← Chapters

အခန်း ၁၅၇

Vol. 16 Ch. 157

အခန်း ၁၅၇

Vol. 16 Ch. 157

🍅 Chapter 157

ကျောက်လီကျွမ် အေးစက်စက် နှာမှုတ်လိုက်သည်။

“ဟွန့်”

ထို့နောက် သူမ လှည့်ကာ အိမ်ထဲသို့ဝင်သွားလေတော့သည်။

စုန့်ကျစ်ချုံးကို မြင်လိုက်ရသောအခါ ကျောက်ရှောင်ချင်၏မျက်လုံးများ တောက်ပသွားတော့သည်။

သူမက ရိုးသားရှက်သွေးဖြာဟန်ဆောင်ကာ စကတ်စွန်းကို ဆုပ်ကိုင်ထားပြီး အနည်းငယ် တွန့်ဆုတ်တွန့်ဆုတ်လုပ်နေပြီးနောက် ဆံပင်အား လိမ်ကစားကာ လျှောက်သွားပြီး ချွဲချွဲနွဲ့နွဲ့ ပြောလိုက်သည်။

“ခဲအို၊ မတွေ့ရတာ ကြာပြီနော်၊”

“ခင်ဗျားက ဘယ်သူလဲ”

စုန့်ကျစ်ချုံး သူ့ရှေ့ရှိ မျက်နှာနီရဲကာ ခန္ဓာကိုယ်ထွားကြိုင်းသောလူကို ကြည့်ပြီး ရွံရှာစွာဖြင့် နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်...

မဟုတ်သေး၊ နှစ်လှမ်း ဆုတ်လိုက်သည်။

“ကျွန်မက...”

“ကျွန်မက ရှောင်ချင်လေ၊ ခဲအိုရဲ့ ညီမ ရှောင်ချင်ပါ”

“ခဲအို မမှတ်မိတော့ဘူးလား”

ကျောက်ရှောင်ချင် ပဝါလေးတစ်ထည်ကို ထုတ်ကာ မျက်နှာတစ်ဝက်အား ဖုံးကွယ်ရင်း နောက်ထပ်တစ်လှမ်း တိုးကပ်သွားပြန်သည်။

စုန့်ကျစ်ချုံးမှာ ပို၍ပင် နားမလည်နိုင်ဖြစ်သွားရသည်။

“ဘာ ညီမလဲ၊ ကျွန်တော့်မှာ ဘယ်က ညီမရှိလို့လဲ”

“ကျွန်မ... ကျွန်မ အစ်မက ကျောက်လီကျွမ်လေ၊ ကျွန်မက ကျောက်လီကျွမ်ရဲ့ ညီမပါ၊ ရှင်က ကျွန်မရဲ့ ခဲအိုဆိုတော့ ကျွန်မက ရှင့်ရဲ့ ညီမ မဖြစ်သွားဘူးလား”

သူ့ဇနီး၏ညီမဖြစ်ကြောင်း ကြားလိုက်ရသောအခါ စုန့်ကျစ်ချုံး မျက်နှာအမူအရာမှာ တော်တော်လေး ပြေလျော့သွားသော်လည်း အေးစက်စက်မျက်နှာထား မရှိတော့သည့် အတိုင်းအတာအထိသာ ဖြစ်သည်။

ကျောက်ရှောင်ချင်ကမူ စုန့်ကျစ်ချုံး၏နဖူးပေါ်ရှိ ချွေးသီးချွေးပေါက်လေးများကို မြင်သောအခါ သူမ၏ပဝါဖြင့် သုတ်ပေးရန် လက်လှမ်းလိုက်သည်။

“ခင်ဗျား ဘာလုပ်တာလဲ”

စုန့်ကျစ်ချုံးမှာ ကြောက်မက်ဖွယ် ရန်သူနှင့် ရင်ဆိုင်ရသည့်အလား ချက်ချင်းနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားလေ၏။

“ကျွန်မ... ကျွန်မက ခဲအိုရဲ့ချွေးတွေကို သုတ်ပေးချင်ရုံပါ”

ကျောက်ရှောင်ချင် ထိုသို့ပြောကာ စုန့်ကျစ်ချုံး၏ချွေးများကို သုတ်ပေးရန် ထပ်မံ၍ လက်လှမ်းလိုက်ပြန်သည်။

ထိုရှက်သွေးဖြာနေသော အမူအရာနှင့် ချစ်ခင်မြတ်နိုးနေသော အကြည့်များကြောင့် စုန့်ကျစ်ချုံးမှာ တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများ ထသွားတော့သည်။

စုန့်ကျစ်ချုံးမှာ အလွန်အမင်း ရွံရှာသွားသဖြင့် မနေနိုင်ဘဲ ခြေထောက်ဖြင့် ကန်ထုတ်လိုက်တော့၏။

“ကျွန်တော်နဲ့ ဝေးဝေးနေစမ်း”

‘ဒီခန္ဓာကိုယ်ကြီးမားတဲ့ မျောက်ဝံမကြီးက ဘယ်ကရောက်လာတာလဲ၊ ထွက်သွားစမ်း'

ကျောက်ရှောင်ချင်မှာ အရာအားလုံးကို တွက်ချက်ထားခဲ့သော်လည်း စုန့်ကျစ်ချုံး သူမအား ရုတ်တရက် အကြမ်းဖက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သတိမထားမိလိုက်သဖြင့် သူမမှာ မြေကြီးပေါ်သို့ မျက်နှာဖြင့် မှောက်လျက်လဲကျသွားတော့သည်။

“အား”

အဒေါ်ဖန်းကမူ သူတို့နှစ်ဦးကို နှစ်ကိုယ်တည်း စကားပြောစေပြီး သံယောဇဉ်တိုးပွားလာစေရန် ရည်ရွယ်ထားခဲ့သော်လည်း ဤအခြေအနေကို မြင်လိုက်ရသဖြင့် သူမ၏သမီးအား ထူပေးရန် အလျင်အမြန် ရောက်လာခဲ့သည်။

“ကျစ်ချုံး၊ မင်း ဘာလုပ်တာလဲ၊ ရှောင်ချင်ကို အခုလို ကန်လိုက်လို့ သူ ထိခိုက်သွားရင် နောင်ကျရင် နင့်ကို ဘယ်သူက သားမွေးပေးတော့မှာလဲ”

“ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ”

သူတို့၏အကြံအစည်များကို ကြားလိုက်ရသောအခါ စုန့်ကျစ်ချုံးမှာ မနေ့ညကစားထားသော ညစာများကိုပင် အန်ချင်လာတော့သည်။

ထိုအခါမှသာ အစောပိုင်း ဇနီးဖြစ်သူ အဘယ်ကြောင့် သူ့အား ဒေါသထွက်နေရသနည်းဆိုသည်ကို သူ နားလည်သွားတော့သည်။

“ဘာ လျှောက်ပြောရမှာလဲ၊ ငါက နင့် ကောင်းကျိုးအတွက် လုပ်ပေးနေတာလေ၊ လီကျွမ်က အိမ်ထောင်ကျတာ ဒီလောက်ကြာနေပြီကို နင့်အတွက် သားတစ်ယောက်လေးတောင် မမွေးပေးနိုင်ဘူး၊ အဲဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“ရှောင်ချင်က တင်ပါးကြီးတယ်၊ နင့်အတွက် သားတစ်ယောက် သေချာပေါက်မွေးပေးနိုင်မှာ၊ ရှောင်ချင် နင်နဲ့ လက်ထပ်တဲ့အခါ သူ့ကို မယားကြီးနေရာပေးပြီး လီကျွမ်ကို မယားငယ်အဖြစ် ထားလိုက်ပေါ့”

“အဲဒီအချိန်ကျရင် ညီအစ်မနှစ်ယောက်က နင့်ကို အတူတူပြုစုပေးကြလိမ့်မယ်၊ နင်ကတော့ ဇိမ်ခံဖို့ စောင့်နေရုံပဲ”

အဒေါ်ဖန်း စိတ်အားထက်သန်စွာဖြင့် ပြောဆိုနေသော်လည်း စုန့်ကျစ်ချုံး၏မျက်နှာမှာ အိုးမဲသုတ်ထားသကဲ့သို့ မည်းနက်နေပြီဖြစ်သည်ကို လုံးဝသတိမထားမိခဲ့ပေ။

“ထွက်သွားစမ်း”

စုန့်ကျစ်ချုံး အဒေါ်ဖန်း၏အင်္ကျီလက်ကို ဖမ်းဆွဲကာ အပြင်သို့ ဆွဲခေါ်သွားလေသည်။

“ဟေး၊ ဟေး၊ ဟေး၊ မင်း ဘာလုပ်တာလဲ”

“ပြောစရာရှိရင် သေချာပြောလေ၊ အကြမ်းဖက်စရာ မလိုပါဘူး”

စုန့်ကျစ်ချုံး ဘာမှမပြောဘဲ သူမကို အပြင်သို့သာ ဆွဲခေါ်သွားပြီး အဒေါ်ဖန်းအား ခြံဝင်းအပြင်ဘက်သို့ပစ်ထုတ်လိုက်ပြီးမှသာ သက်ပြင်းတစ်ချက် ချနိုင်တော့သည်။

သို့သော် သူ လှည့်ကြည့်လိုက်သောအခါ ကျောက်ရှောင်ချင် ထိုနေရာတွင် ရပ်လျက် ခန္ဓာကိုယ်ကိုတွန့်လိမ်ကာ သူ့အား မျက်စိမှိတ်ပြနေသည်ကို မြင်လိုက်ရသည်။

“ခဲအို၊ ကျွန်မ အမေက ခဲအိုနဲ့ အရင်မတိုင်ပင်ဘဲ ကျွန်မကို ဒီလွှတ်လိုက်လို့ အပြစ်တင်နေတာလား”

“တောင်းပန်ပါတယ်၊ ကျွန်မ ခဲအိုကို အရမ်းသဘောကျလွန်းလို့ပါ၊ စိတ်မဆိုးပါနဲ့နော်၊ နောက်နောင် ကျွန်မ ခဲအိုကို ကောင်းကောင်းပြုစုပေးပါ့မယ်”

ကျောက်ရှောင်ချင် ထိုသို့ပြောကာ စည်ပိုင်းကဲ့သို့သော ခါးတုတ်ကြီးဖြင့် စုန့်ကျစ်ချုံးဆီသို့ ယိမ်းထိုးကာ လျှောက်လာလေသည်။

စုန့်ကျစ်ချုံးမှာ ကျောက်ရှောင်ချင်၏ဟန်လုပ်ထားသောအပြုအမူကို ကြည့်ပြီး ဆက်လက်၍ သည်းမခံနိုင်တော့ပေ။

“တောက်၊ ငါ ဒေါသမထွက်တတ်ဘူးလို့ တကယ်ပဲထင်နေတာလား”

သူ လက်သီးကို အားကုန်လွှဲရမ်းကာ သူမအား ထိုးချလိုက်သည်။

မကျေနပ်သေးဘူးဟု ခံစားရသဖြင့် သူမအား ထပ်တလဲလဲ ထိုးကြိတ်လိုက်၏။

ထိုးကြိတ်နေစဉ် ကျောက်ရှောင်ချင်၏မျက်နှာကိုသာ အတိအကျ ပစ်မှတ်ထားလေသည်။

“အား၊ အား၊ ခဲအို၊ ဘာလုပ်တာလဲ”

“မရိုက်ပါနဲ့၊ မရိုက်ပါနဲ့၊ ကျွန်မ မှားသွားပါပြီ၊ ခဲအို မရိုက်ပါနဲ့တော့”

“ခဲအို”

ဆိုသော စကားလုံးကိုကြားရသောအခါ စုန့်ကျစ်ချုံးမှာ ပို၍ပင် ရွံရှာသွားသဖြင့် ချက်ချင်းခြေထောက်ဖြင့်ပါ ကန်ကျောက်တော့သည်။

ကန်ချက်တစ်ချက်တည်းဖြင့် သူမကို အဝေးသို့လွင့်စင်သွားစေသည်။

ထိုကဲ့သို့ပင် ကျောက်ရှောင်ချင်မှာ စုန့်ကျစ်ချုံး၏ဘောလုံးတစ်လုံးသဖွယ် ဆက်ဆံခံရကာ တံခါးအပြင်ဘက်သို့ တစ်ချက်ပြီးတစ်ချက် အကန်ခံလိုက်ရတော့၏။

“ငါ့ကို လာပြီး ရွံစရာကောင်းအောင် ထပ်လုပ်ရဲရင် နင့်ကို သေတဲ့အထိ ရိုက်သတ်ပစ်မယ်”

စုန့်ကျစ်ချုံး စကားပြောပြီးနောက် ခြံဝင်းတံခါးကို ဝုန်းခနဲပိတ်ချလိုက်သည်။

“ဝုန်း”

တံခါးပိတ်သံကြောင့် အဒေါ်ဖန်းမှာ လန့်ဖျပ်သွားသည်။

သမီးဖြစ်သူ၏ သနားစရာကောင်းသော အခြေအနေကို မြင်သောအခါ သူမ အလျင်အမြန် လက်လှမ်းကာထူပေးလိုက်၏။

“ရှောင်ချင်၊ ဘယ်လိုနေသေးလဲ၊ အဆင်ပြေရဲ့လား”

“ဒီကောင်လေးက တကယ်ကို ပြင်းပြင်းထန်ထန်ရိုက်တာပဲ၊ နင်သာ သူ့ကို လက်ထပ်လိုက်ရင် ရိုက်သတ်ခံရမှာ မဟုတ်ဘူးလား”

ကျောက်ရှောင်ချင် မြေကြီးပေါ်မှ တွားသွား၍ ထလာပြီး တုန်ယင်စွာဖြင့် လက်ကိုဆန့်ထုတ်လိုက်သည်။

“အမေ... ကျွန်မ... ကျွန်မ သူ့ကို မယူတော့ဘူး၊ ကျွန်မကို မြန်မြန် အိမ်ပြန်ခေါ်သွားပါ၊ အိမ်ပြန်ခေါ်သွားပါ”

သူမ စကားပြောအပြီးတွင် နှပ်များနှင့် သွေးများ ရောနှော၍ ပန်းထွက်လာတော့သည်။

‘ဝူး ဝူး ဝူး'

‘အရမ်းကြောက်စရာကောင်းတယ်၊ စုန့်ကျစ်ချုံးက အရမ်းကြောက်စရာကောင်းတယ်'

‘ဒီကပ်ဆိုး နတ်ဆိုးကြီးကို ငါ ဘယ်တော့မှ ထပ်မစရဲတော့ပါဘူး'

သူတို့နှစ်ဦးမှာ ရွာထဲ၀င်လာစဉ်က ခေါင်းမော့ကာ ၀င်လာခဲ့သော်လည်း အခုတော့ အမြီးကုပ်ကာ ပြန်သွားရတော့သည်။

တိုက်ဆိုင်စွာပင် ထိုအဖွားကြီးများမှာ ယနေ့တွင်လည်း ရွာထိပ်၌ ထိုင်ကာ စကားပြောနေကြဆဲဖြစ်၏။

သူတို့နှစ်ဦး ပြန်လာသည်ကိုမြင်သောအခါ အားလုံး၏အကြည့်များက သူတို့ဆီသို့ ချက်ချင်းရောက်ရှိသွားကြသည်။

“အို... ဒါ အဒေါ်ဖန်းမဟုတ်လား၊ သမက်အိမ်ကို သွားတာမဟုတ်ဘူးလား၊ ဘယ်လိုလုပ် ဒီလို သနားစရာကောင်းတဲ့အခြေအနေနဲ့ ပြန်ရောက်လာရတာလဲ”

“ရှောင်ချင် ဘာဖြစ်တာလဲ၊ ဘာလို့ အရိုက်ခံထားရတာလဲ”

All Chapters