အခန်း ၁၅၁
Vol. 16 Ch. 151
🍅 Chapter 151
စုန့်ကျစ်ချုံး မြေကြီးပေါ်မှ စုတ်ပြဲနေသောအဝတ်စတစ်ခုကို ကောက်ယူလိုက်ပြီး သူ့မျက်နှာအမူအရာမှာ လေးနက်သွားသည်။
စုန့်ကျစ်ယုံ၏ ရင်ထဲတွင်လည်း လေးလံသွားတော့သည်။
“တာ့ကျွမ်းက ဒီနေ့ ဒီဆိုးဆေးမဆိုးထားတဲ့ လျှော်တေအင်္ကျီကို ဝတ်သွားတယ်လို့ သူတို့ပြောကြတယ်၊ ဒီစုတ်ပြဲနေတဲ့ အရာတွေကို ကြည့်ရတာ သူ့အင်္ကျီဖြစ်ဖို့ သေချာတယ်”
စုန့်ကျစ်ယုံ ထုတ်မပြောလိုက်သောအရာမှာ ထိုအဝတ်အစားပေါ်ရှိ သွေးကွက်များမှာ လတ်ဆတ်နေဆဲဖြစ်ကြောင်းပင်။
ဆိုလိုသည်မှာ ဝံပုလွေများက ထိုလူ့ထံမှ အဝတ်များကို ဆုတ်ဖြဲသွားခဲ့သည်မှာ မကြာသေးမီကပင် ဖြစ်ရပေမည်။
ထိုအရာကို မြင်သောအခါ အခြားရွာသားများမှာ ချက်ချင်းပင် အကြောက်တရားများ ဖုံးလွှမ်းသွားကြတော့သည်။
“အခု.. အခု ဘယ်လိုလုပ်ကြမလဲ”
“သတိထားကြ၊ တာ့ကျွမ်းက ဒီအနီးနားတစ်ဝိုက်ကိုပဲ ဆွဲခေါ်သွားခံရတာ ဖြစ်နိုင်တယ်”
ထိုစကားကို ကြားသောအခါ ရွာသားများက သူတို့၏ပေါက်တူးများနှင့် သံရွင်းများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကြပြီး ခြေတစ်လှမ်းလှမ်းတိုင်း နောက်သို့ လှည့်ကြည့်နေကြတော့သည်။
စုန့်ကျစ်ယုံက အရှေ့ဆုံးမှ လမ်းလျှောက်နေသည်။ လေထဲတွင် ပျံ့လွင့်နေသော သွေးနံ့များကို ရှူရှိုက်မိသောအခါ ထိုသူမှာ အသက်မရှိတော့ကြောင်း သူ၏ရင်ထဲတွင် သိရှိနေသည်။
သို့သော် လူက အသက်ရှင်နေရင်လည်း အရှင်၊ သေသွားရင်လည်းအလောင်းကို သူတို့တွေ့အောင် ရှာရမည်ဖြစ်သည်။
သူတို့ပါ သူလို့... ဖြစ်သွားရင်လျှင်ပင်ပေါ့။
ဝံပုလွေအုပ် ချန်ထားရစ်ခဲ့သော ခြေရာများအတိုင်းလိုက်၍ လျှောက်လာကြစဉ် မြေပြင်မှာ ပိုမိုရှုပ်ပွလာသည်ကို တွေ့ရှိရပြီး လမ်းတစ်လျှောက်တွင် သွေးစက်များကိုလည်း ရံဖန်ရံခါ တွေ့မြင်နေရသည်။
တဖြည်းဖြည်းနှင့် မြေကြီးပေါ်တွင် သွေးများပိုမိုများပြားလာတော့သည်။
သူတို့ နီးကပ်လာပြီဖြစ်ကြောင်း စုန့်ကျစ်ယုံသိလိုက်သည်။
“အားလုံးပဲ သတိထားကြ။ တာ့ကျွမ်းက ဒီအနီးနားတစ်ဝိုက်မှာ ရှိနေလောက်တယ်၊ ပြီးတော့ ဝံပုလွေတွေလည်း မကွဲသေးဘူးထင်တယ်”
ထိုစကားကို ကြားသောအခါ ရွာသားများမှာ တစ်ယောက်နှင့်တစ်ယောက် ပူးကပ်သွားကြပြီး ပတ်ဝန်းကျင်ကို သတိထားကာ အကဲခတ်နေကြ၏။
“ရွှီ၊ ရွှီ”
ထိုအသံကို ကြားလိုက်ရသောအခါ စုန့်ကျစ်ယုံ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
သူက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အားလုံးကို ငြိမ်ငြိမ်ရပ်နေရန် အချက်ပြကာ အသက်အောင့်ထားလိုက်သည်။
သူက တက်ရလွယ်ကူသော သစ်ပင်တစ်ပင်ကို ရှာဖွေလိုက်ပြီး လေးနှင့်မြားများအား ကျောတွင်လွယ်ကာ အလျင်အမြန် ခုန်တက်သွားလေသည်။
သစ်ပင်ပေါ်တွင် ရပ်နေစဉ် လှုပ်ရှားသံများက သူ့နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိလာသည်။
သေချာနားထောင်ကြည့်သောအခါ လှုပ်ရှားသံများသာမကဘဲ သားရဲတိရစ္ဆာန်များ အရိုးအား ကိုက်ဖြတ်စားသောက်နေသည့် အသံများကိုပါ ကြားလိုက်ရသည်။
တစ်စက္ကန့်အတွင်းမှာပင် အသံလာရာကို စုန့်ကျစ်ယုံ ခွဲခြားသိရှိလိုက်သော်လည်း ချုံပုတ်များက ကွယ်နေသဖြင့် ဘာတွေဖြစ်နေသနည်းဆိုသည်ကို မြင်တွေ့နိုင်ရန်မဖြစ်နိုင်ပေ။
ထိုအခြေအနေကို မြင်သောအခါ စုန့်ကျစ်ယုံမှာ အခြားရွေးချယ်စရာမရှိတော့ဘဲ သူ့နေရာကို ပြောင်းရွှေ့ရတော့သည်။
အခြားသစ်ပင်တစ်ပင်သို့ ကူးပြောင်းပြီးနောက် သူက သစ်ကိုင်းများကို ဖယ်ရှားကာ ချုံပုတ်များ၏နောက်ကွယ်ရှိ မြင်ကွင်းကို ကြည့်လိုက်ရာ သစ်ပင်ပေါ်မှ ပြုတ်ကျလုနီးပါးဖြစ်သွားရသည်။
ထိုမြင်ကွင်းက တကယ်ကို တုန်လှုပ်ချောက်ချားစရာ ကောင်းလွန်းလှပြီး ရင်ကိုအေးစက်သွားစေကာ ရုပ်ပိုင်းဆိုင်ရာအရပါ ပျို့အန်ချင်စိတ်ကို ဖြစ်ပေါ်လာစေသည်။
သူ မြင်လိုက်ရသည်မှာ ဝံပုလွေအကောင်ရေ အတော်များများ စုရုံးကာ ကိုက်ဖြတ်စားသောက်နေကြသည်မှာ...
ပြတ်တောက်နေသော ခြေလက်အင်္ဂါအစိတ်အပိုင်းများက နေရာအနှံ့ ပြန့်ကျဲနေပြီး သွေးများနှင့် အူများက မြေပြင်တစ်ခုလုံးတွင် ပြန့်ကျဲနေလေသည်။
“အော့”
ရုပ်ပိုင်းဆိုင်ရာ မသက်မသာဖြစ်မှုကြောင့် စုန့်ကျစ်ယုံမှာ ပျို့အန်ချင်သလိုဖြစ်သွားရသည်။
မူးဝေနေမှုကို သည်းခံကာ အခြားသူများအား သတိပေးရန်အတွက် သူက ကျောက်ခဲငယ်တစ်လုံးကို မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။
“အားလုံးပဲ သစ်ပင်တွေပေါ်တက်ကြ၊ ဝံပုလွေတွေကို ငါတွေ့ပြီ”
ထိုစကားကို ကြားလိုက်ရသောအခါ စုန့်ကျစ်ချုံးက စုန့်ကျစ်ယုံရှိနေသော သစ်ပင်ပေါ်သို့ အလျင်အမြန် တက်သွားလေသည်။ စုန့်ကျစ်ယုံက သူ့ကိုမကြည့်ရန် တားမြစ်ချင်သော်လည်း ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီဖြစ်သည်။
ဝံပုလွေအုပ်ကြီးက လူ့ခန္ဓာကိုယ်အား ကိုက်ဖြတ်စားသောက်နေသည်ကို မြင်လိုက်ရသောအခါ စုန့်ကျစ်ချုံးမှာ ခေါင်းမူးသွားပြီး ပျို့အန်ချင်လာတော့သည်။
အခြားရွာသားများကလည်း ထိုမြင်ကွင်းကို မြင်လိုက်ရရာ အားလုံးမှာ အကြောက်တရားကြောင့် တုန်ယင်သွားကြပြီး တစ်ချက်ကြည့်ပြီးနောက် ထပ်မံ၍မကြည့်ရဲကြတော့ပေ။
“တ…တာ့ကျွမ်းတော့ သေပြီ”
“အ….အခု ဘယ်လိုလုပ်ကြမလဲ”
“ဝံပုလွေတွေ... အရမ်းများတာပဲ”
စုန့်ကျစ်ချုံး နေမထိထိုင်မသာဖြစ်မှုကို သည်းခံကာ အကြည့်လွှဲလိုက်ပြီး မေးလိုက်သည်။
“အ… အစ်ကိုကြီး၊ အခု ဘယ်လိုလုပ်ကြမလဲ”
“အားလုံးပဲ သတိထားကြ၊ ငါ လေးနဲ့မြားကို သုံးပြီး ဒီဝံပုလွေတွေကို မောင်းထုတ်ကြည့်မယ်”
စုန့်ကျစ်ယုံ စကားပြောရင်း လေးကြိုးကို သတိထားကာ ဆွဲတင်လိုက်သည်။
ထိုမြင်ကွင်းကို မြင်သောအခါ အခြားရွာသားများမှာ အသက်အောင့်ထားကြပြီး စုန့်ကျစ်ယုံ လေးကြိုးဆွဲတင်နေသည်ကို ကြည့်နေကြသည်။
“ရွှီး”
စူးရှသော မြားတစ်စင်းက ပျံထွက်သွားပြီး ဝံပုလွေတစ်ကောင်ကို တိကျစွာ ထိမှန်သွားလေ၏။
“ဘယ်လောက်တောင် အားကောင်းတဲ့ပစ်ချက်လဲ”
စုန့်ကျစ်ယုံ သူ့ကိုယ်သူ တိတ်တဆိတ် အံ့သြချီးကျူးလိုက်မိသည်။
“ဝု”
မြားမှန်သွားသော ဝံပုလွေက ချက်ချင်းပင် အချက်ပေး အူလိုက်သည်။
အခြားဝံပုလွေများကလည်း လန့်ဖျပ်သွားကြပြီး မျက်လုံးများ ပြူးကျယ်ကာ ပတ်ဝန်းကျင်ကို သတိထား၍ အကဲခတ်နေကြ၏။
ဝံပုလွေအုပ်က ထွက်မပြေးသေးသည်ကို မြင်သောအခါ စုန့်ကျစ်ယုံ နောက်ထပ်မြားတစ်စင်းကို တပ်ကာ ပစ်လွှတ်လိုက်ပြန်သည်။
“ရွှီး”
နောက်ထပ် ဝံပုလွေတစ်ကောင်ကို ထိမှန်သွားပြန်သည်။
ယခုအခါ ဝံပုလွေများမှာ ထိတ်လန့်ပြာယာခတ်သွားကြပြီး ရန်သူကို ရှာဖွေနေကြသည်။ မကြာမီမှာပင် ထက်မြက်သောအနံ့ခံအာရုံကို အားကိုး၍ ဝံပုလွေအုပ်က သူတို့အား ရှာတွေ့သွားတော့သည်။
“အာဝူး…”
“ဒုက္ခပါပဲ...”
“အဲဒီ ဝံပုလွေအုပ်ကြီးက ငါတို့ဆီလာနေပြီ”
ထိုအခြေအနေကို မြင်သောအခါ ရွာသားအချို့မှာ အကြောက်တရားကြောင့် မျက်နှာများ ဖြူလျော့သွားကြတော့သည်။
စုန့်ကျစ်ယုံ ဘာမှမပြောတော့ဘဲ မြားများကိုသာ ဆက်တိုက်တပ်၍ ပစ်ခတ်နေလိုက်သည်။
“ရွှီး”
“ရွှီး”
ဝံပုလွေအကောင်ရေ အတော်များများ ဆက်တိုက်ထိမှန်သွားလေသည်။
သူတို့၏အပေါင်းအဖော်များ ဒဏ်ရာရသွားသည်ကို မြင်သောအခါ အခြားဝံပုလွေများမှာ ကြောက်လန့်သွားကြပြီး အမြီးကုပ်ကာ ထွက်ပြေးသွားကြတော့သည်။
“ဟူး၊ သေမတတ် လန့်သွားတာပဲ၊ ငါတို့တော့ သွားပြီလို့တောင်ထင်နေတာ”
စုန့်ကျစ်ချုံး သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။
“အစ်ကိုကြီး၊ အစ်ကိုကြီးက တကယ်ကိုတော်တာပဲ”
“ကျွန်တော် ရေတွက်ထားတယ်၊ ခုနက အစ်ကိုကြီး ဝံပုလွေ ငါးကောင်တောင်ပစ်မိတာ”
ရွာသားများကလည်း စုန့်ကျစ်ယုံကို လေးစားအားကျသောမျက်နှာများဖြင့် ကြည့်နေကြသည်။
ဝံပုလွေများအားလုံး ထွက်ပြေးသွားပြီဖြစ်ကြောင်း သေချာသွားသောအခါ စုန့်ကျစ်ယုံက သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်သည်။
“မင်းတို့ လူနည်းနည်းပြန်သွားပြီး လူသွားခေါ်လိုက်၊ သူ့ကို ငါတို့တွေ့ပြီလို့ သူတို့ကို ပြောလိုက်”
အလွန်အမင်း ထိတ်လန့်နေကြပြီဖြစ်သော ထိုရွာသားအချို့မှာ ထိုစကားကို ကြားလိုက်ရသောအခါ အကူအညီခေါ်ရန် တောင်အောက်သို့ အလျင်အမြန် ဆင်းသွားကြတော့သည်။
မကြာမီမှာပင် အားလုံးရောက်ရှိလာကြသည်။
အလွန်တရာ ကြေကွဲဖွယ်ကောင်းသော ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အားလုံးမှာ ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်သွားကြတော့သည်။
သို့သော် ကိစ္စများက ဤအခြေအနေအထိ ရောက်ရှိလာပြီဖြစ်ရာ တာ့ကျွမ်း၏ရုပ်ကြွင်းများကို ရွာသို့ ပြန်လည်သယ်ဆောင်လာရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။