အခန်း ၁၄၅
Vol. 15 Ch. 145
🍅 Chapter 145
သခင်လေးမုချန်ကျွင်း၏ အကြည့်များမှာ တောက်လောင်နေလေသည်။
“အဒေါ်၀ူ၊ အဒေါ်က ဆေးဘုရင်တောင်ကြားက လူမဟုတ်ဘူးဆိုတာ တကယ်ပဲလား”
“ကျွန်တော့်အဆိပ်က တစ်ဝက်ကျော်လောက် ရှင်းလင်းသွားပြီလို့ခံစားရတယ်၊ အခုဆိုရင် တစ်ကိုယ်လုံး သက်တောင့်သက်သာရှိနေပြီ”
ဝူယွီလန် မျက်ခုံးပင့်လိုက်သည်။
“ဆေးဘုရင်တောင်ကြားက လူတွေမှ ဆေးပညာကောင်း ကောင်းတတ်ရမယ်လို့ ပြောထားလို့လား”
“မဟုတ်ပါဘူး၊ အဲဒီလို မဟုတ်ပါဘူး၊ ကျွန်တော် အရမ်းအံ့ဩသွားလို့ပါ၊ သာမန်လူတွေထဲမှာ ဒီလောက်တတ်ကျွမ်းတဲ့သူ ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
“အဒေါ့်ရဲ့ ဆေးပညာက ဆေးဘုရင်တောင်ကြားကလူတွေတောင် မယှဉ်နိုင်တဲ့အဆင့်မှာ ရှိမယ်ထင်တယ်”
သူ ဤသို့ပြောဆိုရဲခြင်းမှာ သူ ယ်စဉ်ကတည်းက ဆေးဘုရင်တောင်ကြားမှလူများက သူ့အား ရောဂါရှာဖွေ ကုသပေးခဲ့ဖူးသောကြောင့်ဖြစ်သည်။
ထို့အပြင် ဆေးဘုရင်တောင်ကြားမှ လူများသာ သူ့ခန္ဓာကိုယ်ပေါ်ရှိ အဆိပ်ကိုကုသနိုင်ပြီး သူ့အသက်အား ကယ်တင်နိုင်မည်ဟု ကြေညာခဲ့ခြင်းမှာလည်း ထိုလူများပင်။
ဤအရာက သူ ဆေးဘုရင်တောင်ကြားမှ လူများကို အမြဲ တမ်းအစွဲအလမ်းကြီးစွာ ရှာဖွေနေခဲ့ရသည့် အကြောင်းရင်းလည်းဖြစ်ပေသည်။
သို့သော် ဆေးဘုရင်တောင်ကြားမှ လူများက သူ့ကို တစ်လအတွင်း ကုသပေးနိုင်မည်ဟု အာမခံရဲခြင်းမရှိခဲ့ပေ။
သူ့ခန္ဓာကိုယ်အတွင်းရှိ အဆိပ်များကို အပြည့်အဝရှင်းလင်းနိုင်ရန် နှစ်အနည်းငယ်ခန့် အချိန်ယူရမည်ဟုသာ ပြောဆိုခဲ့ကြ၏။
နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဝူယွီလန်၏ဆေးပညာက ပိုမိုပြောင်မြောက်နေသည်မဟုတ်ပါလား။
“တကယ်တော့ ဆေးဘုရင်တောင်ကြားက လူတွေရဲ့ဆေးပညာက ငါ့လောက် ကောင်းချင်မှကောင်းမှာပါ”
တခြားလူများရှေ့တွင်ဆိုပါက ဝူယွီလန်အနေဖြင့် ဤစကားကို သေချာပေါက် ပြောဆိုရဲမည်မဟုတ်ပေ။
နောက်ဆုံးတွင် တောင်တစ်တောင်ထက် ပိုမြင့်သော နောက်တောင်တစ်တောင် ရှိစမြဲဆိုသည့် သဘောတရားကို သူမ နားလည်ထားဆဲဖြစ်သည်။
သို့သော် ယခုအခါ အံ့မခန်းအစွမ်းထက်လှသော စိတ်ဝိညာဉ်စမ်းရေ၏ကူညီထောက်ပံ့မှုဖြင့် ဤစကားကို သူမက မည်သည့်ဝန်ထုပ်ဝန်ပိုးမျှမရှိဘဲ လွတ်လပ်စွာ ပြောဆိုလိုက်ခြင်းဖြစ်သည်။
ထိုသို့ တွေးတောရင်း ဝူယွီလန် သူမ ကြိုတင်ပြင်ဆင်ထားသော စိတ်ဝိညာဉ်စမ်းရေကို ထုတ်ယူလိုက်သည်။
“ဒီဆေးရည်အတွက်ကတော့ မင်းအတွက် ဆေးကျိုတဲ့အခါ နေ့တိုင်း နည်းနည်းစီ ထည့်ကျိုပါ၊ ရက်အနည်းငယ်ကြာရင် ဒုတိယအကြိမ် ကုသမှုပေးဖို့ ငါပြန်လာခဲ့မယ်”
ချင်းဖုန်း ဆေးပုလင်းကို ဂရုတစိုက်လှမ်းယူလိုက်ပြီး နူးညံ့သောအဝတ်စခံထားသည့် သေတ္တာတစ်လုံးထဲသို့ ထည့်လိုက်သည်။
ဝူယွီလန် ပြန်ရန်ဟန်ပြင်နေသည်ကို မြင်သောအခါ သခင်လေးမုချန်ကျွင်းက အလျင်အမြန် လက်ယပ်ခေါ်လိုက်ပြီး ချင်းဖုန်း၏နားနားကပ်ကာ စကားအချို့ တီးတိုးပြောကြားလိုက်သည်။
“အဒေါ်၊ ခဏလောက်စောင့်ပါဦး၊ ခဏနေရင် အဒေါ့်ကို ပြန်ပို့ပေးဖို့ ချင်းဖုန်းကို စီစဉ်ခိုင်းလိုက်ပါ့မယ်”
ထိုအခြေအနေကို မြင်သော်လည်း ဝူယွီလန် ဘာမှမပြောတော့ပေ။
ချင်းဖုန်းက သူမ အတွက် ဆေးကုသစရိတ် သွားယူခြင်းဖြစ်မည်ဟု သူမ ခန့်မှန်းလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း အတန်ကြာပြီးနောက် ချင်းဖုန်းက သေတ္တာနှစ်လုံးကိုင်ဆောင်ကာ ပြန်လည်ရောက်ရှိလာလေ၏။
“အဒေါ်၀ူ၊ ဒီသေတ္တာက ဆေးကုသစရိတ်ပါ၊ ဒီသေတ္တာကတော့ အဒေါ့်အပေါ် ကျွန်တော့်ရဲ့ လေးစားမှုအနေနဲ့ လက်ဝတ်ရတနာတချို့ ထည့်ထားတာပါ၊ အဒေါ် လက်ခံပေးဖို့ မျှော်လင့်ပါတယ်”
ရွှေငွေလက်ဝတ်ရတနာများကို မနှစ်သက်သောအမျိုးသမီး အဘယ်မှာရှိမည်နည်း။
ဝူယွီလန်မှာလည်း ရိုးရိုးသားသား ကြိုးစားအားထုတ်ကာ အလုပ်လုပ်ခဲ့ခြင်းဖြစ်ရာ ထိုသေတ္တာနှစ်လုံးကို မည်သည့်စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမျှမရှိဘဲ လက်ခံလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
“ငါ့မှာ မင်းကို ပြန်ပေးစရာ တခြားဘာမှမရှိဘူး၊ ဒါကြောင့် ဒီအနာကျက်ဆေးနှစ်ဘူးကိုပဲ ယူထားလိုက်”
ဝူယွီလန် ပြောပြောဆိုဆိုဖြင့် အင်္ကျီလက်စကို အကာအကွယ်ယူကာ အနာကျက်ဆေးနှစ်ဘူး ထုတ်ပေးလိုက်သည်။
ထိုအနာကျက်ဆေးနှစ်ဘူးကို မြင်သောအခါ သခင်လေးမုချန်ကျွင်းက ချင်းဖုန်းနှင့် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
သူတို့နှစ်ဦးလုံး၏မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေလေသည်။
ဤအနာကျက်ဆေးမှာ ဒဏ်ရာများကို လျင်မြန်စွာအနာကျက်စေနိုင်သော အံ့မခန်းဆေးစွမ်းကောင်းတစ်လက် ဖြစ်ပေသည်။
ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သခင်လေးမုချန်ကျွင်းက ညင်သာစွာ မေးမြန်းလိုက်သည်။
“အဒေါ်၀ူ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီအနာကျက်ဆေးက အရမ်းကို ထိရောက်မှုရှိပါတယ်၊
တကယ်လို့ ဒါကိုသင့်တော်တဲ့နေရာမှာ အသုံးပြုမယ်ဆိုရင် လူတော်တော်များများကို သေချာပေါက် ကယ်တင်နိုင်မှာပါ၊
ဒါကြောင့် ကျွန်တော် မေးချင်တာက ဒီအနာကျက်ဆေး ကျွန်တော့်ကို ရောင်းပေးနိုင်မလား”
“စိတ်ချပါ၊ ဒီအနာကျက်ဆေးကို သင့်တော်တဲ့နေရာမှာပဲ သေချာပေါက် အသုံးပြုပါ့မယ်”
ဝူယွီလန် သူ့အား မယုံကြည်မည်ကို စိုးရိမ်သဖြင့် သခင်လေးမုချန်ကျွင်းက သူ့တံဆိပ်ပြားကို ထုတ်ယူကာ ဝူယွီလန်အား ပြသလိုက်သည်။
သခင်လေးမုချန်ကျွင်း၏နောက်ခံမှာ ထူးခြားမည်ဟု သူမ ခန့်မှန်းထားပြီးဖြစ်သော်လည်း ထိုရွှေရောင်တံဆိပ်ပြားကို မြင်လိုက်ရသောအခါ သူမ အနည်းငယ်အံ့အားသင့်သွားရဆဲပင်။
“မင်းပြောတဲ့ သင့်တော်တဲ့နေရာဆိုတာ စစ်ချီတက်ဖို့နဲ့ စစ်တိုက်ဖို့အတွက်ပြောတာလား”
သခင်လေးမုချန်ကျွင်း ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်သည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင်… ဟုတ်ပါတယ် အဒေါ်ဝူ”
ဝူယွီလန် တစ်ခဏမျှ စဉ်းစားလိုက်ပြီး ခေါင်းကို ညင်သာစွာညိတ်ပြလိုက်သည်။
“မင်းကို ရောင်းပေးနိုင်ပါတယ်၊ ဒါပေမဲ့ ငါက တစ်ယောက် တည်းဆိုတော့ အများကြီးတော့ ဖော်စပ်နိုင်မှာ မဟုတ်ဘူး၊ မင်း နားလည်ပေးဖို့ မျှော်လင့်တယ်”
“အဒေါ်ကြီးဆီမှာရှိသလောက် ကျွန်တော် အကုန်ယူပါ့မယ်”
“အင်း၊ စည်းကမ်းကတော့ အတူတူပဲ၊ ငါ့အကြောင်းကိုဖွင့်မပြောရဘူး”
သခင်လေးမုချန်ကျွင်း၏မျက်လုံးများမှာ ရှင်းလင်းပြတ် သားနေလေသည်။
“အဒေါ် စိတ်ချပါ၊ ကျွန်တော် မုချန်ကျွင်းက အဒေါ့်ရဲ့ အချက်အလက်တွေကို ပေါက်ကြားအောင် မလုပ်ဘူး၊ အဒေါ့်ကို အန္တရာယ်ရှိတဲ့ အခြေအနေမျိုး မရောက်စေရဘူးလို့ ကျွန်တော့်အသက်ကို ရင်းပြီး ကျိန်ဆိုရဲပါတယ်”
မု... ဧကရာဇ်မျိုးနွယ်၏ မျိုးရိုးနာမည်ပင်။
“အင်း၊ ဒီဆေးက သိပ်အများကြီးမရှိတော့ တစ်ဘူးကို ငွေငါးချောင်းလို့ သတ်မှတ်လိုက်ကြတာပေါ့”
ဤကဲ့သို့သော အံ့မခန်းဆေးစွမ်းကောင်းတစ်လက်ကို တစ်ဘူးလျှင် ငွေငါးချောင်းဖြင့် ရောင်းချခြင်းမှာ အလွန်ဈေးပေါလွန်းသည်ဟု သခင်လေးမုချန်ကျွင်း ခံစားလိုက်ရ၏။
“ကောင်းပါပြီ၊ ငွေငါးချောင်း”
ဈေးနှုန်းသတ်မှတ်ပြီးနောက် ဝူယွီလန် နှုတ်ဆက်ကာ ပြန်ရန်ဟန်ပြင်လိုက်သည်။
သခင်လေးမုချန်ကျွင်း တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး အလျင်အမြန်ပြောလိုက်သည်။
“အဒေါ်၀ူ၊ ခဏလေးနေပါဦး”
“ကျွန်တော် အဒေါ့်ကို မေးချင်ပါသေးတယ်၊ ပြီးခဲ့တဲ့တစ်ခေါက်က လိပ်ခွံနွယ်ပင်ကို အဒေါ်ရှာတွေ့ခဲ့တာလား”
“ကျွန်တော့် မိသားစုကလူကြီးတွေ အဲဒါကို လိုအပ်နေလို့ပါ၊ ကျွန်တော်...”
ဝူယွီလန် နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ဒါဆို အဲဒီတုန်းက တောင်ပေါ်တက်သွားတာ လိပ်ခွံနွယ်ပင်ကို သွားရှာတာပေါ့”