အခန်း ၄၃၃
Vol. 39 Ch. 433
အခန်း (၄၃၃) - ကြယ်တာရာပန်းပွင့်
ဘာသာပြန် - အားသစ်
သုံးလအကြာတွင် လင်းဖုန်း၏ လျှို့ဝှက်ကျင့်ကြံရေးအခန်းအတွင်း၌...
ဝုန်း
ပတ်ဝန်းကျင်ရှိ အာကာသဟင်းလင်းပြင်တစ်ခုလုံး ပုံပျက်ရှုံ့တွသွားပြီး သိပ်သည်းလှသော အက်ကြောင်းများဖြင့် ပြည့်နှက်နေသည့် မှန်တစ်ချပ်အသွင် ပြောင်းလဲသွားသည်။ ထို့နောက် ရုတ်တရက် မျက်စိတစ်မှိတ်အတွင်း အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီး ကတ္တရာစေးပမာ နက်မှောင်လှသော အာကာသဥမင်လိုဏ်ခေါင်းလမ်းကြောင်းတစ်ခု ပေါ်ထွက်လာ၏။
"ငါ နောက်ဆုံးတော့ ဟင်းလင်းပြင်နိယာမကို ဂြိုဟ်အဆင့်အထိ နားလည်သွားပြီ"
လင်းဖုန်း စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။ သုံးလလုံးလုံး သူ ဟင်းလင်းပြင်နိယာမကို အချိန်တိုင်းနီးပါး နားလည်သဘောပေါက်နိုင်ရန် အစွမ်းကုန် ကြိုးစားနေခဲ့သည်။ သူ၏ တိုးတက်မှုက လိပ်တစ်ကောင်၏ အရှိန်နှုန်းဟု တင်စားခေါ်ဆိုရလောက်အောင် အလွန်တရာ နှေးကွေးလှသော်လည်း နေ့စဉ်နေ့တိုင်း တိုးတက်မှုကို ရှင်းရှင်းလင်းလင်း ခံစားသိရှိနိုင်ခဲ့သည်။
ထို့ကြောင့် သူ သုံးလအတွင်း ဟင်းလင်းပြင်နိယာမကို ဂြိုဟ်အဆင့်အထိ အောင်အောင်မြင်မြင် နားလည်သဘောပေါက်နိုင်ခဲ့ခြင်း ဖြစ်၏။ ဟင်းလင်းပြင်နိယာမကို ဂြိုဟ်အဆင့်အထိ နားလည်ပြီးသည့် အချိန်ကျမှသာ သူ အရာတစ်ခုကို သဘောပေါက်သွားသည်။
ဟင်းလင်းပြင်နိယာမသည်လည်း ကြောက်မက်ဖွယ်ရာ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်နိုင်၏။ အထူးသဖြင့် ဟင်းလင်းပြင်နိယာမတစ်ခုတည်းက စကြဝဠာအတွင်းရှိ ဟင်းလင်းပြင်ကို ခွဲချေပစ်နိုင်သလို ချုပ်နှောင်ရန်အတွက်လည်း အသုံးပြုနိုင်သည်။
ဂြိုဟ်အဆင့်ရှိ ဟင်းလင်ပြင်နိယာမတစ်ခုတည်းကပင် သာမန်ဂြိုဟ်အဆင့် သက်ရှိတစ်ယောက်နှင့် ယှဉ်နိုင်သည်။
ရှူး
ရုတ်တရက် လင်းဖုန်း၏ ခန္ဓာကိုယ်က လျှပ်ပြတ်သလို လှုပ်ရှားသွားပြီး လျှို့ဝှက်အခန်းထဲမှ ရုတ်ချည်း ပျောက်ကွယ်သွားသည်။ သူ ဟင်းလင်းပြင်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်၏။ အကယ်၍ သူသာ သာမန်ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားပါက ဟင်းလင်းပြင်လမ်းကြောင်း၏ ညှစ်ထုတ်ဖိအားက အလွန်ပြင်းထန်လှသဖြင့် အချိန်အကြာကြီး ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
လင်းဖုန်းအနေဖြင့် ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အသုံးပြု၍သာ ယင်းကို အစွမ်းကုန် ခံနိုင်ရည်ရှိအောင် လုပ်ဆောင်ရသည်။
သို့သော်လည်း ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က ဟင်းလင်းပြင်ကူးပြောင်းခြင်းအတွက် အသင့်တော်ဆုံး ဖြစ်သည်။
ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က ဟင်းလင်းပြင်ဖိအားကိုသာ ခုခံနိုင်သော်လည်း ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကမူ ဟင်းလင်းပြင်လမ်းကြောင်းအတွင်းသို့ ပေါင်းစပ်ရောနှောဝင်ရောက်သွားသည့်အတိုင်း ခံစားရစေသည်။ အမှတ်မထင် ကူးပြောင်းလိုက်ရုံဖြင့် သူ ကီလိုမီတာတစ်ထောင်ခန့် အကွာသို့ ရောက်ရှိသွား၏။
အကယ်၍ ဟင်းလင်းပြင်ကို အစွမ်းကုန် ဖြတ်ကျော်ကူးပြောင်းမည်ဆိုပါက ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က တစ်ကြိမ်တည်းဖြင့် အများဆုံး အလင်းနှစ်ငါးနှစ်ခန့် အကွာအဝေးအထိ ခရီးနှင်နိုင်သည်။ စင်စစ်တွင် ယင်းက အလွန်တရာ အံ့ဩစရာ ကောင်းလှနေပြီ ဖြစ်၏။ ဂလက်ဆီဆင့် သက်ရှိတစ်ယောက်ပင်လျှင် မျက်စိတစ်မှိတ်အတွင်း အလင်းနှစ်ငါးနှစ်ခန့် အကွာအဝေးအထိ ခရီးမနှင်နိုင်ချေ။
အကယ်၍ ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာဖြင့်ဆိုပါက အကွာအဝေးက ပိုမိုတိုတောင်းလိမ့်မည် ဖြစ်သော်လည်း ယင်းကလည်း ဝေးလံသော အကွာအဝေးတစ်ခုအထိ ဆက်တိုက် ခရီးနှင်နိုင်လိမ့်မည်။
မူလဂြိုဟ်အဆင့်နိယာမက ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အလင်းနှစ်ငါးနှစ်ခန့် အကွာအထိ ခရီးနှင်နိုင်ရန် ကူညီပေးနိုင်သည်။ ဤသည်က တကယ်ပင် အလွန်တရာ ဝေးကွာလှနေလေပြီ။ သို့သော်လည်း အကယ်၍ သူသာ မိခင်ဂြိုဟ်သို့ ပြန်လိုပါက ဟင်းလင်းပြင်ကူးပြောင်းခြင်းတစ်ခုတည်းအပေါ် အခြေခံခြင်းက လင်းဖုန်းကို မောဟိုက်သေဆုံးသွားစေလိမ့်မည် ဖြစ်သဖြင့် လက်တွေ့မကျသေးချေ။
သို့သော်လည်း အကယ်၍ သူ မည်သည့်အန္တရာယ်နှင့်မဆို ကြုံတွေ့ရပါက သူ လုံးဝဥဿုံ ထွက်ပြေးလွတ်မြောက်နိုင်စွမ်း ရှိသည်။ ဂလက်ဆီအဆင့် သက်ရှိတစ်ယောက် ဖြစ်နေလျှင်ပင် ဟင်းလင်းပြင်ကို တစ်ချက်တည်းဖြင့် ချေမွဖျက်ဆီးပစ်ခြင်း မပြုနိုင်သရွေ့ လင်းဖုန်း ဟင်းလင်းပြင်ကို ဖြတ်ကျော်ကူးပြောင်းခြင်းဖြင့် ထွက်ပြေးလွတ်မြောက်နိုင်စွမ်း ရှိသည်။
သို့သော် အကယ်၍ ထိုကြီးမြတ်လှသည့် ဂလက်ဆီအဆင့် မဟာသက်ရှိများက ကြိုတင်ပြင်ဆင်ထားပြီး ဟင်းလင်းပြင်ကို ချက်ချင်း ချေဖျက်ပစ်လိုက်ပါက လင်းဖုန်း ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ် ရှိနေလျှင်ပင် ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ချေ။
သို့သော် ယင်းက အစွန်းရောက် အခြေအနေမျိုးတွင်သာ ဖြစ်သည်။ ကျယ်ပြန့်လှသော စကြဝဠာကြီးအတွင်း၌ ကြီးမြတ်လှသည့် ဂလက်ဆီအဆင့် မဟာသက်ရှိ မည်မျှအထိ ရှိနေနိုင်ပါမည်နည်း။
ထို့ကြောင့် ယခုလက်ရှိအချိန်တွင် လင်းဖုန်းသည် မရှုံးနိမ့်နိုင်သော အခြေအနေသို့ ရောက်ရှိသွားသည်ဟုပင် သတ်မှတ်နိုင်၏။
ဝှစ်
လင်းဖုန်း တိတ်တဆိတ်ပင် လျှို့ဝှက်အခန်းထဲသို့ ပြန်လည်ကူးပြောင်းလာသည်။ သူ လောလောဆယ် နှိမ့်ချနေထိုင်ရန် လိုအပ်၏။ အနည်းဆုံး သူ၏ ဟင်းလင်းပြင်စွမ်းရည်ကို အလွယ်တကူ ထုတ်မပြနိုင်ချေ။ ဤသည်က အရေးကြီးသော အခိုက်အတန့်များတွင် သူ့အသက်ကို ကယ်တင်ပေးနိုင်မည့် ဝှက်ဖဲတစ်ခု ဖြစ်သည်။
အဆုံးတွင်မူ ဖျက်ဆီးခြင်းလှံတံထဲ၌ ဖျက်ဆီးခြင်းစွမ်းအား အများကြီး ကျန်မနေတော့သဖြင့် လင်းဖုန်း၏ အစစ်အမှန် တိုက်ခိုက်ရေးစွမ်းအားက များစွာ လျော့နည်းသွား၏။
လျှို့ဝှက်ခန်းကို ဖွင့်လှစ်လိုက်သည့်အခါ လင်းဖုန်းတစ်ယောက် လောင်ဘီသမ်က အပြင်ကလူတစ်ယောက်နှင့် ဆက်သွယ်ပြောဆိုနေသည်ကို တွေ့လိုက်ရသည်။
"သခင်... တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာပြီလား"
"အေး…ငါ ထွက်လာပြီ။ ဒီအတောအတွင်း ဘာတွေ ဖြစ်ပျက်ခဲ့သေးလဲ"
လေောင်ဘီသမ် စစ်ဆေးကြည့်ရှုလိုက်ပြီး ပြောလိုက်သည်။
"မကြာသေးခင် ကာလအတွင်းမှာတော့ နတ်နန်းထဲမှာ ထူးထူးခြားခြား ဖြစ်ပျက်တာမျိုး မရှိပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်လက အရှင်ငယ်ရေမွန်က သခင့်ဆီကို ကိုယ်တိုင် လာရှာခဲ့သေးပါတယ်။ ဒါပေမဲ့ သခင်က တံခါးပိတ်ကျင့်ကြံနေပြီးတော့ ဧည့်သည်တွေကို မတွေ့နိုင်တဲ့အတွက် ကျွန်တော် သခင့်ဆီကို သတင်းမပို့ခဲ့တာပါ"
"အရှင်ငယ်ရေမွန်လား... သူက ဘာကိစ္စရှိလို့လဲ ပြောသွားသေးလား"
"မပြောသွားဘူးဗျ... ဒါပေမဲ့ အရှင်ငယ်ရေမွန်က သခင် ကျင့်ကြံခြင်းကနေ ထွက်လာတာနဲ့ သူ့ကို ချက်ချင်း ဆက်သွယ်ပေးဖို့ ပြောသွားခဲ့တယ်"
လင်းဖုန်း အနည်းငယ် ထူးဆန်းသွားသည်။ ရေမွန်က သူ့ကို မည်သည့်အတွက်ကြောင့် လာရှာရသနည်း။
သို့သော်လည်း ရေမွန်က အဆင့်မြင့်ဂြိုဟ်အဆင့် သက်ရှိတစ်ယောက်ဖြစ်ပြီး အထက်ပိုင်းနယ်မြေတွင် ကျော်ကြားသူ ဖြစ်သည်။ သူ ရေမွန်ကို ကိုယ်တိုင် နောက်တစ်ကြိမ် လာခိုင်း၍ မဖြစ်ချေ။ သူကိုယ်တိုင် ရေမွန်ထံ သွားရောက်တွေ့ဆုံခြင်းက ပိုကောင်းပေလိမ့်မည်။
ထို့ကြောင့် လင်းဖုန်း သူ့အိမ်မှ ထွက်ခွာကာ ရေမွန်၏ နေအိမ်ဆီသို့ ပျံသန်းသွားတော့သည်။
............
"အရှင်ငယ်ရေမွန်... အရှင်ငယ်လင်းဖုန်းက အရှင်ငယ်နဲ့ တွေ့ဆုံခွင့် တောင်းနေပါတယ်"
ရေမွန်၏ နောက်လိုက်က လာရောက်သတင်းပို့လိုက်သည်။
"လင်းဖုန်း ဟုတ်လား... သူ့ကို ဝင်ခွင့်ပြုလိုက်"
ရေမွန် သူ့မျက်လုံးအစုံကို ဖွင့်လိုက်သည်။ လွန်ခဲ့သည့် နှစ်လက သူ ကိစ္စတစ်ခုကို ဆွေးနွေးရန်အတွက် လင်းဖုန်းထံသို့ ကိုယ်တိုင် သွားရောက်တွေ့ဆုံခဲ့သည်။ ကံမကောင်းစွာဖြင့် ထိုစဉ်က လင်းဖုန်းက တံခါးပိတ်ကျင့်ကြံနေခဲ့၏။
ယခုမူ လင်းဖုန်း ကျင့်ကြံခြင်းမှ ထွက်လာခဲ့ပြီ ဖြစ်ပုံရသည်။
မကြာမီ နောက်လိုက်က လင်းဖုန်းကို ခန်းမဆောင်အတွင်းသို့ ခေါ်ဆောင်လာသည်။ လင်းဖုန်း အသေအချာ ကြည့်လိုက်ရာ သူ့ရှေ့မှလူက ထိုစဉ်က နဂါးနက်ဂိုဏ်းချုပ်ကို သတ်ဖြတ်ခဲ့သည့် အရှင်ငယ်ရေမွန်ပင် ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့၏။
"အရှင်မင်းသား ရေမွန်..."
"အရှင်ငယ်လင်းဖုန်း... မင်း နောက်ဆုံးတော့ ကျင့်ကြံခြင်းကနေ ထွက်လာခဲ့ပြီပဲ" ရေမွန်က ပြုံးလျက် ပြောလိုက်သည်။ သူ့လေသံက တော်တော်လေး ဖော်ရွေပျူငှာလှ၏။
"အရှင်ငယ်ကို အချိန်ဖြုန်းစေခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော် အဲဒီအချိန်က တံခါးပိတ်ကျင့်ကြံနေလို့ပါ။ အခုမှပဲ ကျင့်ကြံခြင်းကနေ ထွက်လာခဲ့တာပါ။ အခုမှပဲ အရှင်ငယ် လာခဲ့တယ်ဆိုတာကို သိလိုက်ရတာပါ။ အရှင်ငယ် ကျွန်တော့်ကို ဘာကိစ္စရှိလို့ ရှာဖွေရတာလဲဆိုတာ သိခွင့်ရှိမလား ခင်ဗျာ"
"ငါ့အနေနဲ့ အရှင်ငယ်လင်းဖုန်းနဲ့ အကြောင်းပြချက်မရှိဘဲ စကားစမြည် လာပြောလို့မရဘူးလား။ ပြီးခဲ့တဲ့အကြိမ်က အဲ့ဒီမိစ္ဆာကို ငါ သတ်နိုင်ခဲ့တာက အရှင်ငယ်ကြောင့်လည်း အများကြီးပါပါတယ်။ ငါ့အနေနဲ့ မင်းကို ပြန်ပေးဆပ်ဖို့ ဘာမှမရှိပေမဲ့ အရှင်ငယ်အနေနဲ့ ဆဋ္ဌမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို မလုပ်ဆောင်ရသေးဘူးလို့ ကြားသိရလို့ ကျေးဇူးတင်တဲ့အနေနဲ့ ဒီကြယ်တာရာပန်းပွင့်ကို အရှင်ငယ်ကို လက်ဆောင်ပေးချင်ပါတယ်"
"ကြယ်တာရာပန်းပွင့် ဟုတ်လား..."
လင်းဖုန်း အံ့အားသင့်သွားသည်။ ကြယ်တာရာပန်းပွင့်များအကြောင်းကို သူ သဘာဝကျကျ သိသည်။ အဆုံးတွင်မူ သူ ဘီမွန်နတ်နန်းတွင် လအနည်းငယ်ကြာ ရှိနေခဲ့ပြီ ဖြစ်၏။
ဤသည်က စစ်မှန်သော စကြဝဠာ၏ အံ့ဖွယ်ပစ္စည်းတစ်ခု ဖြစ်သည်။ သာမန်အခြေအနေများတွင် ကြယ်တာရာပန်းပွင့်များက ဥက္ကာခဲတချို့ပေါ်တွင် ပေါက်ရောက်လေ့ရှိကြသည်။ ဥက္ကာခဲတချို့ အကြောင်းအမျိုးမျိုးကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားတတ်ကြပြီး နောက်ဆုံးတွင် စကြဝဠာထဲ၌ မျောလွင့်နေတတ်ကြ၏။
ထိုဥက္ကာခဲများပေါ်တွင် သေးငယ်သော သက်ရှိများ အပင်များ ပေါက်ရောက်နိုင်ခြေ တစ်ဘီလီယံပုံတစ်ပုံခန့်သာ ရှိသည်။
ကြယ်တာရာပန်းပွင့်ဟူသည် ဤကဲ့သို့သော တစ်ဘီလီယံပုံတစ်ပုံသာရှိသည့် အခွင့်အရေးအောက်တွင် သေးငယ်သော ဥက္ကာခဲတစ်ခုပေါ်မှ ပေါက်ရောက်လာသောအရာ ဖြစ်သည်။ ထို့ပြင် ယင်းက စကြဝဠာအတွင်း နှစ်ပေါင်းများစွာကြာအောင် ဘေးအန္တရာယ် အမျိုးမျိုး၊ ဓာတ်ရောင်ခြည်များနှင့် ရိုက်ခတ်မှုများကို ကြံ့ကြံ့ခံကျော်ဖြတ်ခဲ့ရ၏။
ကြယ်တာရာပန်းပွင့်၏ စွမ်းဆောင်ရည်က အလွန် ရိုးရှင်းလှသည်။ ယင်းက ဆဲလ်ကွဲပွားခြင်းကို မြှင့်တင်ပေးနိုင်ခြင်း ဖြစ်၏။
သာမန်သက်ရှိများအတွက်မူ ဤသည်က အားဆေးတစ်ခု မဟုတ်ဘဲ အဆိပ်တစ်ခု ဖြစ်ပေလိမ့်မည်။ အကယ်၍ ဆဲလ်ကွဲပွားခြင်းအရှိန်က မြန်ဆန်လွန်းလှပါက သာမန်သက်ရှိများအနေဖြင့် ယင်းကို တောင့်ခံနိုင်မည် မဟုတ်ချေ။ သို့သော်လည်း ကျင့်ကြံသူများ အထူးသဖြင့် လင်းဖုန်းကဲ့သို့ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ထပ်မံမမြှင့်တင်နိုင်တော့ဘဲ အကန့်အသတ်သို့ ရောက်ရှိနေသူများ အတွက်မူ ကြယ်တာရာပန်းပွင့်က အထွတ်အမြတ်ရတနာတစ်ပါး ဖြစ်ပေလိမ့်မည်။ ထိုပစ္စည်းက သူတို့၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို နောက်ထပ်တစ်ဆင့် တက်လှမ်းနိုင်ရန် ကူညီပေးနိုင်မည့် အခွင့်အရေးပင် ရှိသည်။
လင်းဖုန်း သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ပြီးပြည့်စုံသော တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခုအဖြစ် အသွင်ပြောင်းလဲရန် အမြဲတစေ လိုလားနေခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့်အကြိမ်က ဂြိုဟ်၏ မူလဇာစ်မြစ်အကူအညီဖြင့်ပင် သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကီလိုမီတာ ၈၃၀ အထိသာ မြှင့်တင်နိုင်ခဲ့သည်။ သူ့အတွက် ပြီးပြည့်စုံသော တိုက်ပွဲဝင်ခန္ဓာက ဝေးကွာလွန်းနေသေး၏။
သို့သော်လည်း အကယ်၍ သူ့ထံတွင် ကြယ်တာရာပန်းပွင့် ရှိနေပါက ယင်းက လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကို ပြီးပြည့်စုံသောအဆင့်သို့ တိုက်ရိုက် ရောက်ရှိစေနိုင်မည် မဟုတ်လျှင်ပင် သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို နောက်ထပ်တစ်ဆင့် တိုးတက်လာစေနိုင်ပြီး ပြီးပြည့်စုံသောအဆင့်သို့ ပိုမိုနီးကပ်သွားစေနိုင်မည် ဖြစ်သည်။
ဤသည်က လင်းဖုန်းအတွက် တမူထူးခြားသော အဓိပ္ပာယ် ရှိနေ၏။
"အရှင်ငယ်ရေမွန်... ဒါက အရမ်း အဖိုးတန်လွန်းပါတယ်။ နဂါးနက်ဂိုဏ်းချုပ်ကို အရှင်ငယ်ရေမွန်ကိုယ်တိုင် သတ်ခဲ့တာပါ။ ကျွန်တော့်အနေနဲ့ အများကြီး မကူညီပေးနိုင်ခဲ့ပါဘူး"
လင်းဖုန်း ကြယ်တာရာပန်းပွင့်ကို လက်ဝယ်ပိုင်ဆိုင်ရန် အလွန်တရာ အာသီသပြင်းပြနေသော်လည်း ယင်းက အလွန်တရာ အဖိုးတန်လွန်းလှ၏။ ရေမွန်အနေဖြင့် ဤမျှအထိ အဖိုးတန်လှသော အံ့ဖွယ်ပစ္စည်းကို သူ့ကို ကျေးဇူးတင်ရန်အတွက် သက်သက်သာ ပေးအပ်ခြင်းမျိုး မဟုတ်သည်ကိုလည်း သူ သိသည်။
ယင်း၌ အခြာအကြောင်းပြချက်တစ်ခု သေချာပေါက် ရှိနေရပေမည်။
အကြောင်းပြချက်ကို နားမလည်သေးဘဲ လင်းဖုန်းအနေဖြင့် ရေမွန်၏ လက်ဆောင်ကို လွယ်လင့်တကူ လက်ခံရယူလိုခြင်း မရှိချေ။
ရေမွန် ပြုံးလိုက်သည်။ လင်းဖုန်း၏ သတိကြီးကြီး ထားရှိမှုက သူ မျှော်လင့်ထားသည့်အတိုင်းပင်။
"အရှင်ငယ်လင်းဖုန်း... ငါ့မှာ မင်းကို အကူအညီအသေးအဖွဲလေးတစ်ခု တောင်းစရာ ရှိတာတော့ အမှန်ပါပဲ" ရေမွန် စကားကို သွယ်ဝိုက်မနေတော့ဘဲ တည့်တိုးပြောလိုက်တော့သည်။
ထာဝရသိုင်းတာအိုအရှင်