အခန်း ၄၂၇
Vol. 39 Ch. 427
အခန်း (၄၂၇) - အခွင့်အရေးတစ်ခုပေးမယ်
ဘာသာပြန် - အားသစ်
“လင်းဖုန်း နဂါးနက်ဂိုဏ်းချုပ်ရော ဘယ်ရောက်သွားပြီလဲဟင်”
လင်းလင်းက အလျင်အမြန် မေးလိုက်သည်။ သူမသည် ပုံမှန်အားဖြင့် အကောင်းမြင်စိတ်ရှိသူ ဖြစ်သော်လည်း နဂါးနက်ဂိုဏ်းချုပ်၏ ကြောက်မက်ဖွယ်ကောင်းမှုကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ခဲ့ရသဖြင့် သူမ၏နှလုံးသား အနက်ရှိုင်းဆုံးနေရာတွင် ကြောက်ရွံ့မှု အနည်းငယ် ကိန်းအောင်းကျန်ရှိနေဆဲ ဖြစ်သည်။
“သေချာပေါက် ဖြေရှင်းပြီးသွားပြီပေါ့။ အက်ကွာဂြိုဟ်က နောင်အနာဂတ်မှာ တော်တော် ဘေးကင်းသွားပါပြီ”
“ကောင်းလိုက်တာ…တကယ်ကောင်းတယ်”
လင်းလင်း စိတ်သက်သာရာရကာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူမ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားသည်။ သူမသည်ကား မူလကတည်းက သာမန် မိန်းကလေးတစ်ယောက်သာ ဖြစ်၏။ ကယ်တင်ရှင်အဖြစ် ထမ်းဆောင်ရသည့် ကြီးလေးလှသော တာဝန်ဝတ္တရားက သူမအား အသက်ရှူကျပ်လုနီးပါး ဖြစ်စေခဲ့သည်။
ယခုအခါ အကျပ်အတည်းကို ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်ရာ သူမအနေဖြင့် နောင်အနာဂတ်တွင် အက်ကွာဂြိုဟ် ဘေးအန္တရာယ် ကြုံတွေ့ရမည်ကို စိုးရိမ်နေစရာ မလိုတော့ပေ။
သို့သော်လည်း လန်ထျန်းကမူ ထိုမျှအထိ စိတ်အေးမသွားခဲ့ပေ။ သူက အသံတိုးတိုးဖြင့် စကားဆိုလိုက်သည်။
“လင်းဖုန်း… အက်ကွာဂြိုဟ်က လောလောဆယ်လောက်ပဲ ဘေးကင်းမှာ ကျွန်တော် စိုးရိမ်မိတယ်။ ကျွန်တော် ထင်တာ မမှားဘူးဆိုရင် နဂါးနက်ဂိုဏ်းချုပ်နဲ့ မင်းနဲ့က စကြဝဠာထဲက လာကြတာ မဟုတ်လား”
လင်းဖုန်းက လန်ထျန်းကို အနည်းငယ် အံ့ဩသွားဟန်ဖြင့် တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“မင်း ပြောတာ အမှန်ပဲ။ နဂါးနက်ဂိုဏ်းချုပ်နဲ့ ငါနဲ့က အက်ကွာဂြိုဟ်ရဲ့ အပြင်ဘက် စကြာဝဠာကနေ လာကြတာ”
လင်းဖုန်း၏ အတည်ပြုချက်ကို ကြားလိုက်ရသောအခါ လန်ထျန်း အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး အသံတိုးတိုးဖြင့် ဆက်ပြော၏။
“ဒါဆိုရင် နဂါးနက်ဂိုဏ်းချုပ် ပေါ်လာနိုင်တယ်ဆိုမှတော့ နောင်အနာဂတ်မှာလည်း နောက်ထပ် တစ်ယောက် ပေါ်လာနိုင်သေးတာပေါ့။ ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲမှာ ကျွန်တော်တို့ရဲ့ အက်ကွာဂြိုဟ်က လုံးဝ မလုံခြုံနေဘူးပေါ့”
လင်းဖုန်းက ခေါင်းအသာယမ်းကာ စကားဆိုလိုက်သည်။
“မင်း ပြောတာ တကယ်တော့ မမှားပါဘူး။ ဒါပေမဲ့ နဂါးနက်ဂိုဏ်းချုပ်လို သက်ရှိမျိုးတွေက တကယ်တော့ အရမ်းရှားတယ်။ မင်းတို့ အက်ကွာဂြိုဟ်အနေနဲ့ တိုက်တိုက်ဆိုင်ဆိုင် ကြုံရဖို့ အခွင့်အလမ်းက ပိုလို့တောင် နည်းသေးတယ်။ ဒါပေမဲ့ မင်းတို့ အန္တရာယ်ကို သိပြီး စိုးရိမ်စိတ်ရှိနေတာကတော့ အကောင်းဆုံးပါပဲ။ စကြဝဠာရဲ့ အတိုင်းအတာအရ မင်းတို့ အက်ကွာဂြိုဟ်လောက်က တကယ့်ကို ထည့်ပြောဖို့တောင် မတန်ဘူးဆိုတာ မင်း သိထားရမယ်”
လင်းဖုန်း၏ စကားကို ကြားပြီးနောက် လန်ထျန်း အံတင်းတင်းကြိတ်ကာ ဆုံးဖြတ်ချက်တစ်ခု ယတိပြတ် ချလိုက်သည်။ သူ ရုတ်တရက် ရှေ့သို့ တစ်လှမ်း တိုးလိုက်ကာ လင်းဖုန်း၏ရှေ့ မြေပြင်ပေါ်သို့ ဒူးထောက်လိုက်သည်။ သူက တည်ကြည်လေးနက်ကာ ပြတ်သားလှသည့် လေသံဖြင့် စကားဆို၏။
“အရှင်လင်းဖုန်း… ကျွန်တော့်ကို ကူညီပေးပါ။ ပြီးတော့ အက်ကွာဂြိုဟ်ကိုလည်း ကူညီပေးပါ။ အက်ကွာဂြိုဟ် ဒီလောက်အထိ အားနည်းတာမျိုး ကျွန်တော် မမြင်ချင်တော့ဘူး။ အက်ကွာဂြိုဟ်ပေါ်က လူသားတွေရဲ့ ကံကြမ္မာကို မသေချာ မရေရာတဲ့ ကံတရားအပေါ်မှာပဲ ပုံအပ်မထားချင်တော့ဘူး။ တကယ်လို့ ကျွန်တော့်မှာသာ နဂါးနက်ဂိုဏ်းချုပ်နဲ့ အရှင်တို့လို စွမ်းအားမျိုးသာ ရှိမယ်ဆိုရင် အက်ကွာဂြိုဟ်ဟာ အခုထက် အဆတစ်ရာမက ပိုပြီး ဘေးကင်းသွားမှာ သေချာပါတယ်”
ကျင့်ကြံခြင်းစိတ်နှလုံး
ဤလန်ထျန်းက တကယ်ပင် ရဲရင့်ပြတ်သားပြီး စဉ်းစားဆင်ခြင်ဉာဏ် ရှိသည်ဟု ဆိုရပေမည်။ လင်းဖုန်း၊ နဂါးနက်ဂိုဏ်းချုပ်တို့နှင့် လက်ရှိ သူကိုယ်တိုင်အကြား ကွာဟချက်ကို ဉာဏ်ရှိရှိ သတိပြုမိခဲ့ပြီး ထိုသို့ အားကောင်းလှသော စွမ်းအားကိုပင် ရယူလိုသည်။
ထိုအတွေးမျိုး ရှိရုံမျှနှင့်ပင် သူ့ကို လျှော့မတွက်သင့်တော့ချေ။ ဤသည်က ကျင့်ကြံခြင်းအတွက် ရှိအပ်သော နှလုံးသားပင်။
ကယ်တင်ရှင်အဖြစ် မူလဇာစ်မြစ်မှ စွမ်းအားကို ရရှိထားသော လင်းလင်းတွင်မူ ထိုကဲ့သို့သော အတွေးမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။ သူမက ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပြီး ငြိမ်းချမ်းစွာဖြင့်သာ အသက်ရှင်သွားလိုသည်။ ထိုဘဝကပင် သူမအတွက် လုံလောက်နေပြီ ဖြစ်သည်။
မူလက လင်းဖုန်း ဤလန်ထျန်းကို အထင်မကြီးခဲ့ပေ။ ဤကောင်လေးက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး ကယ်တင်ရှင်ဖြစ်ရုံဖြင့် အရာအားလုံးကို တတ်စွမ်းနိုင်သည်ဟု အထင်ရောက်နေခဲ့သည်။ သို့သော်လည်း လန်ထျန်းတွင် ယခုလို အတွေးမျိုး ရှိလိမ့်မည်ဟု လင်းဖုန်း မထင်ထားခဲ့ပေ။ ယခုလက်ရှိ သူက ကျင့်ကြံခြင်းအတွက် အလွန်တရာ စိတ်အားထက်သန်ကာ ရည်မှန်းချက်သို့ မရောက်မချင်း ဇွဲမလျှော့စတမ်း အားကြိုးမာန်တက် ကြိုးစားသွားမည့်ဟန် ရှိသည်။
မည်သို့ပင်ဆိုစေ ဇွဲရှိခြင်းက ကျင့်ကြံခြင်းအတွက် ကောင်းမွန်လှသည့် အရည်အချင်းတစ်ခုပင် မဟုတ်ပါလော။ အခက်အခဲ အတားအဆီးများကို ဇွဲမလျှော့စတမ်း ရင်ဆိုင်ဖြေရှင်းသွားမည့် စိတ်ဓာတ်ခိုင်မာမှုမျိုး မရှိဘဲ ကျင့်ကြံခြင်းလမ်းစဉ်တွင် မည်သို့လျှင် ရှေ့ဆက်သွားနိုင်ပါမည်နည်း။
“အရှင်လင်းဖုန်း… ကျွန်တော့်ကို ကူညီပေးပါ”
လန်ထျန်းက ထပ်မံ ဦးညွှတ်ကာ တောင်းဆိုလိုက်သည်။ သူ လင်းဖုန်းထံမှ အကူအညီရရန် စိတ်ရင်းမှန်ဖြင့် တောင်းခံနေခြင်း ဖြစ်သည်။ လင်းဖုန်းနှင့် နဂါးနက်ဂိုဏ်းချုပ်တို့၏ ခမ်းနားထည်ဝါလှသော စွမ်းအားကို မြင်တွေ့ရပြီးနောက် လန်ထျန်း၏ စိတ်နှလုံးအိမ်အတွင်း ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားခဲ့ရသည်။
ဂြိုဟ်တစ်ခုလုံးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သော ထိုကြီးမားခံ့ထည်လှသည့် စွမ်းအားက သူ့ကိုအတောမသတ်နိုင်အောင် ရင်ခုန်စိတ်လှုပ်ရှားသွားစေခဲ့သည်။ သူ၏ စိတ်နှလုံးတစ်ခုလုံးကို အပြည့်အဝ ကြီးစိုးလွှမ်းမိုးသွားခဲ့သည်။ အခွင့်အရေးက အနည်းငယ်မျှသာ ရှိလျှင်ပင် သူ အတတ်နိုင်ဆုံး ကြိုးစားကာ ဖမ်းဆုပ်ရပေမည်။ မဟုတ်ပါက သူ့ဘဝတစ်လျှောက်လုံး သေချာပေါက် နောင်တရနေရပေလိမ့်မည်။
“မင်းသာ ဒီကျင့်စဉ်ကို တစ်လအတွင်း ကျွမ်းကျင်အောင် လေ့ကျင့်နိုင်မယ်ဆိုရင် မင်းကို ငါ အခွင့်အရေးတစ်ခု ပေးမယ်”
ထိုသို့ပြောပြီးနောက် လင်းဖုန်းက စိတ်စွမ်းအားကို အသုံးပြုကာ ကျင့်စဉ်တစ်ခုကို လန်ထျန်း၏ စိတ်ထဲသို့ တိုက်ရိုက် ထည့်သွင်းပေးလိုက်သည်။ စင်စစ်တွင် ယင်းက စိတ်စွမ်းအားကျင့်စဉ်တစ်ခုသာ ဖြစ်ပြီး ပထမအဆင့်ကိုသာ ပေးခဲ့ခြင်း ဖြစ်သည်။
ထိုကျင့်စဉ်က ထူးထူးခြားခြား ဘာမှမရှိပေ။ သာမန် စိတ်စွမ်းအားကျင့်စဉ်တစ်ခုသာ ဖြစ်သည်။ ယင်းက အလွန်ခက်ခဲလှသည် မဟုတ်သော်လည်း ပထမအဆင့်ကို တစ်လအတွင်း ကျွမ်းကျင်ရန်ကမူ စင်စစ်တွင် အလွန်တရာ တင်းကျပ်လှသော သတ်မှတ်ချက် ဖြစ်သည်။ သို့သော်လည်း ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ လျှောက်လှမ်းလိုပါက မည်သည့် ပါရမီမှ မရှိဘဲ မည်သို့နှယ် ဝေးဝေးသွားနိုင်ပါမည်နည်း။
လင်းဖုန်း လန်ထျန်းကို အခွင့်အရေးတစ်ခု ပေးခဲ့သည်။ လန်ထျန်းအနေဖြင့် ထိုအခွင့်အရေးကို ဆုပ်ကိုင်နိုင်ခြင်း ရှိ မရှိကမူ သူ့အပေါ်၌သာ လုံးလုံးလျားလျား မူတည်ပေလိမ့်မည်။
“တစ်လပြည့်ရင် ငါ မင်းဆီ ပြန်လာခဲ့မယ်”
စကားဆုံးသည်နှင့် လင်းဖုန်း၏ ပုံရိပ်က လျှပ်ပြတ်သည့်အလား လှုပ်ရှားသွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
လန်ထျန်းသည် သူ့စိတ်ထဲရှိ ကျင့်စဉ်ကို ဂရုတစိုက် ဆင်ခြင်သုံးသပ်ကြည့်လိုက်သည်။ သူ အလွန် စိတ်လှုပ်ရှားနေပြီး လက်သီးများကိုသာ ခပ်တင်းတင်း ဆုပ်လိုက်မိသည်။ ဤသည်က အခွင့်အရေးကြီးတစ်ခု ဖြစ်၏။ တစ်သက်တွင် တစ်ကြိမ်သာ ရနိုင်မည့် အခွင့်အရေးပင်။
“တစ်လ… ငါ့မှာ အချိန်တစ်လပဲ ရှိတယ်။ ဒီကျင့်စဉ်ကို ငါ ဘာပဲဖြစ်ဖြစ် သေချာပေါက် ကျွမ်းကျင်အောင် လုပ်ရမယ်”
လန်ထျန်း အချိန်မဖြုန်းတော့ဘဲ သူ့အခန်းထဲသို့ ချက်ချင်း ပြန်သွားသည်။ သူ မည်သည့် အရင်းအနှီးကိုမဆို အကောင်းဆုံး ပေးဆပ်ပြီး ဤကျင့်စဉ်ကို ကျွမ်းကျင်ရန် အစွမ်းကုန် ကြိုးစားလိုသည်။ ယင်းက သူ့ကို ပိုမိုမြင့်မားသော ကမ္ဘာကြီးဆီသို့ ဦးဆောင်သွားနိုင်မည့် စမ်းသပ်ချက်တစ်ခု ဖြစ်၏။
…………
လင်းဖုန်း ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ကောင်းကင်ယံထက်သို့ ရောက်ရှိသွားသည်။
သူက ပတ်ဝန်းကျင်ကို ကြည့်ကာ ပြောလိုက်သည်။
“မင်းတို့ရဲ့ အကျပ်အတည်းကို ငါ ကူညီဖြေရှင်းပေးပြီးပြီ။ မင်း ငါ့ကို ကတိပေးထားတဲ့ အကျိုးအမြတ်တွေကို ပေးဖို့အတွက် အချိန်တန်ပြီ”
ပတ်ဝန်းကျင်တစ်ခုလုံးက ဟာလာဟင်းလင်း ဖြစ်နေသည်။ လေစီးကြောင်းမှတပါး မည်သူမျှ မရှိချေ။
သို့သော်လည်း လင်းဖုန်းသည် သူ အက်ကွာဂြိုဟ်ပေါ်တွင် ရှိနေသရွေ့ သူပြောသမျှကို အခြားတစ်ဖက်က အကုန်ကြားမည်ကို သူ သိ၏။ ထိုအရာက လူသားတစ်ဦး မဟုတ်ဘဲ ဂြိုဟ်၏ မူလဇာစ်မြစ် ဖြစ်သောကြောင့်ပင်။
လင်းဖုန်း နတ်ဘုရားလက်စွပ်မှတဆင့် ဂြိုဟ်၏ မူလဇာစ်မြစ်နှင့် ဆက်သွယ်ရန်ပင် မလိုပေ။ ဂြိုဟ်၏ မူလဇာစ်မြစ်က သေချာပေါက် သိလိမ့်မည်ဟု သူ ယုံကြည်သည်။
ထင်ထားသည့်အတိုင်း လင်းဖုန်း စကားပြောပြီးသည်နှင့် ပတ်ဝန်းကျင်၌ လေပြင်းများ တိုက်ခတ်လာပြီး နက်ရှိုင်းသော တံခါးပေါက်တစ်ခု ပေါ်ထွက်လာသည်။ လင်းဖုန်း စက္ကန့်ပိုင်းမျှပင် တုံ့ဆိုင်းမနေပေ။ ယင်းက ဂြိုဟ်၏ မူလဇာစ်မြစ်မျှသာ ဖြစ်သည်။ အကယ်၍ သူသာ မူလဇာစ်မြစ်ကို ဖျက်ဆီးလိုပါက အလွယ်တကူ လုပ်ဆောင်နိုင်သည်။
ထို့ကြောင့် သူ နက်ရှိုင်းသော တံခါးပေါက်ထဲသို့ တိုက်ရိုက် လျှောက်လှမ်းဝင်ရောက်သွားတော့သည်။
ဝီ
ကြီးမားသော တံခါးပေါက်နောက်တွင် ကြီးမြတ်လှသော မူလဇာစ်မြစ်စွမ်းအားများ ရှိနေသည်။ လင်းဖုန်း သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ထိုမူလဇာစ်မြစ်စွမ်းအားများက လုံးဝ ဖုံးလွှမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ အလွန် သက်တောင့်သက်သာ ရှိလှ၏။
“တစ်လ”
လင်းဖုန်း၏ စိတ်ထဲတွင် အသံတစ်ခု ထွက်ပေါ်လာသည်။ ယင်းက မူလဇာစ်မြစ်၏ အသံ ဖြစ်ရပေမည်။ ဤနေရာက ဂြိုဟ်၏ မူလဇာစ်မြစ်သာ ဖြစ်ရမည်။
လင်းဖုန်းတွင် တစ်လသာ အချိန်ရှိသော်လည်း သူ အလျင်မလိုပေ။ ထိုအစား သူ ပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်လိုက်သည်။ ဤနေရာက အထူးဟင်းလင်းပြင်တစ်ခု ဖြစ်သင့်ပေသည်။ မဟုတ်လျှင် မြေအောက် အနက်ရှိုင်းဆုံးနေရာ ဖြစ်နိုင်သည်။
မူလဇာစ်မြစ်စွမ်းအားက နေရာတိုင်းတွင် ရှိနေသည်။ ထိုမူလဇာစ်မြစ်စွမ်းအားများထဲတွင် နစ်မြုပ်နေစဉ် လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ်ဆဲလ်များနှင့် စိတ်စွမ်းအား နှစ်ခုစလုံး တဖြည်းဖြည်း တိုးတက်လာသည်ကို ကောင်းကောင်း ခံစားသိရှိနိုင်သည်။
စင်စစ်တွင် သာမန်ဂြိုဟ်တစ်လုံး၏ မူလဇာစ်မြစ်ကို ရယူရန်မှာ အလွန် ခက်ခဲလှသည်။ ဂြိုဟ်တစ်လုံး ဝါးမြိုခံရလျှင်ပင် ထိုဂြိုဟ်၏ မူလဇာစ်မြစ်ကလည်း လုံးဝ ဝါးမြိုခံရမည် ဖြစ်သည်။ သို့သော်လည်း မူလဇာစ်မြစ်ကို သီးသန့် ခွဲထုတ်ရန်ကမူ အလွန် ခက်ခဲလှသည်။ အနည်းဆုံး သာမန်ဂြိုဟ်အဆင့် သက်ရှိများက ထိုကိစ္စရပ်ကို လုပ်ဆောင်နိုင်စွမ်း မရှိပေ။
လင်းဖုန်း စိတ်ဆန္ဒရှိသော ဂြိုဟ်၏ မူလရင်းမြစ်နှင့် ကြုံတွေ့ပြီး ၎င်းနှင့် အပေးအယူတစ်ခုကို ပြုလုပ်နိုင်ခဲ့သည်။ ထိုကဲ့သို့သော အခွင့်အရေးမျိုးကို ကံကောင်းထောက်မ၍သာ ကြုံတွေ့နိုင်၏။ သူသည်လည်း ဤအခွင့်အရေးကို အလွန် တန်ဖိုးထားမိသည်။
အပေးအယူ၏ အဓိကအချက်မှာ လင်းဖုန်း၏ စိတ်စွမ်းအားကို နောက်ထပ်အဆင့်တစ်ခုအထိ တိုးမြှင့်ပေးရန် ဖြစ်၏။ ဂြိုဟ်အဆင့် သက်ရှိတစ်ယောက်၏ စိတ်စွမ်းအားနှင့် လုံးဝ ယှဉ်နိုင်မည့် ဆဋ္ဌမအဆင့်သို့ တိုးမြှင့်ပေးရန် ဖြစ်သည်။ သို့သော်လည်း မူလဇာစ်မြစ်စွမ်းအားများ၏ ဝန်းရံမှုအောက်တွင် လင်းဖုန်းအနေဖြင့် စိတ်စွမ်းအားသာမကဘဲ အခြားအရာများပါ တိုးတက်လာသည်ကို ထငမထင်ရှားရှား ခံစားနေရသည်။
ထို့ကြောင့် လင်းဖုန်း အားနာမနေတော့ပေ။ သူ တိုက်ပွဲဝင်ခန္ဓာကိုယ် လမ်းညွှန်ကျင့်စဉ်ကို စတင်လည်ပတ်စေလိုက်သည်။ ချက်ချင်းပင် သူ့ခန္ဓာကိုယ်ထဲရှိ ဆဲလ်တိုင်းက ပျော်ရွှင်မြူးထူးနေကြသည့် ကလေးများအလား တက်ကြွလှုပ်ရှားလာသည်။ ဤနေရာတွင် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို မထုတ်ဖော်နိုင်သော်လည်း ဆဲလ်တိုင်းက အဆက်မပြတ် ကွဲပွားများပြားလာနေလေပြီ။
ယင်းက ဆဲလ်များ၏ ကိုယ်ပိုင်လှုပ်ရှားမှုဖြင့် ကွဲပွားခြင်း ဖြစ်ပြီး လင်းဖုန်း၏ ထိန်းချုပ်မှုကြောင့် ဖြစ်ပေါ်လာသည် မဟုတ်ပေ။ ဤသည်မှာ လုံးဝ ကွဲပြားခြားနားသော အခြေအနေတစ်ခု ဖြစ်သည်။
လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ် ပြီးပြည့်စုံခြင်းအဆင့်သို့ပင် ရောက်ရှိရန် အခွင့်အရေး ရှိနေသည်။
ပြီးပြည့်စုံခြင်းအဆင့်သို့ မရောက်နိုင်လျှင်ပင် သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကြီးကြီးမားမား တိုးတက်စေပေလိမ့်မည်။ လင်းဖုန်းအတွက် ရရှိမည့် အကျိုးကျေးဇူးများက စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှ၏။
ထို့အပြင် စိတ်စွမ်းအား တိုးတက်မှုလည်း ရှိသေးသည်။ ယခုကဲ့သို့ တစ်သက်တွင် တစ်ကြိမ်သာ ရနိုင်သော အခွင့်အရေးနှင့် ကြုံတွေ့နေရသဖြင့် လင်းဖုန်း အချိန်ဆွဲမနေတော့ဘဲ ဂြိုဟ်၏ မူလရင်းမြစ်ထဲတွင် အလုံးစုံ နစ်မြုပ်သွားလေတော့သည်။
ထာဝရသိုင်းတာအိုအရှင်