အခန်း ၁၅၂
Vol. 16 Ch. 152
🍅 Chapter 152
သူမ၏ခင်ပွန်းဖြစ်သူကို ဝံပုလွေများ ကိုက်ဖြတ်စားသောက်သွားကြောင်း ကြားသိလိုက်ရသောအခါ ဖန်းကျွမ် မျက်လုံးများ ပြာဝေသွားပြီး မြေကြီးပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားတော့သည်။
ကလေးအချို့ကလည်း သူတို့၏မိခင်ရှေ့တွင် မှောက်လျက်လဲကာ အထိန်းအကွပ်မရှိ ငိုကြွေးနေကြသည်။
ထိုမြင်ကွင်းကို မြင်တွေ့ရသော ရွာသားတိုင်းမှာ စိတ်မကောင်းမဖြစ်ဘဲ မနေနိုင်ကြပေ။
…….
ထို့နောက် ရွာလူကြီးစုန့်ကျန်းရှုက သဘာဝကျစွာပင် တာဝန်ရှိသူကို ရှာဖွေရတော့မည်ဖြစ်သည်။
“ပြောစမ်း၊ ညဘက်ကြီး ဆေးဘက်ဝင်အပင်တွေရှာဖို့ရာ တောင်ပေါ်တက်တာက ဘယ်သူ့ရဲ့အကြံလဲ”
ရွာသားအချို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အပြစ်ဖို့ရန် ကြိုးစားနေကြသည်။
“ဒါ... ဒါက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး၊ သူတို့ကလာခေါ်လို့ ကျွန်တော်က လိုက်သွားတာပါ”
“ကျွန်တော်နဲ့လည်း ဘာမှမဆိုင်ပါဘူး၊ ကျွန်တော်က သူတို့နောက် လိုက်သွားရုံသက်သက်ပါ”
“ဒီကိစ္စအတွက် တစ်ယောက်ယောက်ကို အပြစ်တင်ရမယ်ဆိုရင် ဟောင်ချန်ကိုပဲ အပြစ်တင်ရမှာပေါ့၊ သူ ငါတို့ကိုသတိမပေးခဲ့လို့ပဲ”
“ဟုတ်တယ်၊ အဒေါ်ဝူနဲ့အတူ ဆေးပင်သွားရှာတဲ့သူတွေကျတော့ ဘာမှမဖြစ်ဘဲနဲ့ ငါတို့ကျတော့...”
ရွာလူကြီးစုန့်ကျန်းရှုမှာ မျက်နှာပြောင်တိုက်လွန်းသော ဤရွာသားများကိုကြည့်ကာ ဒေါသထွက်လွန်းသဖြင့် ရယ်ပင်ရယ်ချင်လာတော့သည်။
“မင်းတို့ကို ညဘက် တောင်ပေါ်တက်ပြီး ဆေးပင်သွားရှာဖို့ပြောတာ ဟောင်ချန်လို့ ပြောချင်တာလား”
ရွာသားများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြပြီး မည်သူကမျှ ထပ်မံစကားမပြောရဲတော့ပေ။
ရွာလူကြီးစုန့်ကျန်းရှုက သူ့နားထင်များကို နွမ်းနယ်စွာ ပွတ်သပ်လိုက်သည်။
“တော်ကြတော့၊ တာ့ကျွမ်းက မင်းတို့ရဲ့ ဆွေမျိုးအရင်းပဲလေ၊ အခု သူ မုဆိုးမနဲ့ ကလေးတွေကို ထားရစ်ခဲ့ပြီဆိုတော့ သူတို့ ဘယ်လိုရှေ့ဆက်ရမလဲ၊ မင်းတို့က တာ့ကျွမ်းကို တောင်ပေါ်တက်ဖို့ သွေးထိုးပေးခဲ့တာဆိုတော့ မင်းတို့အားလုံး နစ်နာကြေးအနေနဲ့ ငွေနည်းနည်းပါးပါးတော့ ပေးသင့်တယ်”
“ကျွန်တော်တို့က ဘာလို့ပေးရမှာလဲ၊ ပေးရမယ်ဆိုရင်တောင် ဟောင်ချန်ကပဲပေးရမှာပေါ့”
“ဟုတ်တယ်၊ သူက ငါတို့ကို ဆေးပင်တွေရောင်းခိုင်းတာလေ”
“ငါတို့ပေးရမယ်ဆိုရင်တောင် သူက အများဆုံးပေးရမှာ၊ သူကသာ ငါတို့ရဲ့ ဆေးပင်တွေကို မဝယ်ဘူးဆိုရင် ငါတို့လည်း တာ့ကျွမ်းနဲ့အတူ ညဘက်ကြီး တောင်ပေါ်တက်မှာမဟုတ်ဘူး”
ဤလူစုက ယခုအချိန်အထိ တာဝန်ယူမှုမရှိဘဲ ခေါင်းရှောင်နေကြသေးသည်ကို မြင်သောအခါ ရွာလူကြီးစုန့်ကျန်းရှု၏ မျက်နှာမှာ လုံးဝအေးစက်သွားတော့သည်။
“ပါးစပ်ပိတ်ထားစမ်း၊ မင်းတို့တွေ ဒုက္ခသည်တွေအဖြစ် ဒီကိုရောက်လာတုန်းက သနားလို့ ငါလက်ခံပေးခဲ့တာ၊ အခု ရွာထဲရောက်တော့မှ ပြဿနာတွေချည်းပဲ ဆက်တိုက်ရှာနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ”
“တစ်အိမ်ထောင်ကို ကြေးပြားငါးရာစီ ပေးမလား၊ ဒါမှမဟုတ် စုန့်မိသားစုရွာကနေ ထွက်သွားမလား၊ ကြိုက်ရာရွေး”
ထိုစကားကို ကြားလိုက်ရသောအခါ ရွာသားများမှာ မည်သည့်အသံမျှမထွက်ရဲတော့ပေ။
၎င်းတို့သည် မူလက စုန့်မိသားစုရွာမှ ရွာသားများမဟုတ်ကြပေ။
လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်က ဒုက္ခသည်များအဖြစ် ဤနေရာသို့ ရောက်ရှိလာခဲ့ကြခြင်းဖြစ်၏။
စုန့်မိသားစုရွာမှ ရွာသားများက ရိုးသားပြီး သဘောကောင်းကြသဖြင့်သာ သူတို့ကို ဤနေရာတွင် အခြေချနေထိုင်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။
ရိုးရိုးသားသားပြောရလျှင် စုန့်မိသားစုရွာမှ ထွက်ခွာသွားပါက အခြားမည်သည့်ရွာကမျှ သူတို့လို ပြင်ပလူများကို လက်ခံနိုင်မည်မဟုတ်ပေ။
“ရွာလူကြီး၊ စိတ်မဆိုးပါနဲ့၊ ကျွန်တော်တို့ ပေးပါ့မယ်၊ ပေးပါ့မယ်”
“ဟုတ်ပါတယ်၊ ခုနက ကျွန်တော်တို့ စဉ်းစားဆင်ခြင်ဉာဏ် နည်းသွားလို့ပါ၊ ဒီကြေးပြား ငါးရာကို ကျွန်တော်တို့ ပေးသင့်ပါတယ်၊ ပေးသင့်ပါတယ်”
မိသားစုခြောက်စုက ကြေးပြားငါးရာစီ ထည့်ကြရာ တာ့ကျွမ်း၏ဇနီးအတွက် ငွေသုံးချောင်းတိတိ ရရှိသွားလေသည်။
သူတို့က ဤငွေကို ပေးချင်၍ ပေးခဲ့ကြခြင်းလော။
သေချာပေါက် မဟုတ်ပေ။
သူတို့ နောက်သို့လှည့်ကာ ဟောင်ချန်၏အိမ်သို့သွား၍ ပြဿနာရှာကြပြီး သူတို့ကိုငွေပေးရန် အော်ဟစ်တောင်းဆိုကြတော့သည်။
“ဟောင်ချန်၊ ဆေးပင်တွေတူးဖို့မဟုတ်ရင် တာ့ကျွမ်းက တောင်ပေါ်တက်မှာမဟုတ်ဘူး၊ မြန်မြန်ငွေပေးစမ်း”
“ဟုတ်တယ်၊ ငွေပေး၊ အဲဒီလိုမှမဟုတ်ရင် ဒီကိစ္စက ပြီးမှာမဟုတ်ဘူး”
“ငွေပေး”
ဟောင်ချန် မည်သို့လုပ်၍ သဘောတူနိုင်မည်နည်း။
သူမ အမြင်တွင်မူ….
‘ညဘက် တောင်ပေါ်တက်ပြီး သေမင်းကို သွားရှာတာက သူတို့ဘာသာ သူတို့ပဲလေ၊ ငါနဲ့ ဘာဆိုင်လို့လဲ'
“နင်တို့က ငါ့ကို ငွေပေးခိုင်းတာလား၊ နင်တို့ ငွေရူးရူးနေတာလား”
“နင်တို့ကို ညဘက် တောင်ပေါ်တက်ဖို့ ငါက ခိုင်းခဲ့လို့လား၊ ဒါမှမဟုတ် ဆေးပင်တွေတူးပြီး ငါ့ကိုလာရောင်းဖို့ တောင်းပန်ခဲ့လို့လား”
“ဖွီး၊ နင်တို့ဘာသာနင်တို့ ငွေမက်ပြီး ညဘက် တောင်ပေါ်တက် ဆေးပင်သွားတူးကြတာလေ၊ အခု ပြဿနာလည်းဖြစ်ရော ငါ့ဆီလာပြီး ငွေတောင်းနေတယ်ပေါ့၊ ငါက အနိုင်ကျင့်ရလွယ်တယ်လို့များ ထင်နေတာလား”
“စဉ်းတောင် မစဉ်းစားနဲ့၊ ကြေးပြားတစ်ပြားမှ မပေးနိုင်ဘူး”
စုန့်ချန်လည်း ရွာသားများကို အေးစက်စက် မျက်နှာဖြင့် ကြည့်လိုက်သည်။
“တောနက်ထဲမှာ သားရဲတိရစ္ဆာန်တွေ ရှိတယ်ဆိုတာ လူတိုင်း သိကြတာပဲ၊ ခင်ဗျားတို့က ကလေးတွေမှ မဟုတ်တော့တာ၊ ပြဿနာတစ်ခုခုဖြစ်ရင် ကိုယ့်လုပ်ရပ်ကို ကိုယ်တာဝန်ယူရမှာပေါ့”
ထိုစကားကို ကြားသောအခါ ရွာသားအချို့မှာ ချက်ချင်းဒေါသထွက်သွားကြသည်။
“မင်းတို့က ကြေးပြားတစ်ပြားလေးမှ မပေးချင်ဘူးလို့ ပြောချင်တာလား”
“အစတုန်းက ဆေးပင်တွေ တူးပေးစေချင်လို့ ငါတို့ကို လာရှာတာ ဟောင်ချန်ပဲလေ၊ ဒါကြောင့် ငါတို့ သွားခဲ့တာ၊ အခု ပြဿနာလည်းဖြစ်ရော မင်းတို့က လုံးဝ တာဝန်ယူချင်စိတ်မရှိဘူးပေါ့”
“ကောင်းပြီလေ၊ မင်းတို့က ငါတို့ကို အဆုံးထိတွန်းပို့နေတာပဲ၊ ငါတို့ အသက်ရှင်ဖို့ လမ်းမရှိတော့မှတော့ အားလုံး အတူတူသေလိုက်ကြတာပေါ့”
“ဟုတ်တယ်၊ အားလုံး အတူတူသေလိုက်ကြတာပေါ့”
“ညီအစ်ကိုတို့၊ သူတို့အိမ်ကို ဝင်ရိုက်ကြ”
“ရိုက်”
ဟောင်ချန်က သူတို့လမ်းကို ပိတ်ရပ်လိုက်သည်။
“နင်တို့ လုပ်ရဲရင် လုပ်ကြည့်လေ”
သူမက သူမ၏မြေးအကြီးဆုံး စုန့်ဝမ်ချိုက်ကို အသည်းအသန် အချက်ပြလိုက်သည်။
“ဝမ်ချိုက်၊ မြန်မြန်၊ ရွာလူကြီးကို သွားခေါ်ချေ”
ရက်စက်ကြမ်းကြုတ်သည့် အသွင်အပြင်ရှိသော ရွာသားများကိုကြည့်ကာ စုန့်ဝမ်ချိုက်မှာ လည်ပင်းကို ကျုံ့ထားလိုက်သည်။
“အဘွား၊ သားကြောက်တယ်”
ဟောင်ချန်မှာ အခြားရွေးချယ်စရာ မရှိတော့သဖြင့် သူမ၏ နောက်ထပ်မြေးဖြစ်သူ စုန့်ကျောက်ချိုက်ကို ကြည့်လိုက်သည်။
“ကျောက်ချိုက်၊ ကလေးလိမ္မာလေး၊ သားသွားလိုက်”
စုန့်ကျောက်ချိုက် လက်ဖြန့်ပေးလိုက်သည်။
“အဘွား၊ သား အဘွားခိုင်းတာလုပ်ပေးရင် သကြားလုံးဝယ်စားဖို့ ကြေးပြားနှစ်ပြား ပေးရမယ်နော်”
ဘာမှမတတ်နိုင်တော့သဖြင့် ဟောင်ချန် ကြေးပြားနှစ်ပြားထုတ်ကာ စုန့်ကျောက်ချိုက်၏လက်ထဲသို့ ထိုးထည့်ပေးလိုက်ရသည်။
“မြန်မြန်သွားတော့”
စုန့်ကျောက်ချိုက် ကြေးပြားများကို ရသည်နှင့် တစ်ပြိုင်နက် ဖြည်းဖြည်းချင်း လျှောက်သွားလေသည်။
ရွာလူကြီး၏အိမ်သို့ ရောက်သောအခါ သူက တံခါးဝတွင်ရပ်လျက် အော်ခေါ်လိုက်သည်။
“ဟေး၊ ကျွန်တော့်အဘွားက အဘိုးကို အဲဒီကို လာခဲ့ပါတဲ့”
ရွာလူကြီးစုန့်ကျန်းရှုက ခြံဝင်းထဲတွင် ထိုင်နေလေ၏။ စုန့်ကျောက်ချိုက်ကို မြင်သောအခါ သူက တစ်ချက်မျှသာ လှမ်းကြည့်လိုက်သည်။
ထိုလူစုက ဟောင်ချန်၏အိမ်တွင် ပြဿနာသွားရှာနေကြပြီဆိုသည်ကို သူ သဘာဝကျကျပင် သိရှိထားသော်လည်း သူ့အမြင်တွင် ဤအရာများအားလုံးက ဟောင်ချန်၏အမှားများသာ ဖြစ်သည်။
အကယ်၍ သူမသာ ဝူယွီလန်ထံမှ ဆေးပင်စုဆောင်းရန် အတင်းအကျပ်မသင်ယူခဲ့ပါက ဤကဲ့သို့သောအဖြစ်ဆိုးမျိုး ဖြစ်ပေါ်လာမည်မဟုတ်ပေ။
“ဒီကိစ္စကို ငါ မဖြေရှင်းပေးနိုင်ဘူးလို့ မင်းအဘွားကို ပြန်ပြောလိုက်”