← Chapters

အခန်း ၉၄၅

Vol. 63 Ch. 945

အခန်း ၉၄၅

Vol. 63 Ch. 945

အခန်း (၉၄၅) - တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့၏ ပြန်လည် ဆုံဆည်းခြင်း၊ မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်သစ် (၂)

သို့သော် ယခုအချိန်တွင်မူ မြေကမ္ဘာအင်မော်တယ်စံအိမ် အတွင်းရှိ အခြေအနေမှာ ယာယီအားဖြင့် တည်ငြိမ်သွားခဲ့လေပြီ။ တာ့ယန် အင်မော်တယ်မင်းဆက်နှင့် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်တို့ကို တွန်းလှန်နိုင်ခဲ့သော တန်ပြန်ထိုးစစ်ကြီး တစ်ခုကို အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ခြင်းကြောင့်ပင်။

ယခင်က တာ့ယန် အင်မော်တယ်မင်းဆက်ထံမှ 'ချေးငှား' လာခဲ့သော အဆောင်လက်ဖွဲ့ ပါဝင်ပစ္စည်းများမှာလည်း များများစားစား မကျန်တော့ရာ အလျင်စလို လုပ်စရာ မလိုတော့ပေ။ ရေးဆွဲခြင်း အလုပ်ကို ဖြည်းဖြည်းမှန်မှန် ဆက်လက် လုပ်ဆောင်သွားနိုင်ပြီ ဖြစ်၏။

ယခု အားလပ်ချိန် အနည်းငယ် ရရှိလာပြီ ဖြစ်ရာ ပုံမှန် ကျင့်ကြံခြင်း အလုပ်များအပြင် အဆင့် (၅) အလယ်အလတ်အဆင့် အဆောင်လက်ဖွဲ့များကို လေ့လာ ရေးဆွဲရန် ဖြစ်နိုင်ချေ ရှိလာလေပြီ။

'သာမန် အဆင့်(၅) အလယ်အလတ်အဆင့် ဓာတ်ကြီးငါးပါး အဆောင်လက်ဖွဲ့တွေကနေ အရင် စလုပ်တာပေါ့လေ'

စုယွီ တွက်ချက်လိုက်စဉ် အဆင့် (၅) အလယ်အလတ်အဆင့် အဆောင်လက်ဖွဲ့များနှင့် ပတ်သက်သော အမွေအနှစ် အသိပညာ အသီးသီးက သူ၏ စိတ်အာရုံထဲတွင် ပေါ်လာတော့သည်။

ယွဲ့အင်မော်တယ်မျှော်စင်၏ သိုင်းကျမ်းတစ်သောင်း မျှော်စင် အတွင်း၌ အဆောင်လက်ဖွဲ့ သခင် များ၏ အမွေအနှစ်များ များစွာ မရှိလှသော်ငြားလည်း ၎င်းတို့၏ အရည်အသွေးမှာ လုံလောက်စွာ မြင့်မားလှပေသည်။

အဆင့် (၅) အလယ်အလတ်အဆင့် အဆောင်လက်ဖွဲ့များမှာလည်း လိုလေသေး မရှိပါချေ။

သူက သာမန် အဆင့်(၅) အလယ်အလတ်အဆင့် အဆောင်လက်ဖွဲ့ တစ်ခုကို အရင်ဆုံး ဖန်တီးမည်။ အဆင့်(၅) အလယ်အလတ်အဆင့် ကြေးမုံလမင်း အဆောင်လက်ဖွဲ့၊ လခြမ်းကွေး အဆောင်လက်ဖွဲ့ နှင့် ဝမ်ယင်း အဆောင်လက်ဖွဲ့ တို့ကို ဆက်လက် လေ့လာ နားလည်ရန် ရည်ရွယ်ထား၏။

ထိုအရာများ အပြင်...

ကောင်းကင် ရုပ်သေး သိုင်းကျမ်း ၏ မှော်သွင်းခြင်း အတတ် နှင့် ကန်းကျင်း ကောင်းကင် ဓား ကျင့်စဉ် အပါအဝင် အခြားသော အရာများကိုလည်း ဆက်လက် တိုးတက်အောင် ပြုလုပ်ရန် လိုအပ်နေသေးသည်။

အဆင့် (၅) အလယ်အလတ်အဆင့် ရုပ်သေးများ ဖန်တီးရန် သင့်တော်သော အဆင့်မြင့် မိစ္ဆာ အမြုတေ တစ်ခုလည်း လက်ဝယ်တွင် ရှိနေပါသည်။ ယခုအခါ မည်သို့သော ရုပ်သေးမျိုးကို သန့်စင် ဖန်တီးရမည်နည်း ဆိုသည်ကို စုယွီ စဉ်းစားရတော့မည်။

ထို့နောက်တွင် သူ့ လက်၌ မည်သည့် ပါဝင်ပစ္စည်းများ ရှိနေပြီး မည်သည့် အရာများ လိုအပ်နေသေးသည်ကို စစ်ဆေးရပေမည်။

ဦးနှောက်အား အလုပ်ပေးနေစဉ် ရုတ်တရက် စုယွီ၏ စိတ်ထဲသို့ အတွေးတစ်ခု ဝင်ရောက်လာလေ၏။

ပင်လယ်နယ်မြေ ၏ ခွန်းလင် အသိုက် တွင် စစ်ပွဲကြီး ဖြစ်ပွားနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီ ဖြစ်ရာ လူသားမျိုးနွယ်၊ မိစ္ဆာမျိုးနွယ် နှင့် ပင်လယ်မျိုးနွယ်စုဝင် များစွာ သေချာပေါက် ကျဆုံးသွားခဲ့လောက်ပြီ မဟုတ်ပါလော။

မိစ္ဆာ နှင့် ပင်လယ်မျိုးနွယ်စုဝင် များစွာ ကျဆုံးသွားခဲ့မည်ဆိုပါက အဆင့်မြင့် ပါဝင်ပစ္စည်း အမြောက်အမြား လည်ပတ် ရောင်းဝယ်မှုထဲသို့ ဝင်ရောက်လာနိုင်ဖွယ် ရှိသည်ပင်။

'တာအိုရုပ်သေး ကို ပင်လယ်ဘက် စေလွှတ်ပြီး ပါဝင်ပစ္စည်း တစ်ခုခုများ စုဆောင်းလို့ ရမလား ကြည့်ခိုင်းရမယ်'

စုယွီ၏ နှလုံးသားမှာ တည်ငြိမ်သွားပြီးနောက် အဆင့် (၅) အလယ်အလတ်အဆင့် အဆောင်လက်ဖွဲ့များ ရေးဆွဲခြင်းကို လေ့လာရန် အာရုံစိုက်လိုက်တော့သည်။

*

ရက်အနည်းငယ် အကြာတွင်

အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်။

စုယွီ၏ တာအိုရုပ်သေး သည် ယွဲ့အင်မော်တယ်မျှော်စင် ၏ ဌာနချုပ်သို့ ရောက်ရှိလာပြီး ကောင်းကင်အပျက်အစီး ခန်းမသခင်၊ တာအိုဆရာ ရှုယွီ တို့နှင့် တွေ့ဆုံခဲ့လေသည်။

ကောင်းကင်အပျက်အစီး ခန်းမသခင် မှတစ်ဆင့် တာ့ယန် အင်မော်တယ်မင်းဆက် နှင့် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက် တို့၏ လက်ရှိ အခြေအနေကို သူ သိရှိလိုက်ရ၏။

မိုးကြိုးနဂါး အင်မော်တယ်မင်းဆက် သည် ယခင်က သိမ်းပိုက်ထားခဲ့သော အင်မော်တယ်မြို့တော် များနှင့် အရင်းအမြစ် နယ်မြေများကို စွန့်လွှတ်လိုက်ပြီး တိလင် အင်မော်တယ်မြို့တော် နှင့် အနီးဆုံးဖြစ်သော ချန်းဟုန် ဟုခေါ်သည့် အင်မော်တယ်မြို့တော်ကြီး တစ်ခုတွင် တပ်ဖွဲ့ စုဝေးနေကြလေသည်။

တပ်ဖွဲ့ဝင် တစ်သိန်းနီးပါး စုဝေးနေကြပြီး ဆုတ်ခွာရန် ရည်ရွယ်ချက် လုံးဝ မရှိသည်မှာ ရှင်းလင်းနေ၏။ သူတို့က မြေကမ္ဘာအင်မော်တယ်စံအိမ် ကို နောက်တစ်ကြိမ် ပြန်လည် တိုက်ခိုက်ရန် ရည်ရွယ်ထားပြီး အမြစ်ပြတ် ချေမှုန်းပစ်ရန် ကြိုးပမ်းနေကြခြင်းပင်။

တာ့ယန် အင်မော်တယ်မင်းဆက် နှင့် ပတ်သက်၍မူ ၎င်းက ပိုမို နီးကပ်နေသောကြောင့် ကောင်းကင်အပျက်အစီး ခန်းမ သည် ထောက်လှမ်းရေး သတင်းအချို့ကို စုဆောင်းနိုင်ခဲ့သည်။

တာ့ယန် အင်မော်တယ်မင်းဆက် ၏ အင်မော်တယ် အရှင်သခင် သည် ကျင့်ကြံသူ တစ်သိန်းကို စုစည်းပြီးဖြစ်ကာ ယခုအခါ တာ့ချန် ဘက်သို့၊ ဤဘက်ခြမ်းကို စစ်ကူပေးရန် လာရောက်နေကြလေပြီ။

ဤသည်က သာမန် ကျင့်ကြံသူ စစ်တပ်၏ အဆင့်တွင် ရှိလေသည်။

ပို၍ အစွမ်းထက်သော အဆင့်များအတွက်မူ တာ့ယန် အင်မော်တယ်မင်းဆက် နှင့် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက် နှစ်ခုစလုံးက ဟင်းလင်းပြင်အဆင့် တာအိုသခင်ကြီး များကို ပိုမို စေလွှတ်လာလိမ့်မည်မှာ ထင်ရှားသည်။

ဤတစ်ကြိမ်တွင် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက် က ဟင်းလင်းပြင်အဆင့် အထွတ်အထိပ် သို့ ရောက်ရှိနေသော တာအိုသခင်ကြီး တစ်ပါးကို စေလွှတ်လာနိုင်ခြေ အနည်းဆုံး ငါးဆယ်ရာခိုင်နှုန်း ရှိသည်။

‘တကယ်လို့များ အဲဒီ ပကတိဟင်းလင်းပြင်အဆင့် အထွတ်အထိပ် တာအိုသခင်ကြီး က အထွတ်အထိပ် ရတနာတစ်ခုကိုပါ ယူဆောင်လာခဲ့မယ်ဆိုရင်…’’

သတင်းများကို ကြားပြီးနောက် စုယွီ လန့်ဖျပ်မသွားခဲ့ပါချေ။ မိုးကြိုးနဂါး အင်မော်တယ်မင်းဆက် နှင့် တာ့ယန် အင်မော်တယ်မင်းဆက် တို့၏ ခွန်အားမှာ မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ ခွန်အားထက် အဆပေါင်းများစွာ သာလွန်နေပြီး အမှန်တကယ်ပင် ထူးကဲလွန်းလှသည်။

သို့သော် မြေကမ္ဘာအင်မော်တယ်စံအိမ် ကသာ တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ ၏ အင်အားကို နောက်တစ်ကြိမ် ပြန်လည် စုစည်းနိုင်ခဲ့မည်ဆိုလျှင်... ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်သားရဲကြီး နှင့် သူ၏ လက်ထဲတွင် ရှိနေသော အခြား ဖဲချပ်များ၏ အကူအညီဖြင့်...တာ့ယန် အင်မော်တယ်မင်းဆက် နှင့် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက် တို့ကသာ အမှန်တကယ် လာရောက် တိုက်ခိုက်ရဲပါက... သူတို့အပေါ် ကြီးမားလှသော အထိအခိုက် အကျအဆုံးများ ဖြစ်ပေါ်စေနိုင်စွမ်း၊ သို့မဟုတ် သူတို့ကို ဤနေရာတွင် အပြီးအပိုင် အမြစ်တွယ်သွားစေနိုင်စွမ်း သူ့တွင် ရှိနေလိမ့်မည်။

အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော် မှ ထွက်ခွာပြီးနောက် စုယွီ သည် ပိုင်ဟွာဂိုဏ်း ၏ ဂူကောင်းကင် လျှို့ဝှက်နယ်မြေ ဆီသို့ ဦးတည်သွားခဲ့လေသည်။

ထိုနေရာတွင် လွန်ခဲ့သော နှစ်တစ်ရာကျော်က သူချန်ထားခဲ့သော ကောင်းနျန်အာ နှင့် စုယွီ ပြန်လည် တွေ့ဆုံခဲ့၏။ သူ အနည်းငယ် အံ့အားသင့်သွားပြီး ထိုအချိန်ကျမှသာ သူမကို သူ ပြန်လည် ခေါ်ဆောင်လာခဲ့သည်ကို သတိရသွားတော့သည်။

အကယ်၍ သူမကို ဤနေရာတွင် မတွေ့ခဲ့ရပါက စုယွီ တစ်ယောက် သူမကို လုံးဝ မေ့နေသည်။

လွန်ခဲ့သော နှစ်တစ်ရာကျော်က ကောင်းနျန်အာ သည် အမြုတေ ဖွဲ့တည် အဆင့် ၏ ပထမအလွှာတွင်သာ ရှိနေခဲ့သေး၏။

သို့သော် စုယွီ ပေးသနားခဲ့သော ထူးကဲသည့် တာအို ကျင့်စဉ်များနှင့် သူ ချန်ထားခဲ့သော ပေါများလှသည့် အထွတ်အထိပ် အရင်းအမြစ်များကြောင့် ကောင်းနျန်အာ ၏ ကျင့်ကြံခြင်းမှာ ဤနှစ်တစ်ရာ အတွင်း အလွန် လျင်မြန်စွာ တိုးတက်လာခဲ့လေသည်။

စုယွီ ၏ တာအိုရုပ်သေး ရောက်ရှိလာချိန်တွင် ကောင်းနျန်အာ ၏ ကျင့်ကြံခြင်းမှာ အမြုတေ ဖွဲ့တည် အဆင့် ၏ ဆဋ္ဌမအလွှာသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ကောင်းနျန်အာ၊ သို့မဟုတ် စုဇီ နှင့် အခြားသူများနှင့် စကားစမြည် မပြောတော့ပေ။ စုယွီ သည် ရောက်ရောက်ချင်း အချိန်ဆွဲမနေတော့ပါ။ ကောင်းနျန်အာ ကို ခေါ်ဆောင်ကာ ယခင်က သူတည်ဆောက်ထားခဲ့သော နေရာရွှေ့ပြောင်း အခင်းအကျင်း မှတစ်ဆင့် ဟွမ်လင်းကျွန်း ဆီသို့ တိုက်ရိုက် ပို့ဆောင်ပေးလိုက်တော့သည်။

...

မြေကမ္ဘာအင်မော်တယ်စံအိမ်ဂိုဏ်း။

ဆယ်ရက် အတွင်းမှာပင် ယွိီလုံနန်းတော်၊ လီဟော့နန်းတော်၊ အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော် နှင့် အခြားသော အင်အားစုများမှ ခေါင်းဆောင်များ အားလုံး ဤနေရာသို့ တဖြည်းဖြည်း ရောက်ရှိ စုဝေးနေကြပြီ ဖြစ်သည်။

ရွှေဝိညာဉ် မိစ္ဆာအရှင်သခင် က ကိုယ်ထင်မပြခဲ့ချေ။ ထိုအစား တာအိုသခင်ကြီး ကျိုလင် က ဖန်ရှောင် နှင့်အတူ တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ မှ အဖွဲ့ဝင်များကို လက်ခံတွေ့ဆုံခဲ့လေသည်။

အချင်းချင်း နှုတ်ခွန်းဆက်စကားများနှင့် ဝမ်းမြောက်ကြောင်း စကားများ ပြောကြားပြီးနောက် အားလုံး နေရာယူလိုက်ကြ၏။

ခန်းမအတွင်းရှိ စားပွဲများပေါ်တွင် မွှေးကြိုင်လှသော ဝိညာဉ် သစ်သီးများနှင့် ဝိညာဉ် ဝိုင်အရက်များ အပြည့်အမောက် တည်ခင်းထားသော်ငြားလည်း၊ တာအိုသခင်ကြီးများ နှင့် ခေါင်းဆောင် အသီးသီးမှာ ဤအရာများကို သိပ်ပြီး စိတ်ဝင်စားပုံ မရကြပေ။

သူတို့၏ အကြည့်များက မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ စံအိမ်သခင် ဖန်ရှောင် ထံသို့သာ စုစည်းနေကြလေသည်။

လွန်ခဲ့သော နှစ်တစ်ရာက သူတို့ အနည်းငယ် အထင်သေးခဲ့ဖူးသော ဤပုဂ္ဂိုလ်မှာ ယခုအခါ မည်သည့် အထင်သေးမှု အရိပ်အယောင်မျှ မရှိတော့ဘဲ လေးနက်သော ရိုသေလေးစားမှုများဖြင့် ရှုမြင်ခံရသူ တစ်ဦး ဖြစ်လာခဲ့လေပြီ။

ဖန်ရှောင် ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်မှာ ဝိညာဉ်ခွဲထွက်အဆင့် ၏ ပထမအလွှာတွင်သာ ရှိနေသော်ငြားလည်း...

သူတို့နှင့် နှိုင်းယှဉ်လျှင် သူမမှာ အတော်လေး နောက်ကောက်ကျနေဆဲ ဖြစ်သည်။ ဤလူများမှာ ဟင်းလင်းပြင်အဆင့် ခန်းမသခင်များ သို့မဟုတ် ဝိညာဉ်ခွဲထွက်အဆင့် နောက်ပိုင်းနှင့် အထွတ်အထိပ်အဆင့် မှ အကြီးအကဲများ ဖြစ်ကြသည် မဟုတ်ပါလော။

မည်သို့ပင်ဆိုစေ မြေကမ္ဘာအင်မော်တယ်စံအိမ် သည် တာ့ယန် အင်မော်တယ်မင်းဆက် နှင့် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက် တို့ထံမှ တန်ပြန်တိုက်ခိုက်မှုကို ယခုလေးတင် ရင်ဆိုင်ခဲ့ရပြီး ထိုတိုက်ပွဲက သူတို့ကို မိုးကြိုးပစ်ချလိုက်သလို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။

ထိုတိုက်ပွဲအတွင်း မြေကမ္ဘာအင်မော်တယ်စံအိမ် က တာ့ယန် အင်မော်တယ်မင်းဆက် နှင့် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက် နှစ်ခုပေါင်းမှ တာအိုသခင်ကြီး သုံးပါးကို ကျဆုံးသွားစေခဲ့သည်ဟု ကောလဟာလများ ထွက်ပေါ်နေခဲ့၏။

အဲဒါက ဘယ်လို ကြောက်စရာကောင်းတဲ့ ခွန်အားမျိုးလဲ။

တစ်နည်းအားဖြင့် ဆိုရသော် ဤလူစု ပူးပေါင်းတိုက်ခိုက်လျှင်တောင်မှ သူတို့က မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ လက်ချက်ဖြင့် အသတ်ခံရခြင်း ၊ အသက်လု ထွက်ပြေးရခြင်းမျိုး ကြုံတွေ့ရနိုင်ပြီး အနိုင်ရနိုင်မည့် အခွင့်အရေး တစ်စက်ကလေးမျှပင် ရှိမည် မဟုတ်။

မည်သို့ပင်ဆိုစေ ဤလူစု၏ ပူးပေါင်းအင်အားမှာ မိုးကြိုးနဂါး အင်မော်တယ်မင်းဆက် သို့မဟုတ် တာ့ယန် အင်မော်တယ်မင်းဆက် မှ တာအိုသခင်ကြီးများ ၏ အင်အားကိုပင် မမီနိုင်ပေ။

ယွိီလုံနန်းတော် မှ မော့လုံ တာအိုသခင်ကြီး က ဖန်ရှောင် ထံသို့ ဝိုင်ခွက်ကို မြှောက်ကာ ဂုဏ်ပြုစကား ဆိုလိုက်သည်။

"တာ့ယန် အင်မော်တယ်မင်းဆက် နဲ့ မိုးကြိုးနဂါး အင်မော်တယ်မင်းဆက် တို့ကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့တဲ့ မြေကမ္ဘာအင်မော်တယ်စံအိမ် ကို ဦးဆောင်နိုင်ခဲ့တဲ့ စံအိမ်သခင် ဖန် ကို ဂုဏ်ပြုပါတယ်"

"ဒီတိုက်ပွဲ အပြီးမှာတော့ တာ့ယန် အင်မော်တယ်မင်းဆက် နဲ့ မိုးကြိုးနဂါး အင်မော်တယ်မင်းဆက် တို့ မြေကမ္ဘာအင်မော်တယ်စံအိမ် ကို နောက်တစ်ကြိမ် ပြန်လည် ရင်ဆိုင်ဖို့ သူတို့ရဲ့ ကိုယ်ပိုင် ခွန်အားကို သေချာ ပြန်လည် ချိန်ဆပြီးမှသာ ရဲတော့မယ် ထင်တယ်"

အခြားသော တာအိုသခင်ကြီးများ နှင့် အင်အားစု အသီးသီးမှ ခေါင်းဆောင်များကလည်း တစ်ယောက်ပြီး တစ်ယောက် ဝမ်းမြောက်ကြောင်း စကားများ ဆိုလာကြသည်။

သို့သော် ဖန်ရှောင် က ဤစကားများကြောင့် တွေဝေသွားခြင်း မရှိခဲ့ဘဲ သူမ၏ မျက်နှာအမူအရာမှာ တည်ငြိမ်ပြီး အေးစက်နေဆဲပင်။

လူတိုင်း စကားပြော၍ အတော်အတန် ပြီးသွားသောအခါ ဖန်ရှောင် က ဖြည်းညင်းစွာ စကားဆိုလိုက်၏။

"ကျွန်မရဲ့ ဆရာသခင် အင်မော်တယ်ဂိုဏ်း ကနေ ထွက်ခွာသွားတာ နှစ်ပေါင်း တစ်ရာကျော် ရှိနေပြီ... ဒါကြောင့် တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ ကလည်း အချိန်အတော်ကြာ ရပ်ဆိုင်းနေခဲ့တယ်"

"တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ ရဲ့ မဟာမိတ် ခေါင်းဆောင် နေရာကို ဒီအတိုင်း ဆက်ပြီး လစ်လပ်ထားလို့ မရတော့ဘူးလို့ ကျွန်မ ထင်တယ်"

ဤစကားကို ကြားလိုက်ရသည်နှင့် တက်ရောက်လာသူ အားလုံး တင်းမာသွားကြတော့သည်။

တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ ၏ မဟာမိတ် ခေါင်းဆောင် နေရာ...

၎င်းက တက်ရောက်လာသူတိုင်း တပ်မက်နေကြသော နေရာတစ်ခုပင်။

သို့သော် ဤနှစ်များတစ်လျှောက်လုံး မဟာမိတ် ခေါင်းဆောင် အသစ် တစ်ယောက် ရွေးချယ်ရန် မည်သူကမျှ ဘာကြောင့် အကြံပြုခြင်း မရှိခဲ့ကြသနည်း။

အဘယ်ကြောင့်ဆိုသော် သူတို့ ကိုယ်ပိုင် အင်အားဖြစ်စေ၊ သူတို့ နောက်ကွယ်ရှိ အင်အားစုများ၏ အင်အားဖြစ်စေ အခြားသူများကို လက်ခံလာအောင် စည်းရုံးရန် မလုံလောက်ကြောင်း သူတို့ အားလုံး သိထားကြသောကြောင့်ပင်။

ထိုကဲ့သို့သော မဟာမိတ် ခေါင်းဆောင် နေရာမျိုးက လုံးဝကို အသုံးမဝင်ပေ။

ယခုအခါ မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ စံအိမ်သခင် ဖန်ရှောင် က ဤစကားများကို ဖွင့်ဟလာပြီ ဖြစ်ရာ သူမ၏ ရည်ရွယ်ချက်များမှာ ကိုယ်တိုင် ရှင်းလင်းနေလေပြီ။

တစ်ခဏမျှ တွေးတောပြီးနောက် မော့လုံ တာအိုသခင်ကြီး က ချက်ချင်းပင် ပြောလိုက်၏။

"စံအိမ်သခင် ဖန် က တာအိုမိတ်ဆွေ ဟုန်ယွဲ့ ရဲ့ မဟာမိတ် ခေါင်းဆောင် နေရာကို ဆက်ခံတာက အတော်လေး သင့်တော်မယ်လို့ ကျွန်တော် ထင်တယ်"

ရှစ်ဝမ် တာအိုသခင်ကြီး ကလည်း အလျင်အမြန် ခေါင်းညိတ် ထောက်ခံလိုက်လေသည်။

"ကျွန်တော် သဘောတူတယ်... အကယ်၍ စံအိမ်သခင် ဖန် ကသာ တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ ရဲ့ မဟာမိတ် ခေါင်းဆောင် ဖြစ်လာမယ်ဆိုရင် ကျွန်တော့်ရဲ့ အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော် က မဟာမိတ် ခေါင်းဆောင် ဖန် ရဲ့ အမိန့်တွေကို တစ်ခဲနက် လေးစား လိုက်နာသွားမှာပါ"

ရှစ်ဝမ် တာအိုသခင်ကြီး ၏ စကားများကို ကြားသောအခါ အခြားသူများ၏ ရင်ထဲတွင် နှာခေါင်းရှုံ့မိကြ၏။

ဒါက မြှောက်ပင့်ဖားယား နေတာပဲ မဟုတ်ပါလော။

သို့သော်ငြား သူတို့ ဆက်လက် ပြောဆိုသော စကားများမှာလည်း ထပ်တူပင် ဖြစ်နေခဲ့၏။

ဖန်ရှောင် သည် တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ ၏ မဟာမိတ် ခေါင်းဆောင် နေရာကို ချောမွေ့စွာ ဆက်ခံနိုင်ခဲ့ပြီးနောက် အခြားသော ကိစ္စရပ်များကို ဆွေးနွေး တိုင်ပင်နေလေသည်။

တာ့ယန် အင်မော်တယ်မင်းဆက် နှင့် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက် တို့က တာ့ချန် ထဲသို့ ဆန့်ထုတ်ထားသော ခြေတံလက်တံများကို ဖြတ်တောက်ရန်နှင့် သူတို့ကို သွေးထွက်သံယို အဖိုးအခ ပေးဆပ်ရအောင် ဖန်တီးရန် တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ မှ အင်အားစု အားလုံး ပူးပေါင်း လက်တွဲရေး အပါအဝင် ဖြစ်၏။

ထို့နောက် အရင်းအမြစ် ပစ္စည်းများ ခွဲဝေမှု ကိစ္စ ဖြစ်လာပြီး တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ ၏ အင်အားစု အသီးသီးက သူတို့ လိုအပ်သော အဆောင်လက်ဖွဲ့များကို မြေကမ္ဘာအင်မော်တယ်စံအိမ် ထံမှ ဖလှယ်ခွင့် ရရှိနိုင်မည်သာ။

ပြီးစီးပြီးသား အဆောင်လက်ဖွဲ့ တစ်ခုအတွက် ပါဝင်ပစ္စည်း လေးစုသာ လဲလှယ်ရန် လိုအပ်ပြီး အခြား မည်သည့် ကုန်ကျစရိတ်မျှ မရှိပါချေ။

ဖန်ရှောင် က ဤကိစ္စကို ထုတ်ပြောလိုက်သောအခါ မော့လုံ တာအိုသခင်ကြီး၊ ရှစ်ဝမ် တာအိုသခင်ကြီး နှင့် အခြားသူများမှာ အံ့အားသင့် မှင်သက်သွားကြတော့သည်။

မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ ထို တန်ပြန်တိုက်ခိုက်မှုတွင် တာ့ယန် အင်မော်တယ်မင်းဆက် ၏ စစ်သည် နှစ်သောင်းပါဝင်သော စစ်တပ် နှစ်ခုနှင့်အတူ ထို ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီးများ၊ မူလဝိညာဉ်အဆင့် အရှင်သခင် များကို ပြိုလဲသွားစေခဲ့သည်မှာ အဆောင်လက်ဖွဲ့များ ဖြစ်ကြောင်း မည်သူက မသိဘဲ နေမည်နည်း။

တာ့ယန် အင်မော်တယ်မင်းဆက် နှင့် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက် တို့၏ ခြိမ်းခြောက်မှုများမှာ အမြစ်ပြတ် သုတ်သင်ခံရခြင်း သို့မဟုတ် ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်းကို သူတို့ ပို၍ပင် သိရှိထားကြသည် မဟုတ်ပါလော။

ဤအချိန်တွင် မြေကမ္ဘာအင်မော်တယ်စံအိမ် က အဆောင်လက်ဖွဲ့ အမြောက်အမြားကို ပါဝင်ပစ္စည်းများနှင့် လဲလှယ်ရန် တကယ်ကြီး ဆန္ဒရှိနေသည် ဟုတ်လား။

အသေအချာ ဆွေးနွေး တိုင်ပင်ပြီးနောက် အားလုံး လူစုခွဲသွားကြလေသည်။

မော့လုံ တာအိုသခင်ကြီး၊ ထျန်းဟော့ တာအိုသခင်ကြီး၊ ရှစ်ဝမ် တာအိုသခင်ကြီး နှင့် အခြားသူများ၏ စိတ်ထဲတွင် မေးခွန်းတစ်ခု တွဲလွဲခိုနေခဲ့၏။

'မြေကမ္ဘာအင်မော်တယ်စံအိမ် က အဲဒီလောက်များတဲ့ အဆောင်လက်ဖွဲ့တွေကို ဘယ်ကနေ သွားရလာတာလဲ'

'သူတို့က ပြီးစီးပြီးသား အဆောင်လက်ဖွဲ့တွေကို သုံးပြီး ပါဝင်ပစ္စည်းတွေနဲ့ လဲလှယ်နေတာ... ပြီးတော့ အရေအတွက် ကလည်း အကန့်အသတ် မရှိဘူးတဲ့...'

တွေးရင်းတွေးရင်းဖြင့် မော့လုံ တာအိုသခင်ကြီး၊ ရှစ်ဝမ် တာအိုသခင်ကြီး နှင့် အခြားသူများ၏ မျက်လုံးအိမ်များ တဖြည်းဖြည်း ကျုံ့ဝင်လာကြတော့သည်။

'မြေကမ္ဘာအင်မော်တယ်စံအိမ် က အဆင့်မြင့် အဆောင်လက်ဖွဲ့ သခင် အများအပြားကို လျှို့ဝှက်ထားတာများလား... ဒါမှမဟုတ် အဆောင်လက်ဖွဲ့တွေမှာ အထူးပြုတဲ့ အစွမ်းထက် အင်အားစု တစ်ခုကများ နောက်ကွယ်ကနေ ထောက်ပံ့ပေးနေတာလား'

ပို၍ ခန့်မှန်းမိလေလေ၊ မော့လုံ တာအိုသခင်ကြီး၊ ရှစ်ဝမ် တာအိုသခင်ကြီး နှင့် အခြားသူများမှာ ပို၍ စိတ်လေးလံလာပြီး သတိပိုထားလာကြလေတော့သည်။

All Chapters