အခန်း ၄၃၂
Vol. 39 Ch. 432
အခန်း (၄၃၂) - ရေမွန်၏ အတွေးများ
ဘာသာပြန် - အားသစ်
သို့သော်လည်း မိစ္ဆာများက လုံးဝဥဿုံ အားနည်းချက်မရှိကြသည်တော့ မဟုတ်ပေ။
ဥပမာအားဖြင့် မိစ္ဆာများက သူတို့၏ စွမ်းအင်အားလုံးကို ဝါးမြိုခြင်းအပေါ်၌သာ အာရုံစိုက်ထားကြသဖြင့် မည်သည့်မိစ္ဆာမှ နိယာမများကို နားလည်သဘောပေါက်ရန် ကြိုးစားလေ့မရှိကြချေ။ အစစ်အမှန်တိုက်ပွဲတစ်ခုတွင် နိယာမများကို နားလည်သဘောပေါက်ထားသည့် ကျင့်ကြံသူများက သေချာပေါက် အားသာချက်အကြီးကြီး ရှိကြသည်။
အကယ်၍ သူ မိစ္ဆာများနှင့် ထပ်မံဆုံတွေ့ပါက လင်းဖုန်းအနေဖြင့် သူ၏ အားသာချက်များကို ကောင်းကောင်း အသုံးချရပေမည်။ လင်းဖုန်းတွင် မည်သည့် အားသာချက်များ ရှိသနည်း။ နိယာမများ ဖြစ်သည်မှာ မလွဲပေ။
အထွတ်အမြတ်ကျိန်စာကျောက် ရှိနေခြင်းကြောင့် လင်းဖုန်းအနေဖြင့် နိယာမလမ်းစဉ်ပေါ်တွင် မည်သည့်ပါရမီရှင်ကိုမဆို ကျော်လွန်နေခဲ့လေပြီ။
နိယာမများအကြောင်း တွေးတောမိလိုက်သည်နှင့် လင်းဖုန်း အထွတ်အမြတ်ကျိန်စာကျောက်ကို ထုတ်ယူလိုက်၏။ သူ၏ ဖျက်ဆီးခြင်းနိယာမနှင့် ဒီရေလှိုင်းနိယာမတို့က ဂြိုဟ်အဆင့်သို့ ရောက်ရှိထားပြီးဖြစ်သည်။ နိယာမ၏ နောက်တစ်ဆင့်ကမူ အဆင့်မြင့်ဂြိုဟ်အဆင့် ဖြစ်၏။ ဤအဆင့်ကို နားလည်ရန်က မလွယ်လှချေ။ အထွတ်အမြတ်ကျိန်စာကျောက် ရှိနေလျှင်ပင် အချိန်အကြာကြီး ယူရပေလိမ့်မည်။
အခြားတစ်ဖက်တွင်မူ အာကာသနိယာမက အချိန်တိုအတွင်း ဂြိုဟ်အဆင့်သို့ ရောက်ရှိနိုင်မည့် အခွင့်အရေး ရှိနေသည်။ ထိုအချိန်ရောက်လျှင် လင်းဖုန်းအနေဖြင့် အားကောင်းသော မိစ္ဆာတစ်ကောင်နှင့် ဆုံတွေ့ရလျှင်ပင် မနိုင်လျှင် ထွက်ပြေးနိုင်သည်။ သူ့အတွက် အရှုံးမရှိတော့ချေ။
ဤတစ်ကြိမ်တွင်မူ လင်းဖုန်း တာဝန်များကို ထပ်မံမလုပ်ဆောင်တော့ရန် ဆုံးဖြတ်လိုက်သည်။ နဂါးနက်ဂိုဏ်းချုပ်နှင့် ဆုံတွေ့ခဲ့ရခြင်းက လင်းဖုန်းကို အန္တရာယ်၏ အရိပ်အယောင်ကို ခံစားမိစေခဲ့သည်။ စကြဝဠာထဲတွင် မိစ္ဆာဟူသော အရာများ ရှိနေကြောင်းကို သူ သိသွားခဲ့ရသည်။
စကြဝဠာကြီးက သူ ထင်ထားသလောက် ဘေးကင်းလုံခြုံသည် မဟုတ်ပေ။ သူ့အနေဖြင့် အာကာသနိယာမကို ဂြိုဟ်အဆင့်သို့ ရောက်ရှိအောင် အမြန်ဆုံး နားလည်သဘောပေါက်ထားဖို့ လိုသည်။
"လောင်ဘီသမ်... အပြင်ကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ပြီး တံခါးပိတ်ကျင့်ကြံခြင်း အခြေအနေအတွက် ပြင်ဆင်လိုက်ပါ"
"ဟုတ်ကဲ့ပါ သခင်"
ထို့ကြောင့် လောင်ဘီသမ် တံခါးပိတ်ကျင့်ကြံခြင်း အခြေအနေကို ပြင်ဆင်ပေးလိုက်၏။ ဤအခြေအနေတွင် နတ်ဘုရားဘုရင် ဘီမွန်ကိုယ်တိုင် လာရောက်နှိုးဆော်ခြင်းမှတစ်ပါး မည်သည့်အရာကမျှ လင်းဖုန်းကို မနှောင့်ယှက်နိုင်ချေ။
လင်းဖုန်း စိတ်အာရုံအလုံးစုံ အထွတ်အမြတ်ကျိန်စာကျောက်ထဲတွင် နစ်မြုပ်သွားစေပြီး အာကာသနိယာမကို အဆက်မပြတ် နားလည်သဘောပေါက်နိုင်ရန် ကြိုးစားတော့သည်။ အာကာသနိယာမအပေါ် သူ၏ နားလည်သဘောပေါက်မှုက အလွန် နှေးကွေးလှ၏။ သို့သော်လည်း အထွတ်အမြတ်ကျိန်စာကျောက်ကြောင့် လင်းဖုန်း သူ၏ အာကာသနိယာမအပေါ် နားလည်သဘောပေါက်မှုက တစ်စတစ်စနှင့် တဖြည်းဖြည်း တိုးတက်လာနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။
သူ အာကာသနိယာမကို ဂြိုဟ်အဆင့်အထိ အပြည့်အဝ နားလည်သဘောပေါက်သွားရန်အတွက် အချိန်အကြာကြီး ယူရလိမ့်မည် မဟုတ်ချေ။
…
"ရေမွန်... ပြီးခဲ့တဲ့အကြိမ်က မင်း အကျိုးအမြတ်အများကြီး ရခဲ့တယ်လို့ ငါ ကြားတယ်နော်။ မင်း တကယ်ပဲ ဂြိုဟ်အဆင့် မိစ္ဆာတစ်ကောင်ကို သတ်ခဲ့တာလား"
ခြံဝင်းတစ်ခုအတွင်း ကျင့်ကြံသူ အနည်းငယ် အချင်းချင်း ဆွေးနွေးနေကြသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ခပ်ငွေ့ငွေ့ ထွက်ပေါ်နေသော စွမ်းအားအရှိန်အဝါများအရ သူတို့အားလုံး အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလှပေ၏။
ထိုသူများထဲတွင် အဆင့်မြင့်ဂြိုဟ်အဆင့် သက်ရှိတစ်ယောက်ဖြစ်သော ရေမွန်လည်း ပါဝင်သည်။ သူနှင့် တရင်းတနှီး စကားပြောဆိုနိုင်သူများသည်လည်း အဆင့်မြင့်ဂြိုဟ်အဆင့် သက်ရှိများပင် ဖြစ်ကြ၏။ အထက်ပိုင်းနယ်မြေတွင် လူတိုင်းက ဂြိုဟ်အဆင့်သက်ရှိများ ဖြစ်ကြသော်လည်း သူတို့အချင်းချင်းကြားတွင် အသိုက်အဝန်းငယ်လေးများ ရှိကြသည်။
ယေဘုယျအားဖြင့် ဆိုရလျှင် အဆင့်အတန်းတူသူများသာ အတူတကွ စုဝေးလေ့ရှိကြ၏။
"အေး…ငါ ကံကောင်းသွားတာကွ ဟောက်ယူရ။ ငါ ဂြိုဟ်အဆင့် မိစ္ဆာတစ်ကောင်ကို တကယ်သတ်ပြီးတော့ နတ်နန်းကနေ ဆုလာဘ်တော်တော်များများ ရခဲ့တယ်။ ဟားဟားဟား... ငါ နောက်ထပ် ပစ္စည်းတချို့ ထပ်စုပြီးရင် မူလလက်နက်တစ်ခု သန့်စင်နိုင်တော့မယ်ကွ"
ရေမွန်တစ်ယောက် အမှန်တကယ် ဝမ်းမြောက်နေ၏။ သာမန်တာဝန်များအတွက် ဆုလာဘ်က များပြားလှခြင်းမရှိပေ။ ဂြိုဟ်တစ်လုံးကို ကယ်တင်သည်ကပင် ထူးထူးခြားခြား မရှိလှချေ။ သို့သော် မိစ္ဆာများကမူ မတူကွဲပြားလှသည်။ မိစ္ဆာများကို သတ်ဖြတ်သူမှန်သမျှ သေချာပေါက် ဆုချီးမြှင့်ခံရမည်ဖြစ်ပြီး ဆုလာဘ်များကလည်း အလွန်တရာ ရက်ရောလှ၏။
ယင်းက အဆင့်မြင့်ဂြိုဟ်အဆင့် သက်ရှိဖြစ်သော ရေမွန်ကိုပင် စိတ်ကျေနပ်မှု ရစေခဲ့သည်။
ကံမကောင်းစွာဖြင့် လင်းဖုန်းတွင် နဂါးနက်ဂိုဏ်းချုပ်ကို သတ်ဖြတ်နိုင်စွမ်း မရှိခဲ့ချေ။ မဟုတ်ပါက ထိုဆုလာဘ်က သူ့အတွက် ဖြစ်ပေလိမ့်မည်။
"ရေမွန်... မင်း တကယ် ကံကောင်းတာပဲကွ"
"အမှန်ပဲ... ငါ တကယ် ကံကောင်းခဲ့တယ်။ ဒါတင်မကသေးဘူး... ငါတို့ အထက်ပိုင်းနယ်မြေထဲက အရမ်း စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်လေးတစ်ယောက်ကိုလည်း ငါ ရှာတွေ့ခဲ့သေးတယ်ကွ။ တကယ်လို့ သူသာ မရှိရင် ငါ အဲ့ဒီမိစ္ဆာကို ဖမ်းမိချင်မှ ဖမ်းမိနိုင်မှာ"
"ဘယ်သူများလဲ..."
"ငါတို့ အထက်ပိုင်းနယ်မြေထဲက အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ငါးကြိမ်ပဲ ပြီးသေးတဲ့ တစ်ဦးတည်းသော တပည့်ပေါ့ကွာ"
လူတိုင်း သဘောပေါက်သွားကြတော့သည်။ သူတို့အားလုံး အထက်ပိုင်းနယ်မြေတွင် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ငါးကြိမ်သာ ပြုထားရသေးသည့် တစ်ဦးတည်းသော တပည့်အကြောင်း သိကြ၏။ ရှားပါးသောအရာက ထင်ရှားပေါ်လွင်တတ်စမြဲပင်။ အထက်ပိုင်းနယ်မြေတစ်ခုလုံး အမြဲတစေ ဂြိုဟ်အဆင့်သက်ရှိများဖြင့်သာ ပြည့်နှက်နေခဲ့သည်။
ထို့ကြောင့် ဂြိုဟ်အဆင့်အောက်ရှိ တပည့်တစ်ဦး ရုတ်တရက် ပေါ်ပေါက်လာခြင်းကို လူတိုင်း သဘာဝကျကျ သိကြ၏။
"အဲဒါ လင်းဖုန်းမလား... သူက နတ်နန်းကို ပြန်ရောက်လာတဲ့ မျိုးစေ့တပည့်တစ်ယောက်လို့ ငါ ကြားတယ်။ နတ်ဘုရားဘုရင် အရှင်မြတ်က သူ့ကို အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ငါးကြိမ်ပဲ ရှိသေးရက်သားနဲ့ အထက်ပိုင်းနယ်မြေကို ရာထူးတိုးပေးခဲ့တာလေ"
"ဟုတ်တယ်... လင်းဖုန်းပဲ။ သူက ဂြိုဟ်အဆင့်နိယာမတွေကို နားလည်သဘောပေါက်ထားလို့ နတ်ဘုရားဘုရင် အရှင်မြတ်က ချွင်းချက်အနေနဲ့ သူ့ကို အထက်ပိုင်းနယ်မြေကို တိုးမြှင့်ပေးခဲ့တာပဲ"
အခြားတစ်ဦးက ခေါင်းခါယမ်းလျက် ပြောလိုက်သည်။ "သူ အထက်ပိုင်းနယ်မြေကို ရောက်လာခဲ့ရင်တောင် ဆဋ္ဌအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ပြီးမြောက်ဖို့ အလှမ်းဝေးနေဦးမှာပဲ။ မင်းက ဘယ်လိုဖြစ်ပြီး သူနဲ့ ဆုံခဲ့တာလဲ"
"ငါ သူ့ကို ဆုံခဲ့ရုံတင်မကဘူး... အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ လျှို့ဝှက်ချက်လေးတစ်ခုကိုလည်း သိခဲ့ရသေးတယ်။ အဲ့ဒီလင်းဖုန်းကို လျှော့မတွက်နဲ့ကွ... သူက မိစ္ဆာကို ပထမဆုံး ရှာတွေ့ခဲ့တဲ့သူပဲ။ ဒါတင်မကသေးဘူး... ငါ အဲ့ဒီမိစ္ဆာ နောက်ကို လိုက်မီသွားတဲ့အချိန်မှာ တိုက်ပွဲဝင်ခန္ဓာကိုယ် ၃၀ ရာခိုင်နှုန်းကျော်တောင် ဆုံးရှုံးထားသေးတာ။ လင်းဖုန်းက အဲ့ကောင်နဲ့ တိုက်ပြီးတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ခဲ့တာလို့ ငါ သံသယရှိတယ်"
"မဖြစ်နိုင်ရာကွာ မင်းကလည်း... လင်းဖုန်းက ဂြိုဟ်အဆင့်နိယာမတွေ နားလည်ထားတယ် ဆိုရင်တောင် မိစ္ဆာတစ်ကောင်ကို ဘယ်လိုလုပ် ဒဏ်ရာကြီးကြီးမားမားရအောင် လုပ်နိုင်မှာလဲ။ တကယ့် ဟာသပဲကွ။ ရေမွန်... မင်း မှားများမှားနေတာလား။ ဒါမှမဟုတ်လည်း အဲ့ဒီမိစ္ဆာက အရင်ကတည်းက ဒဏ်ရာရနေတာရော ဖြစ်နိုင်မလား"
မည်သူမျှ လုံးဝ မယုံနိုင်ကြချေ။
သူတို့အားလုံး အဆင့်မြင့်ဂြိုဟ်အဆင့် သက်ရှိများ ဖြစ်ကြပြီး ပါရမီရှင်များစွာကို မြင်တွေ့ခဲ့ဖူးကြသည်။ ဂြိုဟ်အဆင့်အောက်တွင် ပါရမီရှင်ဟု ခေါ်ဆိုသူများကြား၌ သိသာထင်ရှားသော ကွာဟချက်များ ရှိနေနိုင်သေးသော်လည်း ဂြိုဟ်အဆင့်အထက်တွင်မူ ယင်းက ပါရမီတစ်ခုတည်းတင် မဟုတ်တော့ဘဲ အချိန်နှင့် အခွင့်အလမ်းများအပေါ် ပိုမိုမူတည်သွားခဲ့ပြီ ဖြစ်၏။
သူတို့အားလုံး အဆင့်မြင့်ဂြိုဟ်ဆင့် သက်ရှိများအဖြစ် ကြီးထွားလာရန် အခွင့်အလမ်းများစွာ ကြုံတွေ့ခဲ့ကြဖူးသည်။
အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ငါးကြိမ်သာ ပြီးမြောက်ထားသေးသည့် ကျင့်ကြံသူတစ်ယောက်က ဂြိုဟ်အဆင့်သက်ရှိတစ်ယောက်နှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။ သူတို့ ဘဝတစ်လျှောက်လုံး တစ်ခါမျှပင် မကြားဖူးခဲ့ချေ။ ထို့ပြင် ထိုမိစ္ဆာက သာမန်မူလဂြိုဟ်အဆင့် သက်ရှိတစ်ယောက်ပင် မဟုတ်ချေ။ မူလဂြိုဟ်အဆင့် သက်ရှိများ၏ အထွတ်အထိပ်တွင် ရပ်တည်နေသည်ဟု သတ်မှတ်နိုင်သူ ဖြစ်သည်။
အကယ်၍ လင်းဖုန်းက ထိုမိစ္ဆာကို ဒဏ်ရာရအောင် လုပ်လိုပါက သူ့တွင် အနည်းဆုံး ဝါရင့် ဂြိုဟ်အဆင့်သက်ရှိ တစ်ယောက်၏ စွမ်းအားမျိုး ရှိရပေလိမ့်မည်။ သို့သော် ယင်းက ဖြစ်နိုင်ပါမည်လော။
ရေမွန် လူတိုင်းကို လှည့်ပတ်ကြည့်ရှုလျက် ပြုံးကာ ပြောလိုက်သည်။ "အရင်ကတော့ ငါလည်း မယုံခဲ့ပါဘူး... ဒါပေမဲ့ အဲ့ဒီမိစ္ဆာကိုယ်တိုင်က အမှတ်မထင် ပြောလိုက်တာ။ အဲဒါကြောင့်လည်း ဒီလင်းဖုန်းက မရိုးရှင်းဘူးဆိုတာ ငါ သိလိုက်ရတာပေါ့။ နတ်ဘုရားဘုရင် အရှင်မြတ်က သူ့ကို ဒီလောက်အထိ မျက်နှာသာပေးပြီး ချွင်းချက်အနေနဲ့ ရာထူးတိုးပေးခဲ့တာ အံ့ဩစရာ မရှိတော့ပါဘူး"
ရေမွန်က လင်းဖုန်းတွင် ထိုကဲ့သို့သော စွမ်းအားမျိုးရှိကြောင်း ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုနေလျှင်ပင် ဘေးပတ်ဝန်းကျင်ရှိ လူများကမူ ယုံကြည်ရန် ခက်ခဲနေကြဆဲ ဖြစ်၏။ သူတို့ မျက်မြင်ကိုယ်တွေ့ မမြင်ခဲ့ရသဖြင့် ထိုကိစ္စကို လုံးဝ နားမလည်နိုင်ကြချေ။
မိမိတို့အဆင့်ထက် ကျော်လွန်ကာ တိုက်ခိုက်ခြင်းဆိုသည် ဂြိုဟ်အဆင့်အောက်တွင်သာ အနည်းငယ် ဖြစ်နိုင်ချေရှသည်။ ဂြိုဟ်အဆင့်ရောက်လျှင် အရာအားလုံးက အလုံးစုံ ပြောင်းလဲသွားသည်ဖြစ်၍ အဆင့်ကျော်တိုက်ခိုက်ရန်က လုံးဝနီးပါး မဖြစ်နိုင်ပေ။
ရေမွန် ပြုံးသာပြလိုက်ပြီး ထပ်မံ ရှင်းပြမနေတော့ချေ။ သူ့စိတ်ထဲတွင်မူ မရေမရာ အတွေးတစ်ခု ကိန်းအောင်းနေသည်။ လင်းဖုန်းက မိတ်ဆွေဖွဲ့ရန် ထိုက်တန်သူတစ်ယောက် ဖြစ်ပုံရ၏။
"ဒါနဲ့... နှစ်တစ်ရာကြာရင် စကြဝဠာကြီးက နောက်ထပ် မဟာပေါက်ကွဲမှုတစ်ခု (Big Bang) ထပ်ကြုံရလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် စကြဝဠာကနေ မှုတ်ထုတ်လိုက်မယ့် ဒြပ်စင်အသစ်တွေက အန္တိမဂြိုဟ်အဆင့်သက်ရှိတွေကို အပြိုင်အဆိုင် ဖြစ်စေလိမ့်မယ်။ ငါတို့အနေနဲ့ လာမယ့် အနှစ်တစ်ရာအတွင်းမှာ ငါတို့ရဲ့ စွမ်းအားတွေကို တတ်နိုင်သမျှ အမြင့်ဆုံးရောက်အောင် မြှင့်တင်ထားကြရမယ်"
မဟာပေါက်ကွဲမှုအကြောင်း ပြောလိုက်သည်နှင့် လူတိုင်း စိတ်လှုပ်ရှားသွားကြတော့သည်။
စကြဝဠာကြီးက အဆက်မပြတ် ကျယ်ပြန့်လာနေခြင်း ဖြစ်၏။ အချိန်ကာလ အတိုင်းအဆတစ်ခု ကြာမြင့်တိုင်း စကြဝဠာကြီး၌ မဟာပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လေ့ရှိသည်။ ယင်းက စိတ်ကူးမယဉ်နိုင်လောက်သော ကပ်ဘေးများကို သယ်ဆောင်လာနိုင်သော်လည်း တစ်ချိန်တည်းမှာပင် စကြဝဠာ၏ မဟာပေါက်ကွဲမှုတိုင်းက ဂြိုဟ်အဆင့်အထက်ရှိ သက်ရှိများအတွက် ကြီးမားသော အခွင့်အလမ်းကြီးတစ်ခု ဖြစ်သည်။
အကြောင်းမှာ မဟာပေါက်ကွဲမှုကြောင့် ဒြပ်စင်အသစ်များစွာ မှုတ်ထုတ်ခံရမည် ဖြစ်သောကြောင့်ပင်။ ထိုဒြပ်စင်အသစ်များကို အားကောင်းသော မူလလက်နက်များအဖြစ် သွန်းလုပ်နိုင်သလို အကျိုးကျေးဇူးအမျိုးမျိုးအတွက် တိုက်ပွဲဝင်ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ထည့်သွင်းနိုင်သည်။ မဟုတ်လျှင်လည်း နိယာမများကို နားလည်သဘောပေါက်ရန်အတွက် အထောက်အကူ ဖြစ်စေနိုင်သည်။
အတိုချုပ်ဆိုရလျှင် မဟာပေါက်ကွဲမှုတိုင်းတွင် မမျှော်လင့်ထားသော အကျိုးကျေးဇူး အမျိုးမျိုး ရှိကြသည်။
နတ်နန်းရှိ မဟာပေါက်ကွဲမှုအကြောင်း သိကြသော ဂြိုဟ်အဆင့်သက်ရှိအားလုံး တိတ်တဆိတ် ပြင်ဆင်မှုများ ပြုလုပ်နေကြပြီ ဖြစ်သည်။
"မဟာပေါက်ကွဲမှု ဟုတ်လား..."
ရေမွန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ စောစောကပင် သူ တစ်ခုခုကို တွေးတောမိလိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ယင်းက အထက်ပိုင်းနယ်မြေရှိ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ငါးကြိမ်သာ ပြုထားရသေးသည့် တစ်ဦးတည်းသော ကျင့်ကြံသူ လင်းဖုန်းနှင့် သက်ဆိုင်နေ၏။
ထာဝရသိုင်းတာအိုအရှင်