အခန်း ၁၅၀
Vol. 15 Ch. 150
🍅 Chapter 150
ရွာလူကြီးစုန့်ကျန်းရှုမှာ အနည်းငယ် နားမလည်နိုင်ဖြစ်သွားသည်။
“ဘာဖြစ်တာလဲ သေချာရှင်းပြစမ်း၊ ဝံပုလွေတွေက အကြောင်းမရှိဘဲ ရွာထဲကို ဘာလို့ဝင်လာရတာလဲ”
ရွာသားအချို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အချိန်အနည်းငယ်ကြာမှသာ အမှန်အတိုင်း ပြောပြရဲကြတော့သည်။
“အဲဒါ... အဲဒါ ဝံပုလွေတွေ ရွာထဲဝင်လာတာ မဟုတ်ပါဘူး၊ကျွန်တော်တို့ ဆေးဘက်ဝင်အပင်တွေရှာဖို့ တောင်ပေါ်တက်ရင်း မတော်တဆ တောနက်ထဲရောက်သွားပြီး ဝံပုလွေတွေနဲ့ ကြုံခဲ့ရတာပါ၊ တာ့ကျွမ်းက အရှေ့ဆုံးက လမ်းလျှောက်နေတာ၊ သူ့ကို ဝံပုလွေတွေ ဆွဲသွားတာ”
“ဝံပုလွေတွေ အရမ်းများလွန်းလို့ ကျွန်တော်တို့ သူ့ကိုမကယ်နိုင်ခဲ့ဘူး၊ ဒါကြောင့် သတင်းပို့ဖို့ ခပ်သုတ်သုတ် ပြန်ပြေးလာခဲ့ရတာပါ”
ဤရွာသားများက သန်းခေါင်ယံအချိန်တွင် ဆေးဘက်ဝင်အပင်များရှာဖွေရန် တောင်ပေါ်သို့ တက်ရဲခဲ့ကြောင်း ကြားသိလိုက်ရသောအခါ ရွာလူကြီးစုန့်ကျန်းရှုမှာ နှလုံးရောဂါပင် ရတော့မည့်အလား ဒေါသထွက်သွားတော့သည်။
“မင်းတို့ တကယ်ကိုသေချင်နေကြတာပဲ၊ တကယ်ကို သေချင်နေတာ”
“ညဘက် တောင်ပေါ်ကို ဘယ်သူမှမသွားရဘူးလို့ ငါ အကြိမ် ကြိမ် အမိန့်ထုတ်ထားတာကို မင်းတို့ နားမထောင်ဘူး၊ မင်းတို့က နားမထောင်တာ”
“အခုကြည့်စမ်း၊ အသက်တစ်ချောင်း ဆုံးရှုံးသွားရပြီ”
ရွာလူကြီးစုန့်ကျန်းရှု သူ့ပေါင်ကိုသူ ရိုက်ကာ သူ့ရှေ့ရှိ လူအုပ်ကြီးကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်သည်။
“ရွာလူကြီး၊ အခု ကျွန်တော်တို့ဘာလုပ်ရမလဲ”
ရွာသားများမှာ စိုးရိမ်ပူပန်မှုကြောင့် ချွေးများရွှဲရွှဲစိုနေကြသည်။
“ဘာလုပ်ရမှာလဲ၊ သံဇလုံတစ်လုံး မြန်မြန်သွားယူ၊ ရွာထဲက လူငယ်တွေနဲ့ ခွန်အားကြီးတဲ့သူတွေ အားလုံးကိုခေါ်၊ မီးတုတ်တွေထွန်းပြီး သူ့ကိုရှာဖို့ တောင်ပေါ်တက်ကြမယ်”
ရွာလူကြီးစုန့်ကျန်းရှု စကားပြောရင်းမှ မီးဖိုချောင်ထဲသို့ ဝင်ကာ သံဇလုံတစ်လုံးကို ယူလာပြီး လမ်းလျှောက်ရင်း တီးခေါက်လာခဲ့သည်။
ဂျလောင်၊ ဂျလောင်၊ ဂျလောင်
အသံက တောင်ကြားတစ်လျှောက် ပဲ့တင်ထပ်သွားသည်။
“ရွာထဲက လူတစ်ယောက်ကို ဝံပုလွေတွေဆွဲသွားလို့ဟေ့၊ အားလုံးထပြီး လာကူကြပါဦး”
“သူ့ကိုသွားရှာဖို့ အားလုံးထပြီးလာကူကြပါဦး”
ထိုအချိန်တွင် ဝံပုလွေဆွဲသွားခံရသူ၏ ဇနီးနှင့် ကလေးများကလည်း ထိုကိစ္စကို သိရှိသွားပြီး နောက်မှလိုက်ပါကာ အိမ်တကာလှည့်၍ ဒူးထောက်ကာ သူ့ကိုကယ်တင်ပေးရန် တောင်းပန်ကြလေသည်။
ထိုမျှကြီးမားသောဆူညံမှုကြီးကြောင့် ဝူယွီလန်လည်း သဘာဝကျစွာပင် နိုးလာခဲ့သည်။
ရွာလူကြီးစုန့်ကျန်းရှုနှင့် အခြားသူများ မရောက်လာမီကပင် သူမ ခြံဝင်းတံခါးကို ဦးစွာဖွင့်လိုက်ရာ အဝေးမှ မီးတုတ်များ ကိုင်ဆောင်ကာ အိမ်တံခါးများအား တစ်ပေါက်ပြီးတစ်ပေါက်ခေါက်နေသော လူအုပ်ကြီးကို မြင်တွေ့လိုက်ရသည်။
“အစ်ကိုကြီး၊ ဘာဖြစ်တာလဲ”
ရွာလူကြီးစုန့်ကျန်းရှု သူ့ပေါင်ကို သူ ရိုက်ကာ ရွာသားများကို လက်ညှိုးထိုးလျက် ကျိန်ဆဲလိုက်သည်။
“အဲဒီလောဘကြီးတဲ့ သောက်ရူးကောင်တွေလေ၊ ငွေအတွက်နဲ့ သန်းခေါင်ယံအချိန်ကြီး တောင်ပေါ်တက်ပြီး ဆေးဘက်ဝင်အပင်တွေ သွားရှာကြတာ… ကံမကောင်းချင်တော့ ဝံပုလွေအုပ်နဲ့ သွားတိုးတယ်၊ ဒီကလေးတွေရဲ့အဖေကို ဝံပုလွေတွေ ဆွဲသွားပြီ”
ရွာလူကြီးစုန့်ကျန်းရှု၏ စကားကို ကြားသောအခါ အမျိုး သမီးက တိတ်တဆိတ် ရှိုက်ငိုလိုက်သည်။
“ကျွန်မ သူ့ကို မသွားဖို့ပြောခဲ့ပါတယ်၊ မသွားဖို့ပြောတာကို ကလေးတွေရဲ့အဖေက ကျွန်မစကားကို နားမထောင်ခဲ့ဘူး”
“အခု ကလေးတွေနဲ့ ကျွန်မ ဘာဆက်လုပ်ရတော့မလဲ”
အမျိုးသမီးမှာ အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် မြေကြီးပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသော်လည်း ကံကောင်းထောက်မစွာဖြင့် အနီးနားရှိလူတစ်ဦးက သူမကို ထိန်းကိုင်ပေးလိုက်သဖြင့် လဲမကျသွားခဲ့ပေ။
ထိုမြင်ကွင်းကို ကြည့်ရင်း ဝူယွီလန်လည်း သူမ ရင်ထဲတွင် ဝမ်းနည်းမှုတစ်ချက်ကို ခံစားလိုက်ရသည်။
သူတို့ စကားပြောနေစဉ်မှာပင် အိမ်ထဲမှ စုန့်ကျစ်ယုံနှင့် စုန့်ကျစ်ချုံးတို့မှာ အဝတ်အစားများဝတ်ဆင်ပြီးကာ အဆင်သင့် ဖြစ်နေကြပြီဖြစ်သည်။
“အမေ၊ သားတို့ သူ့ကို သွားရှာဖို့ သွားကူလိုက်ဦးမယ်၊ အိမ်ကိစ္စတွေ အမေပဲ ကြည့်ထားလိုက်ပါဦး”
စုန့်ကျစ်ယုံ လေးနှင့်မြား အသုံးပြုတတ်ကြောင်း ဝူယွီလန် သတိရလိုက်သော်လည်း သူ ခြေထောက်ကျိုးသွားက တည်းက သူ့လေးနှင့်မြားကို မူလခန္ဓာကိုယ်ပိုင်ရှင်က ယူဆောင်ကာ ဈေးပေါပေါဖြင့် ရောင်းချခဲ့ပြီးဖြစ်သည်။
“နေဦး”
သူမက အိမ်ထဲသို့ ခပ်သုတ်သုတ် ပြေးဝင်သွားကာ တံခါးကို ပိတ်လိုက်ပြီး လျှို့ဝှက်သိုလှောင်ရုံထဲတွင် ကုန်တိုက်သုံးငွေကြေးတစ်ထောင် သုံးစွဲ၍ လေးနှင့်မြားတစ်စုံ၀ယ်ယူလိုက်သည်။
ထို့အပြင် မြားအစင်းနှစ်ဆယ်ကျော်ကိုပါ ဝယ်ယူလိုက်၏။
“ဒါကို ယူသွား၊ ပြီးတော့ သတိထားကြနော်”
စုန့်ကျစ်ယုံကမူ ဝူယွီလန်၏လက်ထဲရှိ လေးနှင့်မြားကိုကြည့်ကာ အနည်းငယ် အံ့အားသင့်သွားသည်။
ဤလေးနှင့်မြားက သူ၏ယခင်လေးထက် အဆတစ်ရာခန့် ပိုမိုကောင်းမွန်နေပုံရသော်လည်း ယခုအချိန်က ယင်း၏ ဇာစ်မြစ်ကို မေးမြန်းနေရမည့်အချိန်မဟုတ်ပေ။
“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် အမေ”
စုန့်ကျစ်ချုံး သူ့အစ်ကိုကြီးလက်ထဲရှိ လေးနှင့်မြားကို တစ်ချက်ကြည့်လိုက်ပြီး သူ့လက်ထဲရှိပေါက်တူးကို ပြန်ကြည့်လိုက်သည်။
“အမေ၊ သားအတွက်လည်း ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ တစ်ခုခု ရှာပေးပါဦး”
ဝူယွီလန် သူ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
“ငါ နင့်ကို လေးနဲ့မြားပေးရင်တောင် နင် သုံးတတ်မှာ မဟုတ်ဘူး၊ ဒီပေါက်တူးက ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ မလုံလောက်ဘူးလား”
စုန့်ကျစ်ချုံးမှာ ဘာမှပြန်မပြောနိုင်တော့ပေ။
‘ဘာလို့ အမေက ငါ့ကို အပြစ်ရှာနေသလို ခံစားရတာလဲ'
လူအားလုံးကို စုဆောင်းပြီးနောက် လူအုပ်ကြီးက တောင်ပေါ်သို့ ခမ်းနားထည်ဝါစွာ ချီတက်သွားကြသည်။
ဝူယွီလန် တံခါးဝတွင်ရပ်လျက် တောင်ပေါ်ရှိ တဖျပ်ဖျပ်လင်းလက်နေသော မီးတုတ်ရောင်များကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
“အမေ၊ အစ်ကိုကြီးတို့ အဆင်ပြေပါ့မလား”
စကားပြောသူမှာ စုန့်ကျစ်ရှုဖြစ်ကြောင်း ကြားလိုက်ရသော အခါ ဝူယွီလန်မှာ အနည်းငယ်အံ့အားသင့်သွားသည်။
ဤကောင်လေးက သူတို့နှစ်ယောက်ကို အမှန်တကယ်ပင် စိတ်ပူနေသည်လော။
“ကျစ်ရှု၊ သားလေး ကြီးပြင်းလာပြီပဲ၊ နင့်အစ်ကိုတွေကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ သိနေပြီ”
“စိတ်မပူပါနဲ့၊ နင့်အစ်ကိုတွေက တခြားသူတွေအားလုံးနဲ့အတူ တောင်ပေါ်တက်သွားတာ၊ လူ ဒီလောက်များတာ ဘာမှဖြစ်မှာ မဟုတ်ပါဘူး”
ဝူယွီလန် ထိုသို့ပြောသည်ကို ကြားသောအခါ စုန့်ကျစ်ရှု၏ မျက်နှာအမူအရာမှာ အနည်းငယ် သဘာဝမကျဖြစ်သွားသည်။
“ကျွန်တော် သူတို့ကို စိတ်ပူနေတာ မဟုတ်ပါဘူး၊ အိမ်မှာ အလုပ်လုပ်မယ့်သူ မရှိတော့မှာကို စိုးရိမ်လို့ပါ”
ဝူယွီလန် သူ့ကို ဆက်လက်၍ မဖော်ထုတ်တော့ပေ။
ကောင်းကင်ကြီးက လင်းလာပြီဖြစ်ပြီး သူမလည်း အိပ်ချင်စိတ်မရှိတော့သဖြင့် ဆေးပင်များကိုသာ သွားရောက်ပြုစုစောင့်ရှောက်တော့သည်။
အခြားတစ်ဖက်တွင် စုန့်ကျစ်ယုံနှင့် စုန့်ကျစ်ချုံးတို့က တောင်ပေါ်သို့ တက်ရောက်လာသောလူအုပ်ကြီးနောက်သို့ လိုက်ပါသွားကာ တာ့ကျွမ်း၏အမည်ကို အော်ဟစ်ခေါ်ဝေါ်လျက် လိုက်လံရှာဖွေနေကြသည်။
“တာ့ကျွမ်း”
“ငါတို့ မင်းကိုလာရှာတာ၊ မင်း ဘယ်မှာလဲ”
“တာ့ကျွမ်း၊ မင်းဘယ်မှာလဲ”
သို့သော် သူတို့ရရှိခဲ့သည့် တစ်ခုတည်းသောတုံ့ပြန်မှုမှာ တောတောင်၏ သေမတတ်တိတ်ဆိတ်ငြိမ်သက်မှုသာ ဖြစ်သည်။
လူအုပ်ကြီးမှာ ဘာမှမတတ်နိုင်တော့သဖြင့် အဖွဲ့ငယ်များခွဲ၍ ရှာဖွေရတော့သည်။
စုန့်ကျစ်ယုံနှင့် စုန့်ကျစ်ချုံးတို့မှာ အဖွဲ့တစ်ခုတည်းတွင် ပါဝင်ခဲ့၏။
သူ၏အမဲလိုက်အတွေ့အကြုံကို အားကိုး၍ စုန့်ကျစ်ယုံက ဝံပုလွေအုပ်၏ ခြေရာများကို တစ်လှမ်းချင်း လိုက်လံရှာဖွေခဲ့သည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ ကောင်းကင်ကြီးမှာ ပိုမိုလင်းထိန်လာပြီး လမ်းကို ရှင်းလင်းစွာ မြင်နိုင်လာသဖြင့် ဝံပုလွေအုပ်၏ခြေရာများကို လိုက်၍ လူကိုရှာဖွေရန် သူတို့အတွက် ပိုမိုလွယ်ကူလာသည်။
“အစ်ကိုကြီး၊ ကြည့်ပါဦး၊ ဒီအဝတ်စက…”