရွံ့ ထိတ်လန့်လာကြတော့သည်။