အခန်း ၄၂၈
Vol. 39 Ch. 428
အခန်း (၄၂၈) - အဆင့်မြှင့်ခြင်း
ဘာသာပြန် - အားသစ်
ဂြိုဟ်၏ မူလဇာစ်မြစ်စွမ်းအားများဖြင့် ဝန်းရံခံထားရစဉ် လင်းဖုန်း မိခင်၏ ဝမ်းကြာတိုက်ထဲသို့ ပြန်လည်ရောက်ရှိသွားသည့်ပမာ ခံစားလိုက်ရ၏။ အလွန်တရာ နွေးထွေးကာ ဘေးကင်းလုံခြုံသည်ဟု ခံစားရသည်။
သူ၏ အသိစိတ်က ထိုစွမ်းအားများထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားသည်။ သူကိုယ်တိုင်ပင် သတိမထားမိဘဲ စိတ်စွမ်းအားများက သူ၏ စိတ်ဝိဉာဉ် အဆင့်မြင့်လာသကဲ့သို့ တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်တိုက် တိုးတက်နေ၏။
လင်းဖုန်း ဂြိုဟ်၏ မူလဇာစ်မြစ်မှတစ်ဆင့် အက်ကွာဂြိုဟ် တဖြည်းဖြည်းနှင့် မရှိရာမှ ရှိရာသို့ တစ်စတစ်စ ဖြစ်တည်လာပုံကိုပင် မြင်နိုင်ခဲ့သည်။
အက်ကွာဂြိုဟ်သည် ကနဦးတွင် မဟာပေါက်ကွဲမှုပြီးနောက် စကြဝဠာထဲရှိ ဖုန်မှုန့်များအဖြစ် စတင်ခဲ့သည်။ ထို့နောက် စကြဝဠာ ဥက္ကာခဲအစအနများ အဆက်မပြတ် စုစည်းမိလာကာ တဖြည်းဖြည်း ကျယ်ပြန့်လာပြီး နောက်ဆုံးတွင် အက်ကွာဂြိုဟ်အဖြစ် ရုပ်လုံးပေါ်လာသည်။
ဤလုပ်ငန်းစဉ်က အလွန်တရာ နှေးကွေးသော်လည်း အလွန်ပင် တန်ဖိုးရှိလှသည်။ အနည်းဆုံး လင်းဖုန်းအနေဖြင့် ဂြိုဟ်တစ်လုံး၏ မွေးဖွားခြင်းကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ယခုမူ သူ မြင်တွေ့ခဲ့ရလေပြီ။
ဂြိုဟ်ဆင့်သက်ရှိများ ဆိုသည်မှာလည်း ဤသို့ပင် မဟုတ်ပါလော။
အစပိုင်းတွင် သူတို့အားလုံး အလွန်အားနည်းကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း အဆက်မပြတ် တိုးတက်လာကြ၏။ နောက်ဆုံးတွင် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းများကို ဖြတ်သန်းကာ ဂြိုဟ်အဆင့်သက်ရှိများ ဖြစ်လာရန်အတွက် အသက်အနှစ်သာရကို ဆင့်ကဲတိုးတက်စေကြခြင်း ဖြစ်သည်။
အချိန်များက တဖြည်းဖြည်း ကုန်ဆုံးသွား၏။ တစ်ရက်၊ နှစ်ရက်၊ ငါးရက်၊ ဆယ်ရက်...
လင်းဖုန်း အချိန်ကုန်ဆုံးသွားသည်ကိုပင် မခံစားမိတော့ချေ။ သူ စက္ကန့်တိုင်း အဆင့်မြင့်တက်နေသကဲ့သို့ ခံစားနေရသည်။ စင်စစ်တွင် သက်ရှိတိုင်း၌ စိတ်ဝိဉာဉ်တစ်ခုစီ ရှိကြ၏။ သို့သော်လည်း ယင်းက ကောလာဟလတချို့ ပြောသလို မဟုတ်ပေ။
စိတ်ဝိဉာဉ်က အတိအကျ သတ်မှတ်၍မရသလို သီးခြားပုံသဏ္ဌာန်လည်း မရှိချေ။ ကျင့်ကြံသူများပင် ယင်းကို မခံစားမိနိုင်သော်လည်း တကယ် ရှိနေသည်။ စိတ်ဝိဉာဉ်ဟု ခေါ်ဆိုသောအရာက စိတ်စွမ်းအား၊ စိတ်ဆန္ဒနှင့် အသိစိတ်တို့ မြင့်မားစွာ ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ယင်းတွင် ပုံသဏ္ဌာန်အတိအကျမရှိပေ။ ခံစားသိရှိနိုင်ခြင်းလည်း မရှိပေ။ သို့သော်လည်း ကျင့်ကြံသူတိုင်းအတွက် မရှိမဖြစ် လိုအပ်သည်။ အကြောင်းမှာ စကြဝဠာ၏ အမှန်တရားနှင့် နိယာမများကို နားလည်သဘောပေါက်ရန် ကြိုးစားသည့်အခါ စိတ်ဝိဉာဉ်ကို အသုံးပြုရန်မှတပါး အခြားရွေးချယ်စရာ မရှိသောကြောင့်ပင် ဖြစ်၏။
ထိုအခိုက်တွင် လင်းဖုန်း သူ၏ စိတ်ဝိဉာဉ်က အဆင့်မြင့်တက်သွားသလို ခံစားလိုက်ရသည်။
ဝုန်း...
နောက်ဆုံးတွင် လင်းဖုန်း သူ၏ စိတ်ဝိဉာဉ် အဆင့်မြှင့်တင်မှုက အရေးပါသည့် အလှည့်အပြောင်း နေရာတစ်ခုသို့ ရောက်ရှိသွားကြောင်း ခံစားလိုက်ရ၏။ ထို့နောက် တဖြည်းဖြည်းနှင့် ထိုအလှည့်အပြောင်းအမှတ်ကို ဖြတ်ကျော် ဖောက်ထွက်သွားတော့သည်။ သူ၏ အသိစိတ်နှင့် စိတ်စွမ်းအား နှစ်ခုစလုံးက အလျင်အမြန် ကျယ်ပြန့်လာသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
ယင်းက နယ်ပယ်အသစ်စက်စက်တစ်ခုသို့ ရောက်ရှိသွားသလိုပင်။
ဥပမာအားဖြင့် ယခင်က သူ မြောင်းငယ်လေးတစ်ခုထဲတွင် ပိတ်မိနေခဲ့သော်လည်း ယခုမူ ရုတ်တရက် စမ်းချောင်းလေးတစ်ခုထဲသို့ ရောက်ရှိသွားသည့်နှယ် ဖြစ်၏။ ထိုခံစားချက်က မိုးမြေပြောင်းပြန်လန်မတတ် ပြင်းထန်လှသည်။
လင်းဖုန်း မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ လက်ရှိအချိန်တွင် သူသည် ဂြိုဟ်၏ မူလဇာစ်မြစ်ထဲ၌ ရှိနေဆဲပင်။ သို့သော်လည်း သူ၏ စိတ်စွမ်းအားကမူ ကြီးကြီးမားမား ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့သွားခဲ့လေပြီ။
စိတ်စွမ်းအားလမ်းညွှန်ပညာရပ်၏ ဆဌမအဆင့်က ဂြိုဟ်အဆင့် စိတ်စွမ်းအားကို ကိုယ်စားပြုသည်။
ယင်းက အတိတ်က ပထမအဆင့်၊ ဒုတိယအဆင့်နှင့် ပဉ္စမအဆင့်တို့နှင့် ကွာခြားလှ၏။ ဆဌမအဆင့် စိတ်စွမ်းအားက အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်သည်။ လင်းဖုန်း၏ လက်ရှိစိတ်စွမ်းအားဖြင့် သူ ဂြိုဟ်၏ မူလဇာစ်မြစ်ကိုပင် မသဲမကွဲ မြင်နိုင်လာသည်။
ယင်းက တက်ကြွမှု၊ စွမ်းအင်နှင့် အခြားသော ရှုပ်ထွေးသည့်အရာများ ပြည့်နှက်နေသည့် လင်းလက်တောက်ပနေသော အလင်းလုံးကြီးတစ်ခု ဖြစ်သည်။ အတိုင်းအဆမဲ့ ရှုပ်ထွေးပွေလီနေပုံရပြီး ဂြိုဟ်တစ်ခုလုံးနှင့် နီးနီးကပ်ကပ် ဆက်နွှယ်နေ၏။
လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ထပ်မံစစ်ဆေးကြည့်လိုက်သည်။ စင်စစ်တွင် သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်သည်လည်း ဂြိုဟ်၏ မူလဇာစ်မြစ်၏ အကျိုးသက်ရောက်မှုအောက်တွင် တိတ်တဆိတ် တိုးတက်နေခဲ့သည်။
တိုက်ပွဲဝင်ခန္ဓာကိုယ်ကို မထုတ်ဖော်ရသေးသော်လည်း လင်းဖုန်းအနေဖြင့် လက်ရှိ သူ၏ တိူက်ပွဲဝင်ခန္ဓာကိုယ်က ကီလိုမီတာ ၆၅၀ သို့တည်းမဟုတ် ကီလိုမီတာ ၇၀၀ ထက်ပင် ကျော်လွန်နေရမည်ဟု သေချာနေသည်။
ဂြိုဟ်၏ မူလဇာစ်မြစ်မှ ရရှိသည့် အကျိုးကျေးဇူးများက ထင်ရှားလှ၏။ လင်းဖုန်း၏ စိတ်စွမ်းအားက ဆဌမအဆင့်သို့ ရောက်ရှိပြီး ဂြိုဟ်အဆင့်သို့ ရောက်သွားသည်။ တိုက်ပွဲဝင်ခန္ဓာကိုယ်သည်လည်း အတိုင်းအတာတစ်ခုအထိ တိုးတက်လာသည်။ လင်းဖုန်း သူ၏ လက်ရှိ တိုက်ပွဲဝင်ခန္ဓာကိုယ်အဆင့်ဖြင့် ဆဋ္ဌမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြုပါက အောင်မြင်နိုင်ချေ ၃၀ ရာခိုင်နှုန်း ရှိနေကြောင်း မရေမရာ သိရှိလာသည်။
၃၀ ရာခိုင်နှုန်းဆိုသည်က တကယ်တော့ မနည်းလှပေ။ ဤသည်မှာ လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က အလွန်တရာ သန်မာနေသည်ဟူသော အချက်ကြောင့် ဖြစ်သည်။ အကယ်၍ အခြားကျင့်ကြံသူတစ်ဦးသာ ဆိုလျှင် ၂၀ ရာခိုင်နှုန်းဆိုသည်ကပင် အတော်လေး ကောင်းမွန်နေပြီဟု ဆိုရပေမည်။
အောင်မြင်နိုင်ချေ ၃၀ ရာခိုင်နှုန်းက မနည်းလှသော်လည်း လင်းဖုန်းအတွက်မူ စွန့်စားရလွန်းသည်ဟု ထငမမိ၏။ တစ်ကြိမ် ကျရှုံးသွားသည်နှင့် သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ် ပြိုလဲသွားမည် မဟုတ်သော်လည်း ကျင့်ကြံသူများ၏ ရဲရင့်ပြတ်သားသည့် စိတ်ဆန္ဒကို အားနည်းသွားစေနိုင်သည်။
စိတ်ဆန္ဒ ပျောက်ဆုံးသွားပါက နောင်တွင် ၆၀ ရာခိုင်နှုန်း အောင်မြင်မှုနှုန်း ရှိနေလျှင်ပင် သူ အောင်မြင်ရန် မဖြစ်နိုင်တော့ချေ။
ထို့ကြောင့် လင်းဖုန်းအနေဖြင့် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု တကယ်ပြုလိုပါက ပထမဆုံးအကြိမ်၌ပင် သေချာပေါက် အောင်မြင်ရမည် ဖြစ်သည်။ အကယ်၍ သေချာရေရာမှု မရှိပါက သူ အလောတကြီး လုပ်မည်မဟုတ်။ အချိန်အနည်းငယ် ပိုစောင့်ရန်သာ သူ ရွေးချယ်ပေမည်။
"အချိန်စေ့ပြီ"
ရုတ်တရက် လင်းဖုန်းတစ်ယောက် ကမ္ဘာကြီး ချာချာလည်သွားသလို ခံစားလိုက်ရသည်။ အားကောင်းလှသော စွမ်းအားတစ်ခုက သူ့ကို ဤနေရာမှ နှင်ထုတ်တော့မည့်အတိုင်း ဖြစ်၏။
လင်းဖုန်းအနေဖြင့် နှမြောတသဖြစ်မိသော်လည်း သူ မခုခံခဲ့ပေ။ ဂြိုဟ်၏ မူလဇာစ်မြစ်စွမ်းအားက သူ့ကို အပြင်သို့ ပို့ဆောင်ပေးခြင်းကိုသာ ခွင့်ပြုလိုက်သည်။
ရွှစ်...
လင်းဖုန်း ယခင်က ဂြိုဟ်၏ မူလဇာစ်မြစ်ထဲသို့ ဝင်ရောက်ခဲ့သည့် ကောင်းကင်ယံ အမြင့်တစ်နေရာတွင် ပြန်ပေါ်လာသည်။ တစ်လကြာပြီးနောက် သူ ဂြိုဟ်၏ မူလဇာစ်မြစ်မှ ပြန်လည် ထွက်ခွာလာရခြင်း ဖြစ်၏။
စိတ်စွမ်းအား ဆဌမအဆင့်သို့ ရောက်ရှိသွားခဲ့သဖြင့် လင်းဖုန်း၏ အာရုံခံနိုင်စွမ်းက ပိုမိုကျယ်ပြန့်ထင်ရှားလာသည်။ တစ်ဂြိုဟ်လုံးကို စိတ်စွမ်းအားဖြင့် အလွယ်တကူ လွှမ်းခြုံထားနိုင်ပြီး တစ်ဂြိုဟ်လုံးရှိ အရာအားလုံးကို သူ အာရုံခံနိုင်သည်။
"ဟမ်... ဂြိုဟ်ရဲ့ အသက်စွမ်းအားက သိသိသာသာ လျော့သွားပုံပဲ"
လင်းဖုန်း၏ စိတ်စွမ်းအားက ဤဂြိုဟ် ယခင်ကနှင့် မတူတော့ကြောင်း အာရုံခံမိလိုက်သည်။ အတိုချုပ်ဆိုရလျှင် ယင်းက အနည်းငယ် အားနည်းသွားပုံရ၏။ သို့သော်လည်း လင်းဖုန်း ချက်ချင်း နားလည်သွားသည်။
ဂြိုဟ်၏ မူလဇာစ်မြစ်တွင် အနည်းငယ် ထိခိုက်မှု ကြုံတွေ့ခဲ့ရပြီး ယင်းက တစ်ဂြိုဟ်လုံးကို သက်ရောက်မှု ရှိစေပုံရသည်။ ဂြိုဟ်၏ မူလဇာစ်မြစ်ကိုယ်တိုင်ပင် လင်းဖုန်းက တစ်လအတွင်း ဂြိုဟ်၏ မူလဇာစ်မြစ်စွမ်းအားများကို ဤမျှအထိ သုံးစွဲလိမ့်မည်ဟု မျှော်လင့်မထားခဲ့လောက်ပေ။
ယင်းက ဂြိုဟ်၏ မူလဇာစ်မြစ် အခြေခံကိုပင် ထိခိုက်စေခဲ့သည်။ သို့သော်လည်း ဆိုးဆိုးဝါးဝါး မပြင်းထန်လှချေ။ ဂြိုဟ်၏ မူလဇာစ်မြစ် ပြန်လည်ကောင်းမွန်လာရန်အတွက် ဆယ်စုနှစ်အနည်းငယ် သို့တည်းမဟုတ် ရာစုနှစ်အနည်းငယ်ခန့်သာ ကြာမြင့်နိုင်သည်။
"ငါ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို စမ်းကြည့်ရမယ်"
လင်းဖုန်း ဂြိုဟ်၏ မူလဇာစ်မြစ်ထဲတွင် တိုက်ပွဲဝင်ခန္ဓာကိုယ် တစ်ခုလုံးကို မထုတ်ဖော်နိုင်ခဲ့သော်လည်း သူ၏ တိုက်ပွဲဝင်ခန္ဓာကို တိုးတက်လာသည်ကိုမူ ထင်ထင်ရှားရှား ခံစားမိခဲ့သည်။
ထို့ကြောင့် သူသည် ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ချက်ချင်း အသုံးပြုလိုက်သည်။ ချက်ချင်းပင် သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က ကြီထွားကျယ်ပြန့်လာပြီး အသက်ရှူကြိမ်အနည်းငယ်အတွင်း ၆၅၀ ကီလိုမီတာသို့ ရောက်ရှိသွားသည်။
သို့သော်လည်း ဤသည်က အဆုံးသတ်မဟုတ်သေးချေ။ ဂြိုဟ်၏ မူလဇာစ်မြစ်ထဲသို့ မဝင်ရောက်မီက လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က ကီလိုမီတာ ၆၅၀ ရှိခဲ့ပြီးဖြစ်သည်။ ဂြိုဟ်၏ မူလဇာစ်မြစ်ထဲသို့ ဝင်ရောက်ပြီးနောက် သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က အများကြီး တိုးတက်လာခဲ့သေး၏။
၆၆၀ ကီလိုမီတာ၊ ၆၇၀ ကီလိုမီတာ၊ ၆၈၀ ကီလိုမီတာ...
မျက်စိတစ်မှိတ်အတွင်း လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ် ကီလိုမီတာ ၇၀၀ သို့ ဖြတ်ကျော်သွားပြီး ရပ်တန့်မည့်ဟန်မရှိဘဲ ဆက်လက်ကြီးထွားနေဆဲပင်။ ထို့ပြင် တိုးတက်မှုနှုန်းကလည်း တဖြည်းဖြည်း ပိုမိုမြန်ဆန်လာသည်။
ကီလိုမီတာ ၇၀၀၊ ၇၅၀ ကီလိုမီတာ၊ ကီလိုမီတာ ၈၀၀...
တစ်ဒင်္ဂအတွင်းမှာပင် လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က ၈၀၀ ကီလိုမီတာထက် ကျော်လွန်သွားသည်။ နောက်ဆုံးတွင် ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က ၈၃၀ ကီလိုမီတာ၌ ရပ်တန့်သွားတော့၏။
လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်သည် ၆၅၀ မှ လက်ရှိ ၈၃၀ ကီလိုမီတာအထိ ကြီထွားလာသည်။ စုစုပေါင်း ၁၈၀ ကီလိုမီတာ တိုးတက်လာခဲ့ခြင်း ဖြစ်၏။ ဤသည်က အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။
လင်းဖုန်း အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို ဖြတ်သန်းပြီးဖြစ်ကာ တိုးတက်မှုအတွက် အကောင်းဆုံးကာလကို ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း သိထားရပေမည်။ သူ အကန့်အသတ်သို့ ရောက်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်၏။ သို့သော် ယခုမူ ထိုကန့်သတ်ချက်တွင် ၁၈၀ ကီလိုမီတာ ထပ်မံတိုးတက်လာသည်။
လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က ၈၃၀ ကီလိုမီတာသို့တိုင် ရောက်ရှိသွားခဲ့လေပြီ။ အခြေခံအားဖြင့် ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း အဆင့်ဖြင့် လူနည်းစုသာ ကီလိုမီတာ ၈၀၀ ထက် ပိုရောက်နိုင်ကြသည်။
"ဟူး... ငါ အကြွင်းမဲ့ပြီးပြည့်စုံတဲ့အဆင့်ကို မရောက်သေးဘူးပဲ"
လင်းဖုန်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။ ၈၃၀ ကီလိုမီတာရှိသည့် တိုက်ပွဲဝင်ခန္ဓာကိုယ်က အလွန်တရာ သန်မာလှ၏။ သို့သော်လည်း ပြီးပြည့်စုံခြင်းသို့ မရောက်သေးကြောင်း သူ ခံစားနေရဆဲပင်။
ထို့ပြင် အကယ်၍ ယခုအချိန် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြုပါက သူ၏ အောင်မြင်နိုင်ခြေက ၃၀ ရာခိုင်နှုန်းထက် ကျော်လွန်မည်မဟုတ်ချေ။
ထို့ကြောင့် လင်းဖုန်း သူ့စိတ်ထဲရှိ ရင်ခုန်စိတ်လှုပ်ရှားမှုများကို ဖိနှိပ်လိုက်သည်။ အကယ်၍ မသေချာပါက သူ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြုမည်မဟုတ်ချေ။ ထို့ကြောင့် ယခုအချိန်က အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြုရမည့် အချိန်မဟုတ်သေးပေ။ သူ ဆက်လက်စုဆောင်းရန် လိုအပ်နေသေးသည်။
ထာဝရသိုင်းတာအိုအရှင်