အခန်း ၉၃၇
Vol. 63 Ch. 937
အခန်း (၉၃၇) - ထွက်ပြေးချင်နေတာလား၊ သေခါနီး ရုန်းကန်မှု (အပိုင်း-၂)
ဖန်ရှောင်သည် ရိက္ခာများကို တိုက်ရိုက် မခွဲဝေပေးခဲ့ချေ။
ထို့အစား သူမက ပြတ်သားသော အမိန့်တစ်ရပ်ကို ချမှတ်လိုက်လေသည်။
"စံအိမ်သခင်ရဲ့ အမိန့်... တောင်ထွတ်သခင်တွေ၊ အကြီးအကဲတွေနဲ့ တပည့်တွေ အားလုံး အသင့်ပြင်ထားကြ... အမိန့်ပေးတာနဲ့ တစ်ပြိုင်နက် ချက်ချင်း စုဝေးရမယ်"
ထိုအမိန့်စကားသည် တောင်ထွတ်အသီးသီးရှိ တောင်ထွတ်သခင်များထံမှတစ်ဆင့် အောက်ခြေအထိ ပျံ့နှံ့သွားခဲ့ရာ မြေကမ္ဘာအင်မော်တယ်စံအိမ်ဂိုဏ်း အတွင်းရှိ ကျင့်ကြံသူ ထောင်ပေါင်းများစွာကြားတွင် တွတ်ထိုးသံများ ညံသွားလေသည်။ စိုးရိမ်ထိတ်လန့်မှုများနှင့်အတူ တုန်လှုပ်ချောက်ချားဖွယ် အငွေ့အသက်များက စံအိမ်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့၏။
မူလဝိညာဉ်အဆင့် အရှင်သခင်များ၊ အကြီးအကဲများနှင့် တပည့်များစွာမှာ အင်မော်တယ်ဂိုဏ်းကြီးသည် ဤနေရာကို စွန့်ခွာကာ ထွက်ပြေးလွတ်မြောက်ရန် ပြင်ဆင်နေပြီလောဟု မှန်းဆနေကြလေသည်။
အချိန်တို့ တရွေ့ရွေ့ ကုန်ဆုံးသွား၏။
မြေကမ္ဘာအင်မော်တယ်စံအိမ် အတွင်းရှိ လှုပ်ရှားမှုများသည် အပြင်ဘက်သို့ ပျံ့နှံ့သွားရန် အချိန်သိပ်မကြာလိုက်ပေ။
ယွီလုံနန်းတော်၊ လီဟော့နန်းတော် အစရှိသည့် တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ အင်အားစုများသာမက တာ့ယန် အင်မော်တယ်မင်းဆက် နှင့် မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် တို့ကဲ့သို့သော အင်အားကြီးမင်းဆက်များကပါ မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ စံအိမ်သခင် ချမှတ်လိုက်သော အမိန့်ကို ကြားသိသွားကြသည်။
တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ မှ ယွီလုံနန်းတော်နှင့် လီဟော့နန်းတော်တို့ကဲ့သို့သော အင်အားစုများမှာ အမျိုးမျိုးသော ခန့်မှန်းချက်များဖြင့် အံ့အားသင့်နေကြတော့၏။
"မြေကမ္ဘာအင်မော်တယ်စံအိမ် က လမ်းဆုံးသွားပြီလား"
"အချိန်မရွေး စုဝေးနိုင်ဖို့ အသင့်ပြင်ထားရမယ်ဆိုတာက ထွက်ပြေးချင်တဲ့ အရိပ်အယောင်လား... ဒါမှမဟုတ် မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် နဲ့ တာ့ယန် အင်မော်တယ်မင်းဆက် ကို နောက်ဆုံးအနေနဲ့ အသေခံတိုက်ခိုက်ချင်လို့လား"
"ပြီးပြီ... မြေကမ္ဘာအင်မော်တယ်စံအိမ် သာ ဆက်မတောင့်ခံနိုင်တော့ရင် ငါတို့ တာ့ချန် က ဘာဆက်လုပ်ကြမလဲ... သောင်းကျန်း အင်မော်တယ်နန်းတော် ကလည်း မရှိတော့ဘူး... အခု မြေကမ္ဘာအင်မော်တယ်စံအိမ် ပါ ထပ်မရှိတော့ရင် ဘယ်သူက ငါတို့ တာ့ချန် ကို ကာကွယ်ပေးတော့မှာလဲ... ဒါမှမဟုတ် ငါတို့ တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ ကြီးက တာ့ယန် အင်မော်တယ်မင်းဆက် ဒါမှမဟုတ် မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် ရဲ့ ဝါးမြိုတာကို ခံရပြီး လုံးဝ ပျောက်ကွယ်သွားတော့မှာလား"
"နန်းတော်သခင်... တကယ်လို့ တာ့ယန် အင်မော်တယ်မင်းဆက် နဲ့ မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် တို့က မြေကမ္ဘာအင်မော်တယ်စံအိမ် ကို ဝါးမြိုလိုက်ရုံနဲ့ အားမရဘဲ ငါတို့ဘက်ကို လှည့်လာပြီး တာ့ချန် တစ်ခုလုံးကို တိုက်ရိုက် ဝါးမြိုပစ်ရင် ဘယ်လိုလုပ်မလဲ"
"ဟူး... မြေကမ္ဘာအင်မော်တယ်စံအိမ် ရယ်.. ဘာလို့များ အဲ့ဒီလောက် ခေါင်းမာနေရတာလဲ... မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် လိုချင်နေတဲ့ အမွေအနှစ်တွေနဲ့ အဲ့ဒီ လျှို့ဝှက်နယ်မြေ ဆိုတာကြီးကို စောစောစီးစီး ပေးလိုက်ရင် အားလုံး အဆင်ပြေသွားမှာ မဟုတ်ဘူးလား... အစတည်းကသာ အဲ့ဒီလို လုပ်ခဲ့ရင် အခုလို အခြေအနေဆိုးထိ ဘယ်ရောက်လာပါ့မလဲ"
"မြေကမ္ဘာအင်မော်တယ်စံအိမ် က အခုမှ ထွန်းတောက်လာခါစ ရှိသေးတာ... အခုပဲ ပြိုလဲတော့မှာလား"
ယွီလုံနန်းတော်နှင့် လီဟော့နန်းတော်တို့ကဲ့သို့သော အင်အားစုများမှ ခေါင်းဆောင်များနှင့် တာအိုသခင်ကြီးများ၏ မျက်နှာအမူအရာများမှာ အခိုက်အတန့်အတွင်း အရောင်စုံသွားကြလေသည်။
သို့သော် မြေကမ္ဘာအင်မော်တယ်စံအိမ် အား ကူညီရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင် အင်မော်တယ်ဂိုဏ်း အုတ်မြစ်များကို စတေးရမည်ဆိုလျှင်မူ မည်သူကမျှ လိုလားမည် မဟုတ်။
ဤကိစ္စသည် မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ ကံကြမ္မာအပေါ်တွင်သာ မူတည်နေတော့သည်။
သူတို့အပေါ်သို့ ဒုက္ခများ ကျရောက်မလာစေရန် မြေကမ္ဘာအင်မော်တယ်စံအိမ် တောင့်ခံထားနိုင်ပါစေဟုသာ သူတို့ ဆုတောင်းနိုင်တော့၏။
ထိုသို့ဆိုလျှင် မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် နှင့် တာ့ယန် အင်မော်တယ်မင်းဆက် တို့၏ ခြိမ်းခြောက်မှုများကို သူတို့ ရင်ဆိုင်ရမည် မဟုတ်ပေ။
တိလင် အင်မော်တယ်မြို့တော် နှင့် မိုင်ပေါင်းရာချီ ကွာဝေးသော နေရာတစ်နေရာ။
တာ့ယန် အင်မော်တယ်မင်းဆက် သည် အဆင့်(၃) ဝိညာဉ်ကြော တစ်ခုပေါ်တွင် ယာယီတပ်စခန်းတစ်ခုကို ချထားလေသည်။ အခင်းအကျင်း အထပ်ထပ် ခင်းကျင်းထားပြီး မင်းဆက်၏ စစ်တပ်အတွက် နားခိုရာနေရာတစ်ခု အဖြစ် ဖန်တီးထား၏။
ဤအချိန်တွင် မြေကမ္ဘာအင်မော်တယ်စံအိမ် အား တိုက်ခိုက်ရန်နှင့် အခွင့်အရေးများ၊ ရိက္ခာများကို လုယူရန် တာ့ယန် စစ်တပ်၏ ကျင့်ကြံသူ သောင်းချီကို ဦးဆောင်လာသော တာ့ယန် အင်မော်တယ်မင်းဆက်၏ တတိယမင်းသား လီကျင်းယွီ မှာ ထောက်လှမ်းရေး သတင်းများကို စူးစိုက်ကြည့်နေလေသည်။
ထောက်လှမ်းရေး သတင်း စာရွက်ပေါ်တွင် စံအိမ်သခင် ဖန်ရှောင် က တောင်ထွတ်သခင်များနှင့် အကြီးအကဲများကို ခေါ်ယူကာ ပြောကြားခဲ့သမျှ စကားများအားလုံးကို အတိအကျ မှတ်တမ်းတင်ထား၏။
လီကျင်းယွီသည် စာရွက်ပေါ်ရှိ စာကြောင်း အနည်းငယ်ကို တွေးတောဆင်ခြင်လိုက်ပြီးနောက် သူ၏ ဘေးတွင်ရှိသော ဝါရင့် တာအိုသခင်ကြီး လေးပါးနှင့် မင်းဆက်၏ စစ်သူကြီးများ၊ မှူးမတ်များ ဖြစ်ကြသော ဝိညာဉ်ခွဲထွက်အဆင့် (၁၂) ယောက်ထံသို့ အကြည့်ရွှေ့လိုက်လေသည်။
"ဆရာသခင်ကြီးတွေ... စစ်သူကြီးတွေနဲ့ မှူးမတ်တွေရော ဘယ်လိုထင်ကြလဲ... မြေကမ္ဘာအင်မော်တယ်စံအိမ် က ထွက်ပြေးချင်နေတာလား... ဒါမှမဟုတ် နောက်ဆုံးအချိန်ထိ အသေခံ တိုက်ခိုက်ဖို့ ပြင်ဆင်နေတာလား"
ပကတိဟင်းလင်းပြင်အဆင့် တာအိုသခင်ကြီး လေးပါးမှာမူ မျက်လုံးများကို မှိတ်ထားလျက် တည်ငြိမ်စွာပင် ရှိနေကြ၏။ စကားပြောရန် စိတ်ဝင်စားပုံ မရချေ။
ကျန်ရှိနေသော ဝိညာဉ်ခွဲထွက်အဆင့် စစ်သူကြီးများနှင့် မှူးမတ် (၁၂) ယောက်ထဲမှ တစ်ဦးက ချက်ချင်းပင် အေးစက်စက် ပြုံးကာ နှာခေါင်းရှုံ့လိုက်လေသည်။
"မင်းသားက ဘာလို့ ပူပန်နေရတာလဲ... မြေကမ္ဘာအင်မော်တယ်စံအိမ် က အခုချိန်မှာ သွားမရှိတော့တဲ့ ကျားအိုကြီး တစ်ကောင်လိုပဲ... ကြာကြာခံမှာ မဟုတ်တော့ဘူး...ကျွန်တော်တို့ တာ့ယန် အင်မော်တယ်မင်းဆက် ရယ်... မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် ရယ်ရဲ့ အင်အားတွေ ဝိုင်းရံထားတာကို သူတို့က ဘယ်လိုလုပ် ရုန်းထွက်နိုင်မှာလဲ"
"အဲ့ဒီ နတ်ဘုရားရုပ်တုကြီးသာ မရှိဘူးဆိုရင်...တာအိုသခင်ကြီးတွေတောင် ကိုယ်တိုင် ပါဝင်လှုပ်ရှားစရာ မလိုဘူး... ကျွန်တော်တို့ချည်းပဲ သွားပြီး သူတို့ကို အကုန် သတ်ပစ်လိုက်လို့ ရတယ်"
ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး မုတ်ဆိတ်မွေး ဗလပျစ်နှင့် မှုန်တေတေ မျက်နှာထားရှိသော အမျိုးသားတစ်ဦးကလည်း ဝင်ပြောလေသည်။
"မြေကမ္ဘာအင်မော်တယ်စံအိမ် က ထွက်ပြေးချင်တာပဲ ဖြစ်ဖြစ်... ဘာပဲလုပ်ချင်လုပ်ချင်... သူတို့က ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"
"သူတို့ အသက်ရှင်ချင်ရင် ဒူးထောက် အညံ့ခံပြီး သူတို့ဆီမှာရှိတဲ့ ရတနာတွေ၊ အခွင့်အရေးတွေ အကုန်လုံးကို ကျွန်တော်တို့ မင်းဆက်ဆီ ဆက်သရမယ်... အဲ့ဒါဆိုရင်တော့ ရှင်သန်နိုင်မယ့် မျှော်လင့်ချက်လေး ရှိလာနိုင်တယ်"
"အဲ့ဒီလိုမှ မဟုတ်ရင်တော့..."
ထိုအမျိုးသားက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်လေသည်။ သူ၏ လက်ဝါးထဲတွင် မိစ္ဆာချီများ စုဝေးလာပြီး ဝုန်းခနဲ ဆုပ်နယ်လိုက်ရာ လက်ထဲရှိ လေထုမှာ လူတစ်ယောက်၏ ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားသည့်နှယ် ပေါက်ကွဲသွားတော့၏။
"သေလမ်းပဲ ရှိတယ်"
"မြေကမ္ဘာအင်မော်တယ်စံအိမ် မှာရှိတဲ့ အဲ့ဒီ နတ်ဘုရားရုပ်တုကြီးရဲ့ စွမ်းအားကို လျှော့မတွက်ကြနဲ့"
မျက်မှောင်ကြုတ်နေသော ဆံဖြူဖြူနှင့် မှူးမတ်တစ်ဦးက လေးနက်သော လေသံဖြင့် သတိပေးလိုက်ခြင်းပါ။
"တကယ်လို့ မြေကမ္ဘာအင်မော်တယ်စံအိမ် က ဘာကိုမှ ဂရုမစိုက်တော့ဘဲ အဲ့ဒီ နတ်ဘုရားရုပ်တုကြီးကို အသုံးပြုလာခဲ့ရင်... ငါတို့ဘက်ကလည်း ကြီးမားတဲ့ အထိအခိုက် အကျအဆုံးတွေနဲ့ ပေးဆပ်ရနိုင်တယ်... နှစ်ဦးနှစ်ဖက် အကုန် ပျက်စီးသွားတဲ့အထိ ဖြစ်သွားနိုင်တယ်"
ချပ်ဝတ် ဝတ်ဆင်ထားပြီး တည်ကြည်သော မျက်နှာထားရှိသည့် လူလတ်ပိုင်း စစ်သူကြီးတစ်ဦးက ဝင်ပြောလေသည်။
"ဒါကြောင့် ငါတို့က မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် ရဲ့ စစ်ကူတွေ ရောက်လာမယ့် အချိန်ကို စောင့်ရမယ်... အင်မော်တယ် အရှင်သခင် ကိုယ်တိုင် ထပ်ရောက်လာရင် မင်းဆက်နှစ်ခုရဲ့ အင်အားကို ပေါင်းပြီး အဲ့ဒီ နတ်ဘုရားရုပ်တုကြီးကို သေချာပေါက် ခုခံနိုင်လိမ့်မယ်... အဲ့ဒီအခါကျရင် မြေကမ္ဘာအင်မော်တယ်စံအိမ် ကို အမြစ်ပြတ် ချေမှုန်းပစ်လို့ ရပြီ"
"အဲ့ဒီ နတ်ဘုရားရုပ်တုကြီးသာ မရှိဘူးဆိုရင် မြေကမ္ဘာအင်မော်တယ်စံအိမ် က ဘာမှ မဟုတ်တော့ဘူး"
လူတိုင်း၏ ဆွေးနွေးပြောဆိုမှုများကို ကြားပြီးနောက် တာ့ယန် အင်မော်တယ်မင်းဆက်၏ တတိယမင်းသား လီကျင်းယွီ မှာ အနည်းငယ် စိတ်အေးသွားလေသည်။
ဘာပဲဖြစ်ဖြစ် မကြာသေးမီက မင်းဆက်အတွင်း၌ တာအိုဆရာ အရိပ်နီ ဟုခေါ်သော သူတစ်ဦး ရုတ်တရက် ပေါ်လာခဲ့ပြီး အင်မော်တယ် မြို့တော် နှစ်ဆယ်၊ သုံးဆယ်ခန့်၏ ရတနာတိုက်များကို လုယက်သွားခဲ့ရုံသာမက မင်းဆက်၏ ဝိညာဉ်ခွဲထွက်အဆင့် ပညာရှင် သုံးဦးကိုပါ သတ်ဖြတ်သွားခဲ့သည် မဟုတ်ပါလော။
ထို့နောက်ပိုင်းတွင် မြေကမ္ဘာအင်မော်တယ်စံအိမ် မှ လူများသည် သိသိသာသာကို ရိက္ခာအရင်းအမြစ်များ ပိုမို များပြားလာသလို ရှိနေခဲ့သည်။
ထို့ကြောင့် သူတို့၏ စစ်တပ်များသည် လီလင် အင်မော်တယ်မြို့တော် ကို ထပ်ခါတလဲလဲ တိုက်ခိုက်ရန် ကြိုးပမ်းလာကြပြီး မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ အုတ်မြစ်နှင့် လူအင်အားကို ကြီးကြီးမားမား ဆုံးရှုံးစေခဲ့၏။
မြေကမ္ဘာအင်မော်တယ်စံအိမ် က မျှော်လင့်မထားသော ပြဿနာတစ်ခုခုကို ဖန်တီးလာမည်ကို လီကျင်းယွီ အမှန်တကယ် စိုးရိမ်နေခဲ့မိသည်။
ယခု အားလုံး၏ ဆွေးနွေးမှုများနှင့် ခွဲခြမ်းစိတ်ဖြာမှုများကို ကြားလိုက်ရသောအခါ လီကျင်းယွီ အနည်းငယ် စိတ်အေးသွားတော့၏။
မှန်ပေသည်...။
မြေကမ္ဘာအင်မော်တယ်စံအိမ် က ဘာလုပ်ချင်သည်ဖြစ်စေ အရေးမကြီးတော့ပေ။
ယခုအချိန်တွင် သူတို့က မြေကမ္ဘာအင်မော်တယ်စံအိမ် ကို ဝိုင်းရံထားပြီး မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် မှ စစ်ကူများနှင့် ကျင့်ကြံသူ စွမ်းအားရှင်ကြီးများ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းကာ သူတို့နှင့် ပူးပေါင်းလိုက်ရုံသာ ဖြစ်သည်။ မြေကမ္ဘာအင်မော်တယ်စံအိမ် မပြိုလဲမည်ကို ဘာကြောင့် စိုးရိမ်နေရမည်နည်း။
အဝေးတစ်နေရာရှိ အဆင့်(၄) စိတ်ဝိညာဉ်ကြော တစ်ခုတွင် စုယွီ သည် သွေးကြောပေါ်ရှိ အင်အားစုတစ်ခုမှ လူများအားလုံးကို ထင်ယောင်ထင်မှားဖြစ်စေသော အခင်းအကျင်းဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားစေခဲ့သည်။ ထို့နောက် ကောင်းကင်ပင့် ရွှေချို ဆုတောင်းဆင်
ဧရာမသားရဲကြီး သည် သွေးကြော၏ စွမ်းအားများကို တဖြည်းဖြည်းချင်း စုပ်ယူနေသည်ကို စောင့်ကြည့်လိုက်၏။ ဆင်၏ အရှိန်အဝါမှာ ပို၍ပို၍ ကြောက်မက်ဖွယ် ကောင်းလာတော့၏။
အချိန်တာအို စွမ်းအား ၏ လွှမ်းမိုးမှုအောက်တွင် ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်သားရဲကြီး သည် စိတ်ဝိညာဉ်ကြော ၏ စွမ်းအားများကို အလွန် လျင်မြန်သော နှုန်းဖြင့် စုပ်ယူနေလေသည်။
ခေတ္တမျှ အာရုံခံကြည့်ပြီးနောက် စုယွီ က တိတ်တဆိတ် တွေးလိုက်သည်။
'ငါးရက် ခြောက်ရက်လောက် နေရင် ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်သားရဲကြီး က သူ့ရဲ့ စွမ်းအားအပြည့်အဝကို ထုတ်သုံးနိုင်တဲ့ အခြေအနေကို ရောက်သွားလောက်တယ်'
စုယွီ ခြေချိတ်ထိုင်ချလိုက်ပြီး မျက်လုံးများကို မှိတ်ကာ ဓာတ်ကြီးငါးပါး ကျင့်စဉ် ကို တိတ်ဆိတ်စွာ ကျင့်ကြံရင်း ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်သားရဲကြီး စိတ်ဝိညာဉ်ကြော ၏ စွမ်းအားများကို စုပ်ယူပြီးစီးမည့် အချိန်ကို စောင့်ဆိုင်းနေလိုက်လေသည်။
မြေကမ္ဘာအင်မော်တယ်စံအိမ်ဂိုဏ်း၌၊ တာအိုရုပ်သေး သည် မြေအောက်နန်းတော် လျှို့ဝှက်နယ်မြေ မှ ထွက်ပေါ်လာပြီး တာ့ယွီတောင်ထွတ် သို့ ပြန်လာခဲ့လေသည်။
စုယွီ အတွက် အံ့အားသင့်စရာ ကောင်းသည်မှာ တာ့ယွီတောင်ထွတ် ပေါ်တွင် အရှိန်အဝါ ခြောက်ခု အထိ ရှိနေခြင်း ဖြစ်သည်။ ထိုအထဲမှ တစ်ခုမှာ သူ၏ အစ်ကိုကြီး ဟုန်ယွဲ့ က တာ့ယွီတောင်ထွတ် တွင် ထားရှိခဲ့သော ဂိုဏ်းတူညီမ လုံယီရန် ၏ အရှိန်အဝါ ဖြစ်လေသည်။
ကျန်ရှိနေသော လူငါးယောက်၏ အရှိန်အဝါများကိုမူ သူ ယခင်က မမြင်ဖူးခဲ့သလို မည်သူဖြစ်ကြောင်းလည်း မသိပေ။
စုယွီ ကိုယ်တိုင် ဖန်တီးခဲ့ဖူးသော ဂူစံအိမ်အတွင်း၌ လုံယီရန် သည် ဖျာတစ်ချပ်ပေါ်တွင် ခြေချိတ်ထိုင်နေပြီး သူမ၏ အရှေ့တွင် အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦး ရပ်နေလေသည်။ သူတို့အားလုံးမှာ ငယ်ရွယ်ပြီး ထူးချွန်သော တပည့်များ၏ အသွင်အပြင်မျိုး ရှိကြသည်။
သို့သော် ယခုအချိန်တွင်မူ ထိုလူငါးယောက်စလုံး၏ မျက်နှာများမှာ အနည်းငယ် ပူပန်နေပုံရပြီး အချို့၏ မျက်လုံးများထဲတွင် ထိတ်လန့်နေသော အရိပ်အယောင်များပင် ရှိနေကြလေသည်။
ပါရမီရှင် အမျိုးသမီးငယ်တစ်ဦးက လုံယီရန် အား အရေးတကြီး လေသံဖြင့် တီးတိုး ပြောလိုက်သည်။
"တာအိုသမီးတော်... ဂိုဏ်းထဲမှာ သတင်းတွေ ပြန့်နေပြီ... စံအိမ်သခင် က ဂိုဏ်းကို စွန့်ပစ်ပြီး အပျက်အစီးနယ်မြေ တွေဆီ ထွက်ပြေးဖို့ စီစဉ်နေတာ သေချာသလောက်ပဲတဲ့"
"ငါတို့ မြေကမ္ဘာအင်မော်တယ်စံအိမ် ဂိုဏ်းကြီး ပျက်စီးတော့မယ် တာအိုသမီးတော်... ငါတို့ ဘာလုပ်ကြမလဲ"
"ငါတို့ ထွက်ပြေးနေတုန်း တာ့ယန် အင်မော်တယ်မင်းဆက် နဲ့ မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် ကသာ လိုက်မီလာခဲ့ရင် ဘယ်လိုလုပ်မလဲ"
လုံယီရန် ၏ မျက်နှာအမူအရာမှာမူ တည်ငြိမ်နေဆဲပင်။
မြေကမ္ဘာအင်မော်တယ်စံအိမ် နှင့် တာ့ယွီတောင်ထွတ် သို့ စတင်ရောက်ရှိလာချိန်ကနှင့် နှိုင်းယှဉ်လျှင် သူမသည် ယခုအခါ အပြည့်အဝ ရင့်ကျက်လာခဲ့ပြီပင်။
တည်ငြိမ်မှု၊ အေးစက်စက် အရှိန်အဝါတို့နှင့်အတူ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော် အတွင်း မြေကမ္ဘာအင်မော်တယ်စံအိမ် နှင့် တာ့ယန်၊ မိုးကြိုး နဂါး မင်းဆက်တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများစွာတွင် ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများ သူမထံတွင် အထင်းသား ပေါ်လွင်နေလေသည်။
သူမ၏ ကျင့်ကြံခြင်းကပင် အမြုတေ ဖွဲ့တည် အဆင့် (၇) သို့ ထိုးဖောက် ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
လုံယီရန် က သူမ၏ စကားကို စောင့်စားနေကြသော ဂိုဏ်း၏ တောင်ထွတ် အသီးသီးမှ သူမ စုဆောင်းထားသည့် ထူးချွန်သော လက်အောက်ငယ်သားများကို အေးဆေးတည်ငြိမ်စွာပင် ဆူပူလိုက်လေသည်။
"နတ်ဘုရားရုပ်တုကြီးတွေ ဒီမှာ ရှိနေသရွေ့ ဘယ်သူက ငါတို့ မြေကမ္ဘာအင်မော်တယ်စံအိမ်ဂိုဏ်း ကို ဖျက်ဆီးနိုင်မှာလဲ... ဘာတွေများ ထိတ်လန့်နေစရာ လိုလို့လဲ"
ထိုမိန်းကလေးမှာ စကားဆက်ပြောချင်နေသေးသော်လည်း နောက်ဆုံးတွင် အံကြိတ်လိုက်ပြီး သူမဘေးရှိ လူငယ်လေးတစ်ဦးကို အရှေ့သို့ ဆွဲထုတ်လိုက်လေသည်။
မိန်းကလေးက အသံကို နှိမ့်ကာ ပြောလိုက်သည်။
"တာအိုသမီးတော်... ရှောင်ဖုန်း က မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် နဲ့ ဆက်သွယ်လို့ရမယ့် နည်းလမ်း ရှိကောင်း ရှိနိုင်တယ်တဲ့... ငါတို့အတွက် အရန်အစီအစဉ်တစ်ခု အရင်ဆုံး ကြိုစဉ်းစားထားသင့်တယ် မဟုတ်ဘူးလား"
လုံယီရန် ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်တစ်ချက် ဝင်းလက်သွားပြီး မိန်းကလေးနှင့် အခြားသူများအား အေးစက်စွာ စူးစိုက်ကြည့်လိုက်လေသည်။
သူမ၏ အကြည့်အောက်တွင် လူငါးယောက်စလုံးမှာ အနည်းငယ် ပျာယာခတ်သွားကြပြီး ခေါင်းများကို ငုံ့ထားကာ သူမ၏ အကြည့်ကို ပြန်လည် မရင်ဆိုင်ရဲကြတော့ပေ။
လုံယီရန် က တင်းမာခက်ထန်သော လေသံဖြင့် ပြောလိုက်သည်။
"ဒီတစ်ကြိမ်တော့ ငါ ဘာမှ မကြားလိုက်ရသလိုမျိုးပဲ သဘောထားလိုက်မယ်... ဒါပေမဲ့ နောက်တစ်ကြိမ်သာ ထပ်ရှိခဲ့ရင်တော့..."
အပြင်ဘက်။
တာ့ယွီတောင်ထွတ် ပေါ်သို့ စုယွီ ခြေချလိုက်မိသည်နှင့် ဤစကားများကို ကြားလိုက်ရသဖြင့် သက်ပြင်းသဲ့သဲ့ ချလိုက်လေသည်။ ထို့နောက် နောက်လှည့်ကာ မြေအောက်နန်းတော် လျှို့ဝှက်နယ်မြေ သို့ ပြန်သွားလိုက်ပြီး ထိုကိစ္စကို ဟွမ်ကျူး အား ဖြေရှင်းခိုင်းလိုက်တော့၏။
မကြာမီတွင်ပင် လုံယီရန် သည် ပင်မတောင်ထွတ်တွင် သွားရောက် ကျင့်ကြံရန် စီစဉ်ခံလိုက်ရလေသည်။
တာ့ယွီတောင်ထွတ် ပေါ်သို့ နောက်ထပ် ခြေချခွင့် သူမအား တားမြစ်လိုက်တော့၏။
သူမ၏ ဂူစံအိမ်အတွင်း ပေါ်လာခဲ့သော လူငါးယောက်ကိုလည်း နောက်ထပ် ဘယ်တော့မှ မတွေ့ရတော့ပေ။
အကယ်၍ ထိုအချိန်ကသာ လုံယီရန် သည် အခြားလမ်းကြောင်းတစ်ခုကို ရွေးချယ်ခဲ့မည်ဆိုလျှင်... အဆုံးသတ် ရလဒ်မှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ချေ ရှိပေသည်။