အခန်း ၄၈၁
Vol. 49 Ch. 481
အခန်း (၄၈၁) အန်းရှီးတပ်မတော်အား ဂါရဝပြုခြင်း
စူးရှတောက်ပသော အလင်းတန်းများက မြေပြင်မှ ထိုးထွက်လာပြီး ကမ္ဘာ့သစ်ပင်ကြီး၏ ပတ်လည်တွင် တိကျစွာ ပေါက်ကွဲထွက်ပေါ်လာ၏။
ရွှေရောင် ဂန္ဓမာပန်းများ၊ အနီရောင် ပီယိုနီပန်းများ၊ ခရမ်းရောင် နှင်းဆီများ၊ အစိမ်းရောင် မိုးမခပင်များ...
မျက်စိကျိန်းမတတ် တောက်ပလှသော မီးရှူးမီးပန်း အဖုံဖုံက မှော်စုတ်တံကို ကိုင်ဆောင်ထားသည့် မာလျန်ကဲ့သို့ပင် ညကောင်းကင်ယံအား ပန်းချီကားချပ်တစ်ခုအဖြစ် အသုံးပြုကာ ဧရာမအလင်းသစ်ပင်ကြီး၏ ပတ်လည်၌ ပြီးပြည့်စုံသော အမြင်အာရုံခံစားမှု ပွဲတော်ကြီးတစ်ခုကို ဖန်တီးယက်လုပ်နေကြသည်။
မီးရှူးမီးပန်းများ၏ ပေါက်ကွဲသံနှင့် အရောင်အသွေးများက ဒရုန်းများဖန်တီးထားသည့် ဧရာမသစ်ပင်ကြီး၏ ငြိမ်သက်နေသော အလင်း၊ အရိပ်တို့နှင့် ပေါင်းစပ်သွားသောအခါ... လှုပ်ရှားမှုနှင့် ငြိမ်သက်မှု၊ အသံနှင့် အလင်း၊ ရှေးဟောင်းခေတ်နှင့် ခေတ်သစ်တို့၏ ပြီးပြည့်စုံသော ပေါင်းစပ်မှုကြီးကို ဖြစ်ပေါ်စေပြီး စိတ်ကူးဉာဏ်ထက်ပင် ကျော်လွန်ကာ အသက်ရှူမှားလောက်အောင် ခမ်းနားကြီးကျယ်လွန်းသည့် မြင်ကွင်းကြီးတစ်ခုကို ဖန်တီးပေးလိုက်၏။
အန်းရှီးတပ်မတော်မှ စစ်မှုထမ်းဟောင်းကြီးများမှာ အပေါ်သို့မော့ကြည့်ကာ လုံးဝနစ်မျောသွားကြပြီး သူတို့၏ အသက်ရှူသံများပင် ရပ်တန့်သွားသကဲ့သို့ ဖြစ်နေခဲ့ကြသည်။
နည်းပညာနှင့် အနုပညာကို ဤမျှအထိ ပေါင်းစပ်ထားသော ဤဖျော်ဖြေမှုကြီးက သူတို့ နားလည်နိုင်စွမ်းထက် လုံးဝကျော်လွန်နေပြီး နေ့လယ်က သူတို့ တွေ့မြင်ကြားသိခဲ့ရသည်များထက်ပင် အဆပေါင်းများစွာ ပို၍ တုန်လှုပ်ဖွယ် ကောင်းနေချေသည်။
အောက်ဘက်ရှိ ခရီးသွားများမှာလည်း ဆူညံပွက်လောရိုက်သွားကြသည်။
"ဝိုး ဝိုး..... ဒီည ဒီလိုအမိုက်စား ဖျော်ဖြေမှုကြီး ရှိမယ်လို့ လုံးဝ မထင်ထားဘူး..."
"ဘုရားရေ.... ဒါက ဒရုန်းနဲ့ မီးရှူးမီးပန်း ဖျော်ဖြေမှုကြီးလား။ တကယ်ကို အံ့မခန်းပဲ...."
"ဟုတ်တယ်... အရမ်းလှတာပဲ... အံ့ဖွယ်မြင်ကွင်းတစ်ခုလိုပဲ..."
"ဘာတွေဖြစ်နေတာလဲ။ ဒီလိုအဆင့်အတန်းရှိတဲ့ ဖျော်ဖြေမှုမျိုးကို ဘာလို့ ကြိုမကြေညာထားတာလဲ။ ငါတို့တောင် လွတ်သွားတော့မလို့..."
ဖျော်ဖြေမှုကြီး ပြီးဆုံးခါနီးအချိန်၌ မီးရှူးမီးပန်းများ တဖြည်းဖြည်း မှေးမှိန်သွားပြီး ကမ္ဘာ့သစ်ပင်ကြီးလည်း ဖြည်းညှင်းစွာ ပျောက်ကွယ်သွားချိန်တွင်... ဒရုန်း၏ အလင်းရောင်များက လျင်မြန်စွာ ပြောင်းလဲသွားပြီး နက်ရှိုင်းသော ညကောင်းကင်ယံထက်တွင် တောက်ပသော စာသားတစ်ကြောင်းကို ရှင်းလင်းစွာ ပုံဖော်လိုက်ပြန်သည်။
အန်းရှီး သံမဏိတပ်မတော်အား ဂါရဝပြုပါသည်။ သူရဲကောင်းများကို ထာဝရအမှတ်ရနေမည်ဖြစ်ပြီး တရုတ်ပြည်က ထာဝရဂုဏ်ယူနေမည်ဖြစ်သည်....
ထိုစာသားများ ပေါ်ထွက်လာသည့် အခိုက်အတန့်တွင် ဖျော်ဖြေမှု၏ အလှအပတွင် နစ်မျောနေခဲ့ကြသော အောက်ဘက်ရှိ ခရီးသွားများမှာ ချက်ချင်းပင် ဆွံ့အသွားကြတော့သည်။
"အန်းရှီးတပ်မတော်ကို ဂါရဝပြုတယ်..."
"ဘာအဓိပ္ပာယ်လဲ..."
"အန်းရှီးတပ်မတော်... ငါတွေးနေတဲ့ အန်းရှီးတပ်မတော်များလား..."
"ထန်မင်းဆက်က အန်းရှီးတပ်မတော်ကြီးကို ပြောတာလား..."
ခဏတာ တိတ်ဆိတ်ကာ တွေဝေသွားပြီးနောက် လူအုပ်ထဲရှိ ဉာဏ်ပြေးသော ခရီးသွားအချို့က ဘာဖြစ်နေသည်ကို ရုတ်တရက် သဘောပေါက်သွားကြပြီး အံ့အားသင့်စွာ ရေရွတ်လိုက်ကြ၏။
"ဘုရားရေ... ဖြစ်နိုင်တာက... ဒါရိုက်တာကျန်းကများ အန်းရှီးတပ်မတော်ကို ဒီခေါ်လာတာများလား..."
"ဟုတ်တယ်... ဟန်ကျိုးမြို့မှာ ချင်မင်းဆက်ရဲ့ ပထမဆုံးဧကရာဇ်ကို ကြိုဆိုတုန်းကလည်း ဒီလိုပဲ လုံးဝ မထင်မှတ်ထားတာတွေ လုပ်ခဲ့တာလေ... "
"ဒါဆို သေချာပြီ။ ပုံမှန်စတိုင်ပဲ... ဒရုန်းဖျော်ဖြေမှုရယ်.... အန်းရှီးတပ်မတော်ကို ဂါရဝပြုတာရယ်ဆိုတော့... ဝိုး"
"ဒါရိုက်တာကျန်းက တကယ့် အန်းရှီးစစ်မှုထမ်းဟောင်းကြီးတွေကို ဖိတ်ခေါ်လာတာလား.... "
ထိုသို့ ခန့်မှန်းလိုက်မှုက ငြိမ်သက်နေသော ရေကန်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သကဲ့သို့ ချက်ချင်းပင် လှိုင်းလုံးပေါင်း ထောင်သောင်းချီကို ရိုက်ခတ်သွားစေသည်။
အောက်ဘက်ရှိ ခရီးသွားများမှာ ပွက်လောရိုက်သွားကြ၏။ လူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရှုကြပြီး လူအုပ်ကြီးထဲတွင် ထိုဒဏ္ဍာရီလာ တပ်မတော်ကြီးကို အသည်းအသန် လိုက်လံရှာဖွေနေကြတော့သည်။
"အန်းရှီးတပ်မတော်က ဘယ်မှာလဲ..."
"ငါ့ကို ပေးကြည့်ပါဦး။ ထန်မင်းဆက်ရဲ့ နောက်ဆုံးကျန်ရစ်ခဲ့တဲ့ မယိမ်းယိုင်တဲ့ စိတ်ဓာတ်ကို ငါ့မျက်စိနဲ့ကိုယ်တိုင် မြင်တွေ့ချင်လို့ပါ... "
"အား.... သူတို့နဲ့များ တွေ့ခွင့်ရမယ့် ကံပါလာမလား မသိဘူး... ငါ သူတို့ကို အရမ်းလေးစားတာ...."
"ဒါရိုက်တာကျန်း..... အန်းရှီးတပ်မတော်.... ရှင်တို့ ဘယ်မှာလဲ။ ထွက်လာပြီး ကျွန်မတို့ကို အတွေ့ခံပါဦး"
ဖန်ဖန်က သူမဘေးတွင်ရှိနေသော စစ်သူကြီး ကောရှင်းနှင့် သူ၏အနောက်ရှိ အန်းရှီးတပ်မတော် စစ်သည်များကို လှည့်ကြည့်လိုက်ပြီး လေးစားမှုအပြည့်ရှိသော နူးညံ့သည့် အသံဖြင့် ပြောလိုက်၏။
"စစ်သူကြီးကောနဲ့ အဘိုးတို့... အောက်ကလူတွေက အဘိုးတို့ရဲ့ မျိုးဆက်သစ်တွေပါ။ သူတို့က အဘိုးတို့ရဲ့ အကြောင်းတွေကို ကြားဖူးပြီး အရမ်းကို လေးစားကြည်ညိုနေကြတာပါ။ သမိုင်းစာအုပ်တွေထဲမှာပဲ ဖတ်ဖူးတဲ့ သူရဲကောင်းတွေကို ဒီကလေးတွေ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့်ရအောင် အဘိုးတို့ကများ... တွေ့ဆုံပေးဖို့ ဆန္ဒရှိမလား..."
သူမက ခဏရပ်လိုက်ပြီးနောက် ထပ်ဖြည့်ပြောလိုက်ပြန်သည်။ "အားလုံး စိတ်ချပါ.... ကျွန်မတို့ ဒီမှာ လုံခြုံပါတယ်။ အဘိုးတို့ကို ဘယ်တော့မှ အန္တရာယ်ဖြစ်စေမှာ မဟုတ်ပါဘူး..."
ထိုစကားကို ကြားသောအခါ စစ်သူကြီးကောရှင်းက သူ၏ မုတ်ဆိတ်မွေးများကို သပ်ကာ ပြုံးလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် မည်သည့်ကြောက်ရွံ့မှုမျှ မရှိဘဲ အတွေ့အကြုံများစွာမှ ပေါက်ဖွားလာသော တည်ငြိမ်မှုနှင့် ကျေနပ်မှုတို့သာ ရှိနေခဲ့သည်။
"ဘာလို့ မတွေ့ရမှာလဲ။ ဒီက လူတွေက နွေးထွေးပြီး သူတို့ရဲ့ မျက်လုံးတွေကလည်း သန့်စင်ပါတယ်။ ဘာအငြိုးအာဃာတမှ မတွေ့ရဘဲ ရိုးသားမှုတွေကိုပဲ ခံစားရတယ်။ နောင်လာနောက်သား မျိုးဆက်သစ်တွေနဲ့ တွေ့ခွင့်ရတာကလည်း ရေစက်တစ်ခုပဲလေ..."
"ဟုတ်တယ်... စစ်သူကြီးပြောတာ မှန်တယ်"
"ငါတို့ရဲ့ အသွင်အမှန်ကို ဖုံးကွယ်ထားစရာ အကြောင်းမရှိပါဘူး... "
"ငါတို့ အန်းရှီးတပ်မတော်... သေကုန်တာ မဟုတ်သေးဘူးဆိုတာကို မျိုးဆက်သစ်တွေကို ပြလိုက်ရအောင်...."
အခြားစစ်သည်များကလည်း ပြုံးကာ ထောက်ခံလိုက်ကြသည်။ သူတို့၏ မျက်နှာများမှာ တည်ငြိမ်နေပြီး မျှော်လင့်တောင့်တမှု အချို့ကိုပင် တွေ့မြင်နေရ၏။
ယင်းကိုမြင်သောအခါ ဖန်ဖန်က အနည်းငယ် ပြုံးလိုက်ပြီး စနစ်နေရာလွတ်ထဲမှနေ၍ သေသပ်ကောင်းမွန်စွာ ထိန်းသိမ်းထားသော ထန်မင်းဆက် အန်းရှီးတပ်မတော်၏ စံသတ်မှတ်ချက် သံချပ်ကာအင်္ကျီ အစုံ (၃၀) ကို လဲလှယ်ယူလိုက်သည်။
မျိုးဆက်သစ်များကို သူတို့၏ အစစ်မှန်ဆုံးသော ပုံစံအား ပြသချင်သည်ဖြစ်ရာ မူလအတိုင်း ထားရှိခြင်းက အကောင်းဆုံးပင်။
တုံ့ဆိုင်းနေခြင်း အလျင်းမရှိဘဲ အန်းရှီးတပ်မတော်မှ အဖွဲ့ဝင်များကလည်း သူတို့ဝတ်ဆင်ထားသည့် ခေတ်မီဝတ်စုံများနှင့် အနည်းငယ် အနေရခက်နေသော ဆံပင်တုများကို ချွတ်လိုက်ကြသည်။ ထို့နောက် သွေး၊ မီးတောက်၊ လေနှင့် သဲကန္တာရတို့တွင် ရွှဲနှစ်နေခဲ့သော သူတို့တစ်သက်တာလုံး ဝတ်ဆင်ခဲ့သည့် လေးလံသော သံချပ်ကာများကို ပြန်လည် ဝတ်ဆင်လိုက်ကြလေသည်။
နောက်ဆုံး သံမှိုပြားကို တပ်ဆင်လိုက်ပြီး ဆံပင်များကို သေသပ်စွာ ပြန်လည်ဖြီးသင်လိုက်သောအခါ... သံမဏိသွေးရှိသော တပ်မတော်ကြီးက လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက နယ်စပ်ဒေသမှ ထွက်ပေါ်လာသကဲ့သို့ ဤကမ္ဘာလောကသို့ တစ်ဖန် ပြန်လည်မွေးဖွားလာခဲ့ပြီဖြစ်သည်။
သူတို့၏ ဆံပင်များ ဖြူစွတ်နေပြီး မျက်နှာများတွင် အရေးအကြောင်းများ ပြည့်နှက်နေသော်ငြားလည်း မရေမတွက်နိုင်သော တိုက်ပွဲများမှ သွေးထွက်သံယိုဖြစ်ခဲ့ရသည့် သူတို့၏ ပြင်းထန်ပြီး ပြတ်သားသော မျက်လုံးများကမူ အနည်းငယ်မျှပင် အရောင်ကျမသွားခဲ့ချေ။
ဖန်ဖန်နှင့် ကျန်းယဲ့က သူတို့ကို ပင်မလမ်းမကြီးအား ဖြတ်သန်းဖောက်လုပ်ထားသည့် လှပသော အမိုးပါ မှန်တံတားလေးပေါ်သို့ တိတ်ဆိတ်စွာ ခေါ်ဆောင်သွားလိုက်သည်။
ဤအချိန်၌ မှန်တံတား၏ အတွင်းပိုင်းတွင် မီးလင်းမနေဘဲ အပြင်ဘက်ရှိ မှန်များကလည်း မှုန်ဝါးဝါးဖြစ်နေသောကြောင့် အောက်ဘက်မှကြည့်လျှင် မှုန်ဝါးဝါး အရိပ်တစ်ခုသာ မြင်နေရသည်။
အောက်ဘက်ရှိ ပင်မလမ်းမကြီးပေါ်တွင်မူ ခမ်းနားသော ဖျော်ဖြေမှုကြီးကို ကြည့်ရှုပြီးကာစ ခရီးသွားများဖြင့် ပြည့်နှက်နေပြီး စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြဆဲ ဖြစ်သည်။ လူအုပ်ကြီးက ကြိတ်ကြိတ်တိုးနေပြီး ဆူညံသံများကလည်း နားကွဲမတတ်ပင်။
ခရီးသွားများ အားလုံး လုံးဝ သတိလက်လွတ် ဖြစ်နေသည့် အခိုက်အတန့်လေးတွင်...
လူတိုင်း၏ ခေါင်းပေါ်တွင် ချိတ်ဆွဲထားသည့် အမိုးပါမှန်တံတားလေး၏ နှစ်ဖက်စလုံးရှိ မှုန်ဝါးဝါး မှန်သားများက မျက်လှည့်ပြလိုက်သကဲ့သို့ ချက်ချင်းပင် ရှင်းလင်းမြင်သာသွားကြသည်။
တစ်ချိန်တည်းမှာပင် မှန်တံတားအတွင်းရှိ နူးညံ့သော်လည်း ခမ်းနားသော မီးရောင်များက စင်မြင့်ပေါ်မှ မီးမောင်းထိုးလိုက်သကဲ့သို့ ရုတ်တရက် ပွင့်လာပြီး တံတားအတွင်းရှိ မြင်ကွင်းကို တိကျရှင်းလင်းစွာ ဖော်ပြလိုက်တော့သည်။
အလင်းရောင်အောက်တွင် သံချပ်ကာအပြည့်အစုံ ဝတ်ဆင်ထားပြီး ရှည်လျားသော ဓားများကို ကိုင်ဆောင်ထားသည့် ဆံပင်များ ဖြူနေသော်လည်း ထင်းရှူးပင်များကဲ့သို့ မတ်မတ်ရပ်နေကြသော စစ်မှုထမ်းဟောင်းသုံးဆယ်တို့မှာ မချိုးဖောက်နိုင်သော စစ်နတ်ဘုရားရုပ်တုကြီး သုံးဆယ်ပမာ လူတိုင်း၏ရှေ့မှောက်တွင် ရှင်းလင်းစွာ ပေါ်ထွက်လာတော့သည်။
စစ်သူကြီးကောရှင်းက အလယ်တွင် ရပ်နေပြီး သူအသက်ပေးကာကွယ်ရန် သစ္စာဆိုထားခဲ့သည့် တရုတ်ပြည်၏ မျိုးဆက်သစ်များကို သူ၏ စူးရှသော အကြည့်များဖြင့် လှမ်းကြည့်နေချေသည်။
ဖန်ဖန်နှင့် ကျန်းယဲ့တို့ကတော့ တိတ်ဆိတ်သော အစောင့်အရှောက်များကဲ့သို့ မှန်တံတား၏ တစ်ဖက်တစ်ချက်စီတွင် အသံတိတ် ရပ်နေကြ၏။
"အား..."
ပွင့်လင်းမြင်သာနေသော မှန်တံတားပေါ်တွင် ထိုလူစု ရုတ်တရက် ပေါ်လာသည့် အခိုက်အတန့်၌ ပင်မလမ်းမကြီးတစ်ခုလုံး သေမင်းတမန် တိတ်ဆိတ်မှုကြီး လွှမ်းမိုးသွားပြီးနောက်... ချက်ချင်းဆိုသလိုပင် မီးတောင်ပေါက်ကွဲသွားသကဲ့သို့ ညကောင်းကင်ယံကိုပင် တုန်လှုပ်သွားစေမည့် နားကွဲမတတ် အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။
"ဘုရားရေ.... တကယ်... တကယ်ကြီး အန်းရှီးတပ်မတော်ကြီးပဲ.."
"ဒါရိုက်တာကျန်း... ဟိုဘက်မှာ တကယ်ကြီး ဒါရိုက်တာကျန်းပဲဟ.."
"သူတို့... သူတို့ တကယ်ကြီး ရောက်လာတာပဲ... ဝါးးးးးး..."
"အန်းရှီးတပ်မတော်.... ငါ အန်းရှီးတပ်မတော်ကို မြင်လိုက်ရပြီကွ.. "
အစပိုင်း အံ့အားသင့်မှုများ ပြီးသွားပြီးနောက် ပိုမိုကြီးမားသော စိတ်လှုပ်ရှားမှုနှင့် ရွှင်လန်းဝမ်းမြောက်မှု လှိုင်းလုံးကြီးများက ဆက်တိုက် ရိုက်ခတ်လာခဲ့သည်။
ခရီးသွားများ အားလုံး၊ အသက်အရွယ်မရွေး၊ ကျားမ မရွေး လည်ပင်းများရှည်ထွက်မတတ် မော့ကြည့်နေကြပြီး သမိုင်းပန်းချီကားချပ်ထဲမှ ထွက်ပေါ်လာသည့်အလား မှန်တံတားထဲရှိ တပ်မတော်ကြီးကို စိုက်ကြည့်နေကြကာ သူတို့၏ မျက်နှာများထက်တွင် မယုံနိုင်လောက်အောင် ဝမ်းသာမှုနှင့် တုန်လှုပ်မှုတို့ ပြည့်နှက်နေကြသည်။
သို့သော်ငြားလည်း သူတို့၏ အကြည့်များက မှန်တံတား၏ မီးရောင်အောက်တွင် အရေးအကြောင်းများ၊ ဘဝ၏ အခက်အခဲများ ပြည့်နှက်နေသည့် ထိုအိုမင်းနေသော မျက်နှာများကို သေချာစွာ တွေ့မြင်လိုက်ရချိန်တွင်မူ သူတို့အားလုံး အလွန်အမင်း စိတ်ထိခိုက်သွားကြရပြန်သည်။
အချိန်ကာလ၏ ဝန်ထုပ်ဝန်ပိုးများနှင့် မယိမ်းယိုင်သော စိတ်ပိုင်းဖြတ်မှုများကို သယ်ဆောင်ထားသည့် ထိုဖြူစွတ်နေသော ဆံပင်များ၊ နက်ရှိုင်းသော မျက်ဝန်းများကို မြင်တွေ့လိုက်ရချိန်တွင် အစပိုင်းက ဝမ်းမြောက်မှုများက ပိုမိုနက်ရှိုင်းသော ခံစားချက်တစ်ခုဆီသို့ တဖြည်းဖြည်း ပြောင်းလဲသွားကြသည်။
ရင်နာမှုတို့ကလည်း ဒီရေလှိုင်းကြီးတစ်ခုကဲ့သို့ ရိုက်ခတ်လာချေသည်။
လေးစားကြည်ညိုမှုတို့ကလည်း ပြင်းထန်သော မီးတောက်ကြီးတစ်ခုကဲ့သို့ ရင်တွင်း၌ လောင်ကျွမ်းသွားရတော့သည်။
အခန်း ၄၈၁ပြီး၏။