← Chapters

အခန်း ၁၄၆

Vol. 15 Ch. 146

အခန်း ၁၄၆

Vol. 15 Ch. 146

🍅 Chapter 146

“ဟုတ်ပါတယ်၊ လိပ်ခွံနွယ်ပင်ကို သွားရှာတာပါ၊ ပြီးတော့ ဆေးဘုရင်တောင်ကြားက လူတွေကိုလည်း သွားရှာတာပါ”

သူမ လိပ်ခွံနွယ်ပင်များစွာ ရှာဖွေခဲ့ပြီး အားလုံးကို လျှို့ဝှက်သိုလှောင်ရုံထဲတွင် သိမ်းဆည်းထားခဲ့လေသည်။

“ကောင်းပါပြီ၊ နောက်တစ်ခါကုသပေးဖို့ လာတဲ့အခါ မင်းအတွက်ယူလာခဲ့ပေးမယ်”

ဝူယွီလန် စကားပြောပြီးနောက် ဆက်လက်အချိန်ဆွဲမနေတော့ဘဲ သေတ္တာများကိုကိုင်ဆောင်ကာ စံအိမ်ကြီးထဲမှ ထွက်ခွာလာခဲ့သည်။

ဝူယွီလန်မှာ မြင်းလှည်းပေါ်တွင် ထိုင်ရင်း ထိုသေတ္တာနှစ်လုံးကို ဖွင့်ကြည့်ရန် မစောင့်နိုင်အောင် ဖြစ်နေတော့သည်။

…..

သေတ္တာကို ဖွင့်ကြည့်လိုက်ပြီးနောက် သခင်လေးမုချန်ကျွင်း၏ရက်ရောမှုကြောင့် ဝူယွီလန်မှာ အံ့အားသင့်သွားရသည်။

သေတ္တာအတွင်း၌ ငွေဆယ်ချောင်းတန် ငွေစက္ကူများ တစ်ထပ်ကြီး အပြည့်ရှိနေလေသည်။

ဝူယွီလန် ယူ၍ ရေတွက်ကြည့်လိုက်ရာ စုစုပေါင်း ရွက်တစ်ရာတိတိရှိပြီး ငွေတစ်ထောင်နှင့် ညီမျှပေသည်။

ငွေတစ်ထောင်။

‘ငါ ငွေတစ်ထောင်တောင် ရလိုက်တာပဲ'

သူမ ငွေစက္ကူများကို ပြန်ထားလိုက်ပြီး သေတ္တာကို ပိတ်ရန်ပြင်လိုက်စဉ် အောက်ခြေတွင် ဖောင်းနေသော အရာတစ်ခုကို ဝေဝါးဝါး သတိပြုမိလိုက်သည်။

သူမက လက်လှမ်း၍ စမ်းသပ်ကြည့်လိုက်လေ၏။

“လျှို့ဝှက်အံဆွဲလား”

ဝူယွီလန် နားမလည်နိုင်စွာဖြင့် လျှို့ဝှက်အံဆွဲကို ဖွင့်ကြည့်လိုက်ရာ အတွင်းရှိအရာကို မြင်ပြီး အံ့သြမှင်တက်သွားတော့၏။

“ဒါက...”

“ကင်းလွတ်ခွင့် ရွှေတံဆိပ်ပြားလား”

‘ဘုရားရေ၊ သခင်လေးမုချန်ကျွင်းက တကယ်ကို သဘော ထားကြီးပြီးမွန်မြတ်တာပဲ၊ ဒီအရာကိုတောင် ငါ့ကို ပေးရက်တယ်'

‘ဒီကင်းလွတ်ခွင့် ရွှေတံဆိပ်ပြားကိုရဖို့ သူ့အတွက် တော်တော်လေး ခက်ခဲခဲ့မှာ သေချာတယ်၊ ဒါကိုတောင် ငါ့ကို အလွယ်တကူ လက်ဆောင်ပေးလိုက်တယ်ပေါ့'

‘ဒီကောင်လေး မဆိုးဘူးပဲ'

‘ဒီပစ္စည်းရှိနေတော့ ငါလေး တော်တော်လေး စိတ်အေးသွားရတယ်'

‘နောင်တစ်ချိန် အဲဒီလို အဆင့်အတန်းရှိတဲ့သူတွေနဲ့ ပတ် သက်မိရင်တောင် အချိန်မရွေးခေါင်းဖြတ်ခံရမယ့်အရေးကို စိတ်ပူစရာမလိုတော့ဘူး'

ဝူယွီလန် ကင်းလွတ်ခွင့် ရွှေတံဆိပ်ပြားကို ပြန်ထားလိုက်ပြီး ငွေစက္ကူများနှင့်အတူ သူမ၏လျှို့ဝှက်သို‌လှောင်ရုံထဲသို့ ထည့်လိုက်သည်။

သိမ်းဆည်းပြီးနောက် ဒုတိယသေတ္တာကို ကြည့်လိုက်သည်။

ဤသေတ္တာထဲတွင် သက်လတ်ပိုင်း အမျိုးသမီးများနှင့် သင့်တော်မည့် ပုံစံမျိုးစုံပါရှိသည့် လက်ဝတ်ရတနာတစ်စုံ ပါရှိလေသည်။

ဤအရာကိုမြင်လိုက်သည်နှင့် ဝူယွီလန် ဒုတိယသေတ္တာကိုပါ လျှို့ဝှက်သိုလှောင်ရုံထဲ ထည့်သိမ်းလိုက်သည်။

မြင်းလှည်းကို မှီရင်း ဝူယွီလန်က သူမ၏လက်ရှိပိုင်ဆိုင်မှုများကို တွက်ချက်ကြည့်လိုက်သည်။

ယခင်က ငွေချောင်းသုံးရာကျော် ကျန်ရှိနေခဲ့ပြီး ဤရက်ပိုင်းအတွင်း ဆေးဘက်ဝင်အပင်များ စုဆောင်းရန်အတွက် ငွေအချောင်းနှစ်ဆယ် သုံးစွဲခဲ့သည်။

ယခု ငွေလေးဆယ့်ခြောက်ချောင်း ပြန်ရလာသဖြင့် ငွေအချောင်း နှစ်ဆယ့်ခြောက်ချောင်းခန့် အမြတ်ရခဲ့၏။

ယနေ့ သခင်လေးမုချန်ကျွင်းပေးလိုက်သော ငွေတစ်ထောင်ကိုပါ ပေါင်းထည့်လိုက်လျှင် ယခုအခါ သူမ လက်ထဲတွင် ငွေတစ်ထောင့်သုံးရာကျော် ရှိနေလေပြီ။

ငွေတစ်ထောင်ကျော်ရှိနေပြီဖြစ်ရာ စုန့်မိသားစုရွာတွင်သာ အေးအေးချမ်းချမ်းနေထိုင်ပြီး ပြဿနာမရှာဘူးဆိုလျှင် သူမ၏ ဘ၀ဇာတ်သိမ်းကို ဇိမ်ကျကျ ဖြတ်သန်းရန် ပြဿနာမရှိတော့ပေ။

သို့သော် ပိုမိုကောင်းမွန်စွာနေထိုင်လိုပြီး ဘဝအဆင့်အတန်းကို မြှင့်တင်ချင်သေးသည်ဆိုလျှင်တော့ သူမ ကြိုးစားအားထုတ်ရဦးမည်ဖြစ်သည်။

နောက်ဆုံးတွင် အိမ်ကြီးအိမ်ကောင်း၊ အစေခံများ၊ အရသာရှိသော အစားအစာများနှင့် အားလပ်ချိန်တွင် ခရီးသွားရခြင်းတို့ကို မည်သူကများ မလိုချင်ဘဲနေမည်နည်း။

လောလောဆယ်တွင် ရွာထဲ၌ ဆေးဘက်ဝင်အပင်များစုဆောင်းခြင်းဖြင့် ငွေအနည်းငယ် ရှာနိုင်သေးသော်လည်း ဆောင်းရာသီရောက်၍ နှင်းထုများက တောင်တန်းများကို ပိတ်ဆို့သွားပါက ဆေးပင်များ ဆက်လက်တူးဖော်နိုင်တော့မည်မဟုတ်ပေ။

ရွာထဲတွင် တောင်ကုန်းများစွာ ရှိနေသည်ကို တွေးမိသော အခါ ဖြစ်နိုင်မည်ဆိုပါက ဆေးဘက်ဝင်အပင်များစိုက်ပျိုးရန် တောင်ထွတ်တစ်ခု သို့မဟုတ် နှစ်ခုခန့် ဝယ်ယူနိုင်သည်ဟု ဝူယွီလန် ခံစားလိုက်ရ၏။

လူအများအပြားက တောင်ပေါ်တွင် ဆေးပင်များကို အဆက်မပြတ် တူးဖော်နေကြမည်ဆိုပါက တစ်နေ့ထက်တစ်နေ့ ရှားပါးလာမည်မှာ သေချာသည်မဟုတ်ပါလား။

ငွေများဆက်ရှာချင်သေးသည်ဖြစ်ရာ သူမ ကိုယ်တိုင် ဆေးပင်များကို စိုက်ပျိုးနိုင်လေ၏။

‘ရွာသားတွေကလည်း ငွေဆက်ရှာချင်သေးသည်ဆိုလျှင် အတူတကွ စိုက်ပျိုးနိုင်ဖို့ရာ သူမက လမ်းညွှန်ပေးနိုင်ပါလေ၏။

ရွာထဲမှာ သူမ မိသားစုတစ်ခုတည်း ချမ်းသာနေမည်ဆိုလျှင် မနာလိုမှုများအား သေချာပေါက် ဖိတ်ခေါ်သလို ဖြစ်သွားမည်ကို သူမ ကောင်းကောင်း သိထားလေ၏။

သို့သော်ငြား အားလုံး အတူတူကြီးပွားလာအောင် သူမက ဦးဆောင်ပေးမည်ဆိုလျှင်မူ အခြေအနေများက အတော်လေးကွဲပြားသွားပေလိမ့်မည်။

ဝူယွီလန် စိတ်ထဲတွင် တွေးတောနေရင်း ပင်ပန်းနေသော ကြောင့်လား မသိပေ၊ မကြာမီမှာပင် မြင်းလှည်းနံရံကိုမှီကာ အိပ်ပျော်သွားတော့သည်။

“သခင်မကြီး၊ သခင်မကြီးပြောတဲ့ စုန့်မိသားစုရွာကို ရောက်ပါပြီ”

ချင်းဖုန်း မြင်းလှည်းကို တည်ငြိမ်စွာ ရပ်တန့်လိုက်ပြီး ခွေးခြေခုံတစ်ခု ချပေးလိုက်သည်။

ဝူယွီလန် အကြောဆန့်ကာ မြင်းလှည်းလိုက်ကာကို မတင်လိုက်ရာ နေဝင်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။

“ကောင်းပြီ၊ ငါ့ကို ဒီမှာချပေးရင်ရပါပြီ၊ ကျေးဇူးတင်ပါတယ်”

“ကျွန်တော်ကသာ ကျေးဇူးတင်ရမှာပါ၊ သခင်မကြီး၊ ဂရုစိုက်သွားပါ၊ တစ်ခုခုလိုအပ်ရင် ကျွန်တော်တို့ဆီ လာခဲ့ပါ၊ သုံးရက်နေရင် ကျွန်တော်လာကြိုပါ့မယ်”

ဝူယွီလန် လက်ယမ်းပြလိုက်သည်။

“တကူးတက လာကြိုစရာမလိုပါဘူး၊ ငါတို့အိမ်မှာ မြင်း လှည်းရှိတယ်၊ အချိန်ကျရင် ငါ့ဘာသာ ငါ လာခဲ့ပါ့မယ်”

ချင်းဖုန်း ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ သခင်မကြီး”

ဝူယွီလန် ထွက်သွားသည်ကို သူ ကြည့်နေလိုက်ပြီးနောက် ခွေးခြေခုံကိုသိမ်းကာ မောင်းထွက်သွားလေ၏။

အိမ်သို့ မရောက်မီကပင် ခြံဝင်းအတွင်းမှ ဆူဆူညံညံစကား ပြောသံများကို ဝူယွီလန် ကြားလိုက်ရသည်။

သူမ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ခြေသံကို ဖွဖွနင်းကာ ခြံဝင်းတံခါးဝတွင် ရပ်လျက် တိတ်ဆိတ်စွာ နားစွင့်နေလိုက်၏။

ထိုအချိန်တွင် ဆေးဘက်ဝင်အပင် ခြင်းတောင်းများကို ကျောပိုးထားကြသော ရွာသားများက စုန့်ကျစ်ရှုကို ဝိုင်းအုံကာ အပြစ်တင်နေကြသည်။

“အကုန်လုံးက ဆေးပင်တွေချည်းပဲကို၊ ဘာအကြောင်းပြချက်နဲ့ ငါတို့ဟာတွေကို မဝယ်နိုင်ရတာလဲ”

“ဟုတ်တယ်လေ၊ ငါတို့အားလုံးက ရွာသားအချင်းချင်းတွေပဲ၊ မင်းက ဒီလောက်တောင် ရက်စက်ရလား”

“ဒါမှမဟုတ် မင်း ငါတို့ဆီက ဆေးပင်တွေကို လက်ခံဖို့အတွက် အဲဒီကြေးပြားငါးဆယ်ကို မဖြစ်မနေပေးရမယ်ဆိုတဲ့ သဘောလား”

စုန့်ကျစ်ရှုမှာ ဤကဲ့သို့သောအခြေအနေမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့သဖြင့် အဆက်မပြတ် နောက်ဆုတ်နေရလေသည်။

“မဟုတ်ပါဘူး၊ ဒါက ပိုက်ဆံနဲ့မဆိုင်ပါဘူး”

“ဒါဆို ဘာနဲ့ဆိုင်တာလဲ၊ ငါတို့က စေတနာနဲ့ ဆေးပင်တွေသွားရှာပြီး ပြန်ယူလာတယ်၊ မင်းကိုလည်း ငွေနည်းနည်းပါးပါးရစေချင်လို့ ရောင်းပေးမလို့တွေးတာကို မင်းက ဒီလောက်တောင် ကျေးဇူးကန်းနေတာပဲ”

“ဟုတ်တယ်၊ ငါတို့က မင်းရဲ့ကျေးဇူးကို စိတ်ထဲမှာ မှတ်ထားပေးတာကို မင်းက ဒီလောက်တောင် ရိုင်းပျနေတာပဲ”

All Chapters