← Chapters

အခန်း ၄၃၅

Vol. 39 Ch. 435

အခန်း ၄၃၅

Vol. 39 Ch. 435

အခန်း (၄၃၅) - တာဝန်နှစ်ခု

ဘာသာပြန် - အားသစ်

ကီလိုမီတာ ၈၃၀... ၈၃၂ ကီလိုမီတာ... ၈၃၅ ကီလိုမီတာ...

လင်းဖုန်း သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က ကန့်သတ်ချက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ခံစားမိခဲ့ဖူးသည်။ အချိန်တိုအတွင်း သူ၏ ကန့်သတ်ချက်ကို ထပ်မံချိုးဖျက်ရန်က မဖြစ်နိုင်သလောက်ပင် ဖြစ်ခဲ့၏။

သို့သော်လည်း ကြယ်တာရာပန်းပွင့်၏ ပေါ်ပေါက်လာမှုက ဤမဖြစ်နိုင်သောအရာကို ဖြစ်နိုင်အောင် ပြောင်းလဲပေးခဲ့သည်။ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကန့်သတ်ချက်က ထပ်မံချိုးဖျက်ခံလိုက်၏။

ဆဲလ်ကွဲပွားသည့်အရှိန်က အလွန်တရာ မြန်ဆန်လှသော်လည်း စင်စစ်တွင် ဧရာမတိုက်ပွဲဝင်ခန္ဓာကိုယ်ကြီးတစ်ခုလုံးနှင့် နှိုင်းယှဉ်လျှင်မူ နှေးကွေးနေဆဲ ဖြစ်သည်။ သို့သော်လည်း နှေးကွေးနေလျှင်ပင် လင်းဖုန်း အလွန် စိတ်လှုပ်ရှားနေမိ၏။

ဤသည်က ကန့်သတ်ချက်ကို ချိုးဖျက်ခြင်း ဖြစ်သည်။ ကန့်သတ်ချက်ကို အနည်းငယ်မျှ ချိုးဖျက်နိုင်ခြင်းကပင် ကန့်သတ်ချက် ချိုးဖျက်ခြင်းသာ ဖြစ်၏။ မည်သို့ပင်ဆိုစေ သူ ပြီးပြည့်စုံသော တိုက်ပွဲဝင်ခန္ဓာကိုယ်အဆင့်သို့ ရောက်ရှိရန် နောက်ထပ် ခြေတစ်လှမ်း ပိုမိုနီးကပ်သွားလေပြီ။

ကြယ်တာရာပန်းပွင့်၏ အာနိသင်က အတော်လေး ကောင်းမွန်လှသည်။ ဆဲလ်ကွဲပွားခြင်းက နှေးကွေးသော်လည်း သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်သည်လည်း ဖြည်းဖြည်းချင်း တိုးတက်လာနေ၏။

၈၄၀ ကီလိုမီတာ... ၈၄၅ ကီလိုမီတာ... ၈၅၀ ကီလိုမီတာ...

လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာက ကီလိုမီတာ ၉၀၀ တိတိသို့ တိုးတက်လာချိန်တွင်မှ ဆဲလိကွဲပွားမှု တဖြည်းဖြည်း ရပ်တန့်သွားတော့သည်။ ဤဖြစ်စဉ်အတွင်း ကီလိုမီတာ ၈၃၀ မှ ကီလိုမီတာ ၉၀၀ အထိ စုစုပေါင်း ကီလိုမီတာ ၇၀ ခန့် တိုးတက်လာ၏။

ဤသည်က လင်းဖုန်း ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီးနောက်ပိုင်း အနှေးကွေးဆုံး တိုးတက်မှု ဖြစ်ပေလိမ့်မည်။

သို့သော်လည်း လင်းဖုန်းအနေဖြင့် ယင်းက နှေးကွေးသည်ဟု လုံးဝ မထင်ချေ။ ဤကီလိုမီတာ ၇၀ က ယခင်ကနှင့် ကွာခြားလှသည်။ ဤသည်က ကြယ်တာရာပန်းပွင့်ကြောင့် တိုက်ပွဲဝင်ခန္ဓာကိုယ်၏ ကန့်သတ်ချက်ကို ထပမမံချိုးဖျက်ပြီး တိုးတက်လာခဲ့ခြင်း ဖြစ်၏။

အတိတ်ကနှင့် နှိုင်းယှဉ်လျှင် ယခုလက်ရှိ တိုက်ပွဲဝင်ခန္ဓာကိုယ် ကီလိုမီတာတစ်ခုစီတိုင်း တိုးတက်မှုက အလွန်တရာ အဓိပ္ပာယ်ရှိလှသည်။ အဆုံးတွင်မူ တစ်ကီလိုမီတာ တိုးတက်တိုင်း ပြီးပြည့်စုံသော တိုက်ပွဲဝင်ခန္ဓာကိုယ်အဆင့်သို့ နောက်ထပ် ခြေတစ်လှမ်း ပိုမိုနီးကပ်သွားသည်ပင်။

လင်းဖုန်းအနေဖြင့် သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ် ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိရန်က အလှမ်းမဝေးတော့ကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။ ယင်းက စိတ်ကူးယဉ်သက်သက် မဟုတ်တော့ပေ။ လက်လှမ်းမီနိုင်သောအရာ ဖြစ်လာခဲ့လေပြီ။ သူ အားသွန်ခွန်စိုက် ကြိုးစားပြီး တိုက်ပွဲဝင်ခန္ဓာကိုယ်ကို နောက်ထပ် အနည်းငယ်မျှ မြှင့်တင်နိုင်သရွေ့ ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိနိုင်တော့မည်ဟု ခံစားနေရသည်။

သို့သော်လည်း သူ ကြယ်တာရာပန်းပွင့်ကို အသုံးပြုပြီးသွားခဲ့လေပြီ။ ကြယ်တာရာပန်းပွင့် တစ်ပွင့်တည်းက လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ပြီးပြည့်စုံသောအဆင့်သို့ တွန်းပို့ရန်အတွက် မလုံလောက်သည်မှာ ထင်ရှားလှ၏။ နောက်ထပ် ကြယ်တာရာပန်းပွင့်များ သို့တည်းမဟုတ် ကြယ်တာရာပန်းပွင့်နှင့် ဆင်တူသည့် အံ့ဖွယ်ပစ္စည်းများ ရှိမှသာ ဆက်လက်တိုးတက်နိုင်ပေလိမ့်မည်။

အမှန်တော့ လင်းဖုန်းအနေဖြင့် ယခုလက်ရှိအချိန်တွင် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို အတင်းအကျပ် လုပ်ဆောင်ရန်က မဖြစ်နိုင်သည်တော့ မဟုတ်ချေ။ သူ၏ ယခုလက်ရှိ စိတ်စွမ်းအားဖြင့် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို အတင်းအကျပ် လုပ်ဆောင်မည်ဆိုပါက အောင်မြင်မှုနှုန်းက ၃၀ ရာခိုင်နှုန်းထက် ကျော်လွန်ကာ ၄၀ ရာခိုင်နှုန်းအထိ ရှိနေပြီဖြစ်ကြောင်း သူ မသဲမကွဲ ခံစားမိသည်။

ဤမျှအထိ ဖြစ်နိုင်ခြေရှိခြင်းက အတော်လေး များနေပြီ ဖြစ်သည်။ သာမန်ကျင့်ကြံသူများအနေဖြင့် အောင်မြင်မှုနှုန်း ၃၀ ရာခိုင်နှုန်း ရှိရုံမျှဖြင့် သူတို့၏ အသက်ကို စွန့်စားကာ အစွမ်းကုန် ကြိုးစားကြည့်ကြလိမ့်မည်သာ။

သို့သော်လည်း လင်းဖုန်းကမူ ကံတရားကိုသာ ပုံအပ်မထားလိုချေ။ သူ ဂြိုဟ်ဆင့်သက်ရှိ ဖြစ်လာရန်အတွက် ပိုမိုသေချာသည့် နည်းလမ်းကိုသာ သုံးလိုသည်။ ၁၀၀ ရာခိုင်နှုန်းအထိ သေချာသည့် အခြေအနေမျိုးကိုသာ သူ ရရှိလိုသည်။ ယင်းကသာ သူ့အတွက် အကောင်းဆုံးနှင့် အသင့်တော်ဆုံး ဖြစ်ပေလိမ့်မည်။

ပြီးပြည့်စုံသော တိုက်ပွဲဝင်ခန္ဓာကိုယ်ဟူသည် စင်စစ်တွင် ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ယုံကြည်ရသော အကောင်းမွန်ဆုံး အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း နည်းလမ်းကို ဆိုလို၏။

"လောင်ဘီသမ်... ကြယ်တာရာပန်းပွင့်တွေ ဒါမှမဟုတ် ကြယ်တာရာပန်းပွင့်နဲ့ ဆင်တူတဲ့ စကြဝဠာရဲ့ အံ့ဖွယ်ပစ္စည်းတွေကို ရှာပေး" လင်းဖုန်း လောင်ဘီသမ်ကို အမိန့်ပေးလိုက်သည်။

မကြာမီ လောင်ဘီသမ် ရှာတွေ့သွား၏။ "သခင်... ကြယ်တာရာပန်းပွင့်ဆိုတာ အရမ်းရှားတဲ့ စကြဝဠာရဲ့ အံ့ဖွယ်ပစ္စည်းတစ်ခုပါ။ ဒါပေမဲ့ အဲ့ဒါက တအားကြီး အဖိုးတန်လွန်းလှတာမျိုးတော့ မဟုတ်ပါဘူး။ ဂြိုဟ်အဆင့်အောက်က ကျင့်ကြံသူတွေအတွက် အရမ်း အသုံးဝင်ပေမဲ့ ဂြိုဟ်အဆင့် သက်ရှိတွေအတွက်တော့ ထူးထူးခြားခြား အသုံးမဝင်လှပါဘူး။ ကြယ်တာရာပန်းပွင့်နဲ့ ဆင်တူတဲ့ အာနိသင်ရှိတဲ့ အံ့ဖွယ်ပစ္စည်း နည်းနည်းရှိပေမဲ့ အဲ့ဒါတွေကို ရဖို့ကတော့ အရမ်းခက်ပါတယ်"

"ငါ့အနေနဲ့ ကြယ်တာရာပန်းပွင့်တွေ ဒါမှမဟုတ် ဆင်တူတဲ့ စကြဝဠာရဲ့ အံ့ဖွယ်ပစ္စည်းတွေ လိုတယ်။ ရရှိနိုင်မယ့် နည်းလမ်းတစ်ခုခု ရှိလား"

"သခင်... နတ်နန်းထဲမှာ ဆုလာဘ်အနေနဲ့ ချီးမြှင့်တဲ့ တာဝန်တချို့ ရှိပါတယ်။ အဲ့ဒီဆုလာဘ်တွေထဲမှာ ကြယ်တာရာပန်းပွင့်တွေနဲ့ ကြယ်တာရာပန်းပွင့်နဲ့ ဆင်တူတဲ့ အံ့ဖွယ်ပစ္စည်းတွေ ပါပါတယ်။ အဲ့လိုမျိုးတာဝန် စုစုပေါင်း ၃၉ ခု ရှိပါတယ်"

"တာဝန် ၃၉ ခု ဟုတ်လား... ဒီလောက်တောင် များတာလား။ ဘယ်လို တာဝန်တွေလဲ"

လင်းဖုန်း၏ နှလုံးအိမ်အတွင်း၌ အာသီသများ ပြည့်နှက်သွားသည်။ တာဝန် ၃၉ ခု ဟူသည် အနည်းဆုံး ကြယ်တာရာပန်းပွင့် ၃၉ ပွင့်ကို ဆိုလို၏။

"သခင်... အဲ့ဒီတာဝန်တွေထဲက ၃၇ ခုကတော့ လက်ခံဖို့အတွက် အနည်းဆုံး အဆင့်မြင့်ဂြိုဟ်ဆင့်သက်ရှိ ဖြစ်နေဖို့ လိုအပ်ပါတယ်"

လင်းဖုန်း အနည်းငယ် စိတ်ပျက်သွားသည်။ အကယ်၍ ယင်းတို့က အဆင့်မြင့်ဂြိုဟ်အဆင့် သက်ရှိများအတွက်ဆိုပါက ရေမွန်ကဲ့သို့ တည်ရှိမှုမျိုးသာ လက်ခံနိုင်မည် ဖြစ်၏။ သူက အတော်လေး အားကောင်းသော်လည်း ပြီးမြောက်ရန်အတွက် အဆင့်မြင့်ဂြိုဟ်အဆင့် သက်ရှိတစ်ယောက်ဖြစ်ဖို့လိုသည့် တာဝန်တစ်ခုကို လက်ခံရလောက်အောင်အထိတော့ မာနမကြီးချေ။

"ဒါဆို ကျန်တဲ့ တာဝန်နှစ်ခုကရော... ဘယ်လိုတာဝန်တွေလဲ"

"သခင်... အဲ့ဒီတာဝန်နှစ်ခုလုံးက မိစ္ဆာတွေနဲ့ သက်ဆိုင်နေပါတယ်။ မကြာသေးခင်က ဘီမွန်ဂလက်ဆီထဲမှာ မိစ္ဆာတွေရဲ့ အရိပ်အယောင်တွေ ပိုမြင်လာရပါတယ်။ တာဝန်တစ်ခုက ရေပြာအင်ပါယာဆီသွားဖို့ ဖြစ်ပါတယ်။ နတ်နန်းက ရေပြာအင်ပါယာရဲ့ အထက်တန်းလွှာတွေကြားထဲမှာ မိစ္ဆာတစ်ယောက် ခိုးဝင်ပြီးတော့ အခြေချနေတယ်လို့ သံသယရှိနေပါတယ်။ အဲ့ဒီမိစ္ဆာက ဂြိုဟ်အဆင့်သက်ရှိ ဖြစ်နိုင်သလို အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု လေးငါးကြိမ်လောက် ပြုထားတဲ့သူလည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒါတွေအကုန်လုံး စုံစမ်းစစ်ဆေးကြည့်ဖို့ လိုပါတယ်"

လင်းဖုန်း ခေါင်းညိတ်လိုက်သည်။ ဤတာဝန်က ဖြစ်နိုင်ခြေ ရှိပုံရ၏။

"ဒါဆို နောက်ထပ် တာဝန်တစ်ခုကရော..."

"နောက်ထပ် တာဝန်တစ်ခုကလည်း စုံစမ်းစစ်ဆေးရေးတာဝန်ပါပဲ... ဒါပေမဲ့ အဲ့ဒါက အများကြီး ပိုပြီးတော့ အန္တရာယ်များပါတယ်။ မိစ္ဆာတွေရဲ့ အရိပ်အယောင်တွေကို စုံစမ်းစစ်ဆေးဖို့အတွက် မက်ထရစ်ယဉ်ကျေးမှုဆီ သွားရောက်ရမှာပါ။ နတ်နန်းက မက်ထရစ်ယဉ်ကျေးမှုအတွင်းမှာ မိစ္ဆာတွေ ပုန်းအောင်းနေတယ်လို့ သံသယရှိနေပြီးတော့ သူတို့ရဲ့ ရည်ရွယ်ချက်ကလည်း မပြတ်မသား ဖြစ်နေပုံရပါတယ်။ အမှန်အတိုင်းပြောရရင် ဒီတာဝန်က အရမ်းအန္တရာယ်များပါတယ်။ အဆင့်မြင့်ဂြိုဟ်အဆင့်သက်ရှိတွေပဲ ဒီတာဝန်ကို လက်ခံဖို့ တိုက်တွန်းထားပေမဲ့ အတင်းအကျပ်ကြီးတော့ မဟုတ်ပါဘူး။ အထက်ပိုင်းနယ်မြေက တပည့်အားလုံး လက်ခံနိုင်ပါတယ်"

လင်းဖုန်း ရင်တုန်သွားသည်။ သူ မက်ထရစ်ယဉ်ကျေးမှုအကြောင်းကို အစောကတည်းက ကြားဖူးခဲ့ဖူး၏။ ယင်းက အလွန် ထူးခြားလှသည့် နည်းပညာယဉ်ကျေးမှုတစ်ခု ဖြစ်သည်။ ဘီမွန်ဂလက်ဆီအတွင်း အားအကောင်းဆုံး ယဉ်ကျေးမှုများထဲမှ တစ်ခုလည်း ဖြစ်၏။

ထိုယဥ်ကျေးမှုတွင် အဆင့်မြင့်ဂြိုဟ်အဆင့် သက်ရှိများကိုပင် သတ်ဖြတ်နိုင်သည့် နည်းပညာမျိုးစုံ ရှိကြသည်။ ထိုကဲ့သို့သော နည်းပညာယဉ်ကျေးမှုမျိုးက ကျယ်ပြန့်လှသော စကြဝဠာကြီး၏ အတိုင်းအတာအတွင်းမှာပင် အလွန်တရာ ထွန်းကားကျော်ကြားလှသည်။

မက်ထရစ်ယဉ်ကျေးမှုအတွင်းရှိ မိစ္ဆာများ၏ အရိပ်အယောင်ကို စုံစမ်းစစ်ဆေးရန်က ထင်သလောက် လွယ်ကူလိမ့်မည် မဟုတ်ချေ။

"တာဝန် မအောင်မြင်ခဲ့ရင် ဘာပြစ်ဒဏ် ရှိလဲ"

"သခင်... ဒီတာဝန်တွေက အတင်းအကျပ် လုပ်ဆောင်ရတာမျိုး မဟုတ်ပါဘူး၊ ကြိုက်တဲ့အချိန်မှာ လုပ်လို့ရပါတယ်။ ဒီတာဝန်တွေကို လက်ခံမယ့် လူဦးရေ ကန့်သတ်ချက်တောင် မရှိပါဘူး"

လင်းဖုန်း ခေါင်းညိတ်လိုက်သည်။ ဤတာဝန်နှစ်ခုလုံးက နတ်နန်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲ ဖြစ်ပုံရ၏။ အရာအားလုံးက သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသရွေ့ နတ်နန်းက ယေဘုယျအားဖြင့် အများကြီး ဝင်ရောက်စွက်ဖက်လေ့ မရှိချေ။ စိတ်ဝင်စားသော တပည့်များကို တာဝန်အနေဖြင့် လက်ခံခွင့် ပြုထားရုံသာ ရှိသည်။

ပြီးခဲ့သည့်အကြိမ်က လင်းဖုန်း နဂါးနက်ဂိုဏ်းချုပ်ကို ရှာတွေ့ခဲ့ပြီး ရေမွန် အက်ကွာဂြိုဟ်သို့ တိုက်ရိုက် အပြေးအလွှား လာရောက်ခဲ့ရခြင်းမျိုးကမူ အတင်းအကျပ် လုပ်ဆောင်ရသည့် တာဝန်မျိုး ဖြစ်၏။ ထိုတာဝန်ကို လက်ခံသူအနေဖြင့်လည်း အစွမ်းကုန် လုပ်ဆောင်ရမည်ဖြစ်ပြီး လုံးဝ နှောင့်နှေးကြန့်ကြာအောင် မလုပ်ရဲကြချေ။

"ကောင်းပြီ... ငါ့အတွက် တာဝန်နှစ်ခုစလုံးကို လက်ခံပေး"

လင်းဖုန်း လောင်ဘီသမ်ကို ခွင့်ပြုချက် ပေးလိုက်သည်။ ထို့နောက် သူ တာဝန်နှစ်ခုလုံးကို လက်ခံလိုက်၏။

တာဝန်များ လက်ခံပြီးနောက် လင်းဖုန်း ရေပြာအင်ပါယာနှင့် မက်ထရစ်ယဉ်ကျေးမှုတို့၏ စကြဝဠာမြေပုံများကို ရရှိခဲ့သည်။ သူ အချိန်မရွေး ထွက်ခွာနိုင်ပြီ ဖြစ်၏။

"လောင်ဘီသမ်... ဒီတစ်ကြိမ်မှာ မင်းရဲ့ စိတ်အသိစိတ်တစ်ပိုင်းကို ခွဲထုတ်ပြီး ငါနဲ့အတူတူ လိုက်ခဲ့ပါ"

"သခင်... ဒီလက်ပတ်ကို ဝတ်လိုက်ပါ၊ ကျွန်တော် သခင့်ကို ရေပြာအင်ပါယာနဲ့ မက်ထရစ်ယဉ်ကျေးမှုအကြောင်း ကောင်းကောင်း နားလည်နိုင်ဖို့အတွက် ကျွန်တော့်ရဲ့ အသိစိတ်တစ်ဝက်ကို ခွဲထုတ်ပေးထားပါတယ်"

ထို့နောက် လင်းဖုန်း လက်ပတ်ကို ဝတ်ဆင်လိုက်သည်။ ဤသည်ကို လောင်ဘီသမ်၏ ကိုယ်ပွားတစ်ခုအဖြစ် မှတ်ယူနိုင်၏။ အဆုံးတွင်မူ ရေပြာအင်ပါယာ ဖြစ်စေ၊း မက်ထရစ်ယဉ်ကျေးမှု ဖြစ်စေ နှစ်ခုစလုံးက နည်းပညာယဉ်ကျေးမှုများ ဖြစ်ကြသည်။ လင်းဖုန်းအနေဖြင့် လောင်ဘီသမ်၏ အကူအညီဖြင့် တာဝန်များကို လုပ်ဆောင်ခြင်းက ပိုလွယ်ပေလိမ့်မည်။

ဤတာဝန်နှစ်ခုထဲတွင် ရေပြာအင်ပါယာ၏ တာဝန်က အနည်းငယ် ပိုလွယ်သည်။ ဆုလာဘ်က ကြယ်တာရာပန်းပွင့် တစ်ပွင့်ဖြစ်၏။ မက်ထရစ်ယဉ်ကျေးမှုအတွက် တာဝန်၏ ခက်ခဲမှုကမူ သိသိသာသာ ပိုမြင့်သည်။ ဆုလာဘ်က ကြယ်တာရာပန်းပွင့် နှစ်ပွင့်နှင့် အခြား အံ့ဖွယ်ပစ္စည်းတချို့ ဖြစ်သည်။

လင်းဖုန်း ရွေးချယ်စရာများကို ချိန်ဆကြည့်လိုက်ပြီး နောက်ဆုံးတွင် ရေပြာအင်ပါယာဆီသို့ အရင်သွားရန် ဆုံးဖြတ်လိုက်သည်။

အနည်းဆုံးတော့ သူ နှိုင်းယှဉ်ချက်အရ ပိုမိုလွယ်ကူသည့် တာဝန်ကို အရင် ပြီးမြောက်အောင် လုပ်ဆောင်ရပေမည်။

ထို့ကြောင့် လင်းဖုန်း လက်ပတ်နှင့်အတူ အထက်ပိုင်းနယ်မြေရှိ အာကာသလမ်းကြောင်းဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။ အာကာသလမ်းကြောင်းမှတဆင့် လင်းဖုန်း ရေပြာအင်ပါယာဆီသို့ တိုက်ရိုက် ခရီးနှင်မည် ဖြစ်သည်။

ထာဝရသိုင်းတာအိုအရှင်

All Chapters