← Chapters

အခန်း ၄၈၇

Vol. 49 Ch. 487

အခန်း ၄၈၇

Vol. 49 Ch. 487

အခန်း (၄၈၇) အေဒီ၁၉၃၇ ခုနှစ်သို့ ခရီးစဥ်

​သူက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ရှေ့ဆက်လုပ်ရမည့် အစီအစဉ်များကို ရှင်းပြလိုက်သည်။ "နောက်ထပ် ခရီးစဉ်အတွက် သွားရမယ့်နေရာနဲ့ အချိန်ကိုတော့ မဆုံးဖြတ်ရသေးဘူး။ ဒါပေမဲ့ ခုနစ်ရက်အတွင်းမှာတော့ ကြေညာဖြစ်လောက်တယ်။ ဒီကြားထဲ မင်းတို့ သဘောရှိ နားလို့ရပြီ... အားလပ်ရက်လို့ပဲ သဘောထားလိုက်ပေါ့။ ခရီးစဉ်အသစ် ထွက်လာတာနဲ့ မင်းတို့ကို ငါ ချက်ချင်း အကြောင်းကြားလိုက်မယ်.."

​ထို့နောက် သူက ဆွေးနွေးမှု ပြီးဆုံးပြီဖြစ်ကြောင်း ပြသသည့်အနေဖြင့် လက်ကို ဝှေ့ယမ်းပြလိုက်၏။ "ကဲ... ဒီတစ်ခေါက် တာဝန်အတွက် မင်းတို့ ပင်ပန်းသွားကြပြီ။ သွားနားလို့ရပြီ..."

​ထိုစကားကို ကြားသည့်အခါ ချန်ချင်းက အေဂျင်စီ၏ ဝင်ပေါက်ဆီသို့ မသိစိတ်အရ လှမ်းကြည့်လိုက်မိပြီး သူ၏ အလုပ်ခွင်အကျင့်အရ မနေနိုင်ဘဲ မေးလိုက်မိသည်။ "ခရီးသွားအေဂျင်စီဆိုတော့ အလှည့်ကျ တာဝန်ကျဖို့ လူမလိုဘူးလားဗျ..."

​ထိုအခါ ကျန်းယဲ့မှာ မနေနိုင်ဘဲ ရယ်မောလိုက်ပြီး ခေါင်းခါပြလိုက်သည်။ "မလိုပါဘူး..."

​စနစ်ရောက်ရှိလာကတည်းက သူ၏ ခရီးသွားအေဂျင်စီမှာ အမည်ခံသက်သက်သာ ဖြစ်သွားခဲ့ပြီ မဟုတ်ပါလော။

​ချန်ချင်းနှင့် ဖန်ဖန်တို့ကို ပြန်လွှတ်လိုက်ပြီးနောက် ကျန်းယဲ့တစ်ယောက်တည်း ရုံးခန်းထဲ၌ ကျန်ရစ်ခဲ့သည်။ ထို့နောက် စိတ်ကူးပေါက်သည်နှင့် သူက စနစ်ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး ခရီးသွားအဖွဲ့ သုံးဖွဲ့ကို တစ်ပြိုင်နက်တည်း ဦးဆောင်ခဲ့ရသည့် အကျိုးအမြတ်များကို စတင် တွက်ချက်ကြည့်လိုက်၏။

​စခရင်ပေါ်ရှိ ရှင်းလင်းစွာ ဖော်ပြထားသော အချက်အလက်များကို ကြည့်ရှုရင်း သူ၏ မျက်နှာပေါ်တွင် ကျေနပ်အားရသည့် အပြုံးတစ်ခု ပေါ်လာရသည်။

​ယခုအကြိမ် တွက်ချက်မှု အကျဉ်းချုပ် -

​သက်တမ်း တိုးလာမှု - ၃၀ ရက် + ၃၀ ရက် + ၃၀၀ ရက် = ၃၆၀ ရက်

ကျော်ကြားမှုအမှတ် တိုးလာမှု - ၁၀၀၀ + ၁၀၀၀ + ၁၀၀၀၀ = ၁၂,၀၀၀ မှတ်

အထူးဆုလာဘ် - ကံစမ်းမဲ လှည့်ဘီး လှည့်ရန် အခွင့်အရေး (၁) ကြိမ် ထပ်ဆောင်းရရှိခြင်း။

​"မဆိုးဘူး... တကယ်ကို မဆိုးဘူးပဲ..." ကျန်းယဲ့က စခရင်ပေါ်မှ ထိုးတက်သွားသည့် အမှတ်များနှင့် သက်တမ်းကို ကြည့်ကာ အထူးသဖြင့် သက်တမ်း တစ်နှစ်စာနီးပါး တိုးလာမှုနှင့် ကံစမ်းမဲဖောက်ရန် အခွင့်အရေးတစ်ကြိမ် ရရှိလိုက်မှုတို့ကြောင့် သူ၏ စိတ်အခြေအနေက အလွန်ကောင်းမွန်သွားရသည်။

​ဝန်ထမ်းအရေအတွက်သာ များပြားလာမည်ဆိုပါက သူက ကျင့်ကြံခြင်း မပြုလုပ်ဘဲနှင့်ပင် ထာဝရအသက်ရှင်ခြင်းကို ရရှိနိုင်လိမ့်မည်မဟုတ်လော။

​တကယ်တော့ နောက်ထပ် လူပိုငှားဖို့ လိုသေးတာပဲ။ ဝန်ထမ်းပိုများလေ ပိုကောင်းလေပဲ။ စစ်သည်မရှိသည့် စစ်သူကြီးတစ်ယောက်က အဆုံးမှာတော့ ထိရောက်မှု မရှိနိုင်ဘူး မဟုတ်ပါလော။

​ထို့နောက် သူ၏ အကြည့်က ဆွဲဆောင်မှုရှိစွာ တောက်ပနေသည့် ကံစမ်းမဲ လှည့်ဘီးသင်္ကေတလေးပေါ်သို့ ကျရောက်သွားပြီး သူ၏ ခေါင်းထဲ၌ အတွေးတစ်ခု ဖြတ်ပြေးသွားသည်။ "အခုပဲ သုံးလိုက်ရမလား..."

​ကျန်းယဲ့က ခဏမျှ တွေးကြည့်ပြီးနောက် မသုံးရန် ဆုံးဖြတ်လိုက်ကာ နောက်ပိုင်း တကယ်လိုအပ်လာသည့်အချိန်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်၏။

​နောက်ပိုင်းရက်များတွင်တော့ ကျန်းယဲ့က ကျဲ့ကျန်းပြည်နယ် အနောက်ပိုင်းရှိ ထျန်းမုတောင်တန်းများအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားခဲ့ပြီး သာယာလှပကာ လူသူကင်းမဲ့သည့် တောင်ကြားတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ ထို့နောက် တဲတစ်လုံးထိုးကာ ကျင့်ကြံခြင်းဘဝကို စတင်လိုက်တော့သည်။

​တဲအပြင်ဘက်တွင် ခေါက်စားပွဲနှင့် ကုလားထိုင်များကို ရိုးရှင်းစွာ ချထား၏။ မလှမ်းမကမ်းရှိ အချိန်ကာလများကြောင့် ချောမွေ့နေသည့် ဧရာမကျောက်တုံးကြီးတစ်ခုပေါ်တွင်မူ ကျန်းယဲ့တစ်ယောက် မျက်လုံးများကို အနည်းငယ် မှိတ်ထားကာ ရှည်လျားညီညာသော အသက်ရှူနှုန်းဖြင့် တင်ပျဉ်ခွေ ထိုင်နေချေသည်။

​နေရောင်ခြည်က အထက်ရှိ ထူထပ်သော သစ်ရွက်များကြားမှတစ်ဆင့် စိမ့်ဝင်လာပြီး သူ၏ ကိုယ်ပေါ်သို့ အလင်းစက်လေးများအဖြစ် လင်းလက်စွာ ကျဆင်းနေခဲ့သည်။

​ရုတ်တရက်ဆိုသလို မည်သည့် သတိပေးမှုမှ မရှိဘဲ သူ ဆန့်တန်းထားသည့် လက်ဖဝါးထဲမှ လိမ္မော်ရောင် ရောယှက်နေသည့် မီးတောက်ငယ်လေးတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။

​ထိုမီးတောက်လေးက တစ်စက္ကန့်ပင် မခံဘဲ တဖျပ်ဖျပ်လင်းလက်ကာ ငြိမ်းအေးသွားသော်လည်း ထိုအခိုက်အတန့်လေးအတွင်း ထွက်ပေါ်လာခဲ့သည့် အလင်းရောင်နှင့် အပူရှိန်က တကယ့် အစစ်အမှန်ပင်။

​ကျန်းယဲ့က မျက်လုံးများကို ဖွင့်ကာ သူ၏ လက်ဖဝါးကို ကြည့်ပြီး ပြုံးလိုက်မိသည်။

​သူက စိတ်ကို ပြန်လည်စုစည်းလိုက်ပြီး ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်များကို လှုံ့ဆော်ကာ အခြေခံ နည်းစနစ်အကျဉ်းချုပ်ထဲရှိ မီးတောက်နည်းစနစ်၏ လည်ပတ်မှုလမ်းကြောင်းအတိုင်း စီးဆင်းစေလိုက်သည်။

​ဤတစ်ကြိမ်တွင်တော့ သူ၏ လက်ဖဝါးထဲ၌ လိမ္မော်ရောင်အလင်းက ထပ်မံတောက်ပလာပြီး မီးတောက်လေးက သုံးစက္ကန့်ခန့် တည်ငြိမ်စွာ လောင်ကျွမ်းနေပြီးမှ ဝိညာဉ်စွမ်းအင် လုံလောက်မှု မရှိတော့သဖြင့် လွင့်စင်ပျောက်ကွယ်သွားပြန်သည်။

​"အောင်မြင်သွားပြီပဲ...." ကျန်းယဲ့က ရေရွတ်လိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် ကျေနပ်မှုများ ပြည့်နှက်နေ၏။

​ချီစုဆောင်းခြင်းအဆင့်၏ ဆဋ္ဌမမြောက်အဆင့် သို့ ချိုးဖောက်ဝင်ရောက်ပြီးနောက် သူက အခြေခံ တိုက်ခိုက်ရေး နည်းစနစ်အချို့ကို စတင်လေ့လာရန် ကြိုးစားခဲ့ပြီး မီးတောက်နည်းစနစ်က ၎င်းတို့ထဲမှ တစ်ခုဖြစ်သည်။

​တောင်တန်းများထဲတွင် နှစ်ရက်တိုင်တိုင် လေ့ကျင့်စမ်းသပ်ပြီးနောက် နောက်ဆုံးတွင် သူက မီးတောက်တစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပြီဖြစ်၏။ ၎င်းက သူ အခြေခံကို ကျွမ်းကျင်သွားပြီဟူသည့် အဓိပ္ပာယ်ပင်။

​ထို့နောက် သူက လက်ချောင်းများကို ချိုးကာ အချိန်ကို တွက်ချက်ကြည့်လိုက်သည်။ သူ တောင်ပေါ်သို့ ရောက်နေသည်မှာ ငါးရက်ခန့် ရှိနေပြီဖြစ်ပြီး နောက်ထပ် နှစ်ရက်ဆိုလျှင် သူ ယခင်က ခန့်မှန်းထားသည့်အတိုင်း စနစ်မှ တာဝန်အသစ် ချပေးမည့်ရက်သို့ ရောက်ရှိလာတော့မည် ဖြစ်၏။

​"ပြန်ဖို့ အချိန်တန်ပြီပဲ..."

​တစ်ခါတစ်ရံတွင် လူဆိုသည်မှာ အရာရာကို အမြဲတမ်း တွေးတောနေမိတတ်သည် မဟုတ်ပါလော။ ထိုအတွေးက ခေါင်းထဲသို့ ဝင်လာပြီး တစ်စက္ကန့်အကြာမှာပင်... အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သော စနစ်၏ အသိပေးသံက သူ၏ ခေါင်းထဲ၌ ရှင်းလင်းစွာ ထွက်ပေါ်လာတော့သည်။

​[ဒင်... ခရီးသွားတာဝန်အသစ် ချမှတ်ပြီးပါပြီ။ လက်ခံသူနှင့် အဖွဲ့သားများ ကျေးဇူးပြု၍ ပြင်ဆင်ထားကြပါ။ တာဝန်က မကြာမီ စတင်တော့မည် ဖြစ်သည်။]

​'ဟင်....ဒီတစ်ခေါက် ကြားကာလက တိုသွားတာပဲ... ငါးရက်တည်းလား....'

​ကျန်းယဲ့က အသေးစိတ် အချက်အလက်များကို ဖွင့်ကြည့်လိုက်၏။

​တာဝန် (၁) : သွေးစွန်းသော နှစ်ကာလများ၊ မျှော်လင့်ချက်မီးတောက်များ

ခရီးစဉ် : အေဒီ ၁၉၃၇ ခုနှစ်သို့ သွားရောက်ပြီး ကမ္ဘာမြေသို့ လည်ပတ်ရန် ခရီးသွား ၅၀ ဦး (သမိုင်းဝင် ပုဂ္ဂိုလ်ဖြစ်စေ၊ မဖြစ်စေ) ကို စုဆောင်းပါ။

ခေါ်ယူရမည့် လူအရေအတွက် : ၅၀ ဦး

ခရီးစဉ် ကြာမြင့်ချိန် : ၇ ရက်

ခရီးစရိတ် : တစ်ဦးလျှင် ငွေဒင်္ဂါး ၁ ပြား

လူစုဆောင်းမည့် ကာလ : ၇ ရက်

စတင်မည့်အချိန် : ယခု သောကြာနေ့ မွန်းတည့် ၁၂ နာရီ တိတိ

တာဝန် ဆုလာဘ်များ : သက်တမ်း +၁၈၀ ရက်၊ ကျော်ကြားမှုအမှတ် +၅၀၀၀

​တာဝန် (၂) : အဇူရာအံဖွယ်ကမ္ဘာ - အိပ်မက်ဆန်သော ရေအောက်ကမ္ဘာ

ခရီးစဉ် : အတ္တလန်တစ်ဟုခေါ်သော အိပ်မက်ဆန်သည့် ရေအောက်ကမ္ဘာသို့ သွားရောက်လည်ပတ်ရန် ကမ္ဘာမြေမှ ခရီးသွားများကို စုဆောင်းပါ။

ခေါ်ယူရမည့် လူအရေအတွက် : ၅၀ ဦး

ခရီးစဉ် ကြာမြင့်ချိန် : ၅ ရက်

ခရီးစရိတ် : တစ်ဦးလျှင် ယွမ် ၅၀,၀၀၀

စတင်မည့်အချိန် : ယခု သောကြာနေ့ မွန်းတည့် ၁၂ နာရီတိတိ

တာဝန် ဆုလာဘ်များ : သက်တမ်း +၃၀၀ ရက်၊ ကျော်ကြားမှုအမှတ် +၈၀၀၀

​တာဝန် (၃) : ဟန်ဝူဧကရာဇ်၏ သူရဲကောင်း စိတ်ဝိညာဉ်နှင့် မြောက်ပိုင်းသဲကန္တာရ၏ ရှည်လျားသော တေးသံသာ

ခရီးစဉ် : ဘီစီ ၁၂၃ ခုနှစ်ရှိ ဟန်မင်းဆက်သို့ သွားရောက်လည်ပတ်ပြီး ဟန်ဝူဧကရာဇ် အုပ်စိုးစဉ်ကာလက ဟန်မင်းဆက်၏ အငွေ့အသက်များကို ခံစားနိုင်ရန် ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများကို ဆွဲဆောင်ပါ။

ခေါ်ယူရမည့် လူအရေအတွက် : ၅၀ ဦး

ခရီးစဉ် ကြာမြင့်ချိန် : ၇ ရက်

ခရီးစရိတ် : တစ်ဦးလျှင် ယွမ် ၁၀၀,၀၀၀

စတင်မည့်အချိန် : ယခု သောကြာနေ့ မွန်းတည့် ၁၂ နာရီ တိတိ

တာဝန် ဆုလာဘ်များ : သက်တမ်း +၄၀၀ ရက်၊ ကျော်ကြားမှုအမှတ် +၁၀,၀၀၀

​ကျန်းယဲ့၏ အကြည့်က စနစ်ပြတင်းပေါက်ပေါ်ရှိ ၁၉၃၇ဟူသော စကားလုံးများပေါ်တွင် အချိန်အတော်ကြာ ရပ်တန့်နေမိသည်။ ၎င်းက သူ၏ နှလုံးသားကို တစ်စုံတစ်ခုဖြင့် ခပ်ဖွဖွ လာရိုက်ခတ်သွားပြီး ဂယက်လှိုင်းများ ထစေသကဲ့သို့ပင်။

​သူ၏ ယခင်က ခန့်မှန်းချက် မှန်ကန်နေခဲ့သည်။ စနစ်က ဤခေတ်ကာလအတွက် တာဝန်ကို တကယ်ပဲ ချမှတ်ပေးလာခဲ့ပြီဖြစ်၏။

​နောက်ဆုံးတော့... အဆက်မပြတ် စစ်မီးတောက်လောင်နေခဲ့သည့် ထိုနှစ်ကာလများဆီသို့ သွားရမည့် အချိန်တန်လာခဲ့ပြီပဲ...

​သူတို့၏ အသွေးအသားများဖြင့် မဟာတံတိုင်းကြီးကို တည်ဆောက်ခဲ့ကြသည့် ဘိုးဘေးများအနေဖြင့်... သူတို့ အသက်ပေး၍ ကာကွယ်ခဲ့သည့် မြေကမ္ဘာကြီးက နောင်လာနောက်သားများ လက်ထက်တွင် မည်သို့မည်ပုံ ဖြစ်တည်လာခဲ့ပြီလဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရမည့် အချိန်ကျရောက်လာခဲ့ပြီဖြစ်သည်။

​သူက ရင်ထဲ၌ ဆူပွက်လာသည့် စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ထားရန် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် ကျန်ရှိနေသည့် လုံးဝအသစ်ဖြစ်သော ခရီးစဉ် နှစ်ခုကို ကြည့်လိုက်သည်။ အိပ်မက်ဆန်သော ရေအောက်ကမ္ဘာ နှင့် ဟန်ဝူခေတ်တို့က လေ့လာစူးစမ်းဖူးခြင်း မရှိသေးသည့် နယ်ပယ်များဖြစ်ပြီး ဆုလာဘ်များကလည်း ရက်ရောလှသည်။

​စနစ်မျက်နှာပြင်ကို ပိတ်လိုက်ပြီးနောက် ကျန်းယဲ့က သူ၏တဲနှင့် ကိုယ်ပိုင်ပစ္စည်းများကို အမြန်သိမ်းဆည်းလိုက်ပြီး သစ်ပင်များကြားတွင် အကြိမ်အနည်းငယ် ခုန်ပျံကျော်လွှားကာ တောင်အောက်သို့ လျင်မြန်စွာ ဆင်းလာလိုက်သည်။

​လမ်းခုလပ်တွင် သူက ချန်ချင်းနှင့် ဖန်ဖန်တို့ထံ စာတိုများ ပေးပို့လိုက်လေသည်။

​"တာဝန်အသစ် ရပြီ... ခရီးသွားအေဂျင်စီကို ချက်ချင်း ပြန်လာခဲ့ကြ..."

​ကျန်းယဲ့က ခရီးသွားအေဂျင်စီ၏ ဝင်ပေါက်တွင် ပေါ်လာသည့်အခါ ချန်ချင်းနှင့် ဖန်ဖန်တို့က ကြိုတင်ရောက်ရှိနေကြပြီဖြစ်ပြီး ပထမထပ်ရှိ နားနေခန်းဧရိယာ၌ စောင့်ဆိုင်းနေကြသည်။

​ကျန်းယဲ့ ဝင်လာသည်နှင့် ဖန်ဖန်က ဆိုဖာပေါ်မှ ချက်ချင်း ခုန်ထလိုက်ပြီး စိတ်မရှည်စွာဖြင့် မေးလိုက်၏။ "ဒါရိုက်တာကျန်း... ခရီးသွားအဖွဲ့ ဦးဆောင်ရမယ့် တာဝန်အသစ် ရပြီလားဟင်..."

​"အင်း..." ကျန်းယဲ့က ခေါင်းညိတ်လိုက်ပြီး သူတို့၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။

​"ဝေး... အရမ်းကောင်းတာပဲ... ဒီတစ်ခေါက်က ဘယ်လမ်းကြောင်း သုံးခုလဲဟင်..." ဖန်ဖန်၏ မျက်လုံးများက အရောင်လက်သွားရသည်။

​ကျန်းယဲ့က မည်သူ့ကိုမျှ စိတ်လှုပ်ရှားအောင် ဆွဲမထားတော့ဘဲ တာဝန်လမ်းကြောင်း သုံးခုကို ရှင်းလင်းစွာ ပြောပြလိုက်၏။

​"ပထမတစ်ခုက ၁၉၃၇ ခုနှစ်ကို သွားပြီး ဘလူးစတားကို လာလည်မယ့် ခရီးသွား ၅၀ကို ၇ ရက်ကြာ ခရီးစဉ်အတွက် စုဆောင်းရမယ်။ ဒုတိယတစ်ခုက ကမ္ဘာမြေက ခရီးသွားတွေကို အတ္တလန်တစ်လို့ခေါ်တဲ့ အိပ်မက်ဆန်တဲ့ ရေအောက်ကမ္ဘာဆီကို ၅ ရက်ကြာ ခရီးစဉ်အတွက် ခေါ်သွားပေးရမယ်။ တတိယတစ်ခုကတော့ ကမ္ဘာမြေက ခရီးသွားတွေကို ဘီစီ ၁၂၃ ခုနှစ်က ဟန်မင်းဆက်ဆီကို ၇ ရက်ကြာ ခရီးစဉ်အတွက် ခေါ်သွားပေးရမယ်..."

​သူ စကားပြောပြီးသည်နှင့် ချန်ချင်းနှင့် ဖန်ဖန်တို့က ပထမဆုံး လမ်းကြောင်းဆီသို့ တစ်ပြိုင်နက်တည်းနီးပါး အာရုံရောက်သွားကြသည်။

​သူတို့နှစ်ဦးသား အချင်းချင်း ကြည့်လိုက်မိကြပြီး တစ်ဖက်လူ၏ မျက်ဝန်းများထဲရှိ ခိုင်မာပြတ်သားမှုများကို အသီးသီး မြင်တွေ့လိုက်ကြ၏။

​ချန်ချင်းက လေးနက်သော လေသံဖြင့် အရင်စကားစလိုက်သည်။ "ဒါရိုက်တာကျန်း... ဒီ ၁၉၃၇ ခုနှစ် လမ်းကြောင်းကို ကျွန်တော့်ကို ပေးပါ..."

​ဖန်ဖန်ကလည်း အလျင်စလို အသံဖြင့် ချက်ချင်း ဝင်ပြောလာသည်။ "ကျွန်မလည်း သွားချင်တယ်...ဒါရိုက်တာကျန်း... ကျွန်မကိုလည်း သွားခွင့်ပြုပါနော်....."

အခန်း ၄၈၇ပြီး၏။

All Chapters