← Chapters

အခန်း ၄၈၆

Vol. 49 Ch. 486

အခန်း ၄၈၆

Vol. 49 Ch. 486

အခန်း (၄၈၆) ခူချာမြို့သို့ ပြန်လည်ထွက်ခွာခြင်း

​ဤအခိုက်အတန့်၌ ရှေးဟောင်းသံချပ်ကာနှင့် အသစ်စက်စက် ယူနီဖောင်းများ......

ဖြူစပြုနေသော ဆံစများနှင့် နုပျိုသော မျက်နှာများ......

လွန်ခဲ့သော နှစ်တစ်ထောင်မှ စစ်တပ်၏ စိတ်ဓာတ်ခွန်အားနှင့် ခေတ်သစ်တစ်ခု၏ စိတ်ဆန္ဒများ...

​လေနှင့်အတူ လွင့်မျောနေသော ကြယ်ငါးပွင့် အနီရောင်အလံတော်ကြီးအောက်တွင် တိတ်ဆိတ်သော်လည်း လေးနက်လှသော တာဝန်လွှဲပြောင်းပေးမှုနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပဲ့တင်ထပ်မှုတစ်ခုကို ပြီးမြောက်ခဲ့လေပြီ။

​အခမ်းအနား ပြီးဆုံးသွားပြီးနောက် ဂုဏ်ပြုကိုယ်ရံတော်တပ်ဖွဲ့က ခိုင်မာပြတ်သားကာ ပဲ့တင်ထပ်နေသော ခြေလှမ်းများဖြင့် စည်းကမ်းတကျ ချီတက်ထွက်ခွာသွားလိုက်ကြသည်။

​ကျန်းယဲ့နှင့် ဖန်ဖန်တို့ ခြံရံလျက် အန်းရှီးတပ်မတော်ကလည်း ရင်ပြင်အပြင်ဘက်တွင် ရပ်နားထားသော ခရီးသွားကားများဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားကြ၏။

​ထိုအချိန်၌ ရင်ပြင်နှင့် ပတ်ဝန်းကျင် လမ်းမများပေါ်တွင် သတင်းကြား၍ ရောက်ရှိလာကြသော မရေမတွက်နိုင်သည့် ခရီးသွားများ၊ နိုင်ငံသားများဖြင့် ပြည့်ကျပ်နေခဲ့ပြီး လူအုပ်ကြီးက ယခင်ကထက်ပင် ပိုမိုများပြားလှိုင်းထနေချေသည်။

​သို့သော်ငြားလည်း ၎င်းက နာမည်ကြီးအနုပညာရှင်များ သို့မဟုတ် နာမည်ကျော်များအား လူအုပ်ကြီးက ဝိုင်းအုံနေသည့် မြင်ကွင်းမျိုးနှင့် လုံးဝ မတူညီပေ။

​မည်သူကမျှ အလုအယက် ရှေ့သို့ တိုးဝှေ့ခြင်းမရှိသလို လုံခြုံရေးစည်းကို ဖောက်ထွက်၍ အမှတ်တရ လက်မှတ်တောင်းခြင်း၊ ဓာတ်ပုံတွဲရိုက်ရန် ကြိုးစားခြင်းမျိုးလည်း မရှိခဲ့ချေ။

​လူတိုင်းက အလိုအလျောက် သတ်မှတ်အကွာအဝေးတစ်ခုတွင် ရပ်နေကြပြီး ထွက်ခွာသွားတော့မည့် တပ်မတော်ကြီးအား တိတ်ဆိတ်စွာ၊ စည်းကမ်းတကျဖြင့် ငေးကြည့်နေခဲ့ကြသည်။

​လူအများအပြားက သူတို့၏ လက်များကို မြင့်မြင့်မြှောက်ကာ အန်းရှီးတပ်မတော်ရှိရာဘက်သို့ အားပါးတရ ဝှေ့ယမ်းပြနေကြပြီး သူတို့၏ မျက်နှာများပေါ်တွင် ခွဲခွာရမည်ကို နှမြောတသမှုများနှင့် နက်ရှိုင်းသော ဆုတောင်းမေတ္တာများဖြင့် ပြည့်နှက်နေကြ၏။

​နှစ်တစ်ထောင်ကို ဖြတ်ကျော်လာသည့် ဤဆုံတွေ့မှုက မကြာမီ ပြီးဆုံးတော့မည်ဖြစ်ကာ အန်းရှီးတပ်မတော်က များမကြာမီ ထွက်ခွာသွားတော့မည်ဆိုတာကို သူတို့ သိထားကြသည်။

​သမိုင်းတွင်ခဲ့သော ဤသူရဲကောင်းကြီးများကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ရှိခွင့်ရခြင်းကပင် အလွန်ကြီးမားသော အခွင့်ထူးတစ်ရပ် ဖြစ်ချေသည်။

​ဤအခိုက်အတန့်၌ သူတို့က ဘိုးဘေးသူရဲကောင်းကြီးများကို အခမ်းနားဆုံး၊ အလေးစားရဆုံး နည်းလမ်းဖြင့် နှုတ်ဆက်ပို့ဆောင်ပေးချင်ရုံသာဖြစ်သည်။ သို့မှသာ နောင်လာနောက်သားများ၏ ဂုဏ်သိက္ခာကို မကျဆင်းစေဘဲ ဤဒဏ္ဍာရီဆန်သော ခရီးစဉ်ကြီးတွင် အပြစ်ဆိုဖွယ်ရာ မရှိသည့် ပြီးပြည့်စုံသော နိဂုံးတစ်ခုကို ချန်ရစ်ထားနိုင်မည် မဟုတ်ပါလော။

​အန်းရှီးတပ်မတော်သားများ ခရီးသွားကားပေါ်သို့ တက်ရောက်သွားပြီး ကားတံခါးများ ဖြည်းညင်းစွာ ပိတ်သွားချိန်၌... လာရောက်နှုတ်ဆက်ကြသည့် လူအုပ်ကြီးထဲမှ တစ်စုံတစ်ယောက်က ရှိုက်သံဖြင့် အော်ဟစ်လိုက်လေသည်။

​"နောက်ထပ်တစ်ခေါက် ပြန်လာဖို့ ကြိုဆိုပါတယ်ဗျာ...."

​ထိုအော်ဟစ်သံက လူတိုင်း၏ မျိုသိပ်ထားသော စိတ်ခံစားချက်များကို ချက်ချင်း ပေါက်ကွဲထွက်သွားစေခဲ့သည်။

​"ပြန်လာဖို့ ကြိုဆိုပါတယ်..."

​"မဖြစ်မနေ ထပ်လာရမယ်နော်...."

​"ဘိုးဘေးကြီးတို့... ဂရုစိုက်ကြပါ.... "

​လူပိုပိုများလာပြီး အော်ဟစ်သံများမှာ ပါဝင်လာကြသည်။ အစပိုင်း၌ အသံများက အနည်းငယ် ရှုပ်ထွေးနေသော်လည်း များမကြာမီမှာပင် ညီညာပြီး ဟိန်းထွက်နေသော ဟစ်ကြွေးသံကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားတော့သည်။

​"ပြန်လာဖို့ ကြိုဆိုပါတယ်..."

​"ပြန်လာဖို့ ကြိုဆိုပါတယ်..."

​"နောက်ထပ်တစ်ခေါက် ပြန်လာဖို့ ကြိုဆိုပါတယ်ဗျာ..."

​ထိုကျယ်လောင်ပြီး ရိုးသားလှိုက်လှဲလှသော ဟစ်ကြွေးသံထဲတွင် အတိုင်းအဆမဲ့သော လေးစားမှုများနှင့် ခွဲခွာရမည်ကို နှမြောတသမှုများဖြင့် ပြည့်နှက်နေချေသည်။

​ထိုအသံကြီးက အရုဏ်တက်ချိန် ထျန်းအန်မင်ရင်ပြင်၏ ကောင်းကင်ယံထက်၌ အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့သည်။

​၎င်းက အချိန်ကာလနှင့် ဟင်းလင်းပြင်ကိုပင် ဖြတ်ကျော်ကာ လွန်ခဲ့သော နှစ်တစ်ထောင်က ရှေးဟောင်းစစ်မြေပြင်ဆီသို့ ရောက်ရှိသွားပြီး နောက်ဆုံးအချိန်အထိ အရှုံးမပေးဘဲ တောင့်ခံခဲ့ကြသည့် အန်းရှီးစစ်သည်တိုင်း၏ နားထဲသို့၊ နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားသကဲ့သို့ပင်။

​နောက်ဆုံး အချိန်နှင့် ဟင်းလင်းပြင်ခရီးစဉ်ကို ပြီးမြောက်ခဲ့သော ဤရဲရင့်သည့် တပ်မတော်ကြီးကို သယ်ဆောင်လာသော ကားက ဖြည်းညင်းစွာ စတင်ထွက်ခွာသွားလိုက်သည်။ နားကွဲမတတ် ဆူညံနေသော နှုတ်ဆက်ဟစ်ကြွေးသံများကြားမှ သူတို့က ကမ္ဘာမြေသို့ လာရောက်သည့် ခရီးစဉ်၏ အဆုံးသတ်ဆီသို့ ဦးတည်ကာ အဝေးသို့ မောင်းနှင်ထွက်ခွာသွားလေတော့သည်။

​ထျန်းအန်မင်ရင်ပြင်ရှိ ကြက်သီးမွေးညင်းထဖွယ် မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ပြီးနောက် အန်းရှီးတပ်မတော်က ကျန်းယဲ့၏ စီစဉ်မှုဖြင့် သမိုင်း၊ စစ်ရေးသိပ္ပံနှင့် လူမှုဗေဒ နယ်ပယ်အသီးသီးမှ အထူးဖိတ်ကြားထားသော ဝါရင့်ပါမောက္ခကြီးများနှင့် တံခါးပိတ် ဆွေးနွေးဖလှယ်ပွဲတစ်ခုကို ပြုလုပ်ခဲ့သည်။

​မီဒီယာများ၏ အနှောင့်အယှက်ကင်းကင်းဖြင့် တိတ်ဆိတ်သော အစည်းအဝေးခန်းမတစ်ခုအတွင်း၌ နှစ်ထောင်ချီ ခြားနားနေသော အတွေးအခေါ်များ စတင် ပွတ်တိုက်မိကြတော့သည်။

​ထန်မင်းဆက် ကျဆင်းရခြင်း၏ နက်ရှိုင်းသော အကြောင်းရင်းများကို သုံးသပ်ပြခြင်း၊ အန်းရှီးအစောင့်အရှောက်နယ်မြေ၏ သမိုင်းဝင်အဆင့်အတန်းနှင့် ပတ်သက်၍ နောင်လာနောက်သားများ၏ သုတေသနပြု အကဲဖြတ်မှုများကို ရှင်းပြခြင်းထို့ပြင် ရှေးဟောင်း စစ်ရေးဗျူဟာများနှင့် နှောင်းပိုင်း စစ်ရေးအတွေးအခေါ်များ၏ ပြောင်းလဲတိုးတက်လာမှုများကို ပါမောက္ခကြီးများက တိကျသေချာပြီး အသက်ဝင်သော စကားလုံးများဖြင့် ရှင်းလင်းပြောပြနေသည်ကို အန်းရှီးတပ်မတော်မှ စစ်ပြန်ကြီးများက နားထောင်ခဲ့ကြသည်။

​စစ်သူကြီးကောရှင်းက တစ်ခါတစ်ရံ စူးစိုက်စွာ နားထောင်နေတတ်ပြီး တစ်ခါတစ်ရံတွင် အရေးကြီးသည့် မေးခွန်းအချို့ကို မေးမြန်း၏။ ကျောက်ချီနှင့် အခြားသူများကလည်း နယ်စပ်ကာကွယ်ရေး၊ ရိက္ခာထောက်ပံ့မှုနှင့် အိမ်နီးချင်းမျိုးနွယ်စုများနှင့် ဆက်ဆံရေး စသည့် လက်တွေ့ပြဿနာများအပေါ် သူတို့၏ ကိုယ်တွေ့အတွေ့အကြုံများအပေါ် အခြေခံ၍ ပညာရှင်များနှင့် အသေးစိတ် ဆွေးနွေးလိုက်ကြသည်။

​ဤဖလှယ်ပွဲက အနောက်ဘက်ဒေသများတွင် သူတို့ နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့မှုများအပေါ် နှစ်တစ်ထောင်ကြာပြီးနောက် အမြင်မှနေ၍ မှတ်ချက်တစ်ခု ထပ်မံဖြည့်စွက်ပေးလိုက်သကဲ့သို့ပင်။ ၎င်းက သူတို့ တစ်ချိန်က ရှင်သန်ခဲ့သည့် ကြီးကျယ်ခမ်းနားသော ခေတ်ကြီးကို ပိုမိုကျယ်ပြန့်ပြီး နက်ရှိုင်းစွာ နားလည်သဘောပေါက်သွားစေခဲ့ကာ သူတို့အတွက် အလွန်အမင်း အကျိုးရှိစေခဲ့သည်။

​အတွေးအခေါ်များ ဖလှယ်မှုကြားတွင် အချိန်က တိတ်ဆိတ်စွာ ကုန်ဆုံးသွားခဲ့ပြီး နောက်ဆုံးတွင် ခွဲခွာရမည့် အခိုက်အတန့်သို့ ရောက်ရှိလာချေပြီ။

​နောက်ဆုံး ညစာစားပွဲ ပြီးဆုံးပြီးနောက် ခရီးသွားကားက လူသူကင်းရှင်းသည့် နေရာတစ်ခုတွင် ရပ်တန့်လိုက်သည်။

​ကားအပြင်ဘက်တွင် ကျန်းယဲ့က တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး လရောင်က သူ၏ကိုယ်ပေါ်သို့ ကျဆင်းနေကာ သူ၏ ခန့်ညားသော မျက်နှာသွင်ပြင်ကို ပုံဖော်ပေးနေ၏။

​ဖန်ဖန်က အန်းရှီးတပ်မတော်မှ စစ်သည်များ ကားပေါ်သို့ စည်းကမ်းတကျ တက်ရောက်ရန် စီစဉ်ပေးနေသည်။

​ကျန်းယဲ့အနီးမှ ဖြတ်သွားသော စစ်သည်တိုင်းက ရပ်တန့်ကာ လက်နှစ်ဖက်ဆုပ်၍ အလေးပြုခြင်းဖြင့်ဖြစ်စေ၊ သူ၏ ပခုံးကို ခပ်လေးလေး ပုတ်၍ဖြစ်စေ နှုတ်ဆက်ခဲ့ကြပြီး သူတို့၏ နှုတ်မှ မဖွင့်ဟခဲ့သော စကားများက ဖော်ပြ၍မရနိုင်သည့် ခံစားချက်ပေါင်းထောင်သောင်းကို သယ်ဆောင်နေချေသည်။

​စစ်သူကြီးကောရှင်းက ကားပေါ်သို့ နောက်ဆုံးမှ တက်ရောက်သူဖြစ်၏။ သူက ကျန်းယဲ့ရှေ့တွင် ရပ်ကာ သူ၏ ကျယ်ပြန့်ပြီး ကြမ်းတမ်းသော လက်ကြီးကို ကမ်းပေးလိုက်ပြီး ကျန်းယဲ့နှင့် ခိုင်မာစွာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

​"မိတ်ဆွေလေးကျန်း... ဂရုစိုက်ပါ" စစ်သူကြီးအိုကြီး၏ အသံက တည်ငြိမ်နေသော်လည်း အနည်းငယ် အက်ကွဲနေသည့် အရိပ်အယောင်ကို သတိထားမိနိုင်ချေသည်။

​"စစ်သူကြီးကော... လူကြီးမင်းတို့... ခရီးလမ်းမှာ ဂရုစိုက်ကြပါခင်ဗျာ..." ကျန်းယဲ့က ကြည်လင်ရိုးသားသော မျက်ဝန်းများဖြင့် ပြုံးကာ ပြန်လည်ဖြေကြားလိုက်သည်။

​စစ်သူကြီးကောရှင်းက အနာဂတ်မှ ဤအံ့ဩဖွယ်ကောင်းသော မိတ်ဆွေငယ်လေး၏ ပုံရိပ်ကို သူ၏ နှလုံးသားထဲတွင် စွဲထင်ကျန်ရစ်စေရန် ကြိုးစားနေသည့်အလား ကျန်းယဲ့ကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်ပြီးနောက်... လှည့်ကာ ကားပေါ်သို့ ခြေလှမ်းကျဲကြီးများဖြင့် တက်သွားတော့သည်။

​နောက်ခဏ၌ ကားတံခါးများ ဖြည်းညင်းစွာ ပိတ်သွားလေသည်။

​ကျန်းယဲ့က ကားတံခါးအပြင်ဘက်တွင် ရပ်နေခဲ့ပြီး မှန်အမည်းများတပ်ဆင်ထားသည့် ပြတင်းပေါက်များမှတစ်ဆင့် ကားအတွင်းမှ လူများစွာ၏ သူ့အပေါ်သို့ စိုက်ကြည့်နေသော အကြည့်များကို မြင်နေရသည်။

​သူက လက်ကိုမြှောက်ကာ ကားအတွင်းသို့ ညင်သာစွာ ဝှေ့ယမ်းပြလိုက်၏။

​ကားအင်ဂျင်မှ တိုးညင်းသော အသံတစ်ခု ထွက်ပေါ်လာပြီး ဖြည်းညင်းစွာ စတင်ထွက်ခွာသွားလေသည်။ ထို့နောက် ကားက ကွေ့ဝိုက်ကာ အရှေ့ဘက်ရှိ မှိုင်းရီနေသော ညဉ့်ယံထဲသို့ ဝင်ရောက်သွားပြီး နောက်ဆုံးတွင် ကားနောက်မီးများ လုံးဝ ပျောက်ကွယ်သွားတော့သည်။

​ဖန်ဖန်က သူတို့၏ ဆန္ဒအားလုံး ပြည့်ဝသွားပြီဖြစ်သော အန်းရှီးတပ်မတော်ကို ဦးဆောင်လျက် လွန်ခဲ့သော နှစ်တစ်ထောင်မှ ခူချာမြို့ဆီသို့ အပြန်ခရီး စတင်ခဲ့လေပြီ။

​ကျန်းယဲ့တစ်ယောက် ညလေရူးက သူ၏အင်္ကျီကို လွင့်ခါနေစေသည့်တိုင် နေရာမှာပင် အထီးကျန်စွာ အချိန်အတော်ကြာ ရပ်နေမိသည်။ ၎င်းက နက်ရှိုင်းလှသော ထိုသမိုင်းကြောင်းနှင့် လေးစားဖွယ်ကောင်းသော ထိုဝိညာဉ်များကို တိတ်ဆိတ်စွာ နှုတ်ဆက်နေသကဲ့သို့ပင်။

........

​ရီယဲ့ ခရီးသွားအေဂျင်စီ၏ ပထမထပ် ရုံးခန်းဧရိယာအတွင်းရှိ လေထုက သက်သောင့်သက်သာ ရှိနေပြီး တာဝန်တစ်ခုကို ပြီးမြောက်သွားပြီးနောက် ခံစားရသည့် ကျေနပ်အားရမှုမျိုးကို သယ်ဆောင်ထားသည်။

​ကျန်းယဲ့၊ ဖန်ဖန်နှင့် ချန်ချင်းတို့က နားနေခန်းဧရိယာရှိ ဆိုဖာတွင် ဝိုင်းထိုင်နေကြပြီး သူတို့၏ ခရီးစဉ်များကို အကျဉ်းချုပ် ပြန်လည်သုံးသပ်နေကြသည်။

​"ပထမဆုံးအကြိမ် တစ်ယောက်တည်း ခရီးစဉ်ကို ဦးဆောင်သွားရတာ ဘယ်လိုနေလဲ..." ကျန်းယဲ့က သူ၏ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ရင်း ချန်ချင်းကို ကြည့်ကာ ရင်းနှီးသော လေသံဖြင့် မေးလိုက်၏။

​ချန်ချင်းက ဆိုဖာပေါ်သို့ မှီချလိုက်ပြီး အခိုက်အတန့်ကို ခံစားနေရင်း သူ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာတစ်ခု ပေါ်လာသည်။ "အရမ်းကို ထူးခြားတဲ့ ခံစားချက်ပဲ... အလွန်အမင်းကို ထူးခြားတယ်။ အရင်က အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုမှာ ကျွန်တော်လုပ်ခဲ့တဲ့ တာဝန်တွေနဲ့ လုံးဝကို ကွဲပြားခြားနားတဲ့ အတွေ့အကြုံမျိုးပဲ..."

​သူက ဆက်၍ "လုပ်ငန်းစဉ်တွေကိုလည်း ကျွန်တော် ရင်းနှီးနေပါပြီ...သေချာကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အရည်အချင်းလည်း အပြည့်အဝ ရှိပါတယ်" ဟု ပြောလိုက်သည်။

​သူ၏ ရှေ့တွင် ဟန်ဆောင်မှုများ ကင်းမဲ့စွာဖြင့် ငိုကြွေးနေခဲ့သည့် ချုံကျန်းဧကရာဇ်၏ ပုံရိပ်ကို သူ မနေနိုင်ဘဲ ပြန်လည်မြင်ယောင်လာသလို မင်မင်းဆက်သို့ သူ ပထမဆုံး ရောက်ရှိချိန်၌ မြို့တော်သို့ သွားရာလမ်းတစ်လျှောက်တွင် မြင်တွေ့ခဲ့ရသည့် အရိုးပေါ် အရေတင်ကာ ဆင်းရဲမွဲတေနေသော ပြည်သူများကိုလည်း သူ ပြန်လည်အမှတ်ရသွားမိသည်။

​သမိုင်း၏ လေးလံမှုနှင့် လက်တွေ့ဘဝ၏ ရက်စက်မှုတို့ ရောယှက်သွားသည့်အခါ သူ၏ နှလုံးသားက ခါးသီးမှုများ လေးလံမှုများဖြင့် နာကျင်သွားရသည်။

​သူက တိုးညင်းစွာ သက်ပြင်းချလိုက်ပြီး သူ၏ အသံက အနည်းငယ် တိုးဝင်သွားသည်။ "ဒါပေမဲ့... နှောင်းပိုင်း မင်မင်းဆက်ရဲ့ အခြေအနေကို မြင်ရတဲ့အခါ ကျွန်တော် စိတ်မသက်မသာ ဖြစ်မိတယ်။ ဒီတစ်ခေါက် ကျွန်တော်တို့ ယူဆောင်သွားတဲ့ အရာတွေနဲ့ ကျွန်တော်တို့ဆီမှာ ရှိနေတဲ့ သတင်းအချက်အလက်တွေက သူတို့ကို တကယ်အကူအညီဖြစ်စေဖို့ အများကြီး မျှော်လင့်မိတယ်။ အဲ့ဒီခေတ်က မင်မင်းဆက်ကြီးကို... အခြေအနေတွေကို ပြောင်းပြန်လှန်နိုင်စေပြီး သတ်မှတ်ထားပြီးသား လမ်းကြောင်းကို ပြောင်းလဲနိုင်စေချင်တယ်..."

​ဖန်ဖန်က သူ၏ စိတ်ဓာတ်ကျနေမှုကို ခံစားမိကာ သေချာသည့် လေသံဖြင့် ပြောလိုက်၏။ "သူတို့ သေချာပေါက် လုပ်နိုင်မှာပါ... ကျွန်မတို့က မျိုးစေ့တွေနဲ့ မျှော်လင့်ချက်တွေကို ပို့ပေးခဲ့ပြီးပြီ မဟုတ်လား။ ကျန်တာက သူတို့အပေါ်မှာပဲ မူတည်တော့တယ်။ သူတို့ကို ကျွန်မတို့ ယုံကြည်ပေးရမယ်...."

​ကျန်းယဲ့က သူတို့နှစ်ယောက်ကို ကြည့်လိုက်ရာ သူတို့၌ မတူညီသည့် အတွေ့အကြုံများ ရှိခဲ့သော်လည်း သူတို့နှစ်ဦးစလုံးက အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားလမ်းညွှန်ဟူသည့် အခန်းကဏ္ဍတွင် အသားကျနေပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရ၏။

​"မင်းတို့နှစ်ယောက်လုံး အတော်လေး အသားကျနေပြီပဲ..."

အခန်း ၄၈၆ပြီး၏။

All Chapters