အခန်း ၁၄၉
Vol. 15 Ch. 149
🍅 Chapter 149
“သတိထားစမ်း၊ လူမိုက်ကြီး”
“ငွေရှာမယ်၊ ငွေရှာမယ်နဲ့ ရှင့်မှာ တကယ်ပဲ ဝက်ဦးနှောက်ရှိနေတာလား”
“တကယ်လို့ ရှာရတာ အဲဒီလောက်လွယ်ကူတယ်ဆိုရင် တခြားလူတွေလည်း အလုအယက် သွားရှာကြမှာပေါ့၊ ရှင်တို့လို လူမိုက်တွေအလှည့်ကို ဘယ်ရောက်လာပါ့မလဲ”
စုန့်ကန် ခေါင်းကိုကိုင်ကာ သေချာပြန်လည်စဉ်းစားကြည့်ရာ အမှန်တကယ်ပင် ဖြစ်ပေသည်။
‘တကယ်လို့ ရှာရတာ တကယ်ပဲ အဲဒီလောက်လွယ်ကူတယ်ဆိုရင် ဆေးပညာတတ်ကျွမ်းတဲ့ အဲဒီလမ်းဘေးသမားတော်တွေက ဘာလို့ ဆေးပင်တွေမစုဆောင်းကြတာလဲ'
‘သူတို့က ဒီငွေကို မရှာချင်ကြလို့များလား’
သူ အနေခက်စွာဖြင့် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။
“မိန်းမ၊ မင်းပြောတာ အဓိပ္ပာယ်ရှိတယ်၊ ငွေရှာရတာ အဲဒီလောက်လွယ်ရင် ငါတို့အလှည့် ဘယ်ရောက်လာတော့မလဲ”
ခင်ပွန်းဖြစ်သူက သူမ စကားအား နားထောင်သည်ကို မြင်သောအခါ လျိုမေ့ဖန်၏ဒေါသမှာ တော်တော်လေး လျော့ကျသွားသည်။
“အဝတ်အစားတွေ မြန်မြန်သိမ်းတော့၊ ကျွန်မတို့ ခဏသွားရှောင်နေရအောင်၊ အိမ်မှာ မနေတော့ဘူး”
အကယ်၍ အိမ်မှာဆက်နေလျှင် ယောက္ခမက မည်သည့်ပြဿနာများ ဖန်တီးဦးမလဲဆိုသည်ကို မပြောနိုင်သလို၊ သူမလည်း အဲဒီထဲ မပါဝင်ချင်ပေ။
“အိမ်မှာ မနေဘူးလား၊ ငါတို့ဘယ်သွားကြမလဲ”
“ကျွန်မ မိဘအိမ်ပြန်မယ်”
……..
“ဒုတိယညီလေး၊ ငါနဲ့ တကယ် အတူတူအလုပ်မလုပ်ဘူးဆိုရင်၊ ငါတို့ ငွေတွေရလာတဲ့အခါမှ နောင်တမရနဲ့နော်”
အကြိမ်ကြိမ်စုံစမ်းပြီးနောက်၊ စုန့်ချန်မှာ သူတို့၏ဆေးပင်များအား လက်ခံမည့်ဆေးဆိုင်တစ်ဆိုင်ကို ရှာတွေ့ခဲ့ပြီဖြစ်သဖြင့် ဤကိစ္စနှင့်ပတ်သက်၍ သူ ယုံကြည်မှုရှိနေ၏။
“ဟုတ်တယ် ဒုတိယမတ်လေး၊ ငွေရှာရမယ့်အချိန်ကျမှ ငါတို့မခေါ်ဘူးလို့မပြောနဲ့နော်”
အမှန်တကယ်တော့ စုန့်ချန်၏မိန်းမှာ စုန့်ကန် မပါဝင်လာရန် မျှော်လင့်နေသည်။
နောက်ဆုံးတွင် ဒုတိယမတ်စုန့်ကန်မှာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းသိပ်မရှိဘဲ သူ့မိန်းမအပေါ်တွင်သာ မှီခိုနေရသူဖြစ် သည်။
သူတို့ကို ခေါ်သွားမည့်အစား သူတို့ဘာသာ လုပ်ခြင်းကပိုကောင်း၏။
စုန့်ကန် မပါပါက သူတို့ ငွေပိုရှာနိုင်မည်ဖြစ်သည်။
စုန့်ကန်ကမူ လျိုမေ့ဖန်နှင့် တိုင်ပင်ထားသည့်ဆင်ခြေကို ပြောပြလိုက်သည်။
“အစ်ကိုကြီး၊ ကျွန်တော့်ယောက္ခမက နေမကောင်းလို့၊ သူ့ကို သွားပြုစုပေးရဦးမယ်၊ ကျွန်တော်တို့မပါတော့ဘူး၊ အစ်ကိုတို့ပဲ ဆက်လုပ်ကြပါ”
“တကယ်လို့ ငွေတွေရလာတယ်ဆိုရင်လည်း အစ်ကိုကြီးမှာ အဲဒီလိုရဖို့ ကံပါလာလို့ပဲပေါ့”
ထိုစကားကို ကြားသောအခါ အမျိုးသမီးကျန်း အလျင်အ မြန် ပြောလိုက်သည်။
“သေချာစဉ်းစားထားနော်၊ နောင်ကျမှ ငါတို့ကို အပြစ်လာမတင်နဲ့”
လျိုမေ့ဖန်ကမူ အမျိုးသမီးကျန်း၏ စရိုက်ကို သိသဖြင့် အာမခံချက်ပေးလိုက်သည်။
“စိတ်မပူပါနဲ့ ယောင်းမ၊ ကျွန်မတို့ သေချာစဉ်းစားပြီးပါပြီ၊ ယောင်းမတို့ ငွေတွေရလာရင်လည်း ကျွန်မတို့မှာ မကျေနပ်စရာ ဘာမှမရှိပါဘူး”
ထိုစကားကို ကြားသောအခါ စုန့်ချန် ဆက်လက်၍ အတင်းမပြောတော့ပေ။
“ကောင်းပြီ၊ မင်းတို့ သေချာစဉ်းစားပြီးရင် ရပါပြီ”
လျိုမေ့ဖန် သဘောရိုးဖြင့် အကြံပြုလိုက်သည်။
“အစ်ကိုကြီး၊ ဒီဆေးပင်အလုပ်က သေးငယ်တဲ့ကိစ္စ မဟုတ်ဘူးနော်၊ တစ်ခုခုမှားသွားရင် လူသေနိုင်တယ်၊ သတိထားပြီး အရာအားလုံးကို သေချာစစ်ဆေးပါ”
ဟောင်ချန်မှာ လောလောဆယ် စိတ်အားထက်သန်နေချိန်ဖြစ်ရာ ထိုသို့သော စကားများအား ကြားရသည်ကို သည်းမခံနိုင်ပေ။
“ဆေးပင်တွေဆိုတာ ဆေးဘက်၀င်ပဲလေ၊ ဘယ်သူ့ကို သေစေနိုင်မှာလဲ၊ သွားစမ်းပါ၊ ငါတို့ကိုလာပြီး နိမိတ်ဖတ်မနေနဲ့”
ထိုစကားကို ကြားသောအခါ လျိုမေ့ဖန် ဘာမှဆက်မပြောတော့ပေ။
ပြဿနာအား ဖိတ်ခေါ်လိုသူများကို ကယ်တင်ရန်မှာ ခက်ခဲလှသည်။
သူမ ပစ္စည်းများကို သိမ်းဆည်းကာ သူမ၏သား၊ ခင်ပွန်းတို့နှင့်အတူ မိဘအိမ်သို့ပြန်သွားလေသည်။
ဟောင်ချန် လက်နှစ်ဖက်ကို ပွတ်သပ်ကာ ငွေများစွာရရှိတော့မည့်အရေး ကြိုတွေးကာ စိတ်လှုပ်ရှားနေမိ၏။
“သားကြီး၊ သေချာစုံစမ်းခဲ့ရဲ့လား၊ ဒီသတင်းက သေချာရဲ့လား”
“စိတ်မပူပါနဲ့ အမေ၊ ကျွန်တော် စုံစမ်းခဲ့ပြီးပါပြီ၊ ဒီဆေးဆိုင်က ဆေးပင်တွေကို လက်ခံတယ်၊ ဒါပေမဲ့ ဈေးနှုန်းက တခြားဆိုင်တွေထက် နည်းနည်းတော့လျော့တယ်၊ စံပယ်ဥလိုမျိုးကို တခြားဆေးဆိုင်တွေက တစ်ကတ်တီကို ကြေးပြားရှစ်ဆယ်၊ ကိုးဆယ်ပေးပေမဲ့ ဒီဆေးဆိုင်ကတော့ တစ်ကတ်တီကို ကြေးပြားလေးဆယ်ပဲ ပေးတယ်”
ဆေးပင်များက ဤမျှတန်ဖိုးရှိကြောင်း ကြားလိုက်ရသော အခါ ဟောင်ချန်၏မျက်လုံးများပင် ပြူးထွက်မတတ်ဖြစ်သွားသည်။
“ဘုရားရေ၊ ဝူယွီလန်က ဘာလို့များ ဒီကိစ္စအတွက် အလုပ် ရှုပ်နေတာလဲလို့တွေးနေတာ၊ ဒီလောက်တောင် အကျိုးအ မြတ်များတာကိုး”
ဝူယွီလန် ဤရက်ပိုင်းအတွင်း ငွေမည်မျှရှာနိုင်ခဲ့မည်ကို တွေးမိသောအခါ ဟောင်ချန်မှာ စောစောမစတင်ခဲ့မိသည်ကို နောင်တမရဘဲ မနေနိုင်တော့ပေ။
သူမ ရွာသားများထံသို့ အလျင်အမြန်သွားကာ သူမတို့ မိသားစုကလည်း ဆေးပင်များ စုဆောင်းနေကြောင်း ပြောပြပြီး သူတို့၏ဆေးပင်များကို ချိန်တွယ်ရန် ယူလာခဲ့ဖို့ ပြောလိုက်၏။
“ဘာ၊ တစ်ကတ်တီကို ကြေးပြားနှစ်ဆယ် ဟုတ်လား၊ အဒေါ်ဟောင်၊ ခင်ဗျားတို့က အရမ်းကောက်ကျစ်တာပဲ၊ အဒေါ်ဝူဆီမှာဆိုရင် တစ်ကတ်တီကို ကြေးပြားငါးဆယ်တောင် ပေးတာ”
ဟောင်ချန်မှာ မူလက တစ်ကတ်တီလျှင် ကြေးပြား ဆယ်ပြားသာ ပေးလိုခဲ့ခြင်းဖြစ်သည်။
စုန့်ချန်၏ဖြောင်းဖျမှုကြောင့် သူမက ကြေးပြား နှစ်ဆယ်ပေးရန် နာကျင်စွာဖြင့် သဘောတူခဲ့ရ၏။
ယခု ရွာသားများက နည်းလွန်းသေးသည်ဟု ထင်နေကြကြောင်းကြားရသောအခါ သူမက ချက်ချင်းဒေါသထွက်သွားတော့သည်။
“တစ်ကတ်တီကို ကြေးပြား ငါးဆယ်၊ နင်တို့ ငွေရူးရူးနေတာလား၊ ဒါက ငါတို့ပေးတဲ့ဈေးပဲ၊ ရောင်းရင်ရောင်း၊ မရောင်းရင်နေ”
အကယ်၍ သူတို့မရောင်းပါက သူတို့လက်ထဲတွင် ပုပ်သိုးသွားပြီး ထင်းအဖြစ်သာ အသုံးပြုရမည်ဖြစ်ရာ ရွာသားများမှာ ခေါင်းညိတ်သဘောတူရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
တစ်ကတ်တီကို ကြေးပြားနှစ်ဆယ်ဆိုသည်မှာ ဝူယွီလန်၏ တစ်ကတ်တီ ကြေးပြားငါးဆယ်နှင့် နှိုင်းယှဉ်ပါက အနည်း ငယ် နည်းပါးသော်လည်း၊ တစ်နေ့လျှင် ကြေးပြားခြောက်ဆယ်၊ ခုနစ်ဆယ်ခန့် ရရှိခြင်းက သူတို့အား အကျိုးအမြတ် ၏အရသာကို မြည်းစမ်းခွင့်ရစေဆဲပင်။
ငွေပိုမိုရရှိရန်အတွက် အချို့သောရွာသားများမှာ အိပ်ပင်မအိပ်တော့ဘဲ မီးတုတ်များကို ကိုင်ဆောင်ကာ ညလုံးပေါက် ဆေးဘက်ဝင်အပင်များရှာဖွေရန် တောင်ပေါ်သို့ တက်ကြလေသည်။
မျှော်လင့်မထားသောအရာ မဖြစ်ပေါ်ပါက…..
သို့သော် မျှော်လင့်မထားသောအရာတစ်ခု တကယ်ဖြစ်ပေါ်လာခဲ့သည်။
ညအချိန်တွင် ရွာလူကြီးစုန့်ကျန်းရှု နှစ်နှစ်ခြိုက်ခြိုက်အိပ် ပျော်နေစဉ် ရုတ်တရက် တံခါးရွက်လှုပ်ခါသွားသည်ကို ခံစားလိုက်ရသည်။
“ငလျင်... ငလျင်လှုပ်တာလား”
ရွာလူကြီးစုန့်ကျန်းရှုမှာ အိပ်မှုန်စုံမွှားဖြင့် သူ့ဇနီးကို ဖမ်းဆွဲကာ အပြင်သို့ပြေးထွက်ရန် ပြင်လိုက်သည်။ သူ ပုဆိုးပင် ဝတ်ချိန်မရလိုက်ပေ။
အဒေါ်ဝမ်ကမူ ရွာလူကြီး စုန့်ကျန်းရှု၏လက်ကို ဆွဲဖြုတ်လိုက်သည်။
“ငလျင်လှုပ်တာ မဟုတ်ဘူး၊ သေချာနားထောင်ကြည့်၊ အပြင်မှာ တစ်ယောက်ယောက် တံခါးခေါက်နေသံနဲ့တူတယ်”
ငလျင်လှုပ်ခြင်းမဟုတ်ကြောင်း ကြားလိုက်ရသောအခါ ရွာလူကြီး စုန့်ကျန်းရှု နောက်ဆုံးတွင် နားစွင့်၍ နားထောင်လိုက်၏။
ဒေါက်၊ ဒေါက်၊ ဒေါက်
“ပြဿနာတက်ပြီ၊ ပြဿနာတက်ပြီ”
“ရွာလူကြီး၊ မြန်မြန်ထပါဦး၊ လူတစ်ယောက်ကို ဝံပုလွေတွေဆွဲသွားလို့”
ထိုစကားကို ကြားလိုက်ရသောအခါ ရွာလူကြီးစုန့်ကျန်းရှု၏ ရင်ထဲတွင် တုန်လှုပ်သွားတော့သည်။
“ဘာ... ဘာပြောလိုက်တယ်”
“လူတစ်ယောက်ကို ဝံပုလွေတွေဆွဲသွားတယ် ဟုတ်လား”
သူ အဝတ်အစားများကို ကမန်းကတန်းဝတ်ဆင်ကာ အပြင်ထွက်ပြီး ခြံဝင်းတံခါးဖွင့်လိုက်သည်။
ရွာသားအချို့မှာ ထိတ်လန့်နေပုံရပြီး ရွာလူကြီးစုန့်ကျန်းရှုကို မြင်လိုက်ရသည်နှင့် သူတို့၏အားထားရာကို ချက်ချင်းရှာတွေ့သွားကြသည့်အလား အနီးသို့တိုးကပ်သွားတော့သည်။
“ရွာလူကြီး၊ ကျေးဇူးပြုပြီး သူ့ကိုကယ်ပါဦး၊ တာ့ကျွမ်းကို ကယ်ပါဦး၊ သူ့ကို ဝံပုလွေတွေဆွဲသွားလို့ပါ”