အခန်း ၄၃၆
Vol. 39 Ch. 436
အခန်း (၄၃၆) - ရေပြာအင်ပါယာ
ဘာသာပြန် - အားသစ်
ရေပြာအင်ပါယာသည် အလွန်ကျယ်ပြန့်လှပြီး ပိုင်နက်နယ်မြေဂြိုဟ် ၆၉ ခု ရှိကာ အရှေ့မှ အနောက်သို့ အလင်းနှစ် ရာနှင့်ချီ ကျယ်ဝန်းသည်။ ယင်းက ပတ်ဝန်းကျင်နယ်မြေတစ်ခုလုံး၌ ငြင်းပယ်၍မရနိုင်သော အုပ်စိုးရှင်ဖြစ်၏။
ဤမျှအထိ စွမ်းအားကြီးမားလှသော အင်ပါယာသည် လွန်ခဲ့သည့် နှစ်တစ်ရာလုံးလုံး နယ်မြေများကို အဆက်မပြတ် တိုးချဲ့ကာ နေရာအနှံ့၌ စစ်မီးမွှေးနေခဲ့သည်။
ရေပြာအင်ပါယာ၏ မိခင်ဂြိုဟ်ပေါ်ရှိ သေးငယ်ပြီး ဖုံးကွယ်နေသော အခန်းငယ်တစ်ခုအတွင်း၌ စစ်ဆန့်ကျင်ရေးသမား အနည်းငယ်သည် တင်းမာစွာဖြင့် ဆွေးနွေးနေကြ၏။
သူတို့အားလုံး ရေပြာအင်ပါယာ၏ စိတ်အပြတ်သားဆုံး စစ်ဆန့်ကျင်ရေးသမားများ ဖြစ်ကြသည်။ ရာစုနှစ်ချီ၍ မပြီးနိုင် မဆုံးနိုင်သော စစ်ပွဲများနှင့် ပိုင်နက်နယ်မြေများကို အဆက်မပြတ် တိုးချဲ့ခြင်းက လူများစွာကို ရူးသွပ်သွားစေခဲ့သည်မှာ မှန်သော်လည်း တချို့လူများကိုမူ စိတ်ကုန်မောဟိုက်သွားစေခဲ့သည်။
သူတို့က စစ်ဆန့်ကျင်ရေးသမားများ ဖြစ်ကြ၏။
အစပိုင်းတွင် စစ်ဆန့်ကျင်ရေးသမားများသည် ရှေ့တန်းသို့ တက်လှမ်းကာ ရေပြာအင်ပါယာ၏ စစ်မီးမွှေးမှုများကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်နိုင်ခဲ့ကြသည်။ ရေပြာအင်ပါယာအနေဖြင့် စစ်ပွဲများကို ရပ်တန့်ကာ ပြန်လည်ကုစားရန် တောင်းဆိုခဲ့ကြသည်။
သို့သော်လည်း နောက်ပိုင်းတွင် ရေပြာအင်ပါယာက စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုအားလုံးကို ပိတ်ပင်တားမြစ်လိုက်သည်။ စစ်ဆန့်ကျင်ရေးသမားများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးကာ စစ်ဆန့်ကျင်ရေး အတွေးအခေါ်များ ပြန့်ပွားခြင်းကို ပြတ်ပြတ်သားသား တားမြစ်ပိတ်ပင်ခဲ့သည်။ ထို့ကြောင့် ဤစစ်ဆန့်ကျင်ရေးသမားများ တဖြည်းဖြည်းနှင့် မြေအောက်သို့ ရောက်ရှိသွားကြပြီး စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို လျှို့ဝှက်လုပ်ဆောင်လာခဲ့ကြရတော့သည်။
ချန်ဖုန်းသည် စစ်ဆန့်ကျင်ရေးအဖွဲ့၏ ခေါင်းဆောင် ဖြစ်သည်။ သူသည် တစ်ချိန်က စစ်သင်္ဘောတစ်စင်း၏ ကပ္ပတိန် ဖြစ်ခဲ့ဖူး၏။ အင်ပါယာ၏ စစ်မြေပြင်မှ ရက်စက်ကြမ်းကြုတ်မှုများကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီးနောက်တွင် သူ ဒဏ်ရာများကြောင့် အနားယူခဲ့ပြီး စစ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် ပြတ်ပြတ်သားသား ခံယူခဲ့သည်။
ယခုမူ သူက စစ်ဆန့်ကျင်ရေးသမားများ၏ ခေါင်းဆောင်တစ်ဦးပင် ဖြစ်လာခဲ့လေပြီ။
လက်ရှိအချိန်တွင် ချန်ဖုန်း အခန်းတွင်းရှိ လူတိုင်းကို တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။ ဤလူများက ဤနေရာရှိ လူအများ၏ ကျောရိုးမဏ္ဍိုင်များ ဖြစ်ကြ၏။ ဒီတစ်ကြိမ်တွင် သူတို့ ကိစ္စတစ်ခုကို အကြီးအကျယ် လုပ်ဆောင်ကြတော့မည် ဖြစ်သည်။
"အင်ပါယာက အခုဆိုရင် စစ်ပွဲစက်ရုပ်တစ်ခုလို ဖြစ်နေပြီ။ စစ်ပွဲထဲမှာ မရေမတွက်နိုင်တဲ့ ကျုပ်တို့ရဲ့ မျိုးချစ်ရဲဘော်တွေ သေဆုံးခဲ့ရပြီးပြီ။ ကျုပ်တို့တွေ ဂြိုဟ်တွေ၊ အရင်းအမြစ်တွေ ရခဲ့ပေမဲ့ ကောင်းကောင်းမွန်မွန်တောင် ချေဖျက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် မလုပ်ရဘူး။ ဒီလောက်များတဲ့ ဂြိုဟ်တွေကို ဆက်ပြီး သိမ်းပိုက်နေလို့ရော ဘာထူးမှာလဲ။ ဒါ့အပြင် စစ်ပွဲကြောင့် ဂြိုဟ်ပေါင်း ၁၀ ခုကျော်ကို ချေမှုန်းဖျက်ဆီးပစ်ခဲ့ပြီးပြီ။ ကျုပ်တို့ရဲ့ မိဘပြည်သူ ဘီလီယံနဲ့ချီပြီး သေဆုံးဒဏ်ရာရခဲ့ကြရတယ်"
"စစ်ပွဲကို သေချာပေါက် ရပ်တန့်ရမယ်။ ဒါတွေအားလုံးရဲ့ နောက်ကွယ်က တရားခံတွေက အင်ပါယာရဲ့ အထက်တန်းလွှာ နန်းတွင်းသူနန်းတွင်းသားတွေနဲ့ တော်ဝင်မိသားစုပဲ။ ကျုပ်တို့တွေ အင်ပါယာရဲ့ အုပ်ချုပ်ရေးအာဏာကို သေချာပေါက် ဖြုတ်ချရမယ်။ ဒါမှသာ အင်ပါယာကြီးတစ်ခုလုံး လမ်းကြောင်းမှန်ပေါ် ပြန်တင်နိုင်မှာဖြစ်ပြီးတော့ လူတိုင်းကို ပုံမှန်ဘဝမျိုးနဲ့ ရှင်သန်ခွင့် ပေးနိုင်မှာ ဖြစ်တယ်"
"တကယ်လို့ မလိုအပ်ဘူးဆိုရင် ကျုပ်တို့ အကြမ်းဖက်နည်းလမ်းကို လုံးဝ ရွေးချယ်မှာမဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်တို့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး။ အဲ့ဒီနန်းတွင်းသူနန်းတွင်းသားတွေက ပြည်သူလူထုရဲ့ အမြင်ကို အသုံးချပြီး စစ်ပွဲရဲ့ အတွေးအခေါ်မှားတွေကို အဆက်မပြတ် ရိုက်သွင်းနေကြတယ်။ ကျုပ်တို့သာ ဆက်ပြီး တွေဝေနေမယ်ဆိုရင် အင်ပါယာကြီး တစ်စစီ ပြိုကွဲသွားမှာကို ကျုပ် စိုးရိမ်မိတယ်။ အဲဒီအခါကျရင် မရေမတွက်နိုင်တဲ့ ကျုပ်တို့ရဲ့ မိသားစုတွေနဲ့ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေ စစ်ပွဲထဲမှာ သေဆုံးကြရလိမ့်မယ်"
"ဒါကြောင့် ကျုပ်တို့တွေ ဒီတစ်ကြိမ်မှာ လုံးဝကျရှုံးလို့ မဖြစ်ဘူး။ ကျုပ်တို့ အောင်မြင်မှဖြစ်မယ်။ ကျုပ်တို့ဆီမှာ အငယ်တန်းအရာရှိတွေရဲ့ ထောက်ခံမှု ရှိနေပြီဖြစ်သလို စစ်သင်္ဘောတချို့ရဲ့ ထောက်ခံမှုကိုတောင် ရထားပြီးပြီ။ ကျုပ်တို့ နန်းတော်ထဲကို ဖောက်ဝင်ပြီး တော်ဝင်မိသားစုကို ထိန်းချုပ်နိုင်သရွေ့ အောင်မြင်မှုရဲ့ တစ်ဝက်ကို ရသွားပြီလို့ သတ်မှတ်နိုင်တယ်။ အားလုံးပဲ... ကျုပ်တို့ရဲ့ ရေပြာယဉ်ကျေးမှုရဲ့ အနာဂတ် ကံကြမ္မာက မင်းတို့ရဲ့ လက်ထဲမှာ ရှိနေပြီ"
ချန်ဖုန်း၏ စကားများက အလွန် စစ်မှန်ပြီး စွဲဆောင်မှု ရှိလှသည်။ သို့သော် အကယ်၍ သူ့တွင် ရွေးချယ်စရာသာ ရှိပါက သူ စစ်ပွဲကို ဆန့်ကျင်ရန်အတွက် အကြမ်းဖက်နည်းလမ်းကို လုံးဝ ရွေးချယ်မည် မဟုတ်ချေ။
သို့သော်လည်း နှစ်ပေါင်းများစွာအတွင်း အင်ပါယာ လုပ်ဆောင်ခဲ့သော အရာအချို့ကြောင့် သူ မည်သည့်မျှော်လင့်ချက်ကိုမျှ မမြင်တွေ့နိုင်တော့ခြင်း ဖြစ်၏။
"ဒီစစ်ဆင်ရေးကို နောက်ထပ် တစ်နာရီ နှစ်နာရီအတွင်း စမယ်။ အားလုံးပဲ... ပြန်ပြီး ပြင်ဆင်ကြတော့"
စကားဆုံးပြီးနောက် အစည်းအဝေး ရုပ်သိမ်းလိုက်သည်။ ထိုလူများလည်း လျှို့ဝှက်စွာ ထွက်ခွာသွားကြပြီး မိမိတို့ နေရပ်အသီးသီးသို့ ပြန်သွားကြ၏။
ရေပြာအင်ပါယာ မိခင်ဂြိုဟ်ကြီးတစ်ခုလုံး အေးချမ်းတည်ငြိမ်နေပုံရသော်လည်း မြေအောက်လှိုင်းများကမူ အပြင်းအထန် ရိုက်ခတ်နေသည်။ ယင်းက ယမ်းပုံးတစ်ပုံးကဲ့သို့ အချိန်မရွေး ပေါက်ကွဲသွားနိုင်၏။
.............
ဝှစ်...
အာကာသလမ်းကြောင်းအတွင်း၌ အဖြူရောင်အလင်းတန်းတစ်ခု လက်သွားသည်။ လင်းဖုန်း အာကာသလမ်းကြောင်းမှတဆင့် ဖြတ်သန်းရောက်ရှိလာ၏။
"ရပ်စမ်း..."
"ဘယ်သူလဲ..."
အာကာသလမ်းကြောင်း၏ အပြင်ဘက်တွင် စစ်သားများ၊ သံချပ်ကာ စစ်ပွဲစက်ရုပ်များနှင့် စစ်သင်္ဘောများစွာ အုံလိုက်ကျင်းလိုက် ပိတ်ဆို့ထားသည်ကို လင်းဖုန်း ရုတ်တရက် သတိပြုမိလိုက်သည်။ သူတို့အားလုံး လင်းဖုန်းကို ခြိမ်းခြောက်လိုဟန်ဖြင့် ကြည့်နေကြ၏။
"ငါက ဘီမွန်နတ်နန်းရဲ့ အထက်ပိုင်းနယ်မြေက တပည့်တစ်ယောက်ပဲ။ မင်းတို့ ဘာကိစ္စရှိလို့လဲ"
လင်းဖုန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ အာကာသလမ်းကြောင်းဟူသည် ဘီမွန်နတ်နန်းနှင့် ရေပြာအင်ပါယာကို ချိတ်ဆက်ပေးထားသည့် ဗဟိုချက် ဖြစ်၏။ ဤလူများ သူ၏ အထောက်အထားကို မသိရှိကြဟု သူ မယုံချေ။
အဘယ်ကြောင့်ဆိုသော် ဘီမွန်နတ်နန်းမှ တပည့်များသာ အာကာသကို ဖြတ်သန်းသွားလာနိုင်သောကြောင့် ဖြစ်၏။
သူတို့ ဘီမွန်ဂလက်ဆီအတွင်း ရှိနေသရွေ့ မည်သည့်ယဉ်ကျေးမှု ဖြစ်စေ နတ်နန်း၏ အဖွဲ့ဝင်များကို သေချာပေါက် ရိုရိုသေသေ ဆက်ဆံကြရမည်သာ ဖြစ်သည်။ သို့သော်လည်း ဤရေပြာအင်ပါယာကမူ အလွန် ထူးဆန်းလှသည်။ သူတို့က လင်းဖုန်းအပေါ် အလွန်သတိကြီးကြီး ထားနေပုံရပြီး ရန်လိုမုန်းတီးမှု အနည်းငယ်ကိုပင် ခပ်ဝါးဝါး ထုတ်ဖော်ပြသနေသည်။
မကြာမီ လူအုပ်ထဲမှ အရာရှိတစ်ဦး ထွက်လာသည်။ သူက ဗိုလ်ချုပ်တစ်ဦးနှင့် တူ၏။
သူ လင်းဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။
"အရှင်ငယ်... မကြာသေးခင်ကမှ သူပုန်တချို့ နှောင့်ယှက်နေတာကြောင့် ရေပြာအင်ပါယာ မိခင်ဂြိုဟ်ရဲ့ နေရာအနှံ့မှာ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားပါတယ်။ အရှင်ငယ်အနေနဲ့ နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ အရှင်ငယ်အနေနဲ့ ရေပြာအင်ပါယာဆီကို အလုပ်ကိစ္စနဲ့ ရောက်လာတာလား"
"ငါ မင်းကို သတင်းပို့ဖို့ လိုသေးလို့လား"
လင်းဖုန်း၏ လေသံက အေးစက်လှသည်။ ဗိုလ်ချုပ်တစ်ယောက်မျှသာ ရှိသေးသူက သူ့ကို စစ်ဆေးမေးမြန်း လိုနေသည်လော။ အကယ်၍ အခြေအနေကို မသိသေးခြင်းကြောင့်သာ မဟုတ်ပါက လင်းဖုန်း တိုက်ခိုက်မိပေတော့မည်။
မည်သည့်ယဉ်ကျေးမှုကမျှ ဘီမွန်နတ်နန်း၏ တပည့်များကို ဤကဲ့သို့ နှိမ့်ချဆက်ဆံရဲခြင်းမျိုး မရှိခဲ့ဖူးချေ။
ထို့အပြင် သူက နတ်နန်း၏ အထက်ပိုင်းနယ်မြေမှ တပည့်တစ်ဦး ဖြစ်သည်။ အပြင်လောကတွင် သူက ဘီမွန်နတ်နန်းကို ကိုယ်စားပြု၏။
ဗိုလ်ချုပ်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သို့သော်လည်း လင်းဖုန်း၏ အထောက်အထားကို ထည့်သွင်းစဉ်းစားပြီး နောက်ဆုံးတွင်မူ သူ အောင့်အည်းသည်းခံလိုက်၏။ သူ လုပ်ပြုံးပြုံးကာ စကားဆိုလိုက်သည်။
"အရှင်ငယ်... အဝေးကြီးကနေ လာခဲ့ရတာပဲ။ ကျွန်တော်တို့ အရှင်မင်းကြီးဆီကို သတင်းပို့ထားပြီးပါပြီ။ အချိန်ကျရင် နန်းတော်ဆီ ကြွရောက်ပေးပါဦး။ အရှင်မင်းကြီးကိုယ်တိုင် အရှင်ငယ်ကို ကြိုဆိုပါလိမ့်မယ်"
"မလိုပါဘူး... ငါ ဒီကို နတ်နန်းရဲ့ တာဝန်တစ်ခု လုပ်ဆောင်ဖို့ လာတာ။ မင်းတို့ကို အနှောင့်အယှက် မပေးတော့ဘူး"
ထိုသို့ပြောပြီးနောက် လင်းဖုန်း အာကာသလမ်းကြောင်းမှ ပျံသန်းထွက်ခွာသွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
ထွက်ခွာသွားသော လင်းဖုန်း၏ ကျောပြင်ကို ကြည့်ကာ ဗိုလ်ချုပ်၏ မျက်နှာအမူအရာက တဖြည်းဖြည်း မှောင်မိုက်သွားသည်။
ထို့နောက် သူ ဆက်သွယ်ရေးကိရိယာကို နှိပ်လိုက်သည်။
"နတ်နန်းရဲ့ အထက်ပိုင်းနယ်မြေက တပည့်တစ်ယောက် ရောက်နေပြီ"
ထိုသို့ပြောပြီးနောက် ဗိုလ်ချုပ် ဆက်သွယ်ရေးကို ပိတ်လိုက်ပြီး အလျင်အမြန် ထွက်ခွာသွားတော့သည်။
လင်းဖုန်း အာကာသလမ်းကြောင်းမှ ထွက်ခွာလာပြီး သာမန်လူတစ်ယောက်အသွင်ဖြင့် လူအုပ်အတွင်းသို့ ရောနှောဝင်ရောက်လိုက်၏။
လမ်းမများပေါ်တွင် လမ်းသွားလမ်းလာ အများအပြား ရှိနေသော်လည်း သံချပ်ကာ စစ်ပွဲစက်ရုပ်များက ပိုများသည်။ ထိုစက်ရုပ်များက အချိန်တိုင်း ကင်းလှည့်နေကြပုံရပြီး ပတ်ဝန်းကျင်လေထုတစ်ခုလုံး အနည်းငယ် တည်ကြည်လေးနက်နေ၏။
"ဒါ ပုံမှန်မဟုတ်ဘူး..."
လင်းဖုန်း ရေပြာအင်ပါယာ မိခင်ဂြိုဟ်ပေါ်ရှိ ပုံမှန်မဟုတ်သော လေထုကို အလျင်အမြန် သတိပြုမိလိုက်သည်။ ဤနေရာရှိ လူတိုင်းက အလွန် ခြိမ်းခြောက်ခံထားရပြီး ဖိနှိပ်ခံထားရပုံရှိသည်။ ကြောက်ရွံ့ထိတ်လန့်မှုများအပြင် လူများစွာ၏ မျက်လုံးထဲတွင် ထိုသံချပ်ကာ စစ်ပွဲစက်ရုပ်များအပေါ် မုန်းတီးမှု အရိပ်အယောင်များလည်း ရှိနေသည်။
ရေပြာအင်ပါယာသည် အင်ပါယာတစ်ခု ဖြစ်သော်လည်း လင်းဖုန်းရရှိထားသော အတိတ်က သတင်းအချက်အလက်များအရ ရေပြာအင်ပါယာက ဤမျှအထိ ဖိအားများသော လေထုမျိုးရှိသည့် အင်ပါယာတစ်ခု မဟုတ်ချေ။
ယဉ်ကျေးမှုများစွာထဲတွင် ရေပြာအင်ပါယာက သူတို့၏ ပွင့်လင်းလွတ်လပ်မှုကြောင့်လည်း ကျော်ကြားသည်။
သို့သော်လည်း ယခုမူ အရာအားလုံးက လုံးဝဥဿုံ ပြောင်းလဲနေ၏။ ရေပြာအင်ပါယာ မိခင်ဂြိုဟ်ပေါ်တွင် လူအုပ်ကြား၌ အလွန် ဖိနှိပ်ချုပ်ချယ်ခံထားရသော ခံစားချက်မျိုး ရှိနေသည်။ ဖိနှိပ်လွန်းသောကြောင့် အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့် ယမ်းပုံးတစ်ပုံးနှင့် တူ၏။
ရံဖန်ရံခါတွင် အင်ပါယာ၏ စစ်မီးမွှေးမှုကို စိတ်အားထက်သန်စွာဖြင့် ထောက်ခံကြသည့် လူငယ်တချို့ ဆိုင်းဘုတ်များ ကိုင်ဆောင်ထားကြသည်ကို တွေ့ရတတ်သည်။
လင်းဖုန်း ရေပြာအင်ပါယာသို့ ရောက်ရှိလာသည်မှာ တစ်နာရီပင် မပြည့်သေးသော်လည်း ရေပြာအင်ပါယာအတွင်းရှိ ဖိအားများကို သူ ခံစားမိနေသည်။ ရေပြာအင်ပါယာက အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့် မီးတောင်တစ်လုံးနှင့် တူ၏။
ရေပြာအင်ပါယာ၏ အတိတ်နှင့် လက်ရှိ ကွာခြားချက်က ကြီးမားလွန်းလှသဖြင့် လင်းဖုန်းပင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
"လောင်ဘီသမ်... ရေပြာအင်ပါယာက ဘယ်အချိန်ကစပြီး အကြီးအကျယ် စစ်မီးမွှေးခဲ့လဲဆိုတာ စုံစမ်းပေး။ ရေပြာအင်ပါယာရဲ့ အခြေအနေက ဘယ်တုန်းကစပြီး ဒီလို ဖြစ်သွားခဲ့ရတာလဲ"
လင်းဖုန်း အခြေအနေကို ပိုမိုနားလည်နိုင်ရန်နှင့် လောင်ဘီသမ်၏ စုံစမ်းစစ်ဆေးမှုများ လွယ်ကူချောမွေ့စေရန်အတွက် ပုံရိပ်ယောင်ကွန်ရက်အခန်းတစ်ခုအတွင်းသို့ ပြတ်ပြတ်သားသား ဝင်ရောက်သွားတော့သည်။