← Chapters

အခန်း ၉၄၃

Vol. 63 Ch. 943

အခန်း ၉၄၃

Vol. 63 Ch. 943

အခန်း (၉၄၃) - တာအိုသခင်ကြီး သုံးပါး ကျဆုံးခြင်း၊ မြေကမ္ဘာအင်မော်တယ်စံအိမ်၏ မဟာအောင်ပွဲ (၂)

“သူတို့ ထွက်ပြေးနေကြပြီ... မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်က လူတွေတောင် ထွက်ပြေးနေကြပြီ... မြေကမ္ဘာအင်မော်တယ်စံအိမ်ကို သေချေပါးစပ် တိုက်ခိုက်မယ့် အရိပ်အယောင်တောင် မပြရဲတော့ဘူး”

သောင်းနှင့်ချီသော မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်မှ ကျင့်ကြံသူများ အထိတ်တလန့် အရူးအမူး ထွက်ပြေးနေကြသည့် မြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။

တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့၏ အင်အားစု အသီးသီးမှ အကြီးအကဲ ကျင့်ကြံသူများသည် ဤမြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသောအခါ အသည်းထိတ်ဖွယ် အတိတ်မှတ်ဉာဏ် တစ်ခုကို ပြန်လည် အမှတ်ရသွားသည့်နှယ် ရင်ထိတ်သွားကြတော့သည်။

တစ်ချိန်တုန်းက သူတို့ကိုယ်တိုင်လည်း ယခု တာ့ယန် အင်မော်တယ်မင်းဆက်မှ လူများကဲ့သို့ မျှော်လင့်ချက် ကင်းမဲ့ခြင်းမျိုးကို ကြုံတွေ့ခဲ့ဖူးလေသည်။

ထိုစဉ်က အင်မော်တယ် တစ်သောင်း တည်ရှိနေသေးချိန် ဖြစ်၏။ မြေကမ္ဘာအင်မော်တယ်စံအိမ်၏ အရိုင်းနယ်မြေများကို သိမ်းပိုက် ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် ထိုနန်းတော်နှင့် သူတို့ ပူးပေါင်းခဲ့ကြသည်။

သို့သော် မြေကမ္ဘာအင်မော်တယ်စံအိမ်က ၎င်း၏ ကိုယ်ပိုင်ခွန်အား သက်သက်ဖြင့် မိသားစု အမြောက်အမြား၏ ရုပ်ခန္ဓာကျင့်ကြံခြင်း စစ်တပ်များကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်လိမ့်မည်ဟု မည်သူက မျှော်လင့်ထားခဲ့မည်နည်း။

ဤအဖြစ်အပျက်၏ အဓိကသော့ချက်မှာ ဟင်းလင်းပြင် တာအိုစွမ်းအားကို စိုးမိုးခြယ်လှယ်နိုင်သည့် မြေကမ္ဘာအင်မော်တယ်စံအိမ်မှ ထိုမိစ္ဆာကောင်ပင်။

“အလိုလေး...”

ဆံဖြူအဘိုးအို တစ်ဦးက အသံကို နှိမ့်ကာ လေအေးတစ်ချက်ကို ရှိုက်သွင်းရင်း တီးတိုးရေရွတ်လိုက်၏။

“အဲဒီမိစ္ဆာကောင် ပြန်ရောက်လာပြီလား... ပြီးခဲ့တဲ့ နှစ်တစ်ရာအတွင်း မြေကမ္ဘာအင်မော်တယ်စံအိမ်မှာ သူ့အရိပ်အယောင်တောင် မတွေ့ခဲ့ရပါဘူး”

“အခု သူ ပြန်ရောက်လာတာနဲ့ မြေကမ္ဘာအင်မော်တယ်စံအိမ်ကို ဦးဆောင်ပြီး တန်ပြန်ထိုးစစ်ဆင်ကာ တာ့ယန် အင်မော်တယ်မင်းဆက်ရဲ့ တပ်မကြီးကို သုတ်သင်ပစ်လိုက်တာလား”

“မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်က လူတွေကိုတောင် အရူးအမူး ထွက်ပြေးရလောက်အောင် ခြောက်လှန့်ပစ်လိုက်တာလား”

ဟင်းလင်းပြင် တာအိုစွမ်းအား၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းဆောင်ရည်အပေါ် သူ နည်းနည်းမျှ သံသယမဝင်ခဲ့ပါ။

သို့သော် 'တစ်ညတွင်းချင်း' အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်ပုံရသော မြေကမ္ဘာအင်မော်တယ်စံအိမ်အား ကြည့်ရင်း တာ့ယန် အင်မော်တယ်မင်းဆက်၏ စစ်တပ်ကြီး မျက်စိတစ်မှိတ်အတွင်း သုတ်သင်ခံလိုက်ရသည်ကို မြင်လိုက်ရသောအခါ...

ထိုလူစုမှာ အလိုအလျောက်ပင် ကျောရိုးတစ်လျှောက် အေးစိမ့်သွားကာ လုံးဝ အံ့အားသင့် မှင်တက်သွားကြတော့သည်။

ဤကဲ့သို့သော မြေကမ္ဘာအင်မော်တယ်စံအိမ်ကြီး ပြိုလဲတော့မည်ဟု မည်သည့် ခွေးကောင်က ပြောခဲ့သနည်း။

“မြန်မြန်... မြန်မြန်... ဒီသတင်းကို ပြန်ပို့ကြစမ်း”

လူတစ်စုသည် ကပျာကယာ ပြေးထွက်သွားကြပြီး သူတို့၏ မိသားစုများနှင့် အင်မော်တယ်ဂိုဏ်းများထံသို့ သတင်းပို့လိုက်ကြလေ၏။

ယခင်က မြေကမ္ဘာအင်မော်တယ်စံအိမ်ကြီး ပျက်စီးတော့မည်ဟု ထင်မှတ်ကာ ဆက်ဆံရေး ဖြတ်တောက်ရန် ပြင်ဆင်ထားခဲ့ကြ၏။ တာ့ယန် အင်မော်တယ်မင်းဆက်နှင့် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်တို့အား ရင်ဆိုင်ရာတွင် မြေကမ္ဘာအင်မော်တယ်စံအိမ်ကို ကူညီရန် လက်တွန့်နေခဲ့ကြသည်။

ယခုမူ မြေကမ္ဘာအင်မော်တယ်စံအိမ်က ရုတ်တရက် ထကြွလာကာ ရက်စက်ကြမ်းကြုတ်ပြီး အနိုင်ယူမရနိုင်သည့် အနေအထားဖြင့် တာ့ယန် အင်မော်တယ်မင်းဆက်၏ တပ်ဖွဲ့များကို မျက်စိတစ်မှိတ်အတွင်း သုတ်သင်လိုက်လေပြီ။ တာအိုသခင်ကြီး အနည်းငယ်နှင့် အရှင်သခင်ကြီး အနည်းငယ်သာ ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့၏။

သောင်းနှင့်ချီသော မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်၏ တပ်မကြီးသည်ပင် မြေကမ္ဘာအင်မော်တယ်စံအိမ်၏ ထက်မြက်မှုကို တိုက်ရိုက် မရင်ဆိုင်ရဲတော့ပေ။ ပကတိဟင်းလင်းပြင်အဆင့် တာအိုသခင်ကြီးများပင် တချိုးတည်း ထွက်ပြေးသွားခဲ့ကြသည်။

ဤကဲ့သို့သော ခွန်အားမျိုးဖြင့် မြေကမ္ဘာအင်မော်တယ်စံအိမ်သည် တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့နှင့် တာ့ချန် ကျင့်ကြံခြင်းကမ္ဘာကို ထောက်ပံ့ပေးနိုင်မည့် မျှော်လင့်ချက် ရှိနေသေးပြီး ပြိုကျပျက်စီးမည့် အခြေအနေသို့ မရောက်သေးကြောင်း ထင်ရှားပေသည်။

*

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွား၏။

ရက်အနည်းငယ် အကြာတွင်

မြေကမ္ဘာအင်မော်တယ်စံအိမ်က အင်အားအားလုံးကို စုစည်းကာ တာ့ယန် အင်မော်တယ်မင်းဆက်နှင့် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်တို့ကို တန်ပြန်တိုက်ခိုက်ခဲ့သည့် သတင်း ပျံ့နှံ့သွားသောအခါ တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ တစ်ခုလုံး တုန်လှုပ်သွား၏။ တသီးပုဂ္ဂလ ကျင့်ကြံသူများပင် ဤသတင်းကို ကြားသော် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။

ယွိီလုံနန်းတော်၌

နှောင်းပိုင်း ဝိညာဉ်ခွဲထွက်အဆင့် လင်းဟူ အရှင်သခင်ကြီးသည် မြေကမ္ဘာအင်မော်တယ်စံအိမ်မှ လာသော သတင်းကို ကြားလိုက်ရသောအခါ လုံးဝ အံ့အားသင့်သွားပြီး အော်ဟစ်လိုက်လေသည်။

“မြေကမ္ဘာအင်မော်တယ်စံအိမ်က တန်ပြန်တိုက်ခိုက်ပြီး တာ့ယန် အင်မော်တယ်မင်းဆက်ရဲ့ တပ်ဖွဲ့ဝင် နှစ်သောင်းကို သတ်ပစ်လိုက်တယ်... တာ့ယန် အင်မော်တယ်မင်းဆက်က တာအိုသခင်ကြီး သုံးပါးနဲ့ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး ငါးပါးပဲ ထွက်ပြေး

လွတ်မြောက်သွားနိုင်ခဲ့တာလား”

ဒါက...။

ထိုသတင်းကို ကြားပြီးနောက် သူ လုံးဝ ဆွံ့အမှင်တက်သွားတော့၏။

အတန်ကြာပြီးနောက် လင်းဟူ အရှင်သခင်ကြီး၏ မျက်လုံးအိမ်များ ရုတ်ချည်း ကျုံ့ဝင်သွားကာ မကြာမီက အရိုင်းနယ်မြေတွင် သူကြုံတွေ့ခဲ့ရသည့် မြေကမ္ဘာအင်မော်တယ်စံအိမ်မှ ပုံရိပ်တစ်ခုက စိတ်အာရုံထဲတွင် ပေါ်လာတော့သည်။

'သူ မြေကမ္ဘာအင်မော်တယ်စံအိမ်ကို ပြန်ရောက်လာလို့ အခြေအနေတွေက အခုလို ဖြစ်သွားတာတော့ မဟုတ်နိုင်ပါဘူးနော်...'

ဘိုးဘေးကြီး မော့လုံ တာအိုသခင်ကြီးထံသို့ ဤသတင်းကို ပြောပြပြီးနောက် မော့လုံ တာအိုသခင်ကြီးသည်လည်း အချိန်အတော်ကြာ တိတ်ဆိတ်သွားလေသည်။

မော့လုံ တာအိုသခင်ကြီးက လေးနက်တည်ကြည်စွာဖြင့် ပြောလာ၏။

“လွန်ခဲ့တဲ့ နှစ်တစ်ရာ... နှစ်ရာလောက်က အဲဒီလူငယ်လေးဟာ မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး ကျင့်ကြံခြင်းအဆင့်မှာပဲ ရှိသေးတယ်... ဒါပေမဲ့ သူက ငါတို့ ယွိီလုံနန်းတော်နဲ့ အင်မော်တယ် တစ်သောင်း နန်းတော်ကို သွေးထွက်သံယို အဖိုးအခ ကြီးကြီးမားမား ပေးဆပ်ရအောင် လုပ်နိုင်ခဲ့တယ်”

“မြေကမ္ဘာအင်မော်တယ်စံအိမ်ရဲ့ အင်အားက သိပ်ပြီး ထူးထူးခြားခြား ပြောင်းလဲတိုးတက်လာတာမျိုး မရှိတာ ရှင်းနေပေမဲ့ သူရှိနေတာနဲ့တင် ငါတို့ အင်မော်တယ်ဂိုဏ်းတွေက ကျင့်ကြံသူတွေဟာ အထိမခံနိုင်အောင် ပြိုကျပျက်စီးခဲ့ရပြီး တိုက်ပွဲတိုင်းမှာ အရေးနိမ့်ခဲ့ရတယ်”

“အခု တာ့ယန် အင်မော်တယ်မင်းဆက်နဲ့ မိုးကြိုးနဂါး အင်မော်တယ်မင်းဆက် အလှည့်ရောက်လာတော့လည်း ရလဒ်က အတူတူပဲ ဖြစ်နေတယ်”

“မင်း ခန့်မှန်းထားသလိုပဲ... ဒီလူက ဝိညာဉ်ခွဲထွက်အဆင့်ကို ချိုးဖြတ်ဝင်ရောက်သွားလောက်ပြီ... သူ့ရဲ့ ခွန်အားတွေက အရင်ကထက် ပိုပြီး ကြောက်စရာကောင်းလောက်အောင် တိုးတက်လာတာ သေချာတယ်”

“ဒီလိုလူမျိုး မြေကမ္ဘာအင်မော်တယ်စံအိမ်ကို ပြန်ရောက်လာတာက မြေကမ္ဘာအင်မော်တယ်စံအိမ်ကို အကြပ်အတည်းကနေ လွတ်မြောက်စေပြီး ပြန်လည် ထကြွလာအောင် လုပ်နိုင်စွမ်း ရှိတယ်”

လင်းဟူ အရှင်သခင်ကြီး၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အသံကို နှိမ့်ကာ လျင်မြန်စွာ မေးလိုက်၏။

“ဘိုးဘေးကြီး... ဒါဆို ငါတို့ ယွိီလုံနန်းတော်ကရော ဘယ်လိုလုပ်ကြမလဲ...”

မော့လုံ တာအိုသခင်ကြီးက အတန်ကြာ တိတ်ဆိတ်နေပြီးမှ ဖွင့်ဟလာလေသည်။

“ငါ မြေကမ္ဘာအင်မော်တယ်စံအိမ်ကို တစ်ခေါက်လောက် သွားကြည့်ရမယ်”

*

အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော်၌

တာအိုသခင်ကြီး ရှစ်ဝမ်သည် မြေကမ္ဘာအင်မော်တယ်စံအိမ်မှ သတင်းကို ကြားလိုက်ရသောအခါ လန့်ဖျပ်သွားပြီး သူ၏ ထိုင်ခုံမှ ဝုန်းခနဲ ခုန်ထမိသည်။

“မြေကမ္ဘာအင်မော်တယ်စံအိမ်က အောင်ပွဲခံလိုက်တယ် ဟုတ်လား... မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်နဲ့ တာ့ယန် အင်မော်တယ်မင်းဆက်တို့ရဲ့ တာအိုသခင်ကြီး ဆယ့်နှစ်ပါး၊ ကျင့်ကြံသူ ခုနစ်သောင်း ပူးပေါင်းထားတဲ့ တပ်ကြီးက အကြီးအကျယ် ရှုံးနိမ့်သွားတာလား... အသေအပျောက် များပြီး ထွက်ပြေးရတဲ့အထိ ဖြစ်သွားတာလား”

“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

တာအိုသခင်ကြီး ရှစ်ဝမ်က အထိတ်တလန့် အော်ဟစ်လိုက်ရာ သူ၏ အသံမှာ ကြောက်ရွံ့မှုကြောင့် ပြောင်းလဲသွားလေသည်။

သို့သော် ရလဒ်များကို အထပ်ထပ်အခါခါ အတည်ပြုပြီးနောက်တွင်တော့ တာအိုသခင်ကြီး ရှစ်ဝမ်မှာ မယုံချင်ဘဲ ယုံလိုက်ရတော့သည်။ ထိုအခါ သူ၏ လုပ်ရပ်များအတွက် ချက်ချင်းပင် အူနုကျွဲမြီး ပြတ်မတတ် နောင်တရသွားလေတော့၏။

'ကျက်သရေတုံးလိုက်တာ...'

'မြေကမ္ဘာအင်မော်တယ်စံအိမ်မှာ ဒီလို အခြေခံအုတ်မြစ်မျိုး ရှိနေသေးတာလား...'

'တိုက်ပွဲ တစ်ကြိမ်တည်းနဲ့ အဆင့် (၃) နဲ့ အဆင့် (၄) အဆောင်လက်ဖွဲ့ သိန်းချီပြီး ထုတ်သုံးနိုင်တယ် ဟုတ်လား...'

“ဒါတော့ မဖြစ်သေးဘူး... မြေကမ္ဘာအင်မော်တယ်စံအိမ်ဆီ ငါကိုယ်တိုင် သွားမှ ရတော့မယ်”

ရှစ်ဝမ် တာအိုသခင်ကြီး၏ မျက်နှာမှာ တရစပ် ပြောင်းလဲနေလေသည်။

ဤမျှ တောင့်တင်းခိုင်မာသော ကျောထောက်နောက်ခံကြီးကို လက်လွှတ်ခံ၍ မဖြစ်ပေ။

ရှစ်ဝမ် တာအိုသခင်ကြီး၏ ပုံရိပ်က ရိပ်ခနဲ ပြေးထွက်သွား၏။ သို့သော် ခဏအကြာတွင် သူသည် သူ၏ ကိုယ်ပိုင် ရတနာတိုက်သို့ ပြန်လာပြီး အဖိုးတန် လက်ဆောင် အနည်းငယ်ကို ဂရုတစိုက် ရွေးချယ်ကာ နောက်တစ်ကြိမ် ထွက်ခွာသွားလေတော့သည်။

လီဟော့နန်း‌တော် ၊ ရွှမ်ဟွမ် အင်မော်တယ်နန်းတော်၊ ရှင်းဖန်စံအိမ် အစရှိသော ကျန်ရှိနေသည့် အင်အားစုများသည်လည်း ဤသတင်းကို ကြားလိုက်ရသောအခါ ခြွင်းချက်မရှိ အားလုံး မှင်တက်သွားကြလေသည်။

ဤကဲ့သို့ အသည်းအသန် အခြေအနေမျိုးတွင် မြေကမ္ဘာအင်မော်တယ်စံအိမ်က တန်ပြန်တိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။

ထို့အပြင် သူတို့ အောင်မြင်ခဲ့လေပြီ။ တာ့ယန် အင်မော်တယ်မင်းဆက်နှင့် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်တို့ကို သူတို့ အနိုင်ယူနိုင်ခဲ့လေပြီ။

အံ့အားသင့်မှုများ အပြီးသတ်သွားပြီးနောက် ထိုအင်အားစုများသည် သူတို့ မိသားစုများမှ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီးများနှင့် တာအိုသခင်ကြီးများကို ကမန်းကတန်း ဆင့်ခေါ်ကာ တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့သို့ ပြန်လည် ပူးပေါင်းသင့်၊ မသင့်

ဆွေးနွေးတိုင်ပင်ကြတော့သည်။

နောက်ဆုံးတွင်တော့ တာအိုသခင်ကြီးများ ကိုယ်တိုင်ဖြစ်စေ၊ အင်အားစုများ၏ ခေါင်းဆောင်များ ကိုယ်တိုင်ဖြစ်စေ မြေကမ္ဘာအင်မော်တယ်စံအိမ်နှင့် တွေ့ဆုံ၍ ဤကိစ္စကို ဆွေးနွေးရန် ထွက်ခွာသွားကြလေတော့သည်။

အကယ်၍ မြေကမ္ဘာအင်မော်တယ်စံအိမ်ကသာ တာ့ယန် အင်မော်တယ်မင်းဆက်နှင့် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်တို့ကို ချေမှုန်းပြီး တာ့ချန် ကျင့်ကြံခြင်းကမ္ဘာမှ မောင်းထုတ်နိုင်မည့် အခွင့်အရေး အမှန်တကယ် ရှိနေမည်ဆိုလျှင် သူတို့အနေဖြင့် ဤစစ်ပွဲတွင် ကောင်းစွာ ပါဝင်လာနိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ တာ့ယန် အင်မော်တယ်မင်းဆက်နှင့် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်တို့က မြေကမ္ဘာအင်မော်တယ်စံအိမ်ထံမှ အဖိုးတန် ပစ္စည်းများစွာကို သိမ်းပိုက်ရယူထားခဲ့သည် မဟုတ်ပါလော။

သူတို့အနေဖြင့် တန်ပြန်တိုက်ခိုက်ရာတွင် အောင်မြင်ခဲ့လျှင်တောင်မှ မြေကမ္ဘာအင်မော်တယ်စံအိမ်၏ နယ်မြေများ၊ အင်မော်တယ်မြို့တော်များနှင့် အရင်းအမြစ်နယ်မြေများကို သိမ်းယူနိုင်မည် မဟုတ်သော်ငြား တာ့ယန်နှင့် မိုးကြိုးနဂါး အင်အားစုများ၏ လက်ထဲရှိ အရင်းအမြစ်များနှင့် ရတနာများက တူညီစွာပင် ဖြားယောင်းသွေးဆောင်နိုင်စွမ်း ရှိနေပေသည်။

တစ်ချိန်ချိန် အနာဂတ်တွင် သူတို့ တာ့ချန် ကျင့်ကြံခြင်းကမ္ဘာမှနေ၍ တာ့ယန် အင်မော်တယ်မင်းဆက်အပေါ်သို့ပင် တန်ပြန်ထိုးစစ်ဆင်နိုင်ကောင်း ဆင်နိုင်လိမ့်မည်။

ထိုအခါမျိုးတွင် အကျိုးအမြတ်များက ပို၍ပင် ကြီးမားလာမည်။

မြေကမ္ဘာအင်မော်တယ်စံအိမ်၏ အင်မော်တယ်တံခါး မဟာခန်းမဆောင်ကြီးဝယ်၊ ရက်အနည်းငယ် အကြာတွင် မြေကမ္ဘာအင်မော်တယ်စံအိမ်သည် ထိုတိုက်ပွဲမြေပြင်နှင့် တာ့ယန်၊ မိုးကြိုးနဂါး တပ်မကြီးများ၏ စစ်စခန်းဟောင်းများကို နောက်ဆုံးတွင် ရှင်းလင်းရေး လုပ်ဆောင်နိုင်ခဲ့ပြီး အဖိုးတန် ရတနာများနှင့် အရင်းအမြစ် မြောက်မြားစွာကို ပြန်လည် ရယူနိုင်ခဲ့သည်။

သေချာပေါက်ပင် ဤတိုက်ပွဲမှ မြေကမ္ဘာအင်မော်တယ်စံအိမ်သည် အရှုံးမရှိဘဲ ထွက်ပေါ်လာနိုင်ခဲ့ခြင်းကား မဟုတ်ပေ။ ရှုပ်ထွေးပွေလီသော တိုက်ပွဲအတွင်း ကျင့်ကြံသူ ရာနှင့်ချီ၍ ကျဆုံးခြင်း သို့မဟုတ် ဒဏ်ရာရခြင်းများ ရှိခဲ့သည်။

သို့သော် ဤတိုက်ပွဲ၏ ရလဒ်နှင့် နှိုင်းယှဉ်ပါက ထိုသို့သော ဆုံးရှုံးမှုများမှာ ပြောပလောက်စရာ မရှိလှပေ။

ဤသည်က အမှန်တကယ် ကြီးကျယ်ခမ်းနားလှသော မဟာအောင်ပွဲကြီးပင်။

မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်နှင့် တာ့ယန် အင်မော်တယ်မင်းဆက်တို့ သူတို့ကို စတင် လှုပ်ရှားတိုက်ခိုက်လာချိန်မှစ၍ မြေကမ္ဘာအင်မော်တယ်စံအိမ် အတွက် ဂုဏ်ကျက်သရေအရှိဆုံး အောင်ပွဲကြီး ဖြစ်လေသည်။

အင်မော်တယ်တံခါး မဟာခန်းမဆောင်ကြီးအတွင်း၌ စံအိမ်သခင် ဖန်ရှောင် က အထက်ပလ္လင်ပေါ်တွင် ထိုင်နေသည်။ ရွှေရောင်ဝိညာဉ် မိစ္ဆာအရှင်သခင်၊ ကျိုလင် တာအိုသခင်ကြီး၊ ထိုက်ရှီး အရှင်သခင်ကြီး၊ တာအိုဆရာ ထျန်းယွီ၊ ဟွမ်ကျူ နှင့် အခြားသူများက ဘေးတစ်ဖက်တစ်ချက်စီတွင် နေရာယူထားကြသည်။ စုယွီကတော့ အနောက်ဘက် အကျဆုံးနေရာတွင် ထိုင်နေပြီး လူရိပ် မမြင်နိုင်လောက်အောင်ပင် ဖြစ်နေလေသည်။

လျှို့ဝှက်ခန်းမ အကြီးအကဲ ကျောက်ချန်ဖုန်း က လတ်တလော တိုက်ပွဲ၏ အသေးစိတ် အချက်အလက်များ၊ စစ်ပွဲမှ ရရှိသော တိုက်ပွဲဝင်ပစ္စည်းများနှင့် မြေကမ္ဘာအင်မော်တယ်စံအိမ်မှ ခံစားခဲ့ရသော ပျက်စီးဆုံးရှုံးမှုများကို ရိုသေလေးစားစွာဖြင့် အစီရင်ခံနေလေသည်။

ထို့နောက် ကျောက်ချန်ဖုန်းက အနားယူရန် ထွက်ခွာသွားလေ၏။

ဖန်ရှောင်က သူမ၏ အနောက်ဘက်တွင် မျက်လုံးများ မှိတ်ကာ ခွန်အားများ ပြန်လည် ဖြည့်တင်းနေသော ဦးလေးငယ်ထံ အကြည့် တစ်ချက်ပစ်သွင်းလိုက်သည်။ သူမ၏ နှလုံးသားမှာ ယခုအချိန်အထိ မငြိမ်သက်သေးပါ။

စုယွီ ပြန်ရောက်လာသည်မှာ မကြာသေးသော်ငြား သူက မျှော်လင့်ချက် ကင်းမဲ့နေသော အခြေအနေမှ မြေကမ္ဘာအင်မော်တယ်စံအိမ်ကို ပြန်လည် အသက်သွင်းပေးခဲ့လေပြီ။

သူမ တာအိုမျိုးစေ့ ဖြစ်ခဲ့စဉ်ကပဲဖြစ်ဖြစ်၊ ယခု စံအိမ်သခင် ဖြစ်လာချိန်မှာပဲဖြစ်ဖြစ် ဦးလေးငယ်က သူမ၏ အခိုင်မာဆုံးသော ကျောထောက်နောက်ခံ အမြဲတမ်း ဖြစ်နေခဲ့လေသည်။

ဦးလေးငယ်၏ ပုံရိပ်နှင့် မျက်နှာအမူအရာကို ကြည့်ရင်း ဖန်ရှောင် သူမ၏ နှလုံးသားမှာ လွန်ခဲ့သည့် နှစ်တစ်ရာကျော် ကာလများထက် ပို၍ ငြိမ်းချမ်းနေသည်ဟု ခံစားလိုက်ရလေသည်။

သို့သော် ဖန်ရှောင် မကြာမီပင် လက်တွေ့ဘဝသို့ ပြန်လည် သတိဝင်လာကာ ထိုခံစားချက်များကို ဖိနှိပ်ချုပ်တည်းလိုက်၏။ မည်သို့ပင်ဖြစ်စေ မြေကမ္ဘာအင်မော်တယ်စံအိမ်က တိုက်ပွဲတစ်ပွဲကို အနိုင်ရခဲ့သည်မှာ မှန်သော်ငြား ဆိုးရွားနေသော အခြေအနေကို အပြည့်အဝ ပြောင်းပြန်လှန်နိုင်ခဲ့ခြင်းကား မရှိသေးပေ။

တာ့ယန် အင်မော်တယ်မင်းဆက်၏ တပ်ဖွဲ့ဝင် နှစ်သောင်းနှင့် ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီးများ၊ မူလဝိညာဉ်အဆင့် အရှင်သခင် အမြောက်အမြားကို ခုတ်ပိုင်း သုတ်သင်နိုင်ခဲ့သော်လည်း သည်အခြေအနေက တာ့ယန် အင်မော်တယ်မင်းဆက်၏ အခြေခံအုတ်မြစ်ကို ယိမ်းယိုင်သွားစေလောက်သည့် အထိနာစေသော ထိုးနှက်ချက်မျိုး မဟုတ်ပေ။

မြေကမ္ဘာအင်မော်တယ်စံအိမ်၏ နယ်မြေအတွင်း၌ တာ့ယန် အင်မော်တယ်မင်းဆက်တွင် ကျင့်ကြံသူ နှစ်သောင်းနီးပါး ကျန်ရှိနေသေးသည်။

ထို့အပြင် သူတို့က အချိန်မရွေး စစ်ကူခေါ်ယူနိုင်ပေသေးသည်။

တာ့ယန် အင်မော်တယ်မင်းဆက် အပြင် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက် သည်လည်း ထိုနည်းတူပင် လုပ်ဆောင်နိုင်စွမ်း ရှိ၏။

လက်ရှိတွင် မြေကမ္ဘာအင်မော်တယ်စံအိမ်က မြေကမ္ဘာတောင်တန်း အင်မော်တယ်မြို့တော် ဟူသော အင်မော်တယ်မြို့တော် တစ်မြို့တည်းကိုသာ ထိန်းချုပ်ထားနိုင်ပြီး အခြားမြို့တော်များ အားလုံးမှာ တာ့ယန်နှင့် မိုးကြိုးနဂါး မင်းဆက်များ၏ လက်ထဲတွင်သာ ရှိနေဆဲပင်။

သည်အဖြစ်ကို တွေးတောမိပြီးနောက် ဖန်ရှောင်က လေးနက်သော လေသံဖြင့် မေးလိုက်သည်။

“ဦးလေးငယ်…အင်မော်တယ်ဂိုဏ်းက တန်ပြန်ထိုးစစ်ဆင်ဖို့ နောက်ထပ် ဘာဆက်လုပ်သင့်သလဲ”

ထိုအခိုက်အတန့်တွင် စုယွီ မျက်လုံးများကို ဖွင့်လိုက်ပြီး ကျိုလင် တာအိုသခင်ကြီးဆီသို့ အကြည့်ပို့လွှတ်လိုက်၏။

“အကြီးအကဲ ကျိုလင်... စီနီယာ့ လက်ထဲက ကိုးဝိညာဥ် အင်မော်တယ်တံဆိပ်တုံးက လူသားမျိုးနွယ် တာအိုသခင်ကြီးတွေရဲ့ မူလဝိညာဉ်တွေကို ချိတ်ပိတ်ပြီး သူတို့ကို ကျွန်တော်တို့အတွက် အမှုထမ်းခိုင်းလို့ ရနိုင်ပါမလား”

All Chapters