အခန်း ၉၄၀
Vol. 63 Ch. 940
အခန်း (၉၄၀) - တာအိုသခင်ကြီးအား လေးဆွဲပစ်ခတ်ခြင်း၊ စိန်ခေါ်သူအားလုံးကို သုတ်သင်ရှင်းလင်းခြင်း
သို့သော် နောက်တစ်ခဏ၌ ကောင်းကင်ပင့် ရွှေချို ဆုတောင်းဆင်ကြီး၏ ဧရာမကိုယ်ထည်ကြီးသည် ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားလေ၏။ လေ့ကျန်းနှင့် အခြားသော ဟင်းလင်းပြင်အဆင့် တာအိုသခင်ကြီး ဆယ့်တစ်ဦးတို့ ထုတ်လွှတ်လိုက်သော မန္တန်များနှင့် ရတနာများ၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းသွားခြင်းပင်။
"ထွက်ပြေးဖို့ ကြိုးစားနေတာလား"
လေ့ကျန်းသည် ဒေါသတကြီး ဟိန်းဟောက်ကြွေးကြော်လိုက်လေသည်။
"ဆယ့်တစ်၊ ဆယ့်လေး... မင်းတို့နှစ်ယောက် ဒီမှာကျန်ခဲ့၊ ကျန်တဲ့လူတွေ ငါ့နောက်လိုက်ခဲ့... ဒီနတ်ဘုရားရုပ်တုကို ဖိနှိပ်ရမယ်"
တာ့ယန် အင်မော်တယ်မင်းဆက်မှ ဟင်းလင်းပြင်အဆင့် လေးလွှာမှ တစ်ဦးအပါအဝင် တာအိုသခင်ကြီး လေးဦးတို့သည်လည်း နောက်ချန်ရစ်ခဲ့ကြလေသည်။
ဆိုလိုသည်မှာ လေ့ကျန်း အပါအဝင် တာအိုသခင်ကြီး ကိုးဦးတို့သည် ကောင်းကင်ပင့် ရွှေချို ဆုတောင်းဆင်ကြီးကို ဖိနှိပ်ရန် ရည်ရွယ်ချက်ဖြင့် ထပ်ကြပ်မကွာ လိုက်လံ ဖမ်းဆီးနေကြခြင်း ဖြစ်ပေ၏။
ကျန်ရစ်ခဲ့သော တာအိုသခင်ကြီး သုံးဦးအနက် နှစ်ဦးမှာ မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်မှ ဖြစ်သည်။ တစ်ဦးမှာ ဟင်းလင်းပြင်အဆင့် လေးလွှာနှင့် အခြားတစ်ဦးမှာ ဒုတိယအလွှာ ကျင့်ကြံခြင်း အဆင့် ရှိကြသည်။ ၎င်းတို့သည် တာ့ယန် အင်မော်တယ်မင်းဆက်၏ စစ်စခန်းအထက်တွင် မားမားမတ်မတ် ရပ်တည်နေကြလေသည်။ သူတို့၏ အင်မော်တယ်အရှိန်အဝါတို့သည် ကောင်းကင်ဘုံကိုပင် ခြိမ်းခြောက်နေလျက် အရပ်ဆယ်မျက်နှာလုံးကို ဖိနှိပ်လွှမ်းမိုးထားကာ တောက်ပစွာ ဝင်းလက်နေတော့သည်။
ထိုအခိုက်အတန့်၌ပင် ရွှေနဂါး မိစ္ဆာအရှင်သခင်၏ ပုံရိပ်သည် တာအိုသခင်ကြီး ကျိုလင်နှင့်အတူ အနီးအနားတွင် ထွက်ပေါ်လာလေ၏။
ရွှေနဂါး မိစ္ဆာအရှင်သခင်၏ ထူးကဲသော သွေးမျိုးဆက်နှင့် ကြမ်းကြုတ်သော အရှိန်အဝါတို့ကြောင့် တာ့ယန် အင်မော်တယ်မင်းဆက်မှ လူများစွာ မျက်နှာသွေးဆုတ် ဖြူရော်သွားခဲ့ရသော်လည်း၊ ရွှေနဂါး မိစ္ဆာအရှင်သခင်နှင့် တာအိုသခင်ကြီး ကျိုလင်တို့၏ ပေါင်းစပ်အင်အားသည် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်နှင့် တာ့ယန် အင်မော်တယ်မင်းဆက်တို့မှ ဟင်းလင်းပြင်အဆင့် အလယ်အလတ်အဆင့် နှစ်ဦးနှင့် အစောပိုင်းအဆင့် တာအိုသခင်ကြီး တစ်ဦးတို့ကို ရင်ဆိုင်ရာတွင် အားနည်းနေဆဲသာ။
မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်မှ ဟင်းလင်းပြင်အဆင့် အလယ်အလတ်အဆင့် ဘိုးဘေးဖြစ်သူ အကြီးအကဲ ဆယ့်တစ် သည် ရွှေနဂါး မိစ္ဆာအရှင်သခင်နှင့် တာအိုသခင်ကြီး ကျိုလင်တို့ကို စူးစူးရဲရဲ ကြည့်နေလေသည်။ သူ၏ အရှိန်အဝါသည် အရပ်မျက်နှာ အားလုံးသို့ ဆန့်တန်းထွက်ပေါ်နေပြီး အလွန်အမင်း နိုးကြားသတိထားနေတော့၏။
"မင်းတို့နှစ်ယောက်တည်းနဲ့ ဒီလူအုပ်ကြီးကို ဦးဆောင်ပြီး သေလမ်းလာရှာရဲတယ်ပေါ့လေ"
လေ့ကျန်းသည် မထီမဲ့မြင် လှောင်ပြောင်လိုက်လေသည်။ သူ၏အသံသည် မိုးခြိမ်းသံကဲ့သို့ ဟိန်းညံသွားကာ ကောင်းကင်ယံကိုပင် တုန်လှုပ်သွားစေသည်။
ပြိုင်ဘက်ကင်း မဟာတာအို စွမ်းအားများကို သယ်ဆောင်ထားသည့် သူ၏ ဧရာမ အင်မော်တယ် အရှိန်အဝါကြီးသည် ရွှေနဂါး မိစ္ဆာအရှင်သခင်နှင့် တာအိုသခင်ကြီး ကျိုလင်တို့ထံသို့ ဖိချလာလေတော့သည်။
“ဝုန်း…”
မျက်စိတစ်မှိတ်အတွင်း ကောင်းကင်နှင့် မြေကြီးတို့ တုန်ခါသွားလေ၏။
လေ့ကျန်းသည်လည်း စိုးရိမ်မှုများ ရှိနေပေသည်။
တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့မှ အခြားသော တာအိုသခင်ကြီးများသည် ရွှေနဂါး မိစ္ဆာအရှင်သခင်၊ တာအိုသခင်ကြီး ကျိုလင်တို့နှင့် ပူးပေါင်းကာ သူတို့ကို ဆန့်ကျင်တိုက်ခိုက်လာမည်ကို စိုးရိမ်နေမိသည်။ ထိုသို့သာ ဖြစ်လာပါက သူတို့သုံးဦးအနေဖြင့် အဆိုပါ တိုက်ခိုက်မှုများကို ခုခံနိုင်စွမ်း ရှိမည် မဟုတ်ပေ။
သို့ရာတွင် ရွှေနဂါး မိစ္ဆာအရှင်သခင်သည် သူ၏ စိုးရိမ်ပူပန်မှုများကို ထိုးထွင်းသိမြင်သွား ပုံ ရသည်။ သူက ဖြည်းညင်းစွာ ရှေ့သို့တိုးလာရင်း ကျောချမ်းဖွယ် လေသံဖြင့် စကားဆိုလိုက်၏။
"မစိုးရိမ်ပါနဲ့... မြေကမ္ဘာအင်မော်တယ်စံအိမ်က ငါတို့ပဲ လှုပ်ရှားတာပါ"
"မင်းတို့လို အကောင်လောက်လေးတွေကို ရှင်းလင်းဖို့အတွက် တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ တစ်ခုလုံး လှုပ်ရှားဖို့ မလိုပါဘူး"
ရွှေနဂါး မိစ္ဆာအရှင်သခင်၏ မောက်မာသော လေသံကြောင့် လေ့ကျန်း ဒေါသအမျက် ခြောင်းခြောင်းထွက်သွားကာ ငေါက်ငမ်းလိုက်လေသည်။
"ဘာမဟုတ်တဲ့ ပိုးကောင်လေးကများ ငါတို့ မိုးကြိုးနဂါး အင်မော်တယ်မင်းဆက် ရှေ့မှာ ရူးကြောင်ကြောင် စကားတွေ လာပြောရဲတယ်ပေါ့... သေချင်နေတာပဲ"
သူသည် လက်တစ်ချက် လှန်လိုက်ပြီး မန္တန်တစ်ခုကို စုစည်းလိုက်လေရာ ကောင်းကင်နှင့် မြေကြီးအနှံ့အပြားတွင် ထောင်သောင်းချီသော မိုးကြိုးပစ်ခတ်မှုများ ထွက်ပေါ်လာလေတော့သည်။ မိုးကြိုးနဂါးအုပ်ကြီး အလား ရွှေနဂါး မိစ္ဆာအရှင်သခင်ထံသို့ အဟုန်ပြင်းစွာ ထိုးဆင်းလာတော့၏။
သို့သော် ရွှေနဂါး မိစ္ဆာအရှင်သခင်အား တိုက်ခိုက်ရန် သူ လှုပ်ရှားလိုက်သည့် အခိုက်အတန့်၌ပင် သူ၏ရှေ့ရှိ ဟင်းလင်းပြင်သည် ရုတ်တရက် ပေါက်ကွဲ
ထွက်သွားလေသည်။
မျက်တောင်တစ်ခတ်အတွင်း မှန်တစ်ချပ် ပေါက်ကွဲကွဲကြေသွားသည့်နှယ်ပင်။ စိတ်ကူး၍ပင် မရနိုင်လောက်အောင် ဝေးကွာလှသော ဟင်းလင်းပြင်ဆီမှ ဧရာမ ခွာကြီး တစ်ခု မျက်စိတစ်မှိတ်အတွင်း ကန်ကျောက်ဝင်ရောက်လာလေတော့သည်။
ကောင်းကင်ပင့် ရွှေချို ဆုတောင်းဆင်ကြီး၏ ခွာမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအားများကို လေ့ကျန်း ခံစားလိုက်ရသည့် အခိုက်အတန့်တွင် သူ၏ စိတ်အာရုံများ ထုံကျဉ်သွားကာ ရူးသွပ်လုမတတ် ဖြစ်သွားရလေသည်။ ကြောက်မက်ဖွယ်ကောင်းလှသော ကြမ်းကြုတ်သည့် အင်အားကြီးက သူ့ထံ သေမင်း၏ ဝင်သက်ထွက်သက်များ ကျရောက်လာသလို ခံစားလိုက်ရပေ၏။
သေရေးရှင်ရေး အကျပ်အတည်းကြားတွင် လေ့ကျန်း ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။ သူ၏ ခန္ဓာကိုယ်သည် မိုးကြိုးများနှင့်အတူ ပေါက်ကွဲထွက်သွားကာ မိုးကြိုးအရှင်သခင်တစ်ပါး အဖြစ်သို့ ပြောင်းလဲသွားတော့၏။ တာအိုသခင်ကြီး၏ ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ကြီးမြတ်လှသော မိုးကြိုးတာအိုကို အသက်သွင်းလိုက်လေသည်။
"အား... ပျောက်ကွယ်သွားစမ်း"
“ဝုန်း…”
မိုးကြိုး၏ အသွင်အဖြစ် လေ့ကျန်းသည် ကောင်းကင်ပင့် ရွှေချို ဆုတောင်းဆင်ကြီး၏ ဧရာမ ခွာကြီးထံသို့ တဟုန်ထိုး ပြေးဝင်သွားလေသည်။ မိုးကြိုးပင်လယ်ကြီး တစ်ခုအလား ဟင်းလင်းပြင်ကို ခွဲဖြာလာသော ခွာကြီးအပေါ်သို့ ပေါက်ကွဲသွားလေတော့၏။
သူ၏ ကိုယ်ပိုင် မိုးကြိုး နတ်ဘုရားစွမ်းရည်များ ကောင်းကင်ပင့် ရွှေချို ဆုတောင်းဆင်ကြီး၏ ဧရာမ ခွာကြီးကို ထိမှန်သွားမှသာလျှင်၊ယ သူ့ကိုယ်သူနှင့် ဤနတ်ဘုရားရုပ်တုကြားရှိ စွမ်းအားကွာဟချက်ကြီးကို လေ့ကျန်း သဘောပေါက်သွားတော့သည်။ ၎င်းမှာ ကောင်းကင်ကြီး ကဲ့သို့ ကျယ်ပြောလှသော မျှော်လင့်ချက်မဲ့ဖွယ် ကွာဟချက်ကြီးပင် ဖြစ်ပေတကား။
“ဘုန်း…”
မရေမတွက်နိုင်သော သက်ရှိများကို မျက်နှာသွေးဆုတ်သွားစေနိုင်မည့် မိုးကြိုးစွမ်းအားကြီးသည် ကောင်းကင်ပင့် ရွှေချို ဆုတောင်းဆင်ကြီး၏ ခွာနှင့် ထိခိုက်မိသည်နှင့် တစ်ပြိုင်နက် တစ်စစီ ကွဲကြေသွားလေတော့သည်။
အတွင်း၌ ပုန်းကွယ်နေသော လေ့ကျန်းသည်လည်း မျက်စိတစ်မှိတ်အတွင်း လွင့်စဉ်ထွက်သွားလေ၏။ သူသည် အကောင်းဆုံး အလယ်အလတ်အဆင့် အကာအကွယ် မှော်ရတနာများထဲမှ တစ်ခုကို တပ်ဆင်ထားပြီး အကာအကွယ် မန္တန်မြောက်မြားစွာကို ရွတ်ဆိုထားသော်ငြားလည်း၊ ထိုအခိုက်အတန့်၌ လေ့ကျန်း၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွား၏။ သူ၏ အရိုးများနှင့် အတွင်းအင်္ဂါများအားလုံး လုံးဝ ပျက်စီးကြေမွသွားခဲ့လေသည်။
သေဆုံးမသွားမီ စက္ကန့်ပိုင်းအလိုတွင် လေ့ကျန်းသည် တန်ဖိုးကြီးမားလှသော အဆင့်ခြောက် ရုပ်သေးတစ်ရုပ်ကို စတေးခံအဖြစ် အသုံးပြုလိုက်လေတော့သည်။
“ဝုန်း…”
မိုးကြိုးပင်လယ်ကြီး ပေါက်ကွဲသွားစဉ် လေ့ကျန်း၏ ပုံရိပ်သည် အရိပ်အယောင်မျှမကျန် ပျောက်ကွယ်သွားလေ၏။
မိုင်ဆယ်ချီ ဝေးကွာသော နေရာတွင်မူ ပြင်းထန်စွာ ဒဏ်ရာရနေသော လေ့ကျန်း ထပ်မံ ထွက်ပေါ်လာလေသည်။ သူ၏ ခန္ဓာကိုယ်သည် လုံးဝ ကွဲအက်နေသော ကြွေရုပ် တစ်ရုပ်ကဲ့သို့ သွေးများဖြင့် ဖုံးလွှမ်းနေ၏။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက သူ့အတွင်း၌ သောင်းကျန်းနေကာ သူ၏ ကြီးမားလှသော တာအိုသခင်ကြီး အသက်စွမ်းအင်ကို သွေးသားများ ပြန်လည်ကုစားခွင့် မပေးဘဲ တားဆီးထားလေတော့သည်။
ကြီးမားလှသော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသော လေ့ကျန်းသည် ထွက်ပေါ်လာလာချင်း ထိုနေရာ၌ ဆက်မနေရဲတော့ဘဲ အနီးနားရှိ မိုးကြိုးနဂါး အင်မော်တယ်မင်းဆက် စစ်စခန်းဆီသို့ သွေးရူးသွေးတန်း ထွက်ပြေးလေတော့သည်။
"မြန်မြန်... မြန်မြန် ထွက်ပြေးရမယ်"
ဒါက သာမန် အဆင့်ခြောက် နတ်ဘုရားရုပ်တု တစ်ခု မဟုတ်ပါလေ။
ထိုစွမ်းအားကြီးကို သာမန် ဟင်းလင်းပြင်အဆင့် တာအိုသခင်ကြီး တစ်ဦးပင်လျှင် ယှဉ်ပြိုင်နိုင်စွမ်း မရှိလောက်ဟု မှန်းဆရပေသည်။
ဤနတ်ဘုရားရုပ်တုသည် ရှေးဟောင်းအင်အားစု ဖြစ်သော ယွဲ့အင်မော်တယ်စံအိမ် အင်မော်တယ်မြို့တော်၏ ပထမ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် လက်အောက်ရှိ စီးတော်ယာဉ်တစ်ခု ဖြစ်ပြီး ရှေးဟောင်း အင်မော်တယ် ၏ လက်မှ ဆင်းသက်လာခြင်း ဟူသော အချက်ကိ သူတို့ မသိခဲ့ကြပေ။
၎င်းအတွင်း၌ ပါဝင်နေသော နက်နဲမှုများနှင့် အင်မော်တယ် အရှိန်အဝါတို့ကို သာမန် ကျင့်ကြံသူများ သို့မဟုတ် နတ်ဘုရားရုပ်တုများနှင့် မည်သို့များ နှိုင်းယှဉ်နိုင်ပါမည်နည်း။
"ရိုင်းစိုင်းလိုက်တာ"
လေ့ကျန်းသည် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက် စစ်စခန်းဆီသို့ ထွက်ပြေးသွားစဉ် သူ၏ ရူးသွပ် ဒေါသတကြီး အော်ဟစ်သံသည် ဟင်းလင်းပြင်ကို ဖြတ်သန်းလာလေ၏။ ထိုစဉ် ကောင်းကင်ပင့် ရွှေချို ဆုတောင်းဆင်ကြီးသည် ၎င်း၏ ခွာကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး လေ့ကျန်းနှင့် အခြားသော တာအိုသခင်ကြီးများ၏ ဝိုင်းဝန်းပိတ်ဆို့မှုကို နောက်တစ်ကြိမ် ရင်ဆိုင်ရန် အသင့်ဖြစ်
နေလေတော့သည်။
သို့ရာတွင် ကောင်းကင်ပင့် ရွှေချို ဆုတောင်းဆင်ကြီးသည် အဆင့်မြင့် မှော်လက်နက်တစ်ခုဖြစ်သော ဟင်းလင်းပြင် ကြေးအိုးငယ်ကို ပိုင်ဆိုင်ထားလေရာ လေ့ကျန်းနှင့် အခြားသော တာအိုသခင်ကြီးများ၏ ကျင့်ကြံခြင်းအဆင့်နှင့် ထွက်ပြေးခြင်း စွမ်းရည်များဖြင့်ဆိုလျှင် သူတို့သည် ကောင်းကင်ပင့် ရွှေချို ဆုတောင်းဆင်ကြီးကို ဖမ်းဆီးထိန်းချုပ်ရန် နေနေသာသာ ထိတွေ့နိုင်စွမ်းပင် မရှိကြ။
ပြောင်းပြန်အားဖြင့် လေ့ကျန်းနှင့် အခြားသူများ ထပ်ကြပ်မကွာ လိုက်လာသည့် အခိုက်အတန့်တွင် ကောင်းကင်ပင့် ရွှေချို ဆုတောင်းဆင်ကြီးသည် ဟင်းလင်းပြင် ကြေးအိုးငယ်ကို နောက်တစ်ကြိမ် အသက်သွင်းလိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
၎င်းသည် အစောပိုင်း ဟင်းလင်းပြင်အဆင့် တာအိုဆရာ တစ်ဦး၏ အနောက်တွင် ပြန်လည် ထွက်ပေါ်လာ၏။
ဟင်းလင်းပြင် ကြေးအိုးငယ်၏ အပြည့်အဝ စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ဟင်းလင်းပြင် စွမ်းအားကြီးက ကောင်းကင်နှင့် မြေကြီးကို ချိတ်ပိတ်သွားလေရာ၊ လေ့ကျန်းနှင့် အခြားသော တာအိုသခင်ကြီးများပင် မရှောင်တိမ်းနိုင်ဘဲ ထုံထိုင်းသွားရသည်။