← Chapters

အခန်း ၁၆၀

Vol. 16 Ch. 160

အခန်း ၁၆၀

Vol. 16 Ch. 160

🍅 Chapter 160

ဝူယွီလန် သေတ္တာကို ဖွင့်ကြည့်လိုက်ရာ သပ်ရပ်စွာ စီရီထားသော ငွေတုံးဆယ်တုံးကို မြင်တွေ့လိုက်ရသည်။

သူမ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

‘ချမ်းသာတဲ့သူတွေက တကယ်ကို ရက်ရောကြတာပဲ'

“လုံလောက်ပါတယ်”

သူတို့က ငွေပေးချင်နေသည်ဖြစ်ရာ သူမကလည်း သဘာဝကျကျ သူတို့အစား နှမြောနေမည်မဟုတ်ပေ။

“သခင်မကြီး ဒီရောက်နေမှတော့ လက်လေးကမ်းပေးပါဦး၊ ကျန်းမာရေးသေချာအောင်လို့ သွေးခုန်နှုန်း စမ်းပေးပါ့မယ်”

“ဒုက္ခပေးသလိုဖြစ်သွားရပြီ”

ဝူယွီလန် လက်ကောက်ဝတ်တင်ခုံလေးကို ထုတ်ယူလိုက်သည်။

သခင်မကြီးကျန်း၏သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက် သူမ ဆေးစာတစ်စောင် အလျင်အမြန် ရေးပေးလိုက်သည်။

“သခင်မကြီးရဲ့ကျန်းမာရေးက ဆိုးရွားတာ ဘာတစ်ခုမှ ကြီးကြီးမားမား မရှိတော့ပါဘူး၊ အရင် ဆုံးရှုံးသွားတဲ့ ခွန်အားတွေကို ပြန်လည်ဖြည့်တင်းနိုင်ဖို့ ဆေးစာတစ်ခု ရေးပေးလိုက်ပါ့မယ်”

ထိုစကားကို ကြားသောအခါ သခင်မကြီးမှာ အလွန်ဝမ်းသာသွားသည်။

“ဒါဆိုရင် ကျေးဇူးတင်ပါတယ် သမားတော်ဝူ”

သူမ စကားပြောရင်း နောက်ထပ်ဆေးကုသစရိတ် ထုတ်ပေးရန် အထိန်းတော်ကွေ့ကို အချက်ပြလိုက်သည်။

ဝူယွီလန် သူမကို အလျင်အမြန် တားဆီးလိုက်သည်။

“သခင်မကြီး၊ ခုနကပေးတဲ့ ဆေးကုသစရိတ်က လုံလောက်နေပါပြီ၊ ထပ်ပြီး ကုန်ကျခံစရာမလိုတော့ပါဘူး”

ထိုစကားကို ကြားသောအခါ သခင်မကြီးကျန်း ဆက်လက်၍ အတင်းအကြပ် မလုပ်တော့သော်လည်း နောက်တစ်ခေါက် လာလည်သည့်အခါ ကောင်းမွန်သောအရာများ ပိုမိုယူဆောင်လာရန် တိတ်တဆိတ်စီစဉ်လိုက်သည်။

သူတို့နှစ်ဦး ခြံဝင်းထဲတွင် ခေတ္တမျှ ထိုင်နေကြ၏။

သခင်မကြီးကျန်း၏အကြည့်များက ကလေးချီထားသော လီရှို့ယွင်ထံသို့ ကျရောက်သွားသည်။ တစ်ခဏမျှ စဉ်းစားပြီးနောက် သူမက ပြောလိုက်သည်။

“ဒီရွာက ရှုခင်းတွေက တော်တော်လေး သာယာတာပဲ၊ သမားတော်ဝူ ကျွန်မနဲ့အတူ လမ်းလျှောက်ထွက်ဖို့ အချိန်ရနိုင်မလား”

ဝူယွီလန် သူမ၏ ရည်ရွယ်ချက်ကို သဘာဝကျကျပင် နားလည်လိုက်သည်။

ခြံဝင်းထဲတွင် စကားပြောရန် အဆင်မပြေသဖြင့် သီးသန့်စကားပြောချင်ခြင်းဖြစ်ပေမည်။

“ကောင်းပါပြီ”

သူမ သူတို့နှစ်ဦးကို မြစ်ကမ်းဘေး လမ်းကျဉ်းလေးအတိုင်း ခေါ်ဆောင်သွားလေသည်။

သခင်မကြီးကမူ စီးဆင်းနေသော ဆောင်းဦးမြစ်ရေပြင်ကို ငေးကြည့်ရင်း ရုတ်တရက် ရပ်တန့်လိုက်သည်။

“သမားတော်ဝူ”

“သခင်မကြီး၊ ပြောချင်တာရှိရင် လွတ်လွတ်လပ်လပ်သာပြောပါ”

“ဒါဆိုရင် ကျွန်မ စကားကို လှည့်ပတ်မနေတော့ဘူး၊ အခုလို အပြင်ခေါ်ထုတ်လာတာက သမားတော်ဝူရဲ့ ချွေးမအကြောင်းကို မေးချင်လို့ပါ”

အတိတ်ကို ပြန်လည်တွေးတောရင်း သခင်မကြီးက သက်ပြင်းချလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျွန်မတို့ ရန်သူတွေရဲ့ လိုက်လံတိုက်ခိုက်တာခံရလို့ ကျွန်မရဲ့သမီးလေးနဲ့ ကွဲကွာသွားခဲ့တယ်၊ သမားတော်ဝူရဲ့ ချွေးမက ကျွန်မရဲ့ ပျောက်ဆုံးသွားတဲ့သမီးလေးနဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းလောက် ဆင်တူနေတယ်”

စကားပြောရင်း သခင်မကြီးက အထိန်းတော်ကွေ့ထံသို့ လက်ကမ်းလိုက်သည်။

အထိန်းတော်ကွေ့က မြင်းလှည်းဆီသို့ ပြန်သွားကာ ပန်းချီကားလိပ်တစ်ခုကို ယူလာခဲ့ပြီး သခင်မကြီးထံသို့ အလျင်အမြန် ကမ်းပေးလိုက်သည်။

ပန်းချီကားလိပ်ကို ဖွင့်လိုက်ရာ အသက် ဆယ့်လေးငါးနှစ်အရွယ် မိန်းကလေးတစ်ဦး၏ပုံကို မြင်တွေ့လိုက်ရ၏။

တစ်ချက်ကြည့်ရုံဖြင့် ဝူယွီလန် သိလိုက်သည်။

‘ဒီပန်းချီကားထဲက မိန်းကလေးက စုန့်ကျစ်ခန်း ကယ်တင်လာခဲ့တုန်းက ငါ့တတိယချွေးမ လီရှို့ယွင်ရဲ့ အသွင်အပြင်နဲ့ တစ်ပုံစံတည်း တူညီနေတာပဲ’

‘ဒီပုံထဲကလူက လီရှို့ယွင်မဟုတ်လို့ ဘယ်သူဖြစ်နိုင်ဦးမှာလဲ’

‘ဒါကြောင့်ကိုး’

ဝူယွီလန် သခင်မကြီးအား ပထမဆုံးမြင်လိုက်ရချိန်က သူမကို တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ခံစားခဲ့ရသည်။

သူမက တတိယချွေးမဖြစ်သူနှင့် အလွန်တူညီလွန်းနေသောကြောင့် ထိုသို့ ထင်ယောင်ထင်မှား ဖြစ်သွားခဲ့ခြင်းပင်။

သို့သော် သတိထားသည့်အနေဖြင့် ဝူယွီလန် အလောတကြီးဝန်မခံခဲ့ပေ။

နောက်ဆုံးတွင် ဤသခင်မကြီးကျန်းသည် သမီးဖြစ်သူကို ရှာတွေ့ပြီးနောက် ဘာလုပ်ရန်ရည်ရွယ်ထားသည်ကို သူမ မသိရှိသောကြောင့်ဖြစ်သည်။

သြဇာအာဏာရှိပြီး ချမ်းသာသောမိသားစုများမှ သခင်မလေးများသည် များသောအားဖြင့် နိုင်ငံရေးအရ လက်ထပ်ထိမ်းမြားခြင်းအတွက် ယဇ်ကောင်များ ဖြစ်လေ့ရှိကြောင်းကို သိထားရပေမည်။

လီရှို့ယွင်မှာ စုန့်ကျစ်ခန်းနှင့် လက်ထပ်ပြီးဖြစ်သော်လည်း ဤဩဇာကြီးမားသော မိသားစုများက သူတို့၏ကိုယ်ကျိုးစီးပွားအတွက် စုန့်ကျစ်ခန်းနှင့် ကွာရှင်းရန် အတင်းအကျပ် ဖိအားပေးမည်မဟုတ်ဟု မည်သူကမျှ အာမမခံနိုင်ပေ။

သေချာသည်မှာ လီရှို့ယွင်ကိုယ်တိုင် ဆန္ဒရှိမည်ဆိုပါက ၎င်းက အခြားကိစ္စတစ်ခု ဖြစ်သွားပေလိမ့်မည်။

“သခင်မကြီး၊ ကျွန်မရဲ့ချွေးမက ရိုးရှင်းတဲ့ နောက်ခံကလာတာပါ၊ သူက သခင်မကြီး ရှာနေတဲ့သူ မဟုတ်လောက်ပါဘူး”

ဝူယွီလန်၏စကားများတွင် လျှို့ဝှက်သောအဓိပ္ပာယ် ပါဝင်နေကြောင်းကို သခင်မကြီးက သဘာဝကျကျပင် နားလည်လိုက်သည်။

သေချာစဉ်းစားကြည့်ပြီးနောက် ဝူယွီလန် မည်သည့်အရာအား စိုးရိမ်နေသနည်းဆိုသည်ကို သူမ သိရှိသွားသည်။

သူမ ရိုးသားစွာဖြင့် ပြောလိုက်သည်။

“သမားတော်ဝူ စိုးရိမ်စရာမလိုပါဘူး၊ ကျွန်မ သမီးကိုရှာတာ တခြားရည်ရွယ်ချက် ဘာမှမရှိပါဘူး၊ အခု သူ ကောင်းကောင်းမွန်မွန် နေထိုင်ရရဲ့လား၊ မိခင်တစ်ယောက်အနေနဲ့ နည်းနည်းပါးပါးလေးပဲဖြစ်ဖြစ် ပြန်လည်ကုစားပေးနိုင်မလားဆိုတာကို သိချင်ရုံသက်သက်ပါ”

“သူမ လိုချင်တဲ့ဘဝကို ရွေးချယ်ပိုင်ခွင့် သူမမှာ ရှိပါတယ်၊ နှစ်ပေါင်းများစွာ အတူမနေခဲ့ရတဲ့အတွက် ကျွန်မ အရမ်းကိုအပြစ်ရှိသလို ခံစားနေရပြီး ဘယ်လောက်ပဲ လျော်ကြေးပေးပေး လုံလောက်မယ်လို့ မခံစားရဘူး၊ သူမ မလုပ်ချင်တဲ့ကိစ္စကိုလုပ်ဖို့ ကျွန်မက ဘယ်လိုလုပ် အတင်းအကျပ် ဖိအားပေးရက်မှာလဲ”

ဉာဏ်ကောင်းသော သူတစ်ယောက်နှင့် စကားပြောရသည်မှာ လွယ်ကူလှသည်။

ထိုစကားကို ကြားသောအခါ ဝူယွီလန် အမှန်တရားကို ဆက်လက်ဖုံးကွယ်မထားတော့ပေ။

“ရှို့ယွင်ကို ကျွန်မရဲ့ တတိယသားက ခေါ်လာခဲ့တာပါ၊ သူမ ဒီကိုရောက်လာတုန်းက မှတ်ဉာဏ်တွေ ပျောက်ဆုံးနေခဲ့ပြီး သခင်မကြီးရဲ့ပန်းချီကားထဲက လူနဲ့ တစ်ပုံစံတည်း တူပါတယ်၊ သူမက မှတ်ဉာဏ်တွေ ပျောက်ဆုံးနေပေမဲ့ သူမရဲ့ပြောင်မြောက်လှတဲ့ ပန်းထိုးပညာကိုတော့ မမေ့သေးပါဘူး”

စကားပြောရင်း သူမ ခါးတွင်ချိတ်ဆွဲထားသော ပိုက်ဆံအိတ်လေးကို ဖြုတ်ယူလိုက်သည်။

“ဒီပိုက်ဆံအိတ်လေးက သူမ ကျွန်မအတွက် ထိုးပေးထားတာပါ”

အထိန်းတော်ကွေ့ ပိုက်ဆံအိတ်ကို လှမ်းယူကာ သခင်မကြီးရှေ့တွင် စိတ်လှုပ်ရှားစွာဖြင့် မြှောက်ပြလိုက်၏။

“သခင်မကြီး၊ ဒါက...”

“ဒီအစေခံကြီး အကြည့်မမှားဘူးဆိုရင် ဒါ ကျွန်မတို့ ကျန်းမိသားစုရဲ့ စုပန်းထိုးလက်ရာပဲ”

သခင်မကြီး ပိုက်ဆံအိတ်ပေါ်ရှိ ပန်းထိုးလက်ရာကို ထိတွေ့လိုက်ရာ သူမ၏လက်ချောင်းများမှာ အနည်းငယ် တုန်ယင်နေလေသည်။

“ဒါက စုပန်းထိုးလက်ရာဆိုတာ သံသယဖြစ်စရာ မလိုဘူး၊ ဒါ… စုပန်းထိုးလက်ရာပဲ”

“သူမက ငါ့ရဲ့ရော့ယွင်ပဲ၊ သူမက ငါ့ရဲ့ရော့ယွင်လေးပဲ”

သခင်မကြီး မျက်လုံးများနီရဲလျက် မျက်တောင်စွန်းရှိ မျက်ရည်များကို ပဝါဖြင့် ညင်သာစွာ သုတ်လိုက်ပြီး မိမိကိုယ်ကို ထိန်းချုပ်လိုက်သည်။

“သမားတော်ဝူ၊ ဘာမှ မမှားယွင်းဘူးဆိုရင် ဒီကလေးက ကျွန်မရဲ့သမီး လီရော့ယွင် ဖြစ်ဖို့များပါတယ်”

“အမှားအယွင်း မရှိရလေအောင်လို့ ကျွန်မ နောက်ထပ်တစ်ခုလောက် အတည်ပြုချင်ပါသေးတယ်၊ ဒီကလေးရဲ့ လက်မောင်းမှာ လခြမ်းပုံစံ မွေးရာပါအမှတ် ပါလားဟင်”

“လခြမ်းပုံစံ မွေးရာပါအမှတ်လား”

ဝူယွီလန် သေချာစဉ်းစားကြည့်လိုက်သည်။

“ကျွန်မ မှတ်မိသ‌လောက်တော့ ဘာမွေးရာပါအမှတ်မှ မရှိပါဘူး”

All Chapters