← Chapters

အခန်း ၉၃၈

Vol. 63 Ch. 938

အခန်း ၉၃၈

Vol. 63 Ch. 938

အခန်း (၉၃၈) - ဧရာမခွာကြီးများ၏ နင်းနယ်မှု၊ မြေကမ္ဘာအင်မော်တယ်စံအိမ်၏ တန်ပြန်တိုက်ခိုက်မှု

အင်မော်တယ်တံခါး မဟာခန်းမကြီးအတွင်းဝယ် လုံယီရန်၏ အကြည့်တို့သည် ပလ္လင်ပေါ်တွင် ထိုင်နေသော စံအိမ်သခင်ထံသို့ တည့်မတ်စွာ ကျရောက်နေလေ၏။ စံအိမ်သခင်၏ အင်မော်တယ် အရှိန်အဝါတို့မှာ ကျယ်ပြောလှိုင်းထန်ကာ အဆုံးအစမဲ့နေပေသည်။

လုံယီရန်သည် တည်ငြိမ်သော အကြည့်တို့ဖြင့် ပြောလိုက်၏။

"စံအိမ်သခင်... ကျွန်မက အင်မော်တယ်ဂိုဏ်းကို ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့ပါဘူး... ဘာဖြစ်လို့ ကျွန်မကို ထျန်းယွီတောင်ထွတ်ကနေ နှင်ထုတ်ရတာလဲ"

"ပြီးတော့ ဂျူနီယာ ညီအစ်ကို မောင်နှမတချို့ကလည်း ခဏတဖြုတ် စိတ်ရှုပ်ထွေးသွားခဲ့ကြရုံပါ... ကျွန်မ ရှိနေသရွေ့ သူတို့တွေ အင်မော်တယ်ဂိုဏ်းကို သစ္စာဖောက်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး"

"ဒါ့အပြင် အင်မော်တယ်ဂိုဏ်းရဲ့ လက်ရှိအခြေအနေအရဆိုရင် တာအို နှလုံးသားတွေ ယိမ်းယိုင်နေကြတဲ့သူ အရေအတွက်က နည်းမှာမဟုတ်ဘူး... သူတို့ကို နောက်ထပ် အခွင့်အရေးတစ်ခါလောက် ထပ်မပေးနိုင်တော့ဘူးလား"

ဖန်ရှောင်သည် အင်မော်တယ်ဂိုဏ်း၏ ပါရမီရှင်တစ်ဦးအဖြစ် တစ်ချိန်က သတ်မှတ်ခံခဲ့ရဖူးသော ဂျူနီယာ ညီမငယ် လုံယီရန်အား အေးစက်တည်ငြိမ်စွာ စိုက်ကြည့်နေတော့သည်။

ဖန်ရှောင်က တည်ငြိမ်စွာပင် စကားဆိုလိုက်လေ၏။

"အို... မင်း ဆိုလိုချင်တာက အင်မော်တယ်ဂိုဏ်းက ကြီးမားတဲ့ ဘေးဒုက္ခဆိုးကြီးနဲ့ ရင်ဆိုင်နေရချိန်မှာ သစ္စာဖောက်ချင်တဲ့ စိတ်တွေ ကိန်းအောင်းနေတဲ့ တပည့်တွေကို ငါတို့က သည်းခံခွင့်လွှတ်ပေးရမယ်ပေါ့... ဒီကိစ္စတွေ အားလုံးက အင်မော်တယ်ဂိုဏ်းရဲ့ အမှားတွေလို့ ပြောချင်တာလား"

သူမ၏ မျက်ဝန်းများသည် ပိုမို၍ အေးစက်ရက်စက်လာလေပြီ။ ဝိညာဉ်ခွဲထွက်အဆင့် အင်မော်တယ် အရှိန်အဝါကြီးသည် လုံယီရန်အပေါ်သို့ ဖိနှိပ်လာတော့၏။

ဖန်ရှောင် ဒေါသတကြီး ကြုံးဝါးလိုက်သည်။

"မင်းတို့ အင်မော်တယ်ဂိုဏ်းထဲကို ဝင်လာကတည်းက မင်းတို့ရဲ့ ကံကြမ္မာက ဂိုဏ်းနဲ့ ချိတ်ဆက်ပြီးသား ဖြစ်သွားပြီ... ဂိုဏ်းက အင်အားကြီးမားနေတာပဲ ဖြစ်ဖြစ်၊ အင်အားဆုတ်ယုတ်ပြီး ပျက်စီးလုနီးပါး အခြေအနေကို ရောက်နေတာပဲ ဖြစ်ဖြစ် ငါအပါအဝင် လူတိုင်းက ဂိုဏ်းအတွက် သေပေးဖို့ အသင့်ဖြစ်နေရမယ်"

"မင်း ပြောချင်တာက သူတို့တွေ ဂိုဏ်းဆီကနေ တာအို သွန်သင်ချက်တွေနဲ့ ကျင့်ကြံခြင်းတွေကို ရရှိခဲ့ပြီးနောက်၊ ကြီးထွားလာဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေကို ရရှိခဲ့ပြီး အကျိုးခံစားခွင့်တွေ အကုန်လုံးကို ခံစားခဲ့ရပြီးမှ..."

"အင်မော်တယ်ဂိုဏ်း အခက်အခဲ ရောက်နေတဲ့အချိန်ကြမှ ဘာအပြစ်ရှိစိတ်မှ မရှိဘဲ ဂိုဏ်းကို သစ္စာဖောက်သွားလို့ ရတယ်ပေါ့လေ..."

လုံယီရန်၏ နှလုံးသားသည် တုန်လှုပ်သွားချေ၏။ သူမ၏ မျက်နှာ ဖြူရော်သွားကာ ဖန်ရှောင်အား ငေးမောကြည့်နေမိပြီး တုန်ယင်နေတော့သည်။

အချိန်အတန်ကြာပြီးနောက်...

ဖန်ရှောင်သည် ရင်ထဲတွင် တဟုန်းဟုန်း တောက်လောင်နေသော ဒေါသမီးများကို ဖိနှိပ်ထားလိုက်ပြီး လုံယီရန်အား အေးစက်စက် အမူအရာဖြင့် ကြည့်လိုက်လေ၏။

"ဒီနေ့ကစပြီး... မင်း ကန့်သတ်နယ်မြေကို သွားပြီးတော့ နှစ်ငါးဆယ်တိတိ တရားကျင့် ဆင်ခြင်နေရမယ်"

သူမသည် လုံယီရန်အား ကန့်သတ်နယ်မြေသို့ ခေါ်ဆောင်သွားစေကာ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆင်ခြင်စေလိုက်တော့သည်။

လုံယီရန် အင်မော်တယ်တံခါး မဟာခန်းမကြီးထဲမှ ထွက်ခွာသွားပြီးနောက် ကျောက်ချန်ဖုန်း၏ ပုံရိပ်သည် ထွက်ပေါ်လာလေ၏။ လွန်ခဲ့သော နှစ်တစ်ရာ သို့မဟုတ် နှစ်ရာခန့်ကနှင့် နှိုင်းယှဉ်လျှင် ဤလျှို့ဝှက်ခန်းမမှ အကြီးအကဲမှာ သိသိသာသာ အိုမင်းရင့်ရော်နေချေပြီ။

ကျောက်ချန်ဖုန်းက လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။

"စံအိမ်သခင်... ကျွန်တော်တို့ အင်မော်တယ်ဂိုဏ်းကို စစ်ဆေးကြည့်သင့်သလား"

ဖန်ရှောင်၏ မျက်ဝန်းများ အရောင်လက် သွားသည်။ ဤအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် အင်မော်တယ်ဂိုဏ်းအတွင်းဝယ် တာအိုနှလုံးသား ယိမ်းယိုင်နေသူ အများအပြား ရှိနေသည်မှာ ထင်ရှားလှ၏။ ထို့ပြင် ဂိုဏ်းအတွင်းမှ ပြုစုပျိုးထောင်ပေးလိုက်သော သစ္စာဖောက်များ ထွက်ပေါ်လာမည်မှာလည်း သေချာနေပေသည်။

သို့သော်ငြား ယခုအချိန်သည် အသေအချာ စုံစမ်းစစ်ဆေးရမည့် အချိန် မဟုတ်သေးချေ။

ဖန်ရှောင်က စကားဆိုလိုက်၏။

"မလိုသေးဘူး... ခဏလောက် ထပ်စောင့်လိုက်ပါဦး"

သို့နှင့် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားကာ ငါးရက်တိတိ လွန်မြောက်သွားလေတော့သည်။

မြေကမ္ဘာအင်မော်တယ်စံအိမ်နှင့် ပတ်သက်သော သတင်းများ အပြင်ဘက်တွင် ပွက်လောညံနေတော့၏။

တာ့ချန် ကျင့်ကြံခြင်းကမ္ဘာရှိ အင်အားစုအားလုံးနီးပါးက မြေကမ္ဘာအင်မော်တယ်စံအိမ် ဆက်လက် တောင့်ခံထားနိုင်စွမ်း မရှိတော့ဘဲ အင်မော်တယ်ဂိုဏ်း၏ အုတ်မြစ်ကို စွန့်လွှတ်ကာ ထွက်ပြေးရန် စီစဉ်နေကြသည်ဟု တစ်ထစ်ချ တွက်နေကြလေသည်။

ဖန်ရှောင်ကိုယ်တိုင်လည်း လွန်ခဲ့သော ရက်အနည်းငယ်က သူမ ထုတ်ပြန်ခဲ့သော တာအို အမိန့်သည် ပေါက်ကြားသွားခဲ့ပြီ ဖြစ်ကြောင်း သိရှိနေ၏။ သည်အခြေအနေမှာ ဂိုဏ်းအတွင်း၌ သစ္စာဖောက်၊ သူလျှိုများ ရှိနေကြောင်းကို ယခုအခါ အတည်ပြုလိုက်ခြင်းပင်။

ထိုနေ့တွင် အဆင့်(၄) ဝိညာဉ်ကြောတစ်ခုအတွင်း တရားထိုင်နေသော စုယွီသည် မျက်လုံး ဖွင့်ကြည့်လိုက်လေ၏။

သူ၏အရှေ့တွင် ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ဝိညာဉ်ကြော၏ အမြုတေအူတိုင်ထဲမှ လက်သီးဆုပ်ခန့် အရွယ်အစားရှိသော ကောင်းကင်ပင့် ရွှေချို ဆုတောင်းဆင် တစ်ကောင် ထွက်ပေါ်လာသည်။ ဆင်က လွှမ်းမိုးနိုင်စွမ်းရှိသော ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါများကို ထုတ်လွှတ်ရင်း သူ့အရှေ့သို့ ဆင်းသက်လာတော့သည်။

တစ်ချိန်က အပြစ်အနာအဆာကင်းခဲ့သော အဆင့်(၄) ဝိညာဉ်ကြောမှာ ယခုအခါ လုံးဝ ပျက်စီးကြေမွသွားခဲ့လေပြီ။ သဘာဝ ဝိညာဉ်စွမ်းအင်များမှာလည်း အလွန်အမင်း ပါးလွှာသွားကာ သာမန် တောင်တန်းများနှင့် သစ်တောများထက်ပင် ပို၍ နိမ့်ကျသွား၏။

အခြားတစ်နေရာတွင်မူ...စုယွီ၏ တာအိုရုပ်သေးသည် မြေကမ္ဘာ လျှို့ဝှက်နယ်မြေထဲမှ လမ်းလျှောက်ထွက်လာ၏။ သူ၏ အသံသည် ဖန်ရှောင်၏ နားထဲတွင် ပဲ့တင်ထပ်သွားလေသည်။

"ငါတို့ အခု စတင်လို့ရပြီ"

“ဒေါင်... ဒေါင်... ဒေါင်... ဒေါင်…’

တာအို ခေါင်းလောင်းများ၏ မြည်ဟည်းသံသည် အင်မော်တယ်ဂိုဏ်းတစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသည်။ တာအို အမိန့် ခေါင်းလောင်းသံ ကိုးချက်ကြောင့် ဂိုဏ်းအတွင်းရှိ လူတိုင်း၏ မျက်နှာသွေးရောင်များ ဖြူဆုတ်သွားကာ တုန်လှုပ်သွားကြ၏။ သူတို့၏ ကျင့်ကြံရာဂူများထဲမှ အပြေးအလွှား ထွက်လာကြတော့သည်။ တပည့်များ၊ စီမံခန့်ခွဲသူများနှင့် အကြီးအကဲများအားလုံး စတင် စုဝေးလာကြ၏။

ယွဲ့လန် တောင်ထွတ်၏ အထွတ်အထိပ်တွင် လက်ရှိ တောင်ထွတ်သခင် ဖြစ်သော တာအိုဆရာမ ချင်းချွမ်၏ မျက်နှာအမူအရာသည်လည်း အနည်းငယ် ပြောင်းလဲသွားလေသည်။ ခဏအကြာတွင် ဂူထဲမှ အပြေးအလွှား ထွက်လာပြီးနောက် တောင်ထွတ်အသီးသီးမှ စုဝေးလာကြသော အကြီးအကဲများကို မြင်တွေ့လိုက်ရပြီး ကျယ်လောင်စွာ အမိန့်ပေးလိုက်တော့သည်။

"မြန်မြန်လုပ်ကြ... လူတိုင်းကို စုစည်းလိုက်... စံအိမ်သခင်ရဲ့ အမိန့်ကို နာခံဖို့ တောင်ထွတ်သခင်ရဲ့ နောက်ကနေ ပင်မတောင်ထွတ်ဆီကို လိုက်ခဲ့ကြ"

မျက်စိတစ်မှိတ်အတွင်းမှာပင်...

မြေကမ္ဘာအင်မော်တယ်စံအိမ်၏ တောင်ထွတ်ဆယ့်ရှစ်ခုမှ သင်္ဘောပျံများနှင့် ဧရာမ သားရဲစီးတော်ယာဉ်များ ထွက်ပေါ်လာကာ ပင်မတောင်ထွတ်ဆီသို့ စုစည်းသွားကြ၏။ အချိန်ကြာမြင့်စွာ ခွေလိပ်နေခဲ့သော မြေကမ္ဘာအင်မော်တယ်စံအိမ်သည် တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာတော့သည်။

ထောင်ပေါင်းများစွာသော တပည့်များနှင့်အတူ ကျင့်ကြံသူ တစ်သောင်းနီးပါးခန့်သည် ပင်မတောင်ထွတ်ပေါ်တွင် စုဝေးလာကြပေသည်။

စံအိမ်သခင် ဖန်ရှောင်၊ ဝိညာဉ်ခွဲထွက်အဆင့် ဘိုးဘေး အရှင်သခင် ထိုက်ရှီး၊ တာအိုဆရာ ထျန်းယွီ နှင့် အခြားသူများ အားလုံးလည်း ကိုယ်ထင်ပြလာကြ၏။

ဝိညာဉ်ခွဲထွက်အဆင့် အင်မော်တယ် အရှိန်အဝါ လှိုင်းလုံးများသည် ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားကာ လူတိုင်း၏ နှလုံးသားများအပေါ် ဖိနှိပ်လာသောအခါ၊ တောင်ထွတ်သခင်များ၊ အကြီးအကဲများ၊ စီမံခန့်ခွဲသူများနှင့် တပည့်များအားလုံး အသက်အောင့်ထားလိုက်ကြပြီး သူတို့အထက်တွင် မားမားမတ်မတ် ရပ်တည်နေသော ပုံရိပ်ကြီးများကို တင်းမာမှုများဖြင့် စောင့်ကြည့်နေကြလေသည်။

အေးစက်ပြီး ဩဇာတိက္ကမ အပြည့်ပါသော ဖန်ရှောင်၏ အသံ ထွက်ပေါ်လာတော့သည်။

"အားလုံးပဲ...ဒီစံအိမ်သခင်ရဲ့ နောက်က လိုက်ခဲ့ကြ"

ဖန်ရှောင်သည် အင်မော်တယ်ဂိုဏ်းမှ လူတိုင်းကို အင်အားအပြည့်ဖြင့် ဦးဆောင်နေ၏။ အင်မော်တယ်ဂိုဏ်းအတွင်းရှိ ဖုံးကွယ်ထားသော ဧရာမ နေရာရွှေ့ပြောင်း အခင်းအကျင်းကြီး တစ်ခုမှတစ်ဆင့် လူအားလုံးကို တိလင် အင်မော်တယ်မြို့တော် သို့ ခေါ်ဆောင်သွားလေသည်။

လူအုပ်ကြီးကြားထဲတွင်မူ...

စုယွီ၏ တာအိုရုပ်သေးသည် လိပ်နက်တစ်ကောင်၊ ခရမ်းရောင် ကြွက်တစ်ကောင်တို့နှင့်အတူ ငှက်ဝကြီး ထိုက်ရွှီ၏ အပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေလေ၏။ တာအိုရုပ်သေး ကိုယ်တိုင်အပါအဝင်၊ ထိုက်ရွှီ၊ ပင်လယ်လွှမ်းမိုး ရွှမ်လိပ် နှင့် ကောင်းကင်မိုးကြိုး ကြွက်တို့ အားလုံးသည် အရှိန်အဝါနှင့် ဒေါသများကို ထိန်းချုပ်ကာ အရွယ်အစားး သေးငယ်သွားစေရန် ကျုံ့ထားလိုက်ကြသည်။

မြေကမ္ဘာအင်မော်တယ်စံအိမ်မှ အစုလိုက်အပြုံလိုက် ထွက်ပေါ်လာကြသော ကျင့်ကြံသူ အုပ်စုကြီးကြားတွင် သူတို့သည် မည်သည့် အထူးအာရုံစိုက်မှုကိုမျှ မဆွဲဆောင်နိုင်ခဲ့ပါချေ။

ဖန်ရှောင်သည် အလွန်အမင်း သတိထားခဲ့သည်။ ဤကဲ့သို့ အစုလိုက်အပြုံလိုက် ထွက်ခွာရခြင်း၏ ရည်ရွယ်ချက်ကိုပင် ထုတ်ဖော်မပြောခဲ့သော်ငြားလည်း၊ သူမက လူတိုင်းကို တိလင် အင်မော်တယ်မြို့တော် သို့ ခေါ်ဆောင်သွားသည့်အခါ ထိုသတင်းသည် တာ့ယန် အင်မော်တယ်မင်းဆက် နှင့် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက် နှစ်ခုစလုံး၏ လက်ထဲသို့ အလျင်အမြန် ရောက်ရှိသွားလေတော့သည်။

မြေကမ္ဘာအင်မော်တယ်စံအိမ်မှ လူများသည် တိလင် အင်မော်တယ်မြို့တော် တွင် ထွက်ပေါ်လာသည်နှင့်၊ တာ့ယန် အင်မော်တယ်မင်းဆက် နှင့် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက် တို့၏ တပ်စခန်းများအတွင်းရှိ တာ့ယန် အင်မော်တယ်မင်းဆက် ၏ တတိယမင်းသား လီကျင်းယွီ နှင့် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက် ၏ တာအိုသခင်ကြီး ကျန်းယွမ် တို့ မျက်နှာထား တည်ကြည်လေးနက်သွားကာ တိလင် အင်မော်တယ်မြို့တော် ရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်ကြလေသည်။

'တိလင် အင်မော်တယ်မြို့တော်က ပေါက်ကွဲထွက်လာတာလား... သူတို့ ဘာတွေ ကြံစည်နေကြတာလဲ... နောက်ဆုံးအနေနဲ့ အသေခံ ရုန်းကန်ကြမလို့လား... ဒါမှမဟုတ် ထွက်ပြေးဖို့များ စီစဉ်နေကြတာလား... ဒါပေမဲ့ သူတို့သာ ထွက်ပြေးဖို့ စီစဉ်နေတာဆိုရင် မြေကမ္ဘာအင်မော်တယ်စံအိမ် တံခါးကနေ တိုက်ရိုက် ထွက်ပြေးရမှာ မဟုတ်ဘူးလား...'

သူတို့နှစ်ဦးက တည်ကြည်လေးနက်စွာဖြင့် အမိန့်ပေးလိုက်ကြလေသည်။

"အမိန့်ထုတ်လိုက်... တပ်ဖြန့်ထား... တိုက်ပွဲဝင်ဖို့ ပြင်ကြစမ်း"

တာ့ယန် အင်မော်တယ်မင်းဆက် မှ ကျင့်ကြံသူ နှစ်သောင်းပါဝင်သော စစ်တပ်နှင့် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက် မှ ကျင့်ကြံသူ ငါးသောင်းပါဝင်သော စစ်တပ်တို့သည် စစ်စည်တီးခတ်သံများကို ကြားလိုက်ရ၏။ သူတို့၏ တပ်စခန်းများထဲမှ အပြေးအလွှား ထွက်လာကာ စုဝေး၍ တပ်ဖြန့် နေရာယူလိုက်ကြလေတော့သည်။

All Chapters