← Chapters

အခန်း ၄၃၄

Vol. 39 Ch. 434

အခန်း ၄၃၄

Vol. 39 Ch. 434

အခန်း (၄၃၄) - ရေမွန်၏ ဖိတ်ခေါ်ချက်

ဘာသာပြန် - အားသစ်

"အကူအညီ ဟုတ်လား..."

လင်းဖုန်း၏ မျက်နှာအမူအရာက အနည်းငယ် ထူးဆန်းသွားသည်။ သူက အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ငါးကြိမ်သာ ပြုရသေးသည့် ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်၏။ ရေမွန်ကမူ အဆင့်မြင့်ဂြိုဟ်အဆင့် သက်ရှိတစ်ယောက်ဖြစ်သည်။ သူတို့နှစ်ဦးကြားရှိ ကွာဟချက်က ကောင်းကင်နှင့်မြေကြီးပမာ ကွာခြားလွန်းလှသည်။ သူက ရေမွန်ကို ကူညီရန်အတွက် မည်သည့်အရည်အချင်း ရှိပါမည်နည်း။

"အရှင်ငယ်ရေမွန်က... ကျွန်တော့်ရဲ့ အကူအညီကို လိုတယ်ဟုတ်လား။ အရှင်ငယ် နောက်နေတာတော့ မဟုတ်ပါဘူးနော်"

ရေမွန်၏ မျက်နှာအမူအရာက တည်ကြည်လေးနက်သွားပြီး လေသံခပ်တိုးတိုးဖြင့် ပြောလိုက်သည်။

"အရှင်ငယ်လင်းဖုန်းအနေနဲ့ စကြဝဠာ မဟာပေါက်ကွဲမှုအကြောင်း သိလား"

"မဟာပေါက်ကွဲမှု ဟုတ်လား... တစ်ခါမှမကြားဖူးပါဘူး"

လင်းဖုန်း၏ မျက်နှာအမူအရာကလည်း အလွန်တရာ တည်ကြည်လေးနက်သွားသည်။ ဤသည်က ရေမွန် သူ့ထံမှ အကူအညီတောင်းခံလိုသည့် ကိစ္စဖြစ်ရပေမည်။

"ငါတို့ရဲ့ စကြဝဠာကြီးက အဆက်မပြတ် ကျယ်ပြန့်လာနေတဲ့ စက်လုံးကြီးတစ်ခုလိုပဲ။ အချိန်ကာလတစ်ခု ကြာတိုင်း စကြာဝဠာကြီးက ပေါက်ကွဲပြန့်ကားလာလေ့ရှိတယ်။ အဲ့ဒီပေါက်ကွဲမှုကနေ ဒြပ်စင်အသစ်တွေ အများကြီး မှုတ်ထုတ်ခံရတတ်တယ်။ ဥပမာအနေနဲ့ အံ့ဖွယ်ပစ္စည်းတချို့ ဒါမှမဟုတ် ထူးခြားတဲ့ သတ္တုရိုင်းတွေ၊ ပစ္စည်းတွေ စသဖြင့်ပေါ့ကွာ။ အဲ့တာတွေကို မူလလက်နက်တွေ သွန်းလုပ်ဖို့ သုံးနိုင်သလို တိုက်ပွဲဝင်ခန္ဓာကိုယ်အတွင်း ပေါပ်စပ်ထည့်သွင်းတဲ့အခါမှာလည်း မမျှော်လင့်ထားတဲ့ အကျိုးကျေးဇူးတွေကို သယ်ဆောင်လာပေးနိုင်တယ်"

"မဟာပေါက်ကွဲမှု ရောက်လာတဲ့အခါ စကြဝဠာတစ်ခုလုံးက ဂြိုဟ်အဆင့်သက်ရှိတွေား အများကြီးက စကြဝဠာရဲ့ အံ့ဖွယ်ပစ္စည်းတချို့ကို ရှာဖို့အတွက် အီု့နေရာထဲကို ဝင်ကြလိမ့်မယ်။ အဲ့ဒါက စကြဝဠာကြီးတစ်ခုလုံးအတွက် ရတနာသိုက်ကြီး ဖြစ်လာလိမ့်မယ်။ ကြီးမြတ်လှတဲ့ ဂလက်ဆီအဆင့် မဟာသက်ရှိတွေရဲ့ တွက်ချက်မှုအရ မဟာပေါက်ကွဲမှု ထပ်ဖြစ်ဖို့အတွက်က နောက်ထပ် နှစ်တစ်ရာပဲ လိုတော့တယ်။ ဒါကြောင့်မို့ ငါ အရှင်ငယ်လင်းဖုန်းကို မဟာပေါက်ကွဲမှုအတွင်းမှာ အံ့ဖွယ်ပစ္စည်းတွေ အတူတူ ရှာဖို့အတွက် ဖိတ်ခေါ်ချင်တာပါ"

လင်းဖုန်းအနေဖြင့် မဟာပေါက်ကွဲမှုအကြောင်း ကြားရသည်မှာ ယခုက ပထမဆုံးအကြိမ် ဖြစ်သည်။ သို့သော်လည်း သူ၏ မိခင်ဂြိုဟ်ပေါ်တွင်မူ စကြဝဠာကြီးက မဟာပေါက်ကွဲမှုမှ မည်သို့ ဖြစ်တည်လာပုံနှင့် စကြဝဠာကြီးက အဆက်မပြတ် ကျယ်ပြန့်နေပုံ စသည့် သိပ္ပံပညာရပ်ဆိုင်ရာ သီအိုရီတချို့ကိုတော့ ကြားခဲ့ဖူးသည်။

သို့သော်လည်း ယင်းတို့က သီအိုရီများနှင့် သိပ္ပံနှင့် နည်းပညာနယ်ပယ်၏ ခန့်မှန်းချက်များသာ ဖြစ်ခဲ့၏။ ယခုမူ ရေမွန်ပြောပြချက်အရ ထိုကိစ္စရပ်က အတည်ပြုနိုင်ခဲ့လေပြီ။ စကြဝဠာကြီးက အမှန်တကယ်ပင် အဆက်မပြတ် ကျယ်ပြန့်လာနေပြီး နောက်ထပ် မဟာပေါက်ကွဲမှုတစ်ခုပင် ထပ်မံဖြစ်ပွားဦးမည် ဖြစ်သည်။

သို့သော်လည်း ကျင့်ကြံသူများက မဟာပေါက်ကွဲမှုကို အန္တရာယ်တစ်ခုထက်စာလျှင် တစ်သက်တွင်တစ်ကြိမ်သာ ကြုံတွေ့ရနိုင်မည့် အခွင့်အရေးကြီးတစ်ခုအဖြစ် ရှုမြင်ကြသည်။

"အရှင်ငယ်ရေမွန်... ကျွန်တော်က အရှင်ငယ်ကို ဘာများကူညီပေးရမှာလဲ။ မဟာပေါက်ကွဲမှုလိုမျိုး ကြီးကျယ်တဲ့ အခမ်းအနားတစ်ခုမှာ ပါဝင်ဆင်နွှဲကြမယ့် ကျွမ်းကျင်သူတွေက ရေတွက်လို့တောင် မရနိုင်အောင် များလွန်းပါတယ်။ ကျွန်တော် ကူညီချင်ရင်တောင် ကျွန်တော့်ရဲ့ အရည်အချင်းက အလှမ်းဝေးနေဦးမှာကို စိုးရိမ်မိပါတယ်"

လင်းဖုန်း ရိုးရိုးသားသား ပြောလိုက်သည်။ သူ မဟာပေါက်ကွဲမှုကဲ့သို့ ကြီးကျယ်လှသော ဖြစ်ရပ်ကြီးတစ်ခုတွင် ပါဝင်ဆင်နွှဲလိုသော်လည်း ကိုယ့်ကိုယ်ကို ကောင်းကောင်းသိသည်။ သူက ရေမွန်ကဲ့သို့ အဆင့်မြင့်ဂြိုဟ်အဆင့် သက်ရှိများနှင့် နှိုင်းယှဉ်လျှင် အလွန်တရာ နောက်ကောက်ကျနေ၏။ အကြောင်းပြချက်မရှိဘဲ ဖိတ်ခေါ်ခံရခြင်းမျိုး မဖြစ်နိုင်ချေ။

သူ အကြောင်းရင်းကို သိရှိထားရမည်ဖြစ်ပြီး မျက်စိစုံမှိတ် လိုက်သွား၍ မဖြစ်ချေ။

"ဟားဟားဟား... အရှင်ငယ်လင်းဖုန်းက အရမ်းနှိမ့်ချလွန်းနေပါပြီ။ မဟာပေါက်ကွဲမှုလိုမျိုး ကြီးကျယ်တဲ့ ဖြစ်ရပ်တစ်ခုမှာ ပါဝင်ဆင်နွှဲဖို့ဆိုတာက စွမ်းအားတစ်ခုတည်းအပေါ်မှာတင် မူတည်နေတာ မဟုတ်ပါဘူး။ မဟာပေါက်ကွဲမှုအတွင်းမှာ ဘေးအန္တရာယ် အမျိုးမျိုး ရှိကြတယ်။ ပတ်ဝန်းကျင် အခြေအနေမျိုးစုံမှာ နိယာမတွေအပေါ် နားလည်နိုင်စွမ်း အရမ်းမြင့်တဲ့ ကျင့်ကြံသူတွေပဲ ဘေးအန္တရာယ်တွေ အများကြီးကို ရှောင်ရှားပြီး အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ကြပါလိမ့်မယ်။ အရှင်ငယ်လင်းဖုန်းရဲ့ နိယာမတွေအပေါ် နားလည်နိုင်စွမ်းက ငါ့ထက် အများကြီး သာတာမို့ မင်းက ပါဝင်ဆင်နွှဲဖို့အတွက် သဘာဝကျကျပဲ အရည်အချင်း ပြည့်မီပါတယ်"

"အော်... ဒါကြောင့်ကိုး"

လင်းဖုန်း နောက်ဆုံးတွင် အကြောင်းရင်းကို သဘောပေါက်သွားသည်။ နိယာမများအပေါ် သူ၏ နားလည်သဘောပေါက်မှုက ရေမွန်ကို ကူညီပေးနိုင်မည်ဖြစ်ပြီး မဟာပေါက်ကွဲမှု ဖြစ်ပွားသည့်အခါတွင်လည်း မမျှော်လင့်ထားသော အသုံးဝင်မှုမျိုး ရှိလာနိုင်သည်။

ထို့ကြောင့် ရေမွန်က လင်းဖုန်းကို အထူးတလည် လာရောက်ဖိတ်ခေါ်ခြင်း ဖြစ်၏။ အဆုံးတွင်မူ အထက်ပိုင်းနယ်မြေရှိ တပည့်များစွာထဲတွင် ဂြိုဟ်အဆင့်နိယာမများကို နားလည်သဘောပေါက်ထားသူက များများစားစား မရှိချေ။ ထို့ကြောင့် လင်းဖုန်းကို ထူးခြားဆန်းကြယ်ကာ အဖိုးတန်လှသော ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။

"ကောင်းပါပြီ... မဟာပေါက်ကွဲမှု ဖြစ်တဲ့အချိန်ကျရင် ကျွန်တော် ကိုယ်တိုင် လိုက်ခဲ့ပါ့မယ်"

"ဟားဟားဟား... ကောင်းတာပေါ့။ အရှင်ငယ်လင်းဖုန်း... ဒါဆို ငါတို့ ကတိကဝတ်ပြုလိုက်ပြီနော်။ မဟာပေါက်ကွဲမှု ဖြစ်ဖို့အတွက် နှစ်တစ်ရာ လိုပါသေးတယ်။ အရှင်ငယ်လင်းဖုန်းအနေနဲ့ ဒီနှစ်တစ်ရာကို ကောင်းကောင်း အသုံးချပြီး ခြောက်ကြိမ်မြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ပြီးမြောက်အောင် အစွမ်းကုန် ကြိုးစားထားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် စကြဝဠာ ပေါက်ကွဲမှုအတွင်းမှာ မမျှော်လင့်ထားတဲ့ ဘေးအန္တရာယ်တွေ အမျိုးမျိုး ရှိကြတာမို့ တကယ်လို့ ဂြိုဟ်အဆင့်သက်ရှိ မဟုတ်ဘူးဆိုရင် အရမ်း အန္တရာယ်များပါတယ်"

"အခုလို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်ငယ်ရေမွန်။ ကျွန်တော် ခြောက်ကြိမ်မြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု မြန်မြန် ပြီးမြောက်အောင် သေချာပေါက် အားသွန်ခွန်စိုက် ကြိုးစားပါ့မယ်။ ဒီကာလအတွင်း ဂြိုဟ်အဆင့်သက်ရှိ ဖြစ်လာစေရပါမယ်"

"ကောင်းပါပြီ... တကယ်လို့ အကူအညီ တစ်ခုခု လိုအပ်တာရှိရင်လည်း အရှင်ငယ်လင်းဖုန်းအနေနဲ့ ငါ့ဆီကို အချိန်မရွေး လာနိုင်ပါတယ်"

စကားစမြည်ပြောပြီးနောက် လင်းဖုန်း ရေမွန်ကို နှုတ်ဆက်ကာ သူ့နေအိမ်သို့ ပြန်လာခဲ့တော့သည်။

ထွက်ခွာသွားသော လင်းဖုန်း၏ ကျောပြင်ကို ကြည့်ကာ ရေမွန် သူ့ဖာသာ ခေါင်းတဆတ်ဆတ် ညိတ်ပြီး လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။

"လင်းဖုန်း ပါလာတာနဲ့တင် တကယ်လို့ သူ နှစ်တစ်ရာအတွင်း ခြောက်ကြိမ်မြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို တကယ်ပဲ လုပ်နိုင်မယ်ဆိုရင် ငါ မဟာပေါက်ကွဲမှုရဲ့ ဗဟိုချက်အနက်ဆုံးပိုင်းအထိ သွားကြည့်နိုင်လိမ့်မယ်။ အဲဒီအခါကျရင် ငါ သေချာပေါက် မမျှော်လင့်ထားတဲ့ အကျိုးအမြတ်တွေကို ရနိုင်တယ်။ အင်း... နှစ်တစ်ရာ လိုသေးတာပဲ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုန်သွားမှာပါ။ ငါ ပြင်ဆင်မှုတချို့ အရင်လုပ်ထားရမယ်"

ထိုသို့ပြောပြီးနောက် ရေမွန်သည်လည်း သူ့နေအိမ်မှ ထွက်ခွာပြီး နှစ်တစ်ရာအတွင်း ဖြစ်ပေါ်လာမည့် မဟာပေါက်ကွဲမှုအတွက် ပြင်ဆင်မှုများကို စတင်လုပ်ဆောင်တော့သည်။

……………

လင်းဖုန်း နေအိမ်သို့ ပြန်ရောက်လာသည်နှင့် လောင်ဘီသမ်ကို မဟာပေါက်ကွဲမှုနှင့် ပတ်သက်သည့် အကြောင်းအရာများကို ချက်ချင်း ရှာဖွေခိုင်းလိုက်၏။

ရှာဖွေမှုရလဒ်များက လင်းဖုန်းကို စိတ်ပျက်မသွားစေခဲ့ချေ။ မဟာပေါက်ကွဲမှု ဖြစ်ပွားမည့် အချိန်က စကြဝဠာအတွင်းရှိ ဂြိုဟ်အဆင့်အထက် သက်ရှိအားလုံးအတွက် ပွဲတော်ကြီးတစ်ခု ဖြစ်သည်။ ယင်းက စကြဝဠာတစ်ခုလုံးအတွင်း အခမ်းနားဆုံး ပွဲတော်ကြီး ဖြစ်၏။

ထိုအချိန်ရောက်လျှင် ဂြိုဟ်အဆင့်သက်ရှိများသာ ပါဝင်ဆင်နွှဲကြမည် မဟုတ်ပေ။ ကြီးမြတ်လှသည့် ဂလက်ဆီအဆင့် မဟာသက်ရှိများပင် ပါဝင်ကြလိမ့်မည်။ နတ်ဘုရားဘုရင် ဘီမွန်နှင့် အဆင့်တူရှိသည့် ကြီးမြတ်လှသော တည်ရှိမှုကြီးများပင် ပါဝင်ဆင်နွှဲခြင်းမှ မလွတ်ကင်းနိုင်ကြချေ။

သေချာတာပေါ့...

ဤကြီးမြတ်လှသည့် ဂလက်ဆီအဆင့် မဟာသက်ရှိများက မဟာပေါက်ကွဲမှု၏ ဗဟိုချက်ဆီသို့ ဝင်ရောက်ကြမည် ဖြစ်သည်။ ထိုနေရာတွင် ကြီးမြတ်လှသည့် ဂလက်ဆီဆင့်သက်ရှိများအတွက် အလွန်တရာ အရေးကြီးလှသည့် အရာတချို့ ရှိနေတတ်၏။

"နောက်ထပ် နှစ်တစ်ရာ လိုသေးတာပဲ။ ဒီနှစ်တစ်ရာအတွင်းမှာ ငါ သေချာပေါက် ခြောက်ကြိမ်မြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြီးမြောက်အောင် လုပ်ဆောင်ပြီး ဂြိုဟ်အဆင့်သက်ရှိ ဖြစ်လာရမယ်။ ဒါမှလည်း မဟာပေါက်ကွဲမှုအတွင်းမှာ ပိုများတဲ့ အကျိုးအမြတ်တွေကိုရဖို့ ယုံကြည်ချက် ရှိနိုင်မှာ"

အစောပိုင်းတွင် လင်းဖုန်း အလျင်စလို မဖြစ်ခဲ့သော်လည်း မဟာပေါက်ကွဲမှု ဖြစ်ပွားမည့်အချိန် နီးကပ်လာသည်နှင့်အမျှ သူ စိုးရိမ်ပူပန်မှုများ စတင်ခံစားလာရသည်။ နှစ်တစ်ရာဟူသည် ရေမွန်နှင့် အခြားသူများအတွက် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားနိုင်သော်လည်း လင်းဖုန်းအတွက်မူ ယင်းက အလွန်တရာ ရှည်လျားလှသည့် အချိန်ကာလတစ်ခုပင်။

သူ မွေးဖွားလာချိန်မှစ၍ ယခုအချိန်အထိ လင်းဖုန်း အသက် ၄၀ ပင် မပြည့်သေးပေ။ သို့ဖြစ်ရာ နှစ်တစ်ရာဟူသော အချိန်ကာလကို သူ မကြုံတွေ့ဖူးသေးချေ။

နှစ်တစ်ရာအတွင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ပြီးပြည့်စုံသောအခြေအနေသို့ ရောက်ရှိစေရန်အတွက် အေးအေးလူလူ အားသွန်ခွန်စိုက် ကြိုးစားနိုင်မည် ဖြစ်သည်။ ထို့နောက်တွင်မူ ဂြိုဟ်အဆင့်သက်ရှိတစ်ယောက်အဖြစ် သဘာဝကျကျ အသွင်ပြောင်းလဲလာနိုင်ပေလိမ့်မည်။

"ကြယ်တာရာပန်းပွင့်..."

လင်းဖုန်း၏ လက်ဝါးပေါ်တွင် ကြယ်တာရာပန်းပွင့် ပေါ်ထွက်လာသည်။ ဤကြယ်တာရာပန်းပွင့်က မကြီးလှသော်လည်း အလွန်လှပလွန်းလှ၏။ အရွက်တစ်ခုတည်းကပင် အလွန် သေသပ်လှပလွန်းလှသည်။

ဤမျှအထိ လှပသေသပ်လှသော ကြယ်တာရာပန်းပွင့်က နုနယ်ပျော့ပျောင်းမှု လုံးဝ မရှိချေ။ ဆန့်ကျင်ဘက်အနေဖြင့် ယင်းက အလွန်မာကျောလှပြီး စကြဝဠာအတွင်းရှိ ဥက္ကာခဲများပေါ်တွင် ပေါက်ရောက်နိုင်လောက်အောင် ခံနိုင်ရည်ရှိသည်။ ယင်းကို စကြဝဠာ၏ အံ့ဖွယ်တစ်ခုအဖြစ် ခေါ်ဆိုလျှင်ပင် ပုံကြီးချဲ့ရာ မရောက်ချေ။

လင်းဖုန်း ဤမျှအထိ လှပသေသပ်လှသော ကြယ်တာရာပန်းပွင့်ကို ဝါးမြိုပစ်ရန်ပင် နှမြောမိသည်။

သို့သော်လည်း သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ပြီးပြည့်စုံသောအခြေအနေသို့ အမြန်ဆုံး ရောက်ရှိစေလိုပါက ဤကြယ်တာရာပန်းပွင့်ကို မဖြစ်မနေ သုံးစွဲရပေမည်။

ထို့ကြောင့် လင်းဖုန်း၏ လက်ဝါးက ပါးစပ်ကြီးတစ်ခုအသွင် ချက်ချင်း ပြောင်းလဲသွားပြီး ကြယ်တာရာပန်းပွင့်ကို သူ့ခန္ဓာကိုယ်အတွင်းသို့ မြိုချပစ်လိုက်တော့သည်။ မရေမတွက်နိုင်သော ဆဲလ်များအောက်တွင် ကြယ်တာရာပန်းပွင့်က သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်အတွင်းသို့ အလျင်အမြန် စတင်ပေါင်းစပ်သွား၏။

ချက်ချင်းဆိုသလို လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းက အံ့ဖွယ်စွမ်းအားတစ်ခုကြောင့် အတင်းအကျပ် လှုံ့ဆော်ခံလိုက်ရသလို ခံစားလိုက်ရသည်။

ဤဆဲလ်ကွဲပွားခြင်းဖြစ်စဥ်က အလွန်နာကျင်လှပြီး သဘာဝမကျလှချေ။ အဘယ်ကြောင့်ဆိုသော် ယင်းက အတင်းအကျပ် ကွဲပွားစေခြင်းကြောင့် ဖြစ်၏။

လင်းဖုန်း နာကျင်မှုကို အံကြိတ်ကာ တောင့်ခံလိုက်သည်။ လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ်လမ်းညွှန်ကျင့်စဉ် ကို လည်ပတ်စေလိုက်ပြီး ကွဲပွားသွားသော ဆဲလ်များကလည်း သူတို့ကိုယ်သူတို့ ပြန်လည်ပျိုးထောင်ရန်အတွက် စကြဝဠာစွမ်းအင်များစွာကို အလျင်အမြန် စုပ်ယူနေကြသည်။

"ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်"

လင်းဖုန်း သူ၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို အလျင်အမြန် ထုတ်ဖော်လိုက်သည်။ အစောကတည်းက ကီလိုမီတာ ၈၃၀ မြင့်မားသော သူ၏ တိုက်ပွဲဝင်ခန္ဓာက ကန့်သတ်ချက်ကို ထပ်မံချိုးဖျက်လိုက်ပြီး အဆမတန် ထပ်မံကြီးထွားလာတော့သည်။

ထာဝရသိုင်းတာအိုအရှင်

All Chapters