အခန်း ၄၃၀
Vol. 39 Ch. 430
အခန်း (၄၃၀) - ဝင်ခွင့်ပယ်ဖျက်ခြင်း
ဘာသာပြန် - အားသစ်
"ဦးလေး... ကျွန်တော်တို့အလှည့်ရောက်ဖို့ ဘယ်လောက်တောင် လိုသေးလဲ"
ဘီမွန်နတ်နန်းရှေ့တွင် လူပေါင်းများစွာ တန်းစီစောင့်ဆိုင်းနေကြသည်။
ထိုလူများထဲတွင် မြင့်မြတ်သော အသွင်အပြင်ရှိပြီး ဆန်းပြားထည်ဝါသော ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးလည်း ပါဝင်သည်။ သူ့မျက်နှာထက်တွင် စိတ်မရှည်ဟန် အထင်းသား ပေါ်လွင်နေ၏။
"ဆယ့်သုံး... နည်းနည်းလောက် ထပ်စောင့်ပါဦး။ မကြာခင် ငါတို့အလှည့် ရောက်တော့မှာပါ။ ဒါက ဘီမွန်နတ်နန်းလေ။ ငါတို့ မိုးမခအင်ပါယာအနေနဲ့ မင်းကို နတ်နန်းဆီ ညွှန်းပေးနိုင်ဖို့ ဒီလိုအရည်အချင်းမျိုး ရအောင် မနည်းကြိုးစားထားရတာ။ မင်း ဒီအခွင့်အရေးကို တန်ဖိုးထားရမယ်"
"ဦးလေး... ကျွန်တော်တို့ မိုးမခအင်ပါယာက ဒီလောက်တောင် အားကောင်းတာကို ဘာလို့ နတ်နန်းထဲ တိုက်ရိုက်မဝင်နိုင်ရတာလဲ"
ထိုလူငယ်က အလွန်တရာ ဇဝေဇဝါ ဖြစ်နေပုံရသည်။ သူ့အမြင်တွင် သူတို့အင်ပါယာက အလွန်တရာ စည်ပင်ဝပြောပြီး နယ်မြေခံဂြိုဟ် ဒါဇင်ပေါင်းများစွာကို ထိန်းချုပ်ထားနိုင်သဖြင့် အားကောင်းသော ယဉ်ကျေးမှုအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ သူကိုယ်တိုင်ကလည်း အင်ပါယာ၏ အဆင့်အတန်းမြင့် မင်းသားတစ်ပါးဖြစ်ပြီး လိုတရနိုင်ခဲ့သူ ဖြစ်၏။
ယခုမူ သူ့ကို ဘီမွန်နတ်နန်းသို့ ဤမျှအထိ နှိမ့်ချစုတ်ပြတ်နေသော ပုံစံဖြင့် စေလွှတ်လိုကြသဖြင့် သူ့ စိတ်ထဲတွင် အလွန် ခံရခက်နေသည်။
"ဟာသပဲ... ဒီအရိုင်းအစိုင်းကောင်က ဘယ်ကနေ ရောက်လာတာလဲ။ ဘီမွန်နတ်နန်းထဲ ဝင်ဖို့က ဒီလောက် လွယ်တယ်လို့ မင်း ထင်နေတာလား။ အားကောင်းတဲ့ အင်ပါယာ ဟုတ်လား... ဝေးလံခေါင်ဖျားတဲ့ နေရာတစ်ခုက နာမည်မရှိတဲ့ ယဉ်ကျေးမှုတစ်ခုကများ သူ့ကိုယ်သူ အားကောင်းတဲ့ အင်ပါယာလို့ ခေါ်ရဲတယ်ပေါ့"
သူတို့၏ ဘေးကပ်လျက်တွင် မျက်လုံးသုံးလုံးပါသော အရပ်ရှည်ရှည် လူတစ်ယောက်က နှာခေါင်းရှုံ့လျက် အထင်သေးစွာဖြင့် လှောင်ပြောင်သရော်လိုက်သည်။
"မင်းက ဘာကောင်မို့လို့လဲ။ ငါတို့ မိုးမခအင်ပါယာမှာ နယ်ခံဂြိုဟ် ဒါဇင်ပေါင်းများစွာနဲ့ လူဦးရေ ဘီလီယံတစ်ရာကျော် ရှိတယ်ကွ။ အနည်းဆုံး ဒီဘီမွန်ဂလက်ဆီထဲမှာ အထင်သေးလို့မရဘူး။ မင်းက ဘာလုပ်ပိုင်ခွင့်ရှိလို့ ငါတို့ကို လာလှောင်နေတာလဲ"
မင်းသားဆယ့်သုံးက အလွန် မကျေမနပ်ဖြစ်သွားပြီး အသံကျယ်ကျယ်ဖြင့် ပြန်ပြောလိုက်၏။
"လူဦးရေ ဘီလီယံတစ်ရာနဲ့ ဂြိုဟ်ဒါဇင်ပေါင်းများစွာ ရှိတာက ဘာများဆန်းလို့တုန်းကွ။ ငါတို့ ထရိုင်အိုကျူလီယဉ်ကျေးမှုက မင်းတို့ မိုးမခအင်ပါယာကို စစ်သင်္ဘောအစင်းတစ်ရာတည်းနဲ့ ဖျက်ဆီးပစ်လို့ရတယ်။ မင်း ယုံလား"
"မင်း..."
မင်းသားဆယ့်သုံး အလွန်တရာ ဒေါသထွက်သွားသည်။ သူ တစ်ခုခု ထပ်ပြောဖို့ ကြိုးစားလိုက်သော်လည်း သူ့ဘေးမှ ဦးလေးဖြစ်သူက ချက်ချင်း လှမ်းတားလိုက်၏။
"ဦးရီးတော်... ကျုပ်ကို ဘာလို့ ပေးမပြောတာလဲ"
"ဆယ့်သုံး... မင်း သူတို့ကို လုံးဝ သွားမဆွနဲ့။ သူတို့က ထရိုင်အိုကျူလီယဉ်ကျေးမှုက လူတွေကွ။ ဘီမွန်ဂလက်ဆီထဲက အဲ့ဒီကြောက်စရာကောင်းတဲ့ စစ်မက်ယဉ်ကျေးမှုက တစ်ချိန်က အားကောင်းတဲ့ အင်ပါယာ ဒါဇင်ပေါင်းများစွာကို ဖျက်ဆီးပစ်ခဲ့တာ။ ငါတို့ မိုးမခအင်ပါယာထက် အဆပေါင်းများစွာ အားကောင်းတဲ့ ယဉ်ကျေးမှုတွေတောင် ထရိုင်အိုကျူလီ ယဉ်ကျေးမှုရှေ့မှာ ထည့်ပြောနေစရာ မလိုဘူး"
မင်းသားဆယ့်သုံး ဦးလေး၏ မျက်နှာထားက အနည်းငယ် ဖြူလျော်သွားသည်။ နောက်ပြောင်နေသည် မဟုတ်ပေ။ ထရိုင်အိုကျူလီ ယဉ်ကျေးမှုကို သွားရောက်ရန်စခြင်းက သေမင်းကို ဖိတ်ခေါ်နေခြင်းနှင့် ထပ်တူထက်မျှပင်။ ဤနေရာတွင် ကိုယ်ပိုင်စိတ်ခံစားချက်အတွက်နှင့် ပဋိပက္ခဖြစ်ပွားပြီး ကိုယ့်ကိုယ်ကို ပျက်စီးခြင်းသို့ ရောက်အောင် ဖိတ်ခေါ်စရာ အကြောင်းမရှိချေ။
"ထရိုင်အိုကျူလီ ယဉ်ကျေးမှု ဟုတ်လား... ဦးရီးတော်... တကယ်လို့ ထရိုင်အိုကျူလီ ယဉ်ကျေးမှုက အဲ့လောက်တောင် အားကောင်းနေရင် ဘာလို့ ဘီမွန်နတ်ဘုရားနန်းတော်မှာ လာပြီး တန်းစီနေရသေးတာလဲ"
မင်းသားဆယ့်သုံး၏ ဦးလေးက ခေါင်းသာ ခါယမ်းလိုက်မိသည်။ မင်းသားဆယ့်သုံး၏ အမြင်က မိုးမခအင်ပါယာအတွင်း၌သာ ရှိနေခဲ့သဖြင့် အကန့်အသတ် ရှိနေဆဲ ဖြစ်၏။
ထရိုင်အိုကျူလီ ယဉ်ကျေးမှုက သန်မာနေလျှင်ကော အဘယ်သို့နည်း။
ဘီမွန်နတ်နန်းရှေ့တွင်မူ သူတို့က ပုရွက်ဆိတ်တစ်ကောင်အလား အရေးမပါလှချေ။ ဘီမွန်နတ်နန်းက ဂြိုဟ်အဆင့်သက်ရှိ အနည်းငယ်ကို စေလွှတ်ရုံဖြင့် ထရိုင်အိုကျူလီ ယဉ်ကျေးမှုကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။
ထရိုင်အိုကျူလီ ယဉ်ကျေးမှုက အားနည်းနေ၍ မဟုတ်ပေ။ ဘီမွန်နတ်နန်းကသာ အလွန့်အလွန် အားကောင်းလွန်းနေခြင်း ဖြစ်သည်။
သို့သော်လည်း မင်းသားဆယ့်သုံးက အတော်လေး ပါရမီပါလှ၏။ သူ ဘီမွန်နတ်နန်းသို့ ဝင်ရောက်ပြီးနောက် ကြီးမြတ်သည့် သက်ရှိတစ်ယောက် ဖြစ်လာနိုင်ရန် သူတို့မျှော်လင့်ထားသည်။ ထိုအချိန်ရောက်လျှင် မိုးမခအင်ပါယာအနေဖြင့် ဤမျှအထိ သတိထားနေစရာ လိုတော့မည် မဟုတ်ချေ။
မကြာမီ ထရိုင်အိုကျူလီ ယဉ်ကျေးမှု၏ အလှည့်သို့ ရောက်ရှိလာသည်။
ထရိုင်အိုကျူလီ လူမျိုးများစွာ၏ မျက်နှာထက်တွင် ဝမ်းသာရိပ်များ ပေါ်ထွက်လာ၏။
ဝှစ်
သို့သော်လည်း ထိုအခိုက်အတန့်တွင် ဝတ်စုံဖြူဝတ် လူရိပ်တစ်ခုက စူးစမ်းလိုဟန် ပြည့်နှက်နေသည့် လူတစ်ယောက်နှင့်အတူ လျှောက်လှမ်းထွက်ပေါ်လာသည်။
"ဒီငတုံးကောင်က ဘယ်ကနေ ရောက်လာတာလဲ။ ဒီကောင် စည်းကမ်းတွေကိုတောင် မသိဘူးပဲ။ ဒီမှာ တန်းစီရတယ်ဆိုတာ မသိဘူးလား" ထရိုင်အိုကျူလီ ယဉ်ကျေးမှုမှ လူများက အော်ဟစ်ဆဲဆိုလိုက်ကြသည်။
ကံမကောင်းစွာဖြင့် ဘာသာစကား အတားအဆီး ရှိနေခဲ့သည်။ အော်ဟစ်ခံလိုက်ရသည့် လူသည်လည်း ဇဝေဇဝါ ဖြစ်နေသည့် အမူအရာ ရှိနေ၏။
အခြားတစ်ဖက်တွင်မူ ဝတ်စုံဖြူနှင့်လူက ထရိုင်အိုကျူလီ ယဉ်ကျေးမှုမှ လူများကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
"သူတို့က ဘယ်သူတွေလဲ"
"အရှင်ငယ်... သူတို့က ထရိုင်အိုကျူလီ ယဉ်ကျေးမှုက လူတွေပါ။ သူတို့မှာ ညွှန်းဆိုဖို့ အရည်အချင်းရှိပြီး အောက်ပိုင်းနယ်မြေထဲကို ဝင်ဖို့ ပြင်နေကြတာပါ"
"ဒီတစ်ကြိမ် သူတို့ရဲ့ အရည်အချင်းကို ပယ်ဖျက်လိုက်ပါ။ သူတို့ နောက်တစ်လှည့်အတွက် စောင့်ရလိမ့်မယ်"
"ဟုတ်ကဲ့ပါ အရှင်ငယ်"
ထို့နောက် ထရိုင်အိုကျူလီ လူမျိုးများ ဆွံ့အသွားကြတော့သည်။ သူတို့ ဤတစ်ကြိမ်တွင် သူတို့၏ ဝင်ခွင့်ကို တိုက်ရိုက် ရုပ်သိမ်းခံလိုက်ရ၏။ သူတို့အနေဖြင့် ဘီမွန်နတ်နန်းသို့ ပါရမီရှင်များကို ညွှန်းပေးနိုင်ရန်အတွက် နောက်တစ်ကြိမ်အထိ စောင့်ဆိုင်းရပေတော့မည်။
"မလုပ်ပါနဲ့... မလုပ်ပါနဲ့ အရှင်ငယ်... ကျွန်တော်တို့ကို ရှင်းပြခွင့်ပေးပါဦး..."
ထရိုင်အိုကျူလီ လူမျိုးများ မောက်မာထောင်လွှားနေရာမှ ထိတ်လန့်တုန်လှုပ်သွားသည့် ပုံစံကို မြင်လိုက်ရသည့်အခါ မင်းသားဆယ့်သုံး စိတ်ကျေနပ်သွားသည်။ စောစောကတင် ထရိုင်အိုကျူလီလူမျိုးများက သူတို့ကိုယ်သူတို့ ကောင်းကင်အလွန်တွင် ရှိနေသည့်အလား အလွန်တရာ မောက်မာနေခဲ့ကြသည်။ ယခုမူ သူတို့၏ ထောင်လွှားမှုကြောင့် ပြဿနာတက်ရလေပြီ။ သူတို့၏ ဝင်ခွင့်များ တိုက်ရိုက်ရုပ်သိမ်းခံရလိမ့်မည်ဟု မည်သူ မျှော်လင့်ထားပါမည်နည်း။
အဲ့ဒီဝတ်စုံဖြူနဲ့လူက တကယ်ပဲ ဘယ်သူလဲ။
"ရှူး... အရှင်ငယ်ကို သွားပြီး မပြစ်မှားနဲ့။ ငါ မမှားဘူးဆိုရင် အဲဒီအရှင်ငယ်က အထက်ပိုင်းနယ်မြေက ဖြစ်ရမယ်"
လူအများ တိုးတိုးတိတ်တိတ် တွတ်ထိုးနေကြသည်။
အထက်ပိုင်းနယ်မြေမှ တပည့်များသည် ဘီမွန်နတ်နန်းတွင် သေချာပေါက် အဆင့်အတန်း အမြင့်ဆုံးလူများ ဖြစ်ကြ၏။
ရောက်ရှိလာသူများက သဘာဝကျကျပင် လင်းဖုန်းနှင့် လန်ထျန်းတို့ ဖြစ်ကြသည်။ အထက်ပိုင်းနယ်မြေမှ တပည့်တစ်ဦးအနေဖြင့် ထရိုင်အိုကျူလီ လူမျိုးများ၏ ဝင်ရောက်ခွင့်ကို ဤတစ်ကြိမ် ပယ်ဖျက်လိုက်သည်က လင်းဖုန်းအတွက် သာမန်ကိစ္စလေးတစ်ခုမျှသာ ဖြစ်၏။
"ဒါနဲ့... ပြီးခဲ့တဲ့တစ်ကြိမ်က ငါညွှန်းပေးခဲ့တဲ့လူတွေ နတ်နန်းကို ရောက်ပြီလား"
"အရှင်ငယ်... အရှင်ငယ် ညွှန်းပေးခဲ့တဲ့လူတွေ ရောက်ပါပြီ။ ကျွန်တော်တို့ သူတို့ကို အောက်ပိုင်းနယ်မြေထဲ ဝင်ရောက်နိုင်ဖို့ စီစဉ်ပေးထားပြီးပါပြီ"
"ကောင်းတယ်။ ဒါက လန်ထျန်း... သူကလည်း ငါ အပြင်မှာ တွေ့ခဲ့တဲ့ အလားအလာရှိတဲ့ မျိုးဆက်သစ်လေးတစ်ယောက်ပဲ။ သူ့ကိုလည်း နတ်နန်းထဲ ဝင်ဖို့ စီစဉ်ပေးလိုက်ပါ"
"ဟုတ်ကဲ့ပါ အရှင်ငယ်... ကျွန်တော်တို့ သေချာပေါက် စီစဉ်ပေးပါ့မယ်"
ထို့နောက် လင်းဖုန်း လန်ထျန်းကို အားပေးစကား အနည်းငယ် ပြောကြားပြီး တိုက်ရိုက် ထွက်ခွာသွားသည်။ လန်ထျန်းသည်လည်း ရှည်လျားလှသော လူတန်းကြီးကို ကျော်ဖြတ်ကာ အောက်ပိုင်းနယ်မြေသို့ တိုက်ရိုက်ဝင်ရောက်နိုင်ရန် စီစဉ်ပေးခံလိုက်ရ၏။
လင်းဖုန်း၏ အထောက်အထားကို မသိကြသည့် လူတချို့ကမူ အလွန် မကျေမနပ်ဖြစ်နေပြီး မေးခွန်းထုတ်ကြသည်။
"ကျွန်တော်တို့ ဒီမှာ တန်းစီနေတာတောင် ကြာလှပြီ။ တစ်ယောက်ယောက်က ဘယ်လိုလုပ်ပြီး ကြားဖြတ်ဝင်သွားနိုင်ရတာလဲ"
"အဲဒါ အထက်ပိုင်းနယ်မြေက အရှင်ငယ်လင်းဖုန်းကွ။ တကယ်လို့ မင်းတို့ဆီမှာ အထက်ပိုင်းနယ်မြေက အရှင်ငယ်ရဲ့ ညွှန်းဆိုချက်ရှိရင် မင်းတို့ကိုလည်း နတ်နန်းထဲ ချက်ချင်းဝင်နိုင်ဖို့ ငါတို့ စီစဉ်ပေးမယ်။ မရှိရင်တော့ မင်းတို့ တန်းစီနေတာပဲ ပိုကောင်းလိမ့်မယ်"
ထိုအခါမှသာ လူအများလည်း ထိုသူက အထက်ပိုင်းနယ်မြေမှ တပည့်တစ်ဦး ဖြစ်ကြောင်း သဘောပေါက်သွားကြတော့သည်။
နတ်နန်းသို့ လူများကို ညွှန်းဆိုပေးရန် အရည်အချင်းရှိသူတိုင်း ဘီမွန်နတ်နန်းကို အောက်ပိုင်း၊ အလယ်ပိုငနှင့် အထက်ပိုင်းနယ်မြေဟူ၍ ခွဲခြားထားကြောင်း သဘာဝကျကျ သိထားကြသည်။
အထက်ပိုင်းနယ်မြေသည်သာ တကယ်တန်း ဘီမွန်နတ်နန်း၏ အဓိကဗဟိုချက်ဖြစ်ပြီး နတ်ဘုရားဘုရင် ဘီမွန် ကိုယ်တိုင် ဂရုစိုက်သည့်နေရာ ဖြစ်သည်။ အောက်ပိုင်းနှင့် အလယ်ပိုင်း နယ်မြေများကမူ အရေးမပါလှချေ။
သို့တစေ သူတို့ ဘီမွန်နတ်နန်းသို့ ဝင်ရောက်နိုင်ရန်အတွက် အလုအယက် ကြိုးစားနေကြဆဲပင်။
ဤသည်က အဖြစ်အပျက် အသေးအဖွဲလေးတစ်ခုမျှသာ ဖြစ်၏။ သို့သော်လည်း ယင်းက လန်ထျန်းကို လင်းဖုန်း၏ အဆင့်အတန်း မည်မျှအထိ မြင့်မားကြောင်း သဘောပေါက်သွားစေခဲ့သည်။ ကနဦးတွင် လင်းဖုန်းက ဘီမွန်နတ်နန်းရှိ သာမန်တပည့်တစ်ဦးမျှသာ ဖြစ်လိမ့်မည်ဟု သူ ထင်မှတ်ခဲ့သည်။
သို့သော် ယခုကြည့်ရသလောက် ထိုသို့ဟုတ်ပုံမရပေ။ နတ်နန်းရှိ လင်းဖုန်း၏ အဆင့်အတန်းက အလွန်တရာ မြင့်မားလှပုံရသည်။ အောက်ပိုင်းနယ်မြေတွင် သူ့ကို လမ်းညွှန်ပေးသည့် လူများပင် သူ့အပေါ် အလွန်ရိုသေလေးစားကြ၏။ ထိုအရာက လင်းဖုန်း၏ မျက်နှာကြောင့် ဖြစ်သည်မှာ ထင်ရှားလှသည်။
လန်ထျန်းက ခေတ်နောက်ကျသော ဂြိုဟ်တစ်လုံးမှ လာခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့ လုံးဝစိမ်းသက်လှသော နေရာမျိုးတွင် ပါရမီရှင်များစွာ ရှိနေကြောင်းကိုလည်း သူ သိသည်။ ဤကဲ့သို့ နောက်ခံမျိုး ရှိနေခြင်းက သူ့အတွက် သေချာပေါက် အလွန်တရာ အထောက်အကူ ဖြစ်စေပေလိမ့်မည်။
"အရှင်လင်းဖုန်း... ကျွန်တော် အရှင့်ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး"
လန်ထျန်း သူ့လက်သီးများကို ခပ်တင်းတင်းဆုပ်ကာ စိတ်ပိုင်းဖြတ်လိုက်သည်။ သို့သော်လည်း အောက်ပိုင်းနယ်မြေမှ အထက်ပိုင်းနယ်မြေသို့ တက်လှမ်းရန် မည်မျှအထိ ခက်ခဲလှသနည်း။ လက်ရှိ လန်ထျန်းအနေဖြင့် ဘီမွန်ဂလက်ဆီတစ်ခုလုံးအတွင်းရှိ မရေမတွက်နိုင်သော ယဉ်ကျေးမှုများမှ ပါရမီရှင်များနှင့် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်းကို သိထားရပေမည်။ လျှောက်ရမည့် ခရီးလမ်းက အဝေးကြီး လိုသေး၏။
သူ ထင်ပေါ်ကျော်ကြားလာနိုင်မလား ဆိုသည်က သူ့အပေါ်တွင်သာ မူတည်ပေလိမ့်မည်။
...........
လင်းဖုန်း လန်ထျန်းကို အောက်ပိုင်းနယ်မြေသို့ ဝင်ရောက်ရန် ညွှန်းဆိုပေးပြီးနောက် ထိုကိစ္စကို ဂရုမစိုက်တော့ချေ။ အောက်ပိုင်းနယ်မြေက သူနှင့် အလွန်တရာ အလှမ်းကွာလွန်းလှသည်။ အကယ်၍ လန်ထျန်းသာ အလယ်ပိုင်းနယ်မြေသို့ တက်လှမ်းနိုင်ပါက ထိုအချိန်ကျမှသာ သူ အနည်းငယ် ပိုဂရုစိုက်မိပေလိမ့်မည်။
သို့သော် ထိုမျှသာ ဖြစ်လိမ့်မည်။
လင်းဖုန်းတွင် လုပ်ဆောင်ရမည့် ပိုအရေးကြီးသော ကိစ္စရပ်များ ရှိနေသည်။ သူ ယခုလက်ရှိ သိလိုဆုံးအရာက နဂါးနက်ဂိုဏ်းချုပ်ကဲ့သို့ ကျင့်ကြံသူများအနေဖြင့် သက်ရှိများကို ဝါးမြိုသကဲ့သို့ ဂြိုဟ်များကိုပါ အဘယ်ကြောင့် စိတ်တိုင်းကျ ဝါးမြိုနိုင်ကြသလဲ ဆိုသည့်အချက်ပင်။
လင်းဖုန်းအနေဖြင့် ဤကိစ္စက ထင်သလောက် မရိုးရှင်းကြောင်း မရေမရာ ခံစားနေရသည်။
ထာဝရသိုင်းတာအိုအရှင်