← Chapters

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း ၁၅၈

Vol. 16 Ch. 158

🍅 Chapter 158

“အို... ဘယ်သူကများ ဒီလောက်တောင် ကြင်နာမှုမရှိဘဲ မိန်းမလှလေးအပေါ် လက်ပါရက်ရတာလဲ”

“နှမြောစရာပဲ၊ ရှောင်ချင်ရဲ့ ပန်းပွင့်လေးလိုလှပတဲ့ မျက်နှာလေးမှာ အမည်းကွက်တွေ၊ အညိုကွက်တွေနဲ့ ပြည့်နေပြီ၊ မလှတော့ဘူး”

အဒေါ်ဖန်းမှာ သူတို့နှင့် စကားများရန် စိတ်မပါတော့ဘဲ ခေါင်းငုံ့ကာ သမီးဖြစ်သူကို တိတ်တဆိတ်တွဲလျက် အိမ်သို့ ပြန်လာခဲ့သည်။

ထိုအချိန်တွင် ကျောက်ရှောင်ချင်၏မျက်နှာမှာ ဝက်ခေါင်းကဲ့သို့ ဖောင်းအစ်နေပြီး စကားမပြောနိုင်တော့ရာ သူမလည်း လူအုပ်ကြီးကို ဂရုစိုက်ရန် စိတ်မပါတော့ပေ။

သူတို့နှစ်ဦး ခိုးကြောင်ခိုးဝှက်ထွက်သွားသည်ကိုကြည့်ရင်း အဖွားကြီးများမှာ တော်တော်လေး ရယ်ချင်သွားကြ၏။

“အို၊ တကယ်ကို ရယ်ရတာပဲ၊ သူတို့ကို ဒီလိုအခြေအနေရောက်အောင် ဘယ်သူက ရိုက်လိုက်တာလဲမသိဘူး”

“ငါ့အမြင်ကို ပြောရရင်တော့ သူတို့ ခံထိုက်ပါတယ်၊ ကိုယ့် ခဲအိုကို မျက်နှာပြောင်တိုက်ပြီး မြူဆွယ်နေတာ၊ ကိုယ့်ကိုကိုယ် ဘယ်လောက်တန်ဖိုးရှိလဲဆိုတာတောင် ပြန်မကြည့်ဘူး”

“ကျွတ် ကျွတ်၊ နင်တို့တွေ ကိုယ့် မိဘအိမ်ကို သတိထားဖို့ သွားပြောကြဦးနော်၊ ဒီကောင်မလေးရဲ့ လှည့်စားတာကို မခံရစေနဲ့၊ သူက လိမ္မာတဲ့သူမဟုတ်ဘူး”

“စိတ်မပူပါနဲ့၊ မုဆိုးမိသားစုကလွဲရင် သူ့ကို ဘယ်သူက သဘောကျမှာလဲ”

“ဟုတ်တယ်၊ ရုပ်လည်း မရှိ၊ ဦးနှောက်လည်း မရှိ၊ ပြီးတော့ စိတ်သဘောထားကလည်း မကောင်းဘူး၊ သူ့ကိုသာ အိမ်ထဲ လက်ထပ်ခေါ်လာရင် အိမ်တစ်ခုလုံး ပြောင်းပြန်လှန်ခံရမှာ မဟုတ်ဘူးလား”

…

“မိန်းမ စိတ်မဆိုးပါနဲ့တော့၊ ငါ သူ့ကို ဂရုစိုက်ချင်လို့ မဟုတ်ပါဘူး”

လူကို မောင်းထုတ်ပြီးနောက် စုန့်ကျစ်ချုံးက သူ့ဇနီးကို ချော့မော့ရန် အလျင်အမြန်ပြန်လာခဲ့သည်။

သူမ၏ခင်ပွန်းက ထိုလူကို တွန့်ဆုတ်ခြင်းမရှိဘဲ ငြင်းပယ်ခဲ့ရုံသာမက ရိုက်နှက်သည်အထိပင် လုပ်ဆောင်ခဲ့သည်ကို တွေးမိကာ ကျောက်လီကျွမ်မှာ ရင်ထဲတွင် တော်တော်လေးကျေနပ်သွားသည်။

သို့သော် ဤအဖြစ်အပျက်က သူမအတွက် သတိပေးခေါင်းလောင်းတစ်ခု ဖြစ်လာခဲ့သည်။

“ဟွန့်၊ နောင်ကျရင် ကျွန်မတို့ မိသားစုဘဝလေး ပိုကောင်းလာတာနဲ့အမျှ အဲဒီလိပ်ပြာတွေ၊ ပျံလွှားတွေက သေချာပေါက် ဝိုင်းအုံလာကြတော့မှာ”

ထိုစကားကို ကြားသောအခါ စုန့်ကျစ်ချုံး သူ့ ခံစားချက်များကို အလျင်အမြန်ဖွင့်ဟလိုက်သည်။

“မိန်းမ ငါ မင်းတစ်ယောက်တည်းကိုပဲ ချစ်တာပါ၊ ဘယ်သူလာလာ ငါ ရိုက်လွှတ်မယ်၊ သွေးသံရဲရဲဖြစ်အောင် ရိုက်လွှတ်မယ်လို့ အာမခံတယ်”

ကျောက်လီကျွမ် ရယ်မောလိုက်သည်။

“ဟွန့်၊ ရှင်က ကျွန်မ ပျော်အောင် ဘယ်လိုချော့ရမလဲဆိုတာပဲ သိတယ်”

ခင်ပွန်းဖြစ်သူက သူ့ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြသခဲ့သော်လည်း ကျောက်လီကျွမ် ရင်ထဲတွင် စိုးရိမ်ပူပန်နေဆဲဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူမ၌ သားယောက်ျားလေး မရှိသေးသကဲ့သို့ ယောကျ်ားများအတွက် မယားသုံးယောက်၊ ကိုယ်လုပ်တော်လေးယောက် ထားရှိခြင်းက သာမန်ကိစ္စတစ်ခုဖြစ်နေရာ သူမ၏ခင်ပွန်းက တစ်နေ့နေ့တွင် တစ်ယောက်ယောက်အား အိမ်သို့မခေါ်လာဘူးဟု မည်သူမျှ အာမမခံနိုင်သောကြောင့်ဖြစ်သည်။

သို့သော် သူမ၏စိုးရိမ်ပူပန်မှုများမှာ မကြာမီမှာပင် ပြေပျောက်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဝူယွီလန်က သူမ၏ချွေးမများကို အာမခံချက်တစ်ခု မကြာမီ ပေးလိုက်သောကြောင့်ဖြစ်သည်။

“ဒီနေ့ ဘာဖြစ်ခဲ့တယ်ဆိုတာ အားလုံးမြင်ပြီးသားပဲ၊ နောင်ကျရင် အိမ်ထောင်စုအတွင်းမှာ ရှုပ်ထွေးမှုတွေ မဖြစ်ရအောင်လို့ ငါ စည်းကမ်းတစ်ခု သတ်မှတ်မယ်၊ စုန့်မိသားစုရဲ့ မျိုးဆက်တွေအားလုံး မယားငယ်ယူခွင့် လုံးဝမရှိဘူး”

ကျောက်လီကျွမ်မှာ အံ့ဩမှင်တက်သွားသည်။ ယောက္ခမဖြစ်သူက ရုတ်တရက် ဤသို့ပြောလာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

ဤစည်းကမ်းက သူမအတွက် သီးသန့်သတ်မှတ်ပေးလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

နောက်ဆုံးတွင် သူမမှာ သမီးမိန်းကလေးနှစ်ယောက်သာ မွေးဖွားထားနိုင်သေးပြီး ယခင်က ယောက္ခမဖြစ်သူ အစိုးရိမ်ဆုံးကိစ္စမှာ သူမ သားယောက်ျားလေး မမွေးနိုင်သေးသည့်ကိစ္စဖြစ်သည်။

သို့သော် ယခုအခါ ယောက္ခမဖြစ်သူက သားများကို မယားငယ်မယူရန် စည်းကမ်းသတ်မှတ်နေသည်ဆိုရာ….

‘ဒါ ဘာအဓိပ္ပာယ်လဲ'

‘ဒါ သူမကို ကျောထောက်နောက်ခံပေးလိုက်တာလေ သေချာတာပေါ့'

ကျောက်လီကျွမ် အနည်းငယ်စိတ်လှုပ်ရှားသွားသည်။

ဝူယွီလန် ဆက်ပြောလိုက်၏။

“မလုပ်နိုင်ဘူးဆိုရင်တော့ ဒီအိမ်ကနေ လက်ဗလာနဲ့ထွက်သွားကြ”

“အားလုံး ရှင်းရှင်းလင်းလင်းကြားကြရဲ့လား”

စုန့်ကျစ်ယုံနှင့် စုန့်ကျစ်ချုံးတို့မှာ မယားငယ်ယူရန် တစ်ကြိမ်တစ်ခါမျှ မတွေးဖူးခဲ့သဖြင့် ကျယ်လောင်စွာပြန်ဖြေလိုက်ကြသည်။

“ဟုတ်ကဲ့ပါ အမေ”

စုန့်ကျစ်ရှုမှာ ဇနီးပင်မရသေးရာ မယားငယ်ယူရန် တွေးတောနေမည်မဟုတ်သဖြင့် ခေါင်းညိတ်ကာ လိုက်လံသဘောတူလိုက်သည်။

သူမ၏ချွေးမသုံးယောက်လောက် လိမ္မာရေးခြားမရှိဘဲ စကားနားမထောင်သော သားသုံးယောက်ကိုကြည့်ကာ ဝူယွီလန် စဉ်းစားပြီးနောက် စာချုပ်တစ်ခု ရေးဆွဲရန် ဆုံးဖြတ်လိုက်သည်။

ဤသုံးယောက်က ဘယ်အချိန်အတောင်ပံပေါက်လာပြီး သူမ စကားအား နားမထောင်တော့မည်ကို တပ်အပ်မပြောနိုင်ပေ။

သူမ ပြောသည့်အတိုင်း လုပ်ဆောင်ခဲ့သည်။ ဝူယွီလန် စုန့်ကျစ်ရှုအား စာချုပ်လေးစောင် ချက်ချင်းရေးဆွဲစေလိုက်၏။

စာချုပ်၏အကြောင်းအရာမှာ ယေဘုယျအားဖြင့် သူတို့ တစ်သက်လုံး မယားငယ်ယူမည်မဟုတ်ကြောင်း အာမခံချက်ပေးခြင်းဖြစ်ပြီး ဖောက်ဖျက်ပါက လက်ဗလာဖြင့် အိမ်ပေါ်မှဆင်းသွားရမည်ဖြစ်ကာ ကလေးများနှင့် ငွေကြေးအားလုံးမှာ ဇနီးဖြစ်သူသာ ပိုင်ဆိုင်မည်ဖြစ်သည်။

စာချုပ်များ ရေးဆွဲပြီးနောက် ဝူယွီလန်သည် အိမ်တွင်ရှိနေသော သားသုံးယောက်ကို လက်မှတ်ရေးထိုးစေလိုက်သည်။

အိမ်တွင်မရှိသော စုန့်ကျစ်ခန်းအတွက်မူ သူ ပြန်လာချိန်အထိ စောင့်ဆိုင်းရမည်ဖြစ်၏။

“ကောင်းပြီ၊ စာချုပ်တွေလည်း လက်မှတ်ထိုးပြီးပြီ၊ မင်းတို့ကိုယ် မင်းတို့ ထိန်းသိမ်းရမယ်၊ တကယ်လို့ မလုပ်နိုင်ဘူးဆိုရင်တော့ ဒီအမေက ဘာ ညှာတာမှုမှ ပြမှာမဟုတ်ဘူးနော်”

ဝူယွီလန် စကားပြောရင်း ဤစာချုပ်များကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။

ဤအရာများက နောင်တစ်ချိန်တွင် သူမ၏ ချွေးမကောင်းများအတွက် အာမခံချက် ဖြစ်လာပေလိမ့်မည်။

“အမေ၊ အမေက တကယ်ကို ကျွန်မတို့ရဲ့ အမေအရင်းအတိုင်းပါပဲ”

ကျောက်လီကျွမ် ဝူယွီလန်ကို မှီတွယ်လိုက်ပြီး သူမ မျက်တောင်စွန်းများမှာ အနည်းငယ် နီရဲနေလေသည်။

ယောက္ခမဖြစ်သူက ခင်ပွန်းဖြစ်သူအား မယားငယ်မယူရန် အဆိုပြုလိုက်ခြင်းကပင် သူမကို အံ့ဩစေခဲ့ပြီးဖြစ်သော်လည်း ခင်ပွန်းဖြစ်သူအား စာချုပ်ပါ လက်မှတ်ရေးထိုးခိုင်း လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

လယ်သမားမိသားစုများအတွက် အသက်လေးဆယ်အရွယ်အထိ သားသမီးမရှိပါက မယားငယ်ယူခွင့်ရှိ၏။

သို့သော် သူမခင်ပွန်းက စာချုပ်တွင် လက်မှတ်ရေးထိုးလိုက်ခြင်းက အကယ်၍ လက်ဗလာဖြင့်မထွက်ခွာချင်ပါက နောင်တစ်ချိန်တွင် မယားငယ်ယူနိုင်မည့် အခွင့်အရေးမရှိတော့ကြောင်း ဆိုလိုခြင်းဖြစ်သည်။

ဝူယွီလန် ကျောက်လီကျွမ်၏လက်ကို ပုတ်ပေးလိုက်သည်။

“ကောင်းပြီ၊ ထမင်းစားကြရအောင်”

ထမင်းစားပွဲတွင် ချွေးမသုံးယောက်က ဝူယွီလန်၏ပန်းကန်ထဲသို့ ဟင်းများကို အဆက်မပြတ်ထည့်ပေးနေကြရာ ဝူယွီလန်မှာ မစားနိုင်လောက်အောင်ပင် ဖြစ်နေတော့သည်။

“ရပြီ၊ ရပြီ၊ အမေ့ဘာသာ အမေ ထည့်စားပါ့မယ်၊ နင်တို့လည်း စားကြ၊ စားကြလေ”

“အမေ၊ အမေ များများစားသင့်တယ်၊ ဒီရက်ပိုင်း အမေ့ကို ကြည့်ပါဦး၊ အလုပ်တွေများလွန်းလို့ ပိန်သွားလိုက်တာ”

ဝမ်ကွေ့ချင် အတင်းအကျပ်ပြောဆိုကာ ဝူယွီလန်၏ပန်းကန်ထဲသို့ အသားများကို မောက်နေအောင် ထည့်ပေးလိုက်၏။

“ဟုတ်တယ် အမေ၊ အမေက ဒီမိသားစုအတွက် တစ်နေ့လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာ၊ ကောင်းကောင်းစားရမယ်လေ”

လီရှို့ယွင်ကမူ ဝူယွီလန်အား ငါးဟင်းထည့်ပေးလိုက်သည်။

ကျောက်လီကျွမ် စကားမပြောသော်လည်း ဝူယွီလန်၏ပန်းကန်ကို စောင့်ကြည့်နေပြီး ထမင်းနည်းသွားတိုင်း ထပ်ထည့်ပေးနေလေ၏။

စုန့်ကျစ်ချုံး သူ၏ဗလာဖြစ်နေသော ပန်းကန်ကိုကြည့်ကာ ရင်ထဲတွင် အနည်းငယ်ချဉ်စူးစူးဖြစ်သွားရသည်။

‘ဘာဖြစ်လို့ ငါ့ဇနီးက ငါ့ထက် အမေ့ကို ပိုခင်တွယ်နေတယ်လို့ ခံစားရတာလဲ'

All Chapters