အခန်း ၄၈၄
Vol. 49 Ch. 484
အခန်း (၄၈၄) သူတို့ တကယ်ရောက်လာခဲ့ပြီ
အရေးကြီးဆုံးအချက်က အန်းရှီးတပ်မတော်ကြီး ရှိနေဆဲပဲ ဆိုတာပင်။
ထိုသူတို့က သမိုင်းစာအုပ်များနှင့် ကြေကွဲဖွယ် ဒဏ္ဍာရီများထဲတွင်သာ ရှင်သန်ခဲ့ပြီး နောင်လာနောက်သားများ ဖတ်ရှုရတိုင်း လေးစားကြည်ညိုမှုရော၊ အဆုံးမဲ့ နှမြောတသမှုတွေကိုပါ ဖြစ်ပေါ်စေခဲ့သည့် အန်းရှီးသံမဏိတပ်မတော်ကြီးပင် မဟုတ်ပါလော။
ယခင်ကဆိုလျှင် အတိတ်သမိုင်းကိုသာ လွမ်းဆွတ်တသနိုင်ခဲ့သော်လည်း ယခုအခါမှာတော့ သူတို့တစ်တွေကို အရှင်လတ်လတ် ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့်ရနေပြီ ဖြစ်၏။ ဤအရာက လူတိုင်းကို အလွန်အမင်း စိတ်လှုပ်ရှားကြည်နူးမသွားစေဘဲ နေမည်နည်း။
အင်တာနက်တစ်ခွင်လုံးတွင် လူတိုင်းက မေးခွန်းတစ်ခုတည်းကိုသာ ရူးသွပ်မတတ် မေးမြန်းနေကြသည်။ ၎င်းက အန်းရှီးတပ်မတော်ရဲ့ နောက်ထပ်သွားမယ့်နေရာနှင့် သူတို့ရော သူတို့နဲ့ ဆုံတွေ့ခွင့်ရနိုင်မလာဆိုသည်ပင်။
ရီယဲ့ ခရီးသွားအေဂျင်စီ၏ တရားဝင် လူမှုကွန်ရက် အကောင့်များတွင်လည်း အင်တာနက်အသုံးပြုသူများထံမှ ကွန်မန့်များက ရေစီးကြောင်းတစ်ခုလို ချက်ချင်း လွှမ်းမိုးသွားတော့၏။
မှတ်ချက်ပေးသည့်နေရာ၌ စက္ကန့်ပိုင်းအတွင်း သောင်းချီသော ကွန်မန့်များက အဆက်မပြတ် တက်လာနေပြီး အားလုံးက ခရီးစဉ်အကြောင်းကိုသာ စိတ်အားထက်သန်စွာ မေးမြန်းနေခဲ့ကြသည်။
[အင်တာနက်အသုံးပြုသူ ၁] "ဒါရိုက်တာကျန်း... အဖေကြီးကျန်းရေ... ကျေးဇူးပြုပြီး အန်းရှီးတပ်မတော်က သူရဲကောင်းကြီးတွေ နောက်ဘယ်သွားမလဲဆိုတာလေး ကြိုပြောပြပေးပါလား.... ကျနော် လက်မှတ်ဝယ်ပြီးတော့ကို လိုက်သွားမှာပါ.... ကျနော် သူတို့ကို ဦးညွှတ်ဂါရဝပြုချင်လို့ပါ"
[အင်တာနက်အသုံးပြုသူ ၂] "အား... လိုက်ဖ်လွှင့်တာကို ကြည့်ရင်း ကလေးလေးတစ်ယောက်လို ငိုချလိုက်မိတယ်။ စစ်သူကြီးကောရှင်းနဲ့ တခြားသူတွေ တကယ်ကို ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရတာပဲ။ ဒါရိုက်တာကျန်းရယ်... ကျေးဇူးပြုပြီး သူတို့ရဲ့ ခရီးစဉ်လေးကို ထုတ်ပြောပြပေးပါနော်... ကျွန်တော်တို့တွေ စည်းကမ်းတကျနေပါ့မယ်လို့ ကတိပေးပါတယ်... သူတို့ကို အဝေးကနေ တစ်ချက်လေး လှမ်းကြည့်ရုံပါပဲ။ သူရဲကောင်းအဘိုးတို့ကို ဘာဒုက္ခမှ မပေးပါဘူး...."
[အင်တာနက်အသုံးပြုသူ ၃] "ကျွန်တော်က ပေကျင်းမှာပါ... ကျွန်တော် မြို့တော်မှာ ရောက်နေတာပါ... ထျန်းအန်မင်ရင်ပြင်လား... တားမြစ်နန်းတော်လား... မဟာတံတိုင်းကြီးလား... အရိပ်အမြွက်လေးဖြစ်ဖြစ် ပေးပါ ဒါရိုက်တာကျန်းရေ... ကျွန်တော် အခုချက်ချင်း သွားစောင့်နေတော့မှာ"
[အင်တာနက်အသုံးပြုသူ ၄] "ဒါရိုက်တာကျန်း... နန်ကျင်းကို လာဖို့လည်း စဉ်းစားပေးပါဦး.... အန်းရှီးတပ်မတော်က သက်ကြီးရွယ်အိုသူရဲကောင်းကြီးတွေကို ကျန်းနန်ရဲ့ လက်ရှိကြီးပွားတိုးတက်နေမှုတွေကို မြင်တွေ့ခွင့်ပေးလိုက်ပါ။ မြို့သူမြို့သားတွေအားလုံး ကိုယ်စား နွေးနွေးထွေးထွေးနဲ့ စည်းကမ်းတကျ ကြိုဆိုပါ့မယ်လို့ ကျနော် အာမခံပါတယ်...."
[အင်တာနက်အသုံးပြုသူ ၅] "ဝါးးးး... အိမ်နဲ့ဝေးနေရတာကို ဒီလောက်ထိ မုန်းတီးမိတာမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ ဒါရိုက်တာကျန်း... ကျေးဇူးပြုပြီး နိုင်ငံခြားရုံးခွဲလေး ဘာလေး ဖွင့်ပေးပါဦး.... မဟုတ်ရင်လည်း နောက်တစ်ခါဆို ကြိုပြီး သတိပေးလို့မရဘူးလားဗျာ။ ကျနော် ပိုင်တာတွေအကုန်ရောင်းပြီး ချက်ချင်း ပြန်လာခဲ့မှာ...."
[အင်တာနက်အသုံးပြုသူ ၆] "အကြောင်းအကျိုးအရ တွေးကြည့်ရရင် ဒါရိုက်တာကျန်းရဲ့ အရင်လုပ်နေကျ ပုံစံတွေအရ မြို့တော်က သေချာပေါက် အဓိက ပစ်မှတ်ပဲ။ ဒါပေမဲ့ အလံတင်အခမ်းအနားကို ကြည့်မှာလား... ဒါမှမဟုတ် တားမြစ်နန်းတော်ကို လည်ပတ်မှာလားဆိုတာပဲ။ ဒါရိုက်တာကျန်း... ရှင်းရှင်းလင်းလင်းလေး အဖြေပေးပါဦး.... အွန်လိုင်းပေါ်က သန်းနဲ့ချီတဲ့ လူတွေ စောင့်နေကြတာနော်"
[အင်တာနက်အသုံးပြုသူ ၇] "ညီအစ်ကိုတို့... ဒီတိုင်း မေးမနေကြနဲ့လေ... အန်းရှီးတပ်မတော်ရဲ့ ခရီးစဉ်ကို ထုတ်ပြန်ပေးရန် ဒါရိုက်တာကျန်းအား တောင်းဆိုခြင်းဆိုတာကို ထိပ်ဆုံးရောက်အောင် တွန်းတင်ကြစို့.... နံပါတ်တစ် ရေပန်းစားတဲ့ အကြောင်းအရာဖြစ်အောင် လုပ်ကြမယ်... ငါတို့ရဲ့ စိတ်အားထက်သန်မှုကို ဒါရိုက်တာကျန်း မြင်သွားပါစေ...."
အွန်လိုင်းပေါ်မှ ဆူညံပွက်လောရိုက်မှုများက ဆက်လက်မြင့်တက်လာပြီး လူတိုင်းက ထိုအသက်ဝင်နေသည့် သမိုင်းကြောင်းအား ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ရှိနိုင်ရန်နှင့် လေးစားဖွယ်ကောင်းလှသည့် ထိုသူရဲကောင်းကြီးများအား အနာဂတ် နှစ်တစ်ထောင်မှနေ၍ လူကိုယ်တိုင် နှုတ်ခွန်းဆက်သနိုင်ရန် သေးငယ်သော အရိပ်အမြွက်လေးတစ်ခုကိုပင် လည်ပင်းရှည်မတတ် စောင့်မျှော်နေကြတော့သည်။
ထျန်းအန်မင်ရင်ပြင်၏ အပြင်ဘက်တွင်မူ အရုဏ်မတက်မီ အလင်းရောင်အောက်၌ အလံတင်အခမ်းအနားကို ကြည့်ရှုရန် စောင့်ဆိုင်းနေသည့် လူတန်းရှည်ကြီးက လည်ပင်းများရှည်ထွက်မတတ် စောင့်မျှော်နေကြ၏။
လူတန်းကြီးထဲတွင် လူများက တီးတိုး စကားပြောဆိုနေကြပြီး သူတို့၏ ခေါင်းစဉ်များက အားလုံးနီးပါး အန်းရှီးတပ်မတော်ဆိုသည့် အကြောင်းအရာတစ်ခုတည်းကိုသာ ဗဟိုပြုနေကြသည်။
"အန်းရှီးတပ်မတော်က သူရဲကောင်းအဘိုးတွေ ဒီနေ့ အလံတင်အခမ်းအနားကို လာကြည့်ကြလိမ့်မယ်လို့ မင်းထင်လား...." မျက်မှန်တပ်ထားသည့် လူငယ်တစ်ယောက်က သူ၏အဖော်ဖြစ်သူအား မျှော်လင့်ချက်များစွာဖြင့် မေးလိုက်၏။
"အရမ်းဖြစ်နိုင်တာပေါ့... အရင်တစ်ခေါက်က အဘိုးကျူးလာခဲ့တယ်မလား.... ဒါရိုက်တာကျန်းက အန်းရှီးတပ်မတော်အတွက်လည်း ဒီခရီးစဉ်အတိုင်း စီစဉ်ပေးလောက်တယ်။ လူကြီးမင်းတို့... အခု ကျွန်တော်တို့တွေ ကျင်းပနေတဲ့ အခမ်းအနားကို ခံစားကြည့်ပါဦး ဆိုပြီးပေါ့...." သူ၏ဘေးမှ ကောင်မလေးက စိတ်လှုပ်ရှားစွာဖြင့် သုံးသပ်ပြလိုက်သည်။
"ငါတော့ အဲ့လို မထင်ဘူး..." အနည်းငယ် အသက်ပိုကြီးသည့် အခြားခရီးသွားတစ်ယောက်က သူ၏အသံကို နှိမ့်ကာ သဘောမတူကြောင်း ပြောလာသည်။ "အရင်တစ်ခေါက်က ချင်ရှီဟွမ်မှ ပေါ်မလာခဲ့တာ... ဒါရိုက်တာကျန်းရဲ့ စီစဉ်မှုတွေက အမြဲတမ်း ကွဲပြားနေတာပဲ.... သူက ခန့်မှန်းရခက်တယ်။ ဒီတစ်ခေါက် အန်းရှီးတပ်မတော်က တားမြစ်နန်းတော် ဒါမှမဟုတ် မဟာတံတိုင်းကြီးကို သွားလည်နေတာလည်း ဖြစ်နိုင်တာပဲလေ..."
"ဟူး... သူတို့ကို လူကိုယ်တိုင်များ မြင်တွေ့ခွင့်ရလိုက်ရင် သိပ်ကောင်းမှာပဲ..." တစ်စုံတစ်ယောက်က လွမ်းဆွတ်တသမှုအပြည့်ပါသော အသံဖြင့် သက်ပြင်းချလိုက်၏။
ထိုသို့ အပြန်အလှန် ဆွေးနွေးမှုများ အရှိန်အဟုန် ကောင်းနေစဉ်မှာပင် လူတန်း၏ အရှေ့ဘက်ဆုံးမှ မျက်စိရှင်သည့် လူငယ်တစ်ယောက်က ရင်ပြင်ထဲသို့ ရုတ်တရက် လက်ညှိုးထိုးကာ အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။ "ဟိုမှာ ကြည့်... ဟိုနားမှာ... လူတစ်စု ဝင်သွားတယ်ဟေ့..."
သူ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ကြရာ လူအများပြည်သူအတွက် ဖွင့်မပေးရသေးသည့် ရင်ပြင်၏ အလယ်ဗဟိုဧရိယာထဲတွင် လူရိပ်တစ်စု ပေါ်လာသည်ကို အားလုံး မြင်လိုက်ကြရသည်။
သူတို့က အထူးဝင်ပေါက်မှတစ်ဆင့် ဝင်ရောက်လာပုံရပြီး လူသူကင်းမဲ့ကာ ဟာလာဟင်းလင်းဖြစ်နေသည့် ပတ်ဝန်းကျင်နှင့် အလွန်ပင် ဆန့်ကျင်ဘက်ဖြစ်စွာ ထိုနေရာ၌ တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေခဲ့ကြသည်။
ထိုလူငယ်က မလှမ်းမကမ်းတွင် မတ်မတ်ရပ်နေသည့် ကင်းစောင့်စစ်သားအား မနေနိုင်ဘဲ အသံတိုးတိုးဖြင့် စပ်စုလိုက်၏။ "ညီလေး... ဟိုမှာ... နိုင်ငံခြားက ဧည့်သည်တွေ လာနေတာလား..."
ကင်းစောင့်စစ်သားက အရှေ့ကိုသာ တည့်တည့်စိုက်ကြည့်ကာ စံပြစစ်သားတစ်ယောက်၏ မတ်မတ်ရပ်ဟန်ကို ထိန်းသိမ်းထားသော်လည်း "ဟုတ်ပါတယ်" ဟု ရှင်းလင်းပြတ်သားစွာ ဖြေကြားပေးလိုက်သည်။
ရိုးရှင်းလှသည့် စကားတစ်ခွန်းသာ ဖြစ်သော်ငြားလည်း အာရုံစိုက်ကာ နားထောင်နေကြသည့် ခရီးသွားများကို ချက်ချင်း စိတ်လှုပ်ရှားသွားစေရန် လုံလောက်ချေသည်။
တန်းစီနေသည့် ခရီးသွားများ ပိုမိုများပြားလာလေ ရင်ပြင်ထဲရှိ ထိုထူးခြားသည့် လူအုပ်စုကို သတိထားမိလာကြလေဖြစ်သည်။ လူအုပ်စု၏ အရွယ်အစားကို ကြည့်ရှုကာ ယမန်နေ့က ရေပန်းစားခဲ့သည့် အကြောင်းအရာများနှင့် ဆက်စပ်တွေးကြည့်လိုက်သည့်အခါ စိတ်လှုပ်ရှားဖွယ်ရာ အဖြေတစ်ခုက ရှောင်လွှဲ၍မရအောင် ထွက်ပေါ်လာတော့သည်။
"အားးးးးး..."
တဒင်္ဂ တိတ်ဆိတ်သွားပြီးနောက် လူအုပ်ကြီးထံမှ ထိန်းချုပ်မရနိုင်သော စိတ်လှုပ်ရှားမှု အော်ဟစ်သံကြီးက ပေါက်ကွဲထွက်ပေါ်လာ၏။
"အန်းရှီးတပ်မတော်ပဲ... သေချာပေါက် အန်းရှီးတပ်မတော် ဖြစ်ရမယ်..."
"ဘုရားရေ... ဒါရိုက်တာကျန်းက အန်းရှီးတပ်မတော်ကို အလံတင်အခမ်းအနား ကြည့်ဖို့ တကယ် ခေါ်လာခဲ့တာပဲကွ... "
"အို... ဘုရားသခင်... ဒီနေ့က ငါ့ရဲ့ ကံကောင်းတဲ့နေ့ပဲ ဖြစ်ရမယ်။ ငါ တကယ်ကြီး ကံကောင်းနေတာပဲ... "
"သောက်ကျိုးနည်း... သောက်ကျိုးနည်း... ငါ အိပ်မက်မက်နေတာလား.... ငါ့တစ်သက်မှာ အန်းရှီးတပ်မတော်ကို တကယ်ကြီး မြင်တွေ့လိုက်ရပြီဟ.... အဲ့ဒါလည်း အရှင်လတ်လတ်ကြီးတွေနော်...."
စိတ်လှုပ်ရှားဖွယ်ရာ အော်ဟစ်အောင်ပွဲခံသံများက ရေပြင်ပေါ်က ဂယက်လှိုင်းများလို လူတန်းကြီးတစ်လျှောက် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ လူတိုင်းက ခြေဖျားထောက်ကာ ရင်ပြင်ထဲရှိ ထိုလူစုကို ကြည့်ရန် လည်ပင်းများ ရှည်ထွက်မတတ် ကြည့်နေကြပြီး သူတို့၏ မျက်နှာများထက်တွင် မယုံနိုင်စရာ ဝမ်းသာပီတိများနှင့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကြ၏။
အကွာအဝေးက ဝေးကွာနေဆဲဖြစ်ပြီး မျက်နှာများကို ရှင်းလင်းစွာ မမြင်ရသော်ငြား မိမိတို့၏ မျက်စိရှေ့မှောက်တွင် ရုတ်တရက် ထွက်ပေါ်လာသည့် နှစ်တစ်ထောင်သမိုင်းကြောင်း၏ တုန်လှုပ်ဖွယ်ရာ မြင်ကွင်းကပင် လူတိုင်း၏ နှလုံးသားကို လှုပ်ခတ်သွားစေရန် လုံလောက်နေချေသည်။
မြို့တော်ရှိ အငှားအခန်းတစ်ခုအတွင်း၌...
ကျွမ်းထျန်က ညဘက်ဆို လုံးဝအိပ်မပျော်တတ်သည့် ဇီးကွက်လူသားတစ်ယောက် ဖြစ်သည်။ ညသန်းခေါင်ကျော်နေပြီ ဖြစ်သော်လည်း သူက အားအင်အပြည့်ဖြင့် တိုရင်ကို ပွတ်နေဆဲပင်။ ဖုန်းစခရင်မှ အလင်းရောင်က အနည်းငယ် ပင်ပန်းနေသော်လည်း စိတ်လှုပ်ရှားနေသည့် သူ၏မျက်နှာပေါ်သို့ ရောင်ပြန်ဟပ်နေသည်။
သူ၏ လက်ချောင်းများက အလိုအလျောက် အပေါ်သို့ ပွတ်ဆွဲလိုက်သည့်အခါ ဗီဒီယိုအသစ်တစ်ခု ပေါ်လာ၏။
ယခင်ကလိုပင် အမြန် ကျော်ကြည့်လိုက်ရန် ပြင်လိုက်သော်လည်း သူ၏ မျက်လုံးထောင့်မှနေ၍ ဗီဒီယိုစာသားထဲရှိ အန်းရှီးတပ်မတော် ၊ မြို့တော် နှင့် ထျန်းအန်မင်ရင်ပြင်ဆိုသည့် အဓိက စကားလုံးအချို့ကို ရုတ်တရက် ဖမ်းမိသွားခဲ့သည်။
သူ၏ လက်ချောင်းများ တန့်သွားပြီး ချက်ချင်း ရပ်တန့်လိုက်ကာ ထိုစာကြောင်းအနည်းငယ်ကို နှစ်ခေါက်တိတိ သေချာဖတ်လိုက်၏။ သူ အမြင်မှားတာများလားဟု သေချာစေရန် သူ၏ မျက်လုံးများကိုပင် ပွတ်သပ်လိုက်သေးခေသည်။
ဗီဒီယိုထဲတွင် ဗီဒီယိုရိုက်နေသည့် လူငယ်လေးက စကားများကို ဗလုံးဗထွေး ပြောနေပြီး သူ၏ အသံများက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေကာ ထပ်ခါတလဲလဲ အော်ဟစ်နေချေသည်။ "သောက်ကျိုးနည်း... တကယ်ကြီးဟ.... တကယ်ကြီး အန်းရှီးတပ်မတော်ပဲ... သူတို့ ရောက်လာပြီ... ရင်ပြင်ထဲမှာ.... အို... ဘုရားရေ..."
ကင်မရာက အရုဏ်မတက်မီ အလင်းရောင်မှိန်မှိန်အောက်၌ အနည်းငယ် ဟာလာဟင်းလင်း ဖြစ်နေသည့် ထျန်းအန်မင်ရင်ပြင်ကိုသာ ဆက်လက် အာရုံစိုက်ထားဆဲပင်။
အကွာအဝေးနှင့် အလင်းရောင်အခြေအနေများကြောင့် အဝေးမှ လူရိပ်များက အနည်းငယ် ဝါးဝါးထနေကာ ရှင်းလင်းစွာ မမြင်ရချေ။
ထိုအချိန်၌ ရင်ပြင်ကို အများပြည်သူအတွက် ဖွင့်မပေးရသေးသော်လည်း ခရီးသွားများနှင့်တူသည့် အပိုလူတစ်စု ရှိနေကြသည်။ ခန့်မှန်းခြေ လူအရေအတွက်ကို ကြည့်ရှုကာ ဗီဒီယိုတင်သူ၏ စိတ်လှုပ်ရှားဖွယ် အော်ဟစ်သံများနှင့် နောက်ခံမှ အခြားသူများ၏ အန်းရှီးတပ်မတော်ဟု အော်ဟစ်နေသည့် တိုးညင်းညင်းအသံများကို ပေါင်းစပ်လိုက်သည့်အခါ...
ကျွမ်းထျန်၏ ခေါင်းထဲ၌ ခဏတာမျှ ဟာလာဟင်းလင်း ဖြစ်သွားပြီးနောက် အရာအားလုံးကို ချက်ချင်း သဘောပေါက်သွားရတော့သည်။
"သောက်ကျိုးနည်း.. အန်းရှီးတပ်မတော်က မြို့တော်ကို တကယ်ကြီး ရောက်လာတာလား... အဲ့ဒါလည်း ဒီထျန်းအန်မင်ရင်ပြင်ကိုတဲ့လား..."
သူက ကုတင်ပေါ်မှနေ၍ လန့်ဖြန့်ကာ ခုန်ထလိုက်မိပြီး သူ၏ နှလုံးသားက ရူးသွပ်မတတ် ခုန်ပေါက်နေကာ အိပ်ချင်မူးတူး ဖြစ်နေတာတွေ လုံးဝ ပျောက်ကင်းသွားရသည်။
ထို့နောက် သူက ကုလားထိုင်နောက်ကျောမှ ကုတ်အင်္ကျီကို ဆွဲယူလိုက်ပြီး ဖုန်းနှင့် ပါဝါဘဏ်ကို ကောက်ကိုင်ကာ အခန်းတံခါးဝသို့ ကမန်းကတန်း ပြေးထွက်သွားလေသည်။ ဖိနပ်ကိုပင် သေချာစီးရန် သတိမရတော့ဘဲ သူ့ကိုယ်သူ "သောက်ကျိုးနည်း... သောက်ကျိုးနည်း... သူတို့ တကယ်ရောက်လာပြီ... ငါ အခုချက်ချင်း အဲ့ကို သွားမှဖြစ်မယ်" ဟု ရေရွတ်နေမိသည်။
အောက်ထပ်သို့ ယိုင်တိုင်တိုင် ဆင်းလာရင်း သူက ကားငှားသည့် အက်ပ်ကို အမြန်ဖွင့်လိုက်ပြီး တုန်ယင်နေသည့် လက်ချောင်းများဖြင့် ထျန်းအန်မင်ရင်ပြင်သို့ တိုက်ရိုက်သွားရန် ကားတစ်စီးကို အမြန်ငှားလိုက်၏။
အခန်း ၄၈၄ပြီး၏။