အခန်း ၄၂၉
Vol. 39 Ch. 429
အခန်း (၄၂၉) - နတ်နန်းသို့ ပြန်ခြင်း
ဘာသာပြန် - အားသစ်
တစ်လဟူသော အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားသည်။ ထိုကာလအတွင်း လင်းလင်းတစ်ယောက် သူမ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားများ တဖြည်းဖြည်း ပျောက်ကွယ်သွားနေသည်ကို သတိပြုမိလိုက်၏။ ယခုမူ သူမထံတွင် မည်သည့် အထူးစွမ်းအားမှ ကျန်ရှိမနေတော့ချေ။
လင်းလင်းလည်း အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားသည်။ သူမ ကယ်တင်ရှင်၏ စွမ်းအားများကို ကျင့်သားရနေခဲ့လေပြီ။ ထိုထူးခြားဆန်းကြယ်သည့် စွမ်းအားကြောင့်သာ သူမ လူအများ၏ အလွန်တရာ ရိုသေလေးစားမှုကို ခံခဲ့ရခြင်း ဖြစ်၏။
သို့သော် ယခုမူ ကယ်တင်ရှင်တစ်ယောက်အနေဖြင့် သူမ၏ စွမ်းအားများ ပျောက်ကွယ်သွားပြီ ဖြစ်ရာ သူမ အနေဖြင့် မည်သို့လျှင် မထိတ်လန့်ဘဲ နေနိုင်ပါမည်နည်း။
ထို့ကြောင့် လင်းလင်း လန်ထျန်းကို အလျင်အမြန် သွားရောက်ရှာဖွေခဲ့သည်။
လွန်ခဲ့သည့် တစ်လလုံးလုံး လန်ထျန်း မဆုတ်မနစ် ကြိုးစားအားထုတ်ကာ ကျင့်ကြံနေခဲ့၏။ သူ လင်းဖုန်း ပေးအပ်ခဲ့သည့် ကျင့်စဉ်ကို ကျင့်ကြံရန်အတွက်သာ အပြည့်အဝ အာရုံစိုက်ထားပြီး အခြားကိစ္စများ အားလုံးကို လုံးဝ ဘေးဖယ်ထားခဲ့သည်။
သို့သော်လည်း ဤမျှအကြာကြီး ကျင့်ကြံပြီးသည့်တိုင် လင်းလင်းအနေဖြင့် လန်ထျန်းထံတွင် ကြီးကြီးမားမား ပြောင်းလဲမှု တစ်စုံတစ်ရာကိုမျှ ရှာမတွေ့ခဲ့ချေ။
"လန်ထျန်း... ငါတို့ ခန္ဓာကိုယ်ထဲက ကယ်တင်ရှင် စွမ်းအားတွေ ပျောက်သွားပြီ။ နင်ရော ခံစားမိလား" လင်းလင်းက အနည်းငယ် စိုးရိမ်တကြီး ဖြစ်နေဟန်ဖြင့် မေးလိုက်သည်။
လန်ထျန်း ခေါင်းမော့ကြည့်သည်။ သူ အံ့ဩသွားခြင်း နှမြောတသဖြစ်ခြင်းမျိုး စိုးစိမျှပင် မရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။
"လင်းလင်း... နင် အရင်တုန်းက နင်ခန္ဓာကိုယ်ထဲက ကယ်တင်ရှင် စွမ်းအားကို အဲ့လောက်ထိ ဂရုမစိုက်ခဲ့ပါဘူး။ စိတ်မပူပါနဲ့... ကယ်တင်ရှင် စွမ်းအား မရှိတော့ရင်တောင် နင်က ကယ်တင်ရှင်ပဲလေ။ နင် နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါသေးတယ်"
လင်းလင်း အနည်းငယ် ဝမ်းနည်းသွားသည်။ လန်ထျန်း၏ စကားများအရ သူ့ခန္ဓာကိုယ်ထဲက ကယ်တင်ရှင် စွမ်းအားများလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကြောင်း သိသာလှ၏။
လန်ထျန်းအနေဖြင့် ကယ်တင်ရှင်စွမ်းအားများ အမှန်တကယ် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သော်လည်း သူ ထိုကိစ္စကို သိပ်ပြီး ဂရုမစိုက်ချေ။ သမိုင်းမှတ်တမ်းများထဲတွင်လည်း ထိုကယ်တင်ရှင်များက သူတို့၏ ခန္ဓာကိုယ်ထဲမှ ကယ်တင်ရှင်စွမ်းအားများကို အမြန်ဆုံး နှစ်အနည်းငယ်အတွင်းမှ အနှေးဆုံး ဆယ်စုနှစ်တစ်ခုကျော်အတွင်း တဖြည်းဖြည်း ဆုံးရှုံးသွားတတ်ကြပြီး နောက်ဆုံး သာမန်လူများ ဖြစ်သွားကြသည်ဟု မှတ်တမ်းတင်ထားသည်။
တစ်ခုတည်းသော အကျိုးကျေးဇူးမှာ သာမန်လူများထက် အသက်ပိုရှည်နိုင်ခြင်း ဖြစ်သည်။ သူတို့က အနည်းဆုံး အသက်ရာကျော်အထိ နေထိုင်နိုင်ကြပြီး အသက်ရှည်သူများအဖြစ် သတ်မှတ်ခံရသည်။
လက်ရှိ သူတို့၏ ကယ်တင်ရှင် စွမ်းအားများကမူ တစ်လအတွင်းမှာပင် ပျောက်ကွယ်သွားခဲ့၏။ ယင်းက အနည်းငယ် စောလွန်းသည်ဟု ခံစားရသော်လည်း လန်ထျန်းကမူ ဤကိစ္စအတွက် စိတ်ပြင်ဆင်ထားပြီးသား ဖြစ်သည်။
ထို့ပြင် ကယ်တင်ရှင်စွမ်းအားက သူ့ကိုယ်ပိုင်စွမ်းအား မဟုတ်ချေ။ ယင်းကို ဆုံးရှုံးလိုက်ရလျှင်ပင် သူ နှမြောတသ ဖြစ်နေမည်မဟုတ်။ သူ အနည်းငယ်ပင် ဝမ်းမြောက်မိသေးသည်။ အကြောင်းမှာ တစ်လကြာပြီးနောက် သူ လင်းဖုန်း ပေးအပ်ခဲ့သော ကျင့်စဉ်ကို နောက်ဆုံး၌ တတ်မြောက်သွားခဲ့သောကြောင့် ဖြစ်၏။
သူ ဆယ်မီတာခန့် အချင်းဝက်အတွင်းရှိ အရာအားလုံးကို မကြည့်ဘဲ မြင်နိုင်သည့် မျက်လုံးများကဲ့သို့ စိတ်စွမ်းအားတစ်မျိုးကို နှိုးဆွနိုင်ခဲ့သည်။ ပုရွက်ဆိတ်တစ်ကောင်ပင်လျှင် စိတ်စွမ်းအား၏ ထောက်လှမ်းမှုမှ မလွတ်မြောက်နိုင်ချေ။
သို့သော်လည်း သူ အနည်းငယ် စိုးရိမ်နေဆဲပင်။ တစ်လကြာသွားပြီ ဖြစ်သော်လည်း လင်းဖုန်း ပေါ်မလာသေးချေ။ လင်းဖုန်းက သူ့ကတိအတိုင်း တကယ်လာပြီး သူ့ကို ခေါ်ထုတ်သွားလိမ့်မည်ဟု သူ တပ်အပ်မပြောနိုင်ပေ။
ဝှစ်
ရုတ်တရက် လင်းလင်း နောက်လှည့်ကြည့်လိုက်သည်။ လူရိပ်တစ်ခုက အခန်းထဲတွင် မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိ ပေါ်လာသည်။
"မစ္စတာလင်းလား..."
လင်းလင်း အလွန်တရာ ဝမ်းသာသွားသည်။ လင်းဖုန်း၏ ပေါ်လာပုံတိုင်းက အလွန် ထူးဆန်းသော်လည်း သူမ လင်းဖုန်းထံမှ မကောင်းသော ရည်ရွယ်ချက်မျိုး တစ်ကြိမ်မျှ မခံစားခဲ့ရဖူးချေ။ ဆန့်ကျင်ဘက်အနေဖြင့် လင်းဖုန်းက သူတို့ကို အများကြီး ကူညီပေးခဲ့သည်။
"မစ္စတာ လင်းဖုန်း... ကျွန်တော် ပထမအဆင့်ကို တတ်မြောက်သွားပါပြီ"
"မင်း တတ်မြောက်သွားပြီလား..."
လင်းဖုန်း အနည်းငယ် ကြောင်အသွားသည်။ ထိုစဉ်က သူ လန်ထျန်းကို စိတ်စွမ်းအားလမ်းညွှန်ကျင့်စဥ်၏ ပထမအဆင့်ကို အမှတ်မထင် လက်ဆောင်အဖြစ် ပေးခဲ့ခြင်းသာ ဖြစ်သည်။ ယင်းက ပထမအဆင့်သာ ဖြစ်သော်လည်း လူတိုင်း တတ်မြောက်နိုင်သောအရာမျိုး မဟုတ်ချေ။
အမှန်တော့ လင်းဖုန်း လန်ထျန်းကို နှစ်သိမ့်ရန်အတွက်သာ ပေးခဲ့ခြင်း ဖြစ်၏။ လန်ထျန်းအနေဖြင့် ထိုကျင့်စဉ်ကို တကယ် တတ်မြောက်သွားလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
ထို့ကြောင့် လင်းဖုန်း စိတ်စွမ်းအားကို အသုံးပြုကာ လန်ထျန်းကို စစ်ဆေးကြည့်လိုက်သည်။ လင်းဖုန်း၏ အာရုံခံနိုင်စွမ်းဖြင့် လန်ထျန်း လိမ်ညာနေခြင်း မဟုတ်ကြောင်း သဘာဝကျကျ သိနိုင်၏။ သူ ပထမအဆင့်ကို တကယ် တတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။
သို့ဆိုလျှင် ဤလန်ထျန်းက တကယ်ပင် အလားအလာရှိသော မျိုးဆက်သစ်လေးတစ်ဦး ဖြစ်ပေသည်။ သူ မည်မျှအထိ ထူးချွန်ပြောင်မြောက်သည်ကိုမူ အနာဂတ်တွင် သိရလိမ့်မည်။ မည်သို့ပင်ဆိုစေ အနည်းဆုံး လန်ထျန်းအနေဖြင့် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ ခြေလှမ်းလှမ်းရန် ပြဿနာရှိလိမ့်မည် မဟုတ်ချေ။
"မင်းတို့ ခန္ဓာကိုယ်ထဲက မူလဇာစ်မြစ်စွမ်းအားတွေ မရှိတော့ဘူးပဲ။ ဒါ ပိုကောင်းပါတယ်။ ဒါမှလည်း မင်းအနေနဲ့ စိတ်အာရုံ ထွေပြားမှုမရှိဘဲ ဒီခရီးကို လျှောက်လှမ်းနိုင်မှာ။ ဒုက္ခတွေ အများကြီးကနေလည်း သက်သာသွားတာပေါ့"
လင်းဖုန်းအနေဖြင့် လန်ထျန်းနှင့် လင်းလင်းတို့၏ ခန္ဓာကိုယ်ထဲတွင် မူလဇာစ်မြစ်စွမ်းအား မရှိတော့သည်ကို သေချာပေါက် ပြောနိုင်သည်။ သူ လွန်ခဲ့သည့် တစ်လအတွင်း ဂြိုဟ်၏ မူလဇာစ်မြစ်စွမ်းအားကို အလွန်အမင်း သုံးစွဲခဲ့မိသောကြောင့် မူလဇာစ်မြစ်က လန်ထျန်းနှင့် လင်းလင်းတို့၏ ခန္ဓာကိုယ်ထဲရှိ မူလဇာစ်မြစ်စွမ်းအားများကို တိုက်ရိုက် ပြန်လည်ရုပ်သိမ်းသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သို့သော်လည်း အကယ်၍ လန်ထျန်းက ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ ခြေလှမ်းလှမ်းလိုပါက သူ့ခန္ဓာကိုယ်ထဲတွင် ထိန်းချုပ်မရသော စွမ်းအားများ ရှိမနေသင့်ချေ။ ဤသည်က ပို၍ပင် ကောင်းမွန်သွားသည်။ မူလဇာစ်မြစ်စွမ်းအား မရှိခြင်းကြောင့် လန်ထျန်း ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ အောင်အောင်မြင်မြင် ခြေလှမ်းလှမ်းနိုင်ပေလိမ့်မည်။
"အရမ်းကောင်းတယ် လန်ထျန်း... မင်းကို ငါ နေရာတစ်ခုဆီ ခေါ်သွားပေးလို့ရတယ်။ ဒါပေမဲ့ မင်းအနေနဲ့ အက်ကွာဂြိုဟ်ဆီကို အချိန်အကြာကြီး ပြန်လာနိုင်မှာ မဟုတ်ဘူး။ မင်း သဘောတူရဲ့လား"
"ဟုတ်ကဲ့ပါ မစ္စတာလင်းဖုန်း... ကျွန်တော့်အနေနဲ့ အနာဂတ်မှာရော ပြန်လာဖို့ အခွင့်အရေး ရှိသေးလား ခင်ဗျာ"
"သေချာတာပေါ့... မင်း ကျင့်ကြံခြင်းမှာ အောင်မြင်မှုတစ်ခု ရလာတဲ့အခါ မင်း သဘာဝကျကျ ပြန်လာနိုင်မှာပါပဲ"
"ကောင်းပါပြီ... ကျွန်တော် သဘောတူပါတယ်"
လန်ထျန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။ ဤအခွင့်အရေးကို တောင်းဆိုရန် သူ့အတွက် မလွယ်ခဲ့သဖြင့် သူ သဘာဝကျကျ လက်လွှတ်ခံမည် မဟုတ်ပေ။ သူ အနာဂတ်တွင် ပြန်လာနိုင်သရွေ့ အချိန်အကြာကြီး ပေးရမည်ဆိုသည်လည်း အရေးမကြီးချေ။
လန်ထျန်းအနေဖြင့် အချိန်အကြာကြီးဆိုသည်က မည်သည့်အရာကို ဆိုလိုမှန်း သိချင်မှသိပေလိမ့်မည်။ အကယ်၍ သူ အက်ကွာဂြိုဟ်သို့ ပြန်လာနိုင်စွမ်း ရှိသည့်အချိန်သို့ ရောက်သောအခါ အရာအားလုံးက ပြောင်းလဲသွားလောက်ပေပြီ။ သူ သိခဲ့ဖူးသူအားလုံး ကွယ်လွန်သွားကြပြီဖြစ်နိုင်ပြီး သူ ရင်းနှီးကျွမ်းဝင်ခဲ့သည့် အက်ကွာဂြိုဟ်သည်ပင် ကြီးကြီးမားမား ပြောင်းလဲသွားပေလိမ့်မည်။
သို့သော် ဤသည်က ကျင့်ကြံခြင်းအတွက် ပေးဆပ်ရမည့် တန်ဖိုးပင်။
ထို့နောက် လင်းဖုန်း လန်ထျန်းနှင့်အတူ အက်ကွာဂြိုဟ်မှ ထွက်ခွာသွားသည်။ သူ စကြဝဠာထဲသို့ ရောက်ရှိသည်နှင့် လင်းဖုန်း ကြောက်မက်ဖွယ်ရာ စွမ်းအားအတက်အကျတစ်ခုကို အာရုံခံမိလိုက်၏။
"အရှင်ငယ် ရေမွန်လား..."
ရေမွန် ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
"အရှင်ငယ်လင်းဖုန်း... မင်းက ဒီကောင်လေးကို နတ်နန်းရဲ့ အောက်ပိုင်းနယ်မြေဆီ ညွှန်းပေးမလို့လား"
ရေမွန်တစ်ယောက် စိတ်ခံစားချက် ကောင်းနေပုံရပြီး လင်းဖုန်းကိုပင် အရှင်ငယ်ဟု တလေးတစား ခေါ်နေသည်။
ရေမွန်တွင် စံနှုန်းမြင့်မြင့်ရှိကြောင်း သိထားရပေမည်။ ထို့ပြင် အဆင့်မြင့်ဂြိုဟ်အဆင့် သက်ရှိတစ်ယောက်အနေဖြင့် သူက နတ်နန်း၏ အထက်ပိုင်းနယ်မြေတွင်ပင် ကျော်ကြားသူ ဖြစ်သည်။ သူ့အနေဖြင့် လင်းဖုန်းကဲ့သို့ လူသစ်တစ်ယောက်ကို လုံးဝ လျစ်လျူရှုထားနိုင်၏။
"ဟုတ်ပါတယ်... ဒီကောင်လေးက ကဲကောင်းပြီး ကျွန်တော်နဲ့ ဆုံခဲ့တာမို့ သူ့ကို အခွင့်အရေးတစ်ခု ပေးလိုက်တာပါ" လင်းဖုန်းက ပြုံးလျက် ပြောလိုက်သည်။ လန်ထျန်းကမူ အလွန်တရာ တုန်လှုပ်ခြောက်ခြားလျက် ရှိ၏။
သူ ဘာ မြင်လိုက်ရတာလဲ။
အက်ကွာဂြိုဟ်တစ်ခုလုံးထက်ပင် အဆမတန် ပိုမိုကြီးမားလှသည့် အတိုင်းအဆမရှိ ကြောက်မက်ဖွယ်ရာ ကောင်းသော ဧရာမလူ့ဘီလူးကြီးတစ်ကောင် ဖြစ်သည်။ ထို့ပြင် ထိုအရာကြီးက လင်းဖုန်းနှင့် တရင်းတနှီး စကားပြောဆိုနေ၏။
ဤသည်က သူ၏ သိနားလည်မှုကို လုံးဝဥဿုံ ပြောင်းလဲပစ်လိုက်သည်။ လူသားများက တကယ်ပဲ ဤမျှအထိ ကြီးမားလာနိုင်ကြသလော။
"ဒါနဲ့ အရှင်ငယ်ရေမွန်... နဂါးနက်ဂိုဏ်းချုပ်က..."
"အော်... သူက မူလဂြိုဟ်အဆင့် သက်ရှိတစ်ယောက်ပဲလေ။ ဒါတင်မကသေးဘူး... အရှင်ငယ်လင်းဖုန်းကြောင့် ဒဏ်ရာရထားသေးတယ်ဆိုတော့… သူ အဝေးကြီး မပြေးနိုင်ခင်မှာပဲ ငါ သူ့ကို သတ်ပစ်လိုက်ပါပြီ"
ရေမွန်၏ လေသံက ခပ်ပေါ့ပေါ့ ဖြစ်နေသော်လည်း အမှန်တကယ်တန်းတွင် သူ အလွန် အံ့ဩသွားခဲ့ရ၏။
သူ လင်းဖုန်းအပေါ် ဤမျှအထိ ယဉ်ကျေးပျူငှာနေရသည့် အကြောင်းရင်းမှာ သူ နဂါးနက်ဂိုဏ်းချုပ် နောက်သို့ လိုက်လံဖမ်းဆီးစဉ်က နဂါးနက်ဂိုဏ်းချုပ်သည် အမှန်တကယ် ဒဏ်ရာရရှိနေပြီး သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ် ၃၀ ရာခိုင်နှုန်းကျော် ဆုံးရှုံးထားရသည်ကို တွေ့ခဲ့သောကြောင့်ပင်။
ယခင်က နဂါးနက်ဂိုဏ်းချုပ်နှင့် လင်းဖုန်းတို့၏ တိုက်ပွဲကို ပြန်လည်ဆက်စပ်ကြည့်လိုက်မ၏။ သူ ယခင်က အမှုမဲ့ အမှတ်မဲ့သာ ထားခဲ့သည်။ သို့သော် ယခုကြည့်ရသလောက် လင်းဖုန်းက ထင်သလောက် မရိုးရှင်းချေ။ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ငါးကြိမ်သာ ပြီးမြောက်ထားသေးသည့် စွမ်းအားဖြင့် နဂါးနက်ဂိုဏ်းချုပ်လို ဂြိုဟ်အဆင့်သက်ရှိကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်နိုင်သူမျိုးကို သူ မြင်ဖူးရန်မဆိုထားနှင့် ကြားပင် မကြားဖူးခဲ့ချေ။
လင်းဖုန်းကို ဘီမွန်အရှင်မြတ်ကိုယ်တိုင် အလယ်ပိုင်းနယ်မြေမှ အထက်ပိုင်းနယ်မြေသို့ အထူးတလယ် ရာထူးတိုးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုအချက်နှင့် ပေါင်းစပ်ကြည့်လိုက်လျှင် လင်းဖုန်းတွင် သူ့ကိုယ်ပိုင် ထူးခြားချက်များ ကျန်းသေ ရှိနေပေလိမ့်မည်။ သူက သာမန်ဂြိုဟ်အဆင့် သက်ရှိများထက် သေချာပေါက် မနိမ့်ကျလှချေ။ နတ်နန်း၏ အထက်ပိုင်းနယ်မြေရှိ သူ၏ ဂုဏ်သတင်းနှင့် လုံးဝ ထိုက်တန်လှပေ၏။
ရေမွန်အနေဖြင့် တောက်ပသော အနာဂတ် ရှိနေကြောင်း ထင်ရှားလှသည့် လင်းဖုန်းကဲ့သို့ ထိပ်တန်းပါရမီရှင်တစ်ဦးနှင့် မိတ်ဆွေဖွဲ့ရန် ဝန်မလေးချေ။
သူတို့နှစ်ဦးသည် ခေတ္တမျှ ထပ်မံစကားပြောဆိုပြီးနောက် လမ်းခွဲခဲ့ကြသည်။ လင်းဖုန်း လန်ထျန်းကို အာကာသယာဉ်ပေါ်သို့ ခေါ်ဆောင်လာပြီး နတ်နန်းသို့ တိုက်ရိုက် ဦးတည်ပြန်သွားတော့သည်။
ထာဝရသိုင်းတာအိုအရှင်