← Chapters

အခန်း ၄၈၅

Vol. 49 Ch. 485

အခန်း ၄၈၅

Vol. 49 Ch. 485

အခန်း (၄၈၅) အင်အားကြီးနိုင်ငံသစ်နှင့် အင်အားကြီးနိုင်ငံဟောင်း

​ကားငှားသည့်အော်ဒါ အောင်မြင်စွာ တင်ပြီးသွားသည့်အချိန်၌ သူတစ်ခုခုကို ရုတ်တရက် သတိရသွားသည်။

​သူ၏ တိုက်ရိုက်အထက်လူကြီးဖြစ်သော မန်နေဂျာချုပ် မစ္စတာကျန်းမှာ သမိုင်းကို အထူးရူးသွပ်သူတစ်ယောက်ဖြစ်ပြီး အထူးသဖြင့် အန်းရှီးတပ်မတော်၏ သူရဲကောင်းဆန်သည့် လုပ်ရပ်များကို အလွန်လေးစားကြည်ညိုသူဖြစ်သည်။ သူ၏ ရုံးခန်းထဲတွင်ပင် သံမဏိသွေး အန်းရှီးဟု ရေးသားထားသည့် လက်ရေးလှ ပန်းချီကားတစ်ချပ်ကို ချိတ်ဆွဲထားသေး၏။

​ထို့ကြောင့် သူက မစ္စတာကျန်း၏ ဖုန်းနံပါတ်ကို အမြန်ရှာကာ ခေါ်ဆိုလိုက်လေသည်။

​ဖုန်းက အတော်ကြာမြည်နေပြီးမှ တစ်ဖက်မှ ထူးလာသည်။ အိပ်ချင်မူးတူးဖြစ်နေပြီး မကျေမနပ်ဖြစ်နေသည့် အက်ကွဲကွဲအသံကြီးတစ်ခုက ဖုန်းထဲမှ ထွက်ပေါ်လာ၏။ "ဟလို... ရှောင်ကျွမ်းလား... အခု ဘယ်အချိန်ရှိနေပြီလဲကွ။ မနက်ဖြန်မှ ပြောလို့ မရဘူးလား..."

​"မစ္စတာကျန်း... အန်းရှီးတပ်မတော်... အန်းရှီးတပ်မတော် ရောက်နေပြီ... အခု သူတို့ ထျန်းအန်မင်ရင်ပြင်မှာ ရောက်နေတာ။ အလံတင်အခမ်းအနားကို ကြည့်တော့မှာ..." ကျွမ်းထျန်က အကျိုးအကြောင်း ရှင်းမပြနေတော့ဘဲ ဖုန်းထဲသို့ စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်၏။

​ဖုန်းတစ်ဖက်ခြမ်း၌ နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် တစ်ခုခုကို ကမန်းကတန်း ဆွဲယူလှုပ်ရှားလိုက်သည့် အသံများ ထွက်ပေါ်လာကာ မစ္စတာကျန်း၏ အသံက မယုံကြည်နိုင်မှုနှင့် အတိုင်းမသိ ဝမ်းသာပီတိဖြစ်မှုတို့ ရောယှက်လျက် ရုတ်တရက် မြင့်တက်လာတော့သည်။

​"ဘာ... ထျန်းအန်မင်ရင်ပြင်... မင်း သေချာလို့လား... သတင်းက အတိအကျပဲလား... ငါ အခုချက်ချင်း လာခဲ့မယ်... မင်း နေရာကိုသာ ပို့ထားလိုက်... "

​မစ္စတာကျန်းနှင့် ဖုန်းချသွားပြီးနောက် ကျွမ်းထျန်က သူငှားထားသည့်ကားကို စိုးရိမ်တကြီး စောင့်ဆိုင်းနေရင်း ဝီချက်ကို အမြန်ဖွင့်လိုက်သည်။

​သူ၏ အရင်းနှီးဆုံး ညီအစ်ကိုများနှင့် သူငယ်ချင်းများရှိရာ ဂရုများထဲသို့ @everyoneဟု မန်းရှင်းခေါ်ကာ ဖုန်းစခရင်ပေါ်မှ သူ၏လက်ချောင်းများ မီးပွင့်မတတ် အမြန်ရိုက်ထည့်လိုက်သည်။

​[ညီအစ်ကိုတို့... ထကြတော့... အခုချက်ချင်း ထျန်းအန်မင်ရင်ပြင်ကို လာခဲ့ကြ... အန်းရှီးတပ်မတော်ဟေ့... အရှင်လတ်လတ် အန်းရှီးတပ်မတော်ကြီး ရင်ပြင်ထဲ ရောက်နေတယ်ဟ... အခု မလာရင် မင်းတို့ လွဲသွားလိမ့်မယ်နော်...]

​ကျွမ်းထျန်ကဲ့သို့ အလားတူ အခြေအနေမျိုးက မြို့တော်တစ်ခွင်လုံးရှိ ညမအိပ်သေးသည့် ဇီးကွက်များ သို့မဟုတ် စောစောထတတ်သူ အများအပြား၏ ဖုန်းစခရင်များရှေ့တွင်လည်း တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေခဲ့သည်။

​ထိုသတင်းက တောမီးလောင်သကဲ့သို့ တစ်ဆင့်မှတစ်ဆင့် လျင်မြန်စွာ ပျံ့နှံ့သွားပြီး တောင်ပံပေါက်နေသကဲ့သို့ နံနက်ခင်း၏ တိတ်ဆိတ်ငြိမ်သက်မှုကို ဖောက်ထွက်ကာ သမိုင်းကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုချင်နေကြသူများကို တစ်ယောက်ပြီးတစ်ယောက် လှုပ်နှိုးလိုက်လေသည်။

​မရေမတွက်နိုင်သော လူများက ကုတင်ပေါ်မှ ခုန်ဆင်းကာ အဝတ်အစားများနှင့် ဖုန်းများကို ဆွဲယူပြီး ထိန်းချုပ်မရသော စိတ်လှုပ်ရှားမှုများဖြင့် အိမ်ထဲမှ ပြေးထွက်လာကြကာ ထျန်းအန်မင်ရင်ပြင်ဆီသို့ ဦးတည်နေသည့် လူလှိုင်း၊ ကားလှိုင်းကြီးထဲသို့ အလုအယက် ဝင်ရောက်လာကြတော့သည်။

​ရင်ပြင်ကို ဖွင့်ပေးလိုက်သည့်အခါ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ကြသည့် လူအုပ်ကြီးက ရေကာတာကျိုးပေါက်သွားသကဲ့သို့ အလံတိုင်ရှိရာဆီသို့ အပြေးအလွှား တိုးဝှေ့သွားလိုက်ကြသည်။

​ထိုနေရာက အလံတင်အခမ်းအနားကို ကြည့်ရှုရန် အကောင်းဆုံးနေရာ ဖြစ်ရုံသာမက အန်းရှီးတပ်မတော်ကို အနီးကပ် မြင်တွေ့နိုင်မည့် နေရာလည်း ဖြစ်နေသောကြောင့်ပင်။

​ဤအခိုက်အတန့်၌ မည်သူကမျှ မိမိတို့၏ ပုံပန်းသွင်ပြင်ကို ဂရုမစိုက်နိုင်ကြတော့ချေ။ လူတိုင်းက သူတို့၏ ခေါင်းထဲ၌ အတွေးတစ်ခုတည်းကိုသာ စွဲကိုင်ထားကာ အစွမ်းကုန် ပြေးလွှားနေခဲ့ကြသည်။ 'ပိုနီးနီးလေး သွား... ပိုရှင်းရှင်းလင်းလင်း မြင်ရအောင်ကြည့်....'

​ပထမဆုံးခရီးသွားအုပ်စုက ရှေ့ဆုံးတန်းသို့ အမောတကော ရောက်ရှိလာပြီး အထူးသတ်မှတ်ထားသည့် ဧရိယာဘက်သို့ စိတ်အားထက်သန်စွာ လှမ်းကြည့်လိုက်သည့်အခါ... သူတို့ အချိန်ကြာမြင့်စွာ စောင့်မျှော်နေခဲ့ရသည့် ထိုလူအုပ်စုကို နောက်ဆုံးတွင် ရှင်းလင်းပြတ်သားစွာ မြင်တွေ့လိုက်ရသည်။

​ကျန်းယဲ့နှင့် ဖန်ဖန်တို့ ခြံရံထားသည့် အန်းရှီးတပ်မတော်မှ စစ်သည်များက တိတ်ဆိတ်စွာ ရပ်နေကြပြီး သူတို့၏ အကြည့်များက အလံတိုင်ဆီသို့ တည်ငြိမ်စွာ စိုက်ကြည့်နေကြ၏။

​စစ်သူကြီးကောရှင်းနှင့် စစ်ပြန်ကြီးများ၏ ဖြူစပြုနေပြီဖြစ်သော ဆံစများ၊ နယ်စပ်မှ လေပြင်း၊ သဲမုန်တိုင်းများနှင့် ကြာညောင်းလှသော နှစ်ကာလများကြောင့် မျက်နှာပေါ်၌ ထင်ဟပ်နေသည့် နက်ရှိုင်းသော အရစ်အကြောင်းများနှင့် သူတို့ ဝတ်ဆင်ထားသည့် သေသပ်ခိုင်ခံ့သော သံချပ်ကာအင်္ကျီများကို မြင်လိုက်ရသည့်အခါ... အားလုံး၏ ရင်ထဲ၌ အရင်က တစ်ခါမှ မခံစားဖူးသည့် တကယ့်ကို အသက်ဝင်နေပြီး ရင်ခုန်လှုပ်ရှားဖွယ်ရာ ခံစားချက်ကြီးတစ်ခုက ဖမ်းစားသွားတော့သည်။

​သူတို့က အစစ်တွေပဲ....

​တစ်ချိန်က သမိုင်းစာအုပ်များနှင့် စိတ်ကူးယဉ်မှုများထဲတွင်သာ တည်ရှိခဲ့သော ဤသူရဲကောင်းကြီးများက နှစ်တစ်ထောင်ကို ဖြတ်ကျော်ကာ သူတို့၏ ခေတ်ကာလဆီသို့ တကယ်ကြီး ရောက်ရှိလာခဲ့ပြီဖြစ်သည်။

​လူအုပ်ထဲမှ လူငယ်တစ်ယောက်က သူ၏ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသော အသံဖြင့် အန်းရှီးတပ်မတော်ဘက်သို့ အသံကုန်ဟစ်အော်လိုက်၏။ "စစ်သူကြီးကော... အန်းရှီးတပ်မတော်က စစ်သည်တော်ကြီးတို့ခင်ဗျာ... ကြိုဆိုပါတယ်... ကျွန်တော်တို့ ခေတ်ကာလကနေ ကြိုဆိုပါတယ်ဗျာ..."

​ထိုအော်ဟစ်သံက ယမ်းပုံကို မီးရှို့လိုက်သကဲ့သို့ပင်။

​နောက်တစ်ခဏ၌ အရပ်လေးမျက်နှာမှ အသံများ ပိုမိုထွက်ပေါ်လာပြီး ရိုးသားလှိုက်လှဲကာ စိတ်အားထက်သန်သည့် ကြိုဆိုသံလှိုင်းလုံးကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားချေသည်။

​"ကြိုဆိုပါတယ်..."

​"ပေကျင်းကနေ ကြိုဆိုပါတယ်..."

​"အိမ်ပြန်ရောက်လာတာ ကြိုဆိုပါတယ်..."

​အနာဂတ် နှစ်တစ်ထောင်ဆီမှ ဤနွေးထွေးလှသော နှုတ်ခွန်းဆက်သံများကို ကြားလိုက်ရသည့်အခါ စစ်သူကြီးကောရှင်းက သူ၏ခေါင်းကို ဖြည်းညင်းစွာ လှည့်လာပြီး စိတ်လှုပ်ရှားနေသည့် ထိုလူငယ်လေးများ၏ မျက်နှာများကို အကဲခတ်ကြည့်ရှုလိုက်ကာ သူ၏မျက်နှာပေါ်တွင် နူးညံ့သည့် အပြုံးတစ်ခု ပေါ်လာရသည်။

​ထို့နောက် သူက လက်ကိုမြှောက်ကာ လူအုပ်ကြီးထံသို့ လေးနက်ခွန်အားပါပါဖြင့် လှမ်း၍ ဝှေ့ယမ်းပြလိုက်၏။

​သူ၏ တုံ့ပြန်မှုကို မြင်သည့်အခါ သူ၏ အနောက်ဘက်ရှိ အန်းရှီးတပ်မတော်မှ စစ်သည်များကလည်း သူတို့ပတ်ဝန်းကျင်ရှိ စိတ်အားထက်သန်နေသော လူအုပ်ကြီးထံသို့ လက်များ လှမ်း၍ ဝှေ့ယမ်းပြလိုက်ကြသည်။

​အချိန်ကာလနှင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်နေသည့် ဤအပြန်အလှန်တုံ့ပြန်မှုက ထိုနေရာရှိ လေထုကို ပိုမို၍ပင် စိတ်လှုပ်ရှား တက်ကြွသွားစေခဲ့သည်။

​ထိုအချိန်မှာပင် ခမ်းနားထည်ဝါလှသည့် အခိုက်အတန့်သို့ ရောက်ရှိလာချေသည်။

​နိုင်ငံတော်အလံ ကိုယ်ရံတော်တပ်ဖွဲ့က ခွန်အားပါပါနှင့် ညီညာလှသော ခြေလှမ်းများဖြင့် တောက်ပနေသည့် ကြယ်ငါးပွင့် အနီရောင်အလံတော်ကို ကျင်းရွှေတံတားမှတစ်ဆင့် အလံတိုင်ရှိရာသို့ ခြံရံသယ်ဆောင်လာကြသည်။

​သူတို့၏ မတ်မတ်ရပ်ဟန်၊ တည်ကြည်ခိုင်မာသော အကြည့်များနှင့် အပြစ်ဆိုဖွယ်ရာမရှိအောင် သေသပ်လှသည့် တပ်ဖွဲ့ဝင်ပုံစံက လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားသွားပြီး အန်းရှီးတပ်မတော်မှ စစ်သည်များကိုပင် လေးနက်တည်ကြည်သွားစေသည်။

​နောက်ခဏ၌ ခမ်းနားထည်ဝါလှသော စေတနာ့ဝန်ထမ်းများ၏ ချီတက်တေးနိုင်ငံတော်သီချင်းက ရင်ပြင်တစ်ခွင်လုံး လွှမ်းခြုံပဲ့တင်ထပ်သွားပြီး ကြယ်ငါးပွင့် အနီရောင်အလံတော်ကြီးက နံနက်ခင်းနေရောင်ခြည်နှင့်အတူ ဖြည်းညင်းစွာ တက်လာသည့်အခါ ရင်ပြင်ထဲရှိ သောင်းချီသော ပြည်သူများက အသက်အရွယ်၊ ကျားမ မရွေးဘဲ အလိုအလျောက် သံပြိုင်လိုက်ဆိုကြတော့သည်။

​"ထကြလော့... ကျွန်အဖြစ် အဖိနှိပ်မခံလိုသူ အပေါင်းတို့... ငါတို့၏ အသွေးအသားများဖြင့် ငါတို့၏ မဟာတံတိုင်းသစ်ကြီးကို တည်ဆောက်ကြစို့..."

​ထိုညီညာလှသော သံပြိုင်သီဆိုသံ၊ ခွန်အားပါပြီး စည်းလုံးညီညွတ်သည့် စွမ်းအားများနှင့် သာမန်ပြည်သူတစ်ဦးစီ၏ နှလုံးသားထဲတွင် အမြစ်တွယ်နေသော တရုတ်နိုင်ငံအပေါ် ချစ်မြတ်နိုးမှုနှင့် အသိအမှတ်ပြုမှုတို့က... မျက်စိဖြင့် မမြင်နိုင်သော်လည်း အလွန်အမင်း ခိုင်မာအားကောင်းသည့် စစ်တပ်၏ စိတ်ဓာတ်ခွန်အားတစ်ခုအဖြစ် ပုံပေါ်လာကာ ထန်မင်းဆက်မှ စစ်သည်တော်များကို အလွန်အမင်း လှုပ်ခတ်သွားစေခဲ့သည်။

​စစ်သူကြီးကောရှင်းက သူ၏ရှေ့မှ မြင်ကွင်းကို စိုက်ကြည့်နေရင်း သူ၏ မျက်ဝန်းများက အနည်းငယ် တွေဝေငေးမောသွားချေသည်။

​သူက အတိတ်မှ ထန်မင်းဆက်ကြီးကို ပြန်လည်မြင်ယောင်နေသကဲ့သို့ပင်...

​ထိုအချိန်က နိုင်ငံအားလုံးက လာရောက်ပဏ္ဏာဆက်သကြပြီး ကမ္ဘာမြေကြီးတစ်ခုလုံးက သူတို့၏ အုပ်ချုပ်မှုအောက်တွင် ခေါင်းငုံ့ခဲ့ကြသည်။ ထန်မင်းဆက်၏ ဥပဒေများက အနောက်ဘက်ဒေသများအတွက် စံနှုန်းတစ်ခုဖြစ်ခဲ့ပြီး ထန်မင်းဆက်၏ ပိုးသားများက အဝေးတလွှားမှ အဖိုးတန်ရတနာများ ဖြစ်ခဲ့ကြသည်။

ထန်မင်းဆက်မှ စစ်သည်တော်များကလည်း မည်သည့်နေရာသို့သွားသွား ရင်ကော့ကာ မတ်မတ်ရပ်နိုင်ခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ကျောထောက်နောက်ခံတွင် ပြိုင်ဘက်ကင်း အင်အားကြီးမားလှသော အင်ပါယာကြီးတစ်ခု ရှိနေသောကြောင့်ပင်။

​ထန်မင်းဆက်မှ ပြည်သူများကလည်း တစ်ချိန်က ဤကဲ့သို့သော အတွင်းစိတ် ယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှုမျိုးကို ပိုင်ဆိုင်ခဲ့ကြဖူး၏။

​သို့သော်... ထိုရွှေရောင်လွှမ်းသော ခေတ်ကြီးက တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားပြီးဖြစ်သည်။

​သူတို့က အနောက်ဘက်ဒေသများကို ဆယ်စုနှစ်များစွာကြာအောင် အခိုင်အမာ ကာကွယ်ခဲ့ကြပြီး ချန်အန်းမြို့သို့ ဦးတည်နေသည့် စာပို့လမ်းကြောင်းများက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ကာ အင်ပါယာကြီး၏ ဘုန်းကျက်သရေများကလည်း အနောက်ဘက်နယ်စပ်တွင် တစ်စတစ်စ မှေးမှိန်သွားခဲ့သည်ကို ထိုင်ကြည့်နေကြရသည်။

​သူတို့က မေ့လျော့ခံ၊ အထီးကျန်တပ်ဖွဲ့တစ်ခုအဖြစ် ဘုန်းကျက်သရေရှိခဲ့သော ခေတ်ကာလတစ်ခု၏ နေဝင်ချိန်တွင် နောက်ဆုံးသော အစောင့်အရှောက်များ ဖြစ်လာကြရသည်။

​ယခုအခါ နှစ်တစ်ထောင် ကြာပြီးနောက် အခြားသော ခေတ်ကာလတစ်ခုတွင် သူတို့က အခြားသော အင်အားကြီးနိုင်ငံတစ်ခု၌ ရင်းနှီးကျွမ်းဝင်နေပြီး ပိုမို၍ပင် စိတ်အားထက်သန်သည့် စိတ်ဓာတ်မျိုးကို မြင်တွေ့လိုက်ရသည်။

​သူတို့၏ မိခင်နိုင်ငံတော်ကြီးက အချိန်ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ရွှေရောင်လွှမ်းသောခေတ်ကြီးကို ဘယ်တော့မှ ပြန်လည်ရရှိနိုင်တော့မည် မဟုတ်ကြောင်း သိထားရသည့် ထိုရှုပ်ထွေးလှသော ခံစားချက်ကြီး.....

​ထိုခံစားချက်ထဲတွင် စိတ်သက်သာရာရမှု၊ တုန်လှုပ်မှုနှင့် နှိုင်းယှဉ်ကြည့်လိုက်သည့်အခါ ဆုံးရှုံးသွားသည်ဟူသော ခံစားချက်မျိုးတို့ ပါဝင်နေသလို ဂုဏ်ယူမှုနှင့် ဝမ်းနည်းကြေကွဲမှုတို့ ရောယှက်နေသည့် ဖော်ပြ၍မရနိုင်သော ဘဝ၏ အနိမ့်အမြင့် လောကဓံ ခံစားချက်မျိုးလည်း ပါဝင်နေချေသည်။

​၎င်းက အန်းရှီးတပ်မတော်မှ စစ်သည်တိုင်းကို လေးလံမှုနှင့် ဆန်းကြယ်လှသော ခါးသက်သက် ခံစားချက်တို့ ရောပြွမ်းနေသည့် ခံစားချက်ပေါင်းစုံကို ချန်ရစ်ထားခဲ့လေသည်။

​သူတို့က တိတ်ဆိတ်စွာ ရပ်နေခဲ့ကြပြီး ပဲ့တင်ထပ်နေသော နိုင်ငံတော်သီချင်းသံနှင့်အတူ ခေတ်ကာလ နှစ်ခုနှင့် အင်အားကြီးနိုင်ငံနှစ်ခုကြားရှိ တိတ်ဆိတ်သော အကြည့်ချင်း ဖလှယ်မှုနှင့် စကားပြောဆိုမှု တစ်ခုကို ပြီးမြောက်ခဲ့ကြသည်။

​အလံတင်အခမ်းအနား ပြီးဆုံးသွားပြီး နိုင်ငံတော်အလံက အလံတိုင်ထိပ်၌ လေနှင့်အတူ လွင့်မျောနေချိန်တွင် ရင်နင့်ဖွယ်ရာ မြင်ကွင်းတစ်ခု ထွက်ပေါ်လာပြန်သည်။

​မူလက ထွက်ခွာရန် ပြင်ဆင်နေသည့် အလံကိုယ်ရံတော်တပ်ဖွဲ့က တပ်မှူး၏ အမိန့်ပေးသံနှင့်အတူ အန်းရှီးတပ်မတော် ရှိရာဘက်သို့ တစ်ပြိုင်နက်တည်း လှည့်လာကြ၏။

​ထို့နောက် လေးနက်တည်ကြည်သော မျက်နှာအမူအရာများ၊ ခိုင်မာပြတ်သားသော အကြည့်များဖြင့်၊ သူတို့က လွန်ခဲ့သော နှစ်တစ်ထောင်မှ ဤစစ်သည်တော်များအုပ်စုကို အပြစ်ဆိုဖွယ်ရာမရှိအောင် ညီညာလှပြီး အလွန်အမင်းလေးနက်တည်ကြည်သည့် စစ်ရေးပြ အလေးပြုခြင်းဖြင့် အလေးပြုလိုက်ကြသည်။

​ဤစစ်ရေးပြအလေးပြုခြင်းက ရှည်လျားလှသော အချိန်ကာလကို ဖြတ်ကျော်လျက် ရှေးလူကြီးများ၏ မယိမ်းယိုင်သော သစ္စာစောင့်သိမှုအပေါ် နောင်လာနောက်သားစစ်သည်များ၏ အမြင့်မားဆုံးသော လေးစားမှုကို သယ်ဆောင်လာခြင်းပင်။

​အခြားခေတ်ကာလတစ်ခုမှ စစ်သည်များထံမှ ရုတ်တရက်ဆန်ပြီး လေးနက်လှသော ဤအလေးပြုမှုကို ရင်ဆိုင်လိုက်ရသည့်အခါ စစ်သူကြီးကောရှင်းနှင့် သူ၏အနောက်ရှိ အန်းရှီးတပ်မတော် စစ်သည်များအားလုံးက ပထမတော့ အံ့ဩမှင်တက်သွားကြရသည်။

​ထို့နောက် အလိုအလျောက် တုံ့ပြန်မှုတစ်ခုကဲ့သို့ သူတို့က နုပျိုခြင်းမရှိတော့သော သူတို့၏ ကျောရိုးများကို မတ်မတ်ဆန့်တန်းလိုက်ကြသည်။

​သူတို့က မည်သည့် နှုတ်ထွက်အမိန့်ပေးသံမှ မလိုဘဲ တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြ၏။

​သူတို့က ညာဘက်လက်များကို မြှောက်ကာ ထန်မင်းဆက်စစ်သည်တော်များ၏ ဟန်ပန်အတိုင်း လေးနက်တည်ကြည်စွာဖြင့် ပြန်လည်အလေးပြုလိုက်ကြချေသည်။

အခန်း ၄၈၅ပြီး၏။

All Chapters