အခန်း ၄၃၁
Vol. 39 Ch. 431
အခန်း (၄၃၁) - မိစ္ဆာ
ဘာသာပြန် - အားသစ်
"သခင်... နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ"
လင်းဖုန်း ပြန်လည်ရောက်ရှိလာသည်ကို မြင်လိုက်ရချိန်တွင် လောင်ဘီသမ်၏ မျက်နှာထားက ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားသည်။
လင်းဖုန်း မရှိသည့်ကာလအတွင်း လောင်ဘီသမ်တစ်ယောက်တည်း အဆင်ပြေပြေ ရှိနေခဲ့ပုံရ၏။
"လောင်ဘီသမ်... ဝါးမြိုသက်ရှိတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရှာပေးစမ်းပါ"
"ဟုတ်ကဲ့ပါ သခင်"
လောင်ဘီသမ်က အထက်ပိုင်းနယ်မြေရှိ အချက်အလက်အားလုံးကို ဒေါင်းလုဒ်ဆွဲယူလိုက်သည်။ အထက်ပိုင်းနယ်မြေတွင် လူသိရှင်ကြား ထုတ်ပြန်ထားသည့် အချက်အလက်မှန်သမျှကို လောင်ဘီသမ် ရှာဖွေနိုင်စွမ်း ရှိသည်။
"သခင်... ဝါးမြိုသက်ရှိဆိုတာ သူတို့ရဲ့ ခန္ဓာကိုယ်ဗီဇ စိတ်သဘောအရ အသက်ဓာတ်နဲ့ စွမ်အင်တွေကို ဝါးမြိုတတ်ကြတဲ့ သက်ရှိတွေအတွက် ယေဘုယျခေါ်ဝေါ်တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ ဝါးမြိုသက်ရှိတွေက ကျင့်ကြံသူတွေရဲ့ ရန်သူတော်ကြီးတွေ ဖြစ်ကြပါတယ်။ တကယ်လို့ ဝါးမြိုသက်ရှိတွေကို တွေ့ခဲ့ရင် နတ်နန်းဆီ ချက်ချင်း သတင်းပို့ရမှာဖြစ်ပြီတော့း သူတို့ကို ရှင်းလင်းဖျက်ဆီးဖို့ အမြန်ဆုံး အရေးယူဆောင်ရွက်ရပါမယ်"
လင်းဖုန်း ခေါင်းညိတ်လိုက်သည်။ ဤသည်က သာမန်ဝါးမြိုသက်ရှိများအကြောင်း မိတ်ဆက်မျှသာ ဖြစ်၏။
"လောင်ဘီသမ်... ဝါးမြိုသက်ရှိတွေနဲ့ ဆင်တူတဲ့ ကျင့်ကြံသူတွေအကြောင်း အချက်အလက်တွေကို ရှာကြည့်ပေးဦး"
လေောင်ဘီသမ် ခေတ္တမျှ ရှာဖွေကြည့်ရှုပြီးနောက် ထူးဆန်းသော မျက်နှာအမူအရာဖြင့် ပြောလိုက်၏။ "ထူးခြားတဲ့ တိုင်းပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံပြီး ဝါးမြိုခြင်းကို အဓိကကျင့်ကြံခြင်းနည်းလမ်းအဖြစ် သုံးတဲ့ ကျင့်ကြံသူတွေကိုတော့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲထားတဲ့ ဝါးမြိုသက်ရှိတွေလို့ ခေါ်ပါတယ်။ သူတို့မှာ အများသုံးနာမည်တစ်ခု ရှိပါတယ်... အဲဒါက မိစ္ဆာတဲ့။
မိစ္ဆာတွေနဲ့ တွေ့ရတဲ့ ဘယ်သူမဆို သူတို့ကို သတ်ပစ်ဖို့ အစွမ်းကုန် ကြိုးစားရမှာဖြစ်ပါတယ်။ ဒါမှမဟုတ်ရင် နတ်နန်းဆီကို ပြနခသတင်းပို့ရပါမယ်။ မိစ္ဆာတွေက သဘာဝအတိုင်း ဖြစ်တည်လာတဲ့ ဝါးမြိုသက်ရှိတွေထက် အဆပေါင်းများစွာ ပိုပြီး အန္တရာယ်များပါတယ်။ သူတို့က ဉာဏ်ကောင်းကြပြီး ပြည့်စုံတဲ့ ကျင့်ကြံခြင်းစနစ်လည်း ရှိကြတယ်... ကျင့်ကြံသူတွေရဲ့ အမှောင်ဘက်ခြမ်းလိုမျိုးပေါ့။ သူတို့က အရမ်းကို ရက်စက်ကြမ်းကြုတ်ကြပြီးတော့ နောက်ဆက်တွဲဆိုးကျိုးတွေ ဘာတွေလည်း ဂရုမစိုက်ကြပါဘူး။ သူတို့ရဲ့ ကိုယ်ပိုင်အကျိုးအမြတ်ကိုပဲ ရှာတတ်ကြတာပါ။ တကယ်လို့ စကြဝဠာကြီးကို ဝါးမြိုတာက သူတို့ရဲ့ ကျင့်ကြံခြင်းကို အထောက်အကူပြုနိုင်မယ်ဆိုရင် မိစ္ဆာတွေက တုံ့ဆိုင်းမနေဘဲ စကြဝဠာကြီးတစ်ခုလုံးကို ချက်ချင်း ဝါးမြိုပစ်ကြမှာပါပဲ"
လင်းဖုန်း ယခုမှ သဘောပေါက်သွားတော့သည်။ သူ ဆုံတွေ့ခဲ့ရသည့် နဂါးနက်ဂိုဏ်းချုပ်က မိစ္ဆာတစ်ကောင် ဖြစ်နေခဲ့၏။
ထို့ပြင် မိစ္ဆာများက လူအုပ်ကြီးကြားတွင် ပုန်းအောင်းနေနိုင်ကြသည်။ သဘာဝအတိုင်း ဖြစ်တည်လာသော ဝါးမြိုသက်ရှိများနှင့် နှိုင်းယှဉ်လျှင် မိစ္ဆာများကသာ အစစ်အမှန် ခြိမ်းခြောက်မှုကြီး ဖြစ်သည်။
အကယ်၍ မိစ္ဆာတစ်ကောင်က ဝါးမြိုခြင်းကို မပြုလုပ်နေပါက သူတို့က မိစ္ဆာဖြစ်ကြောင်း မည်သူမျှ သတိပြုမိနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် လင်းဖုန်း မိစ္ဆာများနှင့် ပတ်သက်သည့် အချက်အလက်များကို ထပ်မံရှာဖွေကြည့်လိုက်သည်။ ရလဒ်က အလွန်တရာ အံ့အားသင့်စရာ ကောင်းလှ၏။ အထက်ပိုင်းနယ်မြေတွင် မိစ္ဆာများနှင့် ပတ်သက်သည့် အချက်အလက်များ အလွန်ပင် များပြားလွန်းလှသည်။
လင်းဖုန်း ဆယ်ရက်တိတိ အချိန်ယူပြီးမှ မိစ္ဆာများနှင့် ပတ်သက်သည့် အချက်အလက်အားလုံးကို ဖတ်ရှုပြီးစီးခဲ့သည်။ သူ မိစ္ဆာများအကြောင်း အသေးစိတ် နားလည်သဘောပေါက်သွားသည်။ သူ နဂါးနက်ဂိုဏ်းချုပ်ကို ရှာဖွေတွေ့ရှိပြီး ဖွင့်ချနိုင်ခဲ့သည့် အကြောင်းရင်းမှာ နဂါးနက်ဂိုဏ်းချုပ်က လင်းဖုန်းကို လုံးဝ အရေးမစိုက်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။
အချို့သတိကြီးလှသည့် မိစ္ဆာများကမူ သာမန်သက်ရှိများစွာကြားတွင် ပုန်းအောင်းနေတတ်ကြပြီး အရေးကြီးသော အခိုက်အတန့်တွင်မှ ကျင့်ကြံသူကို သေစေနိုင်လောက်သည့် ဒဏ်ရာမျိုး ပေးတတ်ကြသည်။
ထိုအချက်ကြောင့် မရေမတွက်နိုင်သော ကျင့်ကြံသူများ သေဆုံးခဲ့ရဖူးသည်။
လင်းဖုန်း ဆက်မဖတ်တော့ချေ။ သူ မျက်လုံးများကို မှိတ်လိုက်ပြီး ထိုအချက်အလက်အားလုံးကို ဖြည်းဖြည်းချင်း ခြေဖျက်ကာ ပြန်လည်စုစည်းလိုက်၏။
စင်စစ်တွင် မိစ္ဆာများသည်လည်း ကျင့်ကြံသူများသာ ဖြစ်ကြသည်။ ဤသည်က သံသယဖြစ်ဖွယ် မရှိသော်လည်း မိစ္ဆာများ မွေးဖွားလာခြင်းက တိုက်ဆိုင်မှုတစ်ခု မဟုတ်ပေ။ ယင်းက ရှောင်လွှဲ၍မရနိုင်သော အရာတစ်ခု ဖြစ်ပေသည်။
စဉ်းစားကြည့်လျှင် လူအများစုက လင်းဖုန်းကဲ့သို့ ဘီမွန်နတ်နန်းထဲသို့ ဝင်ရောက်ခွင့်ရနိုင်လောက်အောင် ကံမကောင်းကြချေ။ အကယ်၍ သူတို့ ဘီမွန်နတ်နန်းထဲသို့ ဝင်ရောက်နိုင်ခဲ့လျှင်ပင် လူတိုင်းက လင်းဖုန်းကဲ့သို့ အထက်ပိုင်းနယ်မြေသို့ တက်လှမ်းနိုင်ကြသည် မဟုတ်ပေ။ လင်းဖုန်းအနေဖြင့် နတ်နန်းတွင် ရှိနေ၍သာ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းနှင့် တိုက်ပွဲဝင်ခန္ဓာကိုယ်များ ပေါင်းစပ်ဖွဲ့စည်းခြင်းတို့အတွက် စွမ်းအင်များကို အလုံအလောက် ရရှိထားခြင်း ဖြစ်သည်။
လူတိုင်းက နောက်ဆုံးတွင် အထွတ်အထိပ်သို့ ရောက်ရှိနိုင်မည့် ထူးခြားပြောင်မြောက်သော ပါရမီကို ပိုင်ဆိုင်နိုင်ကြသည် မဟုတ်ချေ။
အဆင့်အတန်း၊ ရာထူး သို့တည်းမဟုတ် ကောင်းမွန်သော ကျင့်ကြံခြင်းနည်းလမ်းများပင် မရှိကြသည့် လူများအနေဖြင့် မည်သို့ လုပ်ကြရမည်နည်း။
ဤအချက်တွင် မိစ္ဆာတစ်ယောက် ဖြစ်လာခြင်းက အကောင်းဆုံးရွေးချယ်မှု ဖြစ်နေပေလိမ့်မည်။
မိစ္ဆာများ၏ ကျင့်ကြံခြင်းစနစ်က ကျင့်ကြံသူများကဲ့သို့ ရှုပ်ထွေးမှု မရှိချေ။ သူတို့အနေဖြင့် စကြဝဠာ၏ အမှန်တရားကို နားလည်သဘောပေါက်စရာလည်း မလိုပေ။ စဉ်ဆက်မပြတ် ဝါးမြိုနေရန်သာ လိုအပ်သည်။ ထိုသို့ အဆက်မပြတ် ဝါးမြိုခြင်းဖြင့် သဘာဝအတိုင်း တိုးတက်လာနိုင်၏။
ဥပမာအားဖြင့် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ငါးကြိမ်ပြုထားသော မိစ္ဆာတစ်ယောက်အနေဖြင့် သူတို့ လုပ်ဆောင်လိုသည်က တစ်စုံတစ်ခုကို နားလည်သဘောပေါက်ရန် မဟုတ်ဘဲ ဝါးမြိုရန်သာ ဖြစ်သည်။ သူတို့အနေဖြင့် ဂြိုဟ်များကို ဝါးမြိုနိုင်ခြင်း မရှိသေးလျှင်ပင် အသိဉာဏ်ရှိသည့် သက်ရှိများစွာနှင့် သဘာဝရတနာများကို ဝါးမြိုနိုင်ကြသည်။
အသိဉာဏ်ရှိသည့် သက်ရှိများ အလုံအလောက် ရှိနေသရွေ့ သူတို့အနေဖြင့် သက်ရှိခပ်သိမ်း၏ ဉာဏ်ပညာနှင့် စွမ်းအားများကို အသုံးပြု၍ ဂြိုဟ်အဆင့်သက်ရှိများ ဖြစ်လာနိုင်ကြသည်။
သမရိုးကျကျင့်ကြံခြင်းစနစ်နှင့် နှိုင်းယှဉ်လျှင် မိစ္ဆာများ၏ စနစ်က အလွန်တရာ ရိုးရှင်းလွန်းလှသည်။ သူတို့အနေဖြင့် အရာတစ်ခုတည်းကိုသာ လုပ်ဆောင်ရန် လိုအပ်သည်။ အဆက်မပြတ် ကြီးထွားလာစေရန်အတွက် ဆက်တိုက် ဝါးမြိုနေရန်သာ လို၏။
ထို့ကြောင့်ပင် စကြဝဠာတစ်ခုလုံးအတွင်း မိစ္ဆာများကို ကျင့်ကြံသူများက နှိပ်ကွပ်ထားကြသော်လည်း သူတို့ အဆက်မပြတ် ဆက်လက်ဖွံ့ဖြိုးနေနိုင်ကြခြင်း ဖြစ်သည်။ ကျင့်ကြံသူပေါင်းများစွာက မိစ္ဆာဖြစ်လိုကြသည်။ သူတို့၏ ကန့်သတ်ချက် အတားအဆီးသို့ ရောက်ရှိနေပြီး နှစ်ပေါင်းဘီလီယံချီတိုင်အောင် တိုးတက်မှုမရှိတော့သည့် အားကောင်းလှသော ကျင့်ကြံသူတချို့ပင်လျှင် စကြဝဠာကြီးတစ်ခုလုံးကို ပရမ်းပတာဖြစ်စေသည့် မိစ္ဆာများ ဖြစ်လာရန်နှင့် မိစ္ဆာများ၏ ကျင့်ကြံခြင်းစနစ်ကို စမ်းသပ်ကြည့်လိုကြသည်။
"တကယ့်ကို ကြောက်စရာကောင်းလိုက်တာ... မိစ္ဆာတစ်ကောင်က စွမ်းအားကောင်းရုံတင်မကဘူး... သူတို့ရဲ့ ဖြစ်တည်မှုကိုယ်တိုင်ကပါ လူတွေကို သွေးဆောင်ဖြားယောင်းနိုင်တယ်"
လင်းဖုန်း၏ နှလုံးသား တုန်လှုပ်သွားခဲ့သည်။ မိစ္ဆာများနှင့် ပတ်သက်သည့် အချက်အလက်များစွာကို ဖတ်ရှုပြီးနောက်တွင်မှ ကျင့်ကြံသူများက မိစ္ဆာများကို အဘယ်ကြောင့် သူတို့၏ ရန်သူတော်ကြီးအဖြစ် ဆက်ဆံကြသလဲ ဆိုသည်ကို သူ နောက်ဆုံး၌ နားလည်သွားတော့သည်။
မိစ္ဆာများ၏ စွမ်းအားက ဒုတိယအဆင့်မျှသာ ဖြစ်ပြီး အဓိကသော့ချက်မှာ သူတို့က လူများကို မည်သို့ သွေးဆောင်ဖြားယောင်းနိုင်သလဲ ဆိုသည့်အချက် ဖြစ်၏။
အကယ်၍ ကျင့်ကြံသူတစ်ယောက်က နှစ်ပေါင်းထောင်ချီ သောင်းချီတိုင်အောင် ကျင့်ကြံခဲ့ပြီးဖြစ်သော်လည်း ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု အဆင့်တွင်သာ ပိတ်မိနေဆဲဖြစ်ကာ နောက်ထပ် အဆင့်မတက်နိုင်တော့ပါက သူတို့အနေဖြင့် မိစ္ဆာတစ်ကောင် ဖြစ်လာရန်အတွက် စွန့်စားကြမည်လော။ ဝါးမြိုခြင်းဟူသော ရိုးရှင်းသည့် လုပ်ဆောင်ချက်တစ်ခုတည်းဖြင့် ဂြိုဟ်အဆင့်သက်ရှိ ဖြစ်လာနိုင်မည့် သွေးဆောင်မှုကို သူတို့ မည်သို့လျှင် တွန်းလှန်နိုင်ပါမည်နည်း။
ဂြိုဟ်အဆင့် သက်ရှိများအတွက်ပင် အကယ်၍ သူတို့၏ တိုးတက်မှုက ရပ်တန့်နေပါက အခြား စိတ်ကူးစိတ်သန်းများ ပေါ်ထွက်လာကြမည်သာ။ မိစ္ဆာတစ်ကောင် ဖြစ်လာပြီး ဂြိုဟ်တချို့ကို ဝါးမြိုလိုက်ခြင်းက သူတို့ကို နောက်တစ်ဆင့် တက်လှမ်းစေနိုင်မည် ဖြစ်ရာ ကျင့်ကြံသူ မည်မျှက ထိုကဲ့သို့သော သွေးဆောင်မှုကို တွန်းလှန်နိုင်ပါမည်နည်း။
လင်းဖုန်းအနေဖြင့် ကိုယ့်ကိုယ်ကို ရိုးရိုးသားသား မေးခွန်းထုတ်ကြည့်လိုက်သည်။ သူကိုယ်တိုင်ပင် သွေးဆောင်ခံရနိုင်၏။
သို့သော်လည်း သူက ယခုလက်ရှိအချိန်တွင် အလွန် ခေါင်းအေးအေးထားနိုင်ဆဲပင်။ ထို့ကြောင့် မိစ္ဆာလမ်းစဉ်ဟူသည် လမ်းမှားတစ်ခု ဖြစ်ကြောင်း သူ သိသည်။
တိုးတက်လာရန်အတွက် ဝါးမြိုရန်သာ လိုအပ်ပုံရသဖြင့် ဤထက်ပိုကောင်းသော ကျင့်ကြံခြင်းစနစ် မရှိနိုင်တော့ဟု ထင်ရသည်။ သို့သော်လည်း အကယ်၍ လူတိုင်းသာ မိစ္ဆာဖြစ်သွားကြပါက နောက်ဆုံးတွင် ယင်းက အချင်းချင်း အဆုံးစီရင်ရမည့် ကစားပွဲတစ်ခုသာ ဖြစ်သွားပေလိမ့်မည်။
မိစ္ဆာမည်မျှ ရှိနေပါစေ ထိုမိစ္ဆာများက မည်မျှအထိ အဆင့်မြင့်ပါစေ မိစ္ဆာတစ်ကောင်အနေဖြင့် စကြဝဠာအဆင့်သက်ရှိ ဖြစ်လာလိုပါက စကြဝဠာကြီးတစ်ခုလုံးကို ဝါးမြိုရမည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် စကြဝဠာတစ်ခုလုံး ထိုမိစ္ဆာအတွက် အာဟာရဓာတ်သာ ဖြစ်သွားပြီး စကြဝဠာအဆင့်သက်ရှိ ဖြစ်လာစေရန် ထောက်ပံ့ပေးလိမ့်မည်။
သို့ဆိုလျှင် မိစ္ဆာအားလုံး ပျောက်ကွယ်သွားကြမည်ဖြစ်ပြီး နောက်ဆုံး တစ်ကောင်တည်းသာ ကျန်ရှိတော့ပေမည်။
ဤသည်က အစမှ အဆုံးတိုင် အချင်းချင်း အဆုံးစီရင်ရမည့် ကစားပွဲတစ်ခု ဖြစ်ပြီး လုံးဝ ရေရှည်မတည်တံ့နိုင်ချေ။ စစ်မှန်သော ကျင့်ကြံခြင်းစနစ်တွင်မူ စကြဝဠာအဆင့်သက်ရှိ တစ်ယောက်၊ နှစ်ယောက် သို့တည်းမဟုတ် သုံးလေးယောက်ပင် မွေးဖွားလာခြင်းက ဘာမှမဟုတ်ချေ။ စင်စစ်တွင် စကြဝဠာအဆင့် သက်ရှိများ ပိုမိုမွေးဖွားလာလေလေ သူတို့က ဤစကြဝဠာကြီးကို ပိုမိုပျိုးထောင်ပေးနိုင်လေလေ ဖြစ်သည်။
ဥပမာအားဖြင့် အကယ်၍ ဂြိုဟ်အဆင့် သက်ရှိတစ်ယောက် မွေးဖွားလာပါက ထိုဂြိုဟ်အဆင့်သက်ရှိက ဂြိုဟ်ပေါ်ရှိ သက်ရှိများကို ကူညီပေးမည်ဖြစ်ပြီး အကာအကွယ်လည်း ပေးလိမ့်မည်။
မိစ္ဆာများကမူ ဝါးမြိုရန်သာ သိကြသည်။
ထို့ကြောင့် မိစ္ဆာများ၏ ကျင့်ကြံခြင်းစနစ်က လုံးဝဥဿုံ အကျိုးမဲ့ကစားပွဲ ဖြစ်၏။ မရေမတွက်နိုင်သော မိစ္ဆာများ ဝါးမြိုရန်အတွက် တိုက်ခိုက်နေကြသည်။ သူတို့၏ ရည်မှန်းချက်က အဘယ်နည်း။
နောက်ဆုံးတွင် စကြဝဠာကြီးတစ်ခုလုံးကို ဝါးမြိုကာ စကြဝဠာအဆင့်သက်ရှိ ဖြစ်လာနိုင်မည့် ထိုနောက်ဆုံးမိစ္ဆာ ဖြစ်လာရန်အတွက်သာ ဖြစ်မည်မှာ အသေအချာပင်။
သို့သော် ထိုကံကောင်းသူက မည်သူ ဖြစ်လိမ့်မည်နည်း။
ဤအချက်ကြောင့်ပင် မိစ္ဆာများကို စကြဝဠာအတွင်းရှိ ကျင့်ကြံသူအားလုံးက တားမြစ်ချက်အဖြစ် သတ်မှတ်ထားကြပြီး ခပ်သိမ်းသော စကြဝဠာယဉ်ကျေးမှုများ၏ ဘုံရန်သူတော်ကြီးများ ဖြစ်လာခြင်း ဖြစ်သည်။ မိစ္ဆာများ ပိုမိုသန်မာလေလေ ကြုံတွေ့ရမည့် နှိပ်ကွပ်မှုက ပိုအားကောင်းလေလေ ဖြစ်၏။
အချို့ဂလက်ဆီအဆင့် မိစ္ဆာများအနေဖြင့် နှစ်ပေါင်းဘီလီယံချီတိုင်အောင် လူလုံးပင် မပြရဲကြချေ။ အကြောင်းမှာ သူတို့ လူလုံးပြလိုက်သည်နှင့် မရေမတွက်နိုင်သော ကြီးမြတ်လှသည့် ဂလက်ဆီဆင့် မဟာသက်ရှိများ၏ ပူးပေါင်းတိုက်ခိုက်ခြင်းကို ကျိန်းသေခံရမည် ဖြစ်သောကြောင့်ပင်။
နတ်နန်းက ဤမျှအထိ မြန်မြန်ဆန်ဆန် တုံ့ပြန်ဆောင်ရွက်ပြီး ရေမွန်ကို စေလွှတ်ကာ နောက်ဆုံး နဂါးနက်ဂိုဏ်းချုပ်၏ ကပ်ဘေးကြီးကို ဖြေရှင်းပေးခဲ့ခြင်းက အံ့ဩစရာ မဟုတ်တော့ချေ။
မိစ္ဆာများကို တွေ့သည်နှင့် အလွယ်တကူ လွှတ်ပေးထားမည် မဟုတ်ချေ။ သေချာပေါက် သုတ်သင်ပစ်ရပေမည်။
(TL note: ဒီနေရာမှာ ကျွန်တော်လည်း ဇဝေဇဝါဖြစ်နေတာ တစ်ခုရှိတယ်။ ကျင့်ကြံခြင်းအဆင့်တွေနဲ့ ပတ်သတ်ပြီတော့ပေါ့။
ကျွန်တော် wikiမှာ ရှာကြည့်ရသလောက်ကတော့ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအဆင့်တွေမှာ ခြောက်ကြိမ်မြောက်က မူလဂြိုဟ်အဆင့်၊ ခုနစ်ကြိမ်မြောက်က အဆင့်မြင့်ဂြိုဟ်အဆင့်၊ ရှစ်ကြိမ်မြောက်က အန္တိမဂြိုဟ်အဆင့်နဲ့ ကိုးကြိမ်မြောက်က ဂလက်ဆီအဆင့်ဆိုပြီး ရှိတယ်။
ဂလက်ဆီအဆင့်ရဲ့ အထက်ကျတော့ ဖရိုဖရဲအဆင့် သက်ရှိတွေ ဖြစ်သွားတယ်။ စကြာဝဠာအဆင့်ဆိုပြီးတော့ သီးသန့်အဆင့်တစ်ခု မတွေ့ရဘူး။ အခုကျတော့ စကြာဝဠာအဆင့်ဆိုပြီးတော့ အဆင့်တစ်ခု ထပ်တိုးလာပြန်ပြီ။
ဒီအဆင့်က ဆယ်ကြိမ်မြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းလား၊ ဂလက်ဆီအဆင့်နဲ့ ဖရိုဖရဲအဆင့်တွေကြားက ကြားခံအဆင့်တစ်ခုလား၊ ဒါမှမဟုတ် ဖရိုဖရဲသက်ရှိတစ်ပိုင်းကို ခေါ်တာလားဆိုတာတော့ ကျွန်တော်လည်း မသိသေးဘူးဗျ။
အရင်က ဂြိုဟ်အဆင့်နဲ့အထက် သက်ရှိတွေကို စကြာဝဠာသက်ရှိ universal lifeform လို့ခေါ်တယ် ထင်တာ။ ခုကျတော့လည်း အဲ့လိုမဟုတ်ပြန်ဘူး။ ဘယ်လိုဖြစ်မယ်ဆိုတာတော့ ဆက်ဖတ်ကြည့်ရအုံးမှာပဲဗျ။ အမှားပါရင်လည်း နားလည်ပေးကြပါ…လို့)
ထာဝရသိုင်းတာအိုအရှင်