← Chapters

အခန်း ၄၉၀

Vol. 49 Ch. 490

အခန်း ၄၉၀

Vol. 49 Ch. 490

အခန်း (၄၉၀) ၁၉၃၇ သို့ ပြန်လည်ရောက်ရှိခြင်း

​ကျန်းယဲ့က ဖုံးကွယ်နေသည့် ဗုံးခိုကျင်းတစ်ခု၏ အောက်ခြေတွင် ဝပ်နေပြီး သူ၏ ကျောကို စိုစွတ်အေးစက်နေသော မြေကြီးပေါ်သို့ မှီထားကာ အပြင်ဘက်မှ အသံများကို စူးစိုက်နားထောင်နေခဲ့သည်။

​အဝေးဆီတွင် ပြန့်ကျဲနေသည့် သေနတ်သံများနှင့် မပီမတ အော်ဟစ်သံများက နီးကပ်လာပြီးနောက် တဖြည်းဖြည်း ပြန်လည် ဝေးကွာသွားကြပြန်သည်။

​သူက ပေါ့ဆရဲခြင်း မရှိချေ။ ဤစစ်မှန်သော သမိုင်းဝင် အချိန်ကာလတွင် စနစ်၏ ကာကွယ်ရေး ယန္တရားမရှိသောကြောင့် အနည်းငယ်မျှ ပေါ့ဆမှုလေးကပင် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ချေသည်။

​ပတ်ဝန်းကျင် အခြေအနေမှာ ယာယီ လုံခြုံသွားပြီဖြစ်ကြောင်း သေချာစေပြီးမှသာ သူက စနစ်ပြတင်းပေါက်ကို သတိထား၍ ဖွင့်လိုက်ရာ မှိုင်းရီနေသည့် ကျင်းထဲတွင် အပြာနုရောင် စခရင်လေး လင်းလက်လာသည်။

​သူက သူ၏ လက်ရှိတည်နေရာကို အမြန်ရှာဖွေလိုက်၏။ ထိုနေရာက မြေပုံပေါ်တွင် ရှာတွေ့ရန်ပင် ခက်ခဲလှသည့် ရွာငယ်လေးတစ်ခုအနီးရှိ **ဒေသ ဖြစ်ပြီး မကြာသေးမီကမှ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားထားခဲ့ပုံရသည်။

​ဩဒိနိတ်များကို မြင်လိုက်ရပြီးနောက် ကျန်းယဲ့၏ မျက်ခုံးများက နက်ရှိုင်းစွာ တွန့်ချိုးသွားရသည်။ "နည်းနည်းတော့ ဝေးနေတယ်..."

​ဤခရီးစဉ်တွင် သူ၏ အကြီးမားဆုံးသော ဆန္ဒက လမ်းပြပေးခဲ့သည့် ထိုပုဂ္ဂိုလ်ကြီးကို ရှာဖွေဖိတ်ခေါ်ရန်ဖြစ်ပြီး အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ကြီးမားလှသော အပြောင်းအလဲများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့်ပေးရန် ဖြစ်သည်။

​သို့သော်လည်း ယခုလက်ရှိ ဤတည်နေရာက ထိုပုဂ္ဂိုလ်ကြီး ရှိနေသည့်နေရာနှင့် မိုင်တစ်ထောင်ကျော် ကွာဝေးနေချေသည်။

​ထိုကြားထဲတွင် ရန်သူများ သိမ်းပိုက်ထားသည့် နယ်မြေများ၊ ပိတ်ဆို့ရေးလမ်းကြောင်းများနှင့် ခန့်မှန်း၍မရနိုင်သော အန္တရာယ်ပေါင်းမြောက်မြားစွာက အထပ်ထပ် တည်ရှိနေသည်။

​"စနစ်... **ဒေသဆီကို သွားဖို့ နှိုင်းယှဉ်ချက်အရ လုံခြုံပြီး မြန်ဆန်တဲ့ လမ်းကြောင်းတစ်ခုကို ရေးဆွဲပေး..."

​ကျန်းယဲ့က မတုံ့ဆိုင်းဘဲ စနစ်အတွင်း ငွေပေးချေမှုစနစ်ကို ချက်ချင်း အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

​ဤအခိုက်အတန့်၌ ကျော်ကြားမှုအမှတ်များနှင့် ငွေကြေးများက အချိန်နှင့် လုံခြုံရေးတို့ထက် အများကြီး ပိုအရေးမကြီးတော့ချေ။

​[လမ်းကြောင်း ရေးဆွဲခြင်းအတွက် ကျော်ကြားမှုအမှတ် ၅၀၀ သို့မဟုတ် တန်ဖိုးတူ ငွေကြေး လိုအပ်ပါသည်။ အတည်ပြုပါသလား...]

​"အတည်ပြုတယ်..."

​နောက်ခဏ၌ သတိထားရမည့် အချက်များနှင့် အန္တရာယ်ရှိသော နေရာများကို အမှတ်အသား ပြုလုပ်ထားသည့် ကွေ့ကောက်နေသော လမ်းကြောင်းမြေပုံတစ်ခုက စခရင်ပေါ်တွင် ချက်ချင်း ထွက်ပေါ်လာသည်။

​ကျန်းယဲ့က ၎င်းကို သေချာမှတ်သားလိုက်ပြီး အနည်းငယ် စိတ်သက်သာရာရသွားမိသည်။

​လူစုဆောင်းရန် အချိန်က ခုနစ်ရက်ပေးထားချေသည်။ ထို့ကြောင့် ဤလမ်းကြောင်းအတိုင်း နေ့ရောညပါ ခရီးဆက်မည်ဆိုပါက ခရီးဆုံးသို့ ရောက်ရှိရန် အချိန်လုံလောက်ပေလိမ့်မည်။

​ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ကျန်းယဲ့က သူ ဤနေရာသို့ လာရခြင်း၏ ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက် နောက်တစ်ခုအကြောင်းကို မေးမြန်းလိုက်ပြန်သည်။

​သူက စနစ်ထံ နောက်ထပ် အမိန့်တစ်ခု ထပ်မံပေးလိုက်၏။

​"ငါ့ရဲ့ အဘိုးတွေ ဖြစ်တဲ့... ကျန်းဒဲဖူ၊ ကျန်းယိုဖူ၊ ကျန်း... သူတို့ရဲ့ လက်ရှိ အခြေအနေကို သိချင်တယ်။ သူတို့ အသက်ရှင်သေးရဲ့လား..."

​[သတ်မှတ်ထားသော လူတစ်ဦး၏ အသက်ရှင်သန်မှု အခြေအနေကို စစ်ဆေးရန်အတွက် ယွမ် ၁၀၀,၀၀၀ သို့မဟုတ် တန်ဖိုးတူ ကျော်ကြားမှုအမှတ် ပေးချေရန် လိုအပ်ပါသည်။ အတည်ပြုပါသလား]

​"အတည်ပြုတယ်" ကျန်းယဲ့က တုံ့ဆိုင်းနေခြင်းမရှိဘဲ ပြန်ဖြေလိုက်၏။

​ထို့နောက် စနစ်က ဧရာမသမိုင်းအချက်အလက် စီးကြောင်းကြီးထဲတွင် ရှာဖွေနေသကဲ့သို့ ခဏတာ ရပ်တန့်သွားလေသည်။

​စက္ကန့်အနည်းငယ် အကြာတွင်တော့ ရလဒ်များက စခရင်ပေါ်၌ ရှင်းလင်းစွာ ထွက်ပေါ်လာခဲ့သည်။

​[ကျန်းဒဲဖူ - အသက်ရှင်လျက်]

[ကျန်းယိုဖူ - အသက်ရှင်လျက်]

[ကျန်းလိုင်ဖူ - အသက်ရှင်လျက်]

[ကျန်းမန်ချန် - အသက်ရှင်လျက်]

[ကျန်းပေါင်ရှန်း - ၁၉၃၇ ခုနှစ် နွေရာသီ၊ XX တိုက်ပွဲတွင် အသက်ပေးလှူသွားခဲ့သည်။]

[ကျန်းဂန်ရှန်း - ၁၉၃၇ ခုနှစ် ဆောင်းဦးရာသီ၊ XX ဖောက်ထွက်ရေး တိုက်ပွဲတွင် အသက်ပေးလှူသွားခဲ့သည်။]

[ကျန်းရွှေရှန်း - အခြေအနေ - ပျောက်ဆုံး။ (၁၉၃၇ ခုနှစ် ဆောင်းဦးရာသီ၊ XX သို့ နေရာပြောင်းရွှေ့စဉ်အတွင်း ကျဆုံးသွားပြီဟု ယူဆရသည်။)]

​စခရင်ပေါ်ရှိ အေးစက်လှသော အသက်ပေးလှူသွားခဲ့သည်ဆိုသည့် စာကြောင်း နှစ်ကြောင်းနှင့် ပျောက်ဆုံးဆိုသည့် စာကြောင်း တစ်ကြောင်းကို မြင်လိုက်ရသည့်အခါ ကျန်းယဲ့၏ နှလုံးသားက မျက်စိဖြင့် မမြင်နိုင်သော လက်တစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ခံလိုက်ရသကဲ့သို့ ရုတ်တရက် ခုန်ပေါက်မှု ရပ်တန့်သွားပြီးနောက် စူးရှစွာ နာကျင်လာတော့သည်။

​ရလဒ်က ဤသို့ဖြစ်လာမည်ကို သူ သိထားပြီးဖြစ်သည်။

​စစ်မြေပြင်ဆိုသည်က ရက်စက်လှ၏။ ကျည်ဆန်များက သင်ဟာ တစ်စုံတစ်ယောက်၏ သားဖြစ်နေလို့ သို့မဟုတ် ညီအစ်ကို ဖြစ်နေလို့ ဆိုပြီး သင့်ကို ချမ်းသာပေးမည် မဟုတ်ချေ။

​သူက ယခင်က အခြားကမ္ဘာမှ ဧည့်သည်တစ်ယောက်အနေဖြင့် အခြေအနေများကို ပြောင်းလဲပစ်ရန် ရည်ရွယ်ချက်ဖြင့် ရိက္ခာအချို့နှင့် သတိပေးချက်များကို ယူဆောင်လာပေးခဲ့သော်လည်း ခေတ်ကြီး၏ ဖိအားပေးမှုအောက်တွင် သူတစ်ဦးတည်း၏ ကြိုးစားအားထုတ်မှုများက ရထားကို တားဆီးရန် ကြိုးစားနေသည့် ပုစဉ်းရင်ကွဲကဲ့သို့ပင် အချည်းနှီး ဖြစ်ခဲ့ရသည်။ သူ ဂရုစိုက်ရသူတိုင်း အသက်ရှင်နိုင်မည်ဟု သူ အာမမခံနိုင်ခဲ့ချေ။

​သူ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီးပြီဟု ထင်ခဲ့မိသည်။

​သို့သော် ထိုသူတို့၏ အတိအကျ နာမည်များ၊ အတိအကျ အချိန်ကာလနှင့် နေရာဒေသတို့က သူ၏ ရှေ့မှောက်တွင် ဤမျှ ရက်စက်စွာ ထွက်ပေါ်လာသည့်အခါ သွေးသားရင်းချာဆက်နွယ်မှု၏ အနက်ရှိုင်းဆုံး နေရာမှ ထွက်ပေါ်လာသည့် ဝမ်းနည်းမှုနှင့် ကူကယ်ရာမဲ့မှုတို့က သူ့ကို တည်ငြိမ်အောင် မနေနိုင်အောင်ပင် ပြုလုပ်သွားတော့သည်။

​သူတို့နှင့် သွေးသားတော်စပ်မှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အသက်ပေးလှူသွားခဲ့သည်ဟူသော စကားလုံးကို မြင်လိုက်ရသည့်အခါ မည်သူကများ တုန်လှုပ်မှု မရှိဘဲ နေနိုင်ပါမည်နည်း။

​ကျင်းအပြင်ဘက်တွင် ယမ်းနံ့များ သယ်ဆောင်လာသည့် လေအေးက တိုက်ခတ်သွားပြီး ခြောက်သွေ့နေသော မြက်ရိုင်းပင်များကို တရှဲရှဲ မြည်စေကာ မြေကမ္ဘာကြီးပေါ်မှ ကျဆုံးသွားကြသည့် သူရဲကောင်းများအားလုံးအတွက် ငိုကြွေးနေသကဲ့သို့ ကြေကွဲဖွယ် အသံများကို ဖန်တီးပေးနေချေသည်။

​အချိန်အတော်ကြာပြီးနောက် ကျန်းယဲ့က ရင်ထဲတွင် ဆူပွက်နေသည့် ခံစားချက်များကို ဖိနှိပ်ထားလိုက်ပြီး မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။

​ထို့နောက် သူက စနစ်ပြတင်းပေါက်ကို ပိတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ထပ်မံစစ်ဆေးလိုက်ကာ ချုံခိုနေသည့် ကျားသစ်တစ်ကောင်ကဲ့သို့ ကျင်းထဲမှနေ၍ အသံမထွက်စေဘဲ ခုန်ထွက်လိုက်သည်။ ထို့နောက် စနစ်မှ ရေးဆွဲပေးထားသည့် လမ်းကြောင်းအတိုင်း ကြီးမားကျယ်ပြန့်ပြီး အန္တရာယ်များလှသော ဆည်းဆာချိန် မှိုင်းရီရီ ညဉ့်ယံထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။

​သူက သူ၏ တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ရမည်။

​ကျန်းယဲ့က စနစ်နေရာလွတ်ထဲမှ ရွေးယူထားသည့် ဟောင်းနွမ်းနေသော ဆိုင်ကယ်တစ်စီးကို စီးနင်းကာ မညီညာသည့် မြေသားလမ်းများနှင့် ဖုံးကွယ်နေသည့် လမ်းသွယ်များကြားတွင် စနစ်မှ ရေးဆွဲပေးထားသည့် လမ်းကြောင်းအတိုင်း ဖြတ်သန်းသွားလာနေခဲ့သည်။

​သူက စိတ်ထဲတွင် တွက်ချက်ကြည့်နေမိသည်။ အဘိုးကျန်းဒဲဖူ၏ တပ်ဖွဲ့ကလည်း အဲ့ဒီပုဂ္ဂိုလ်ကြီး ရှိနေသည့် ယေဘုယျ ဦးတည်ရာဘက်သို့ ရွေ့လျားနေပုံပေါ်သည်။

​လမ်းကြောင်း သင့်တော်မည်ဆိုပါက သူတို့ကိုပါ တစ်ပါတည်း ခေါ်သွားလိုက်ခြင်းက လုံးဝကို သဘာဝကျပေလိမ့်မည်။

​ကျန်းယဲ့တွင် သဘာဝကျစွာပင် သူ၏ ကိုယ်ပိုင် အတ္တဆန်သော ရည်ရွယ်ချက်များ ရှိနေချေသည်။

​သူက အဘိုးဖြစ်သူနှင့်တကွ ဒုတိယအဘိုး၊ ပဉ္စမအဘိုးနှင့် ဆဋ္ဌမအဘိုးတို့အား ရှစ်ဆယ့်ရှစ်နှစ်ကြာပြီးနောက် သူတို့၏ ဇာတိမြေကို မြင်တွေ့ခွင့် ရစေချင်မိသည်။

​သူတို့ အသက်စွန့်၍ ကာကွယ်ခဲ့သည့် မြေကမ္ဘာကြီးက အခု ဘယ်လိုများ ဖြစ်လာပြီလဲဆိုတာကို ကြည့်လိုက်ကြစမ်းပါ.....

​တစ်ချက်လေး မြင်တွေ့လိုက်ရုံဖြင့်ပင် နှလုံးသားကို နှစ်သိမ့်မှု ပေးစွမ်းနိုင်မည် မဟုတ်ပါလော။

​တစ်ရက်နဲ့ တစ်ညတိုင်တိုင် ခရီးဆက်လာပြီးနောက် ကျန်းယဲ့၏ ကျင့်ကြံသူ ခန္ဓာကိုယ်ပင်လျှင် အနည်းငယ် ပင်ပန်းနွမ်းနယ်မှုကို ခံစားလာရသည်။

​** ဟုခေါ်သော မြို့တစ်မြို့၏ ဆင်ခြေဖုံးသို့ ရောက်လာသည့်အခါ စနစ်၏ အချက်ပြချက်များအပေါ် အခြေခံ၍ ထိုဧရိယာက လောလောဆယ်တွင် နှိုင်းယှဉ်ချက်အရ လုံခြုံမှုရှိကြောင်း သူ အတည်ပြုလိုက်သည်။

ထို့နောက် သူ၏ဆိုင်ကယ်ကို သိမ်းဆည်းလိုက်ပြီး အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်ကာ မြို့ထဲသို့ ဝင်ရောက်လာသည့် လူအုပ်ထဲသို့ ရောနှောဝင်ရောက်သွားလိုက်သည်။

​မြို့တွင်းရှိ မြင်ကွင်းက အပြင်ဘက်ထက် အနည်းငယ် ပိုကောင်းသော်လည်း စစ်တွင်းကာလ၏ တင်းမာသောလေထုကိုတော့ ခံစားနေရဆဲပင်။ လမ်းသွားလမ်းလာများက သူတို့၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများဖြင့် လမ်းမများပေါ်၌ ကမန်းကတန်း သွားလာနေကြသည်။

​ကျန်းယဲ့က နှိုင်းယှဉ်ချက်အရ သန့်ရှင်းသပ်ရပ်သည့် အစားအစာ ရောင်းချသည့်ဆိုင်တစ်ဆိုင်ကို ရှာတွေ့သွားပြီး ရေနွေးငွေ့ထနေသည့် ဆန်ပြုတ် တစ်ပန်းကန်နှင့် နှမ်းကပ်မုန့် အချို့ကို မှာယူလိုက်၏။ ထို့နောက် ရိုးရှင်းသော ခုံတန်းလျားတစ်ခုပေါ်တွင် ထိုင်ကာ ရက်အတန်ကြာ ခရီးနှင်လာခဲ့ရသည့် အအေးဒဏ်ကို ဖယ်ရှားပေးသွားသည့် အစားအစာ၏ နွေးထွေးမှုကို ခံစားလိုက်သည်။

​ဗိုက်ပြည့်သွားပြီးနောက် သူက ထိုနေရာ၌ ဆက်မနေတော့ဘဲ မြို့ထဲရှိ အကောင်းဆုံးဟိုတယ်သို့ တိုက်ရိုက် ထွက်လာလိုက်ပြန်သည်။

​အဆင့်မြင့်သည်ဟု ဆိုသော်လည်း တကယ်တမ်း၌ သီးခြားအခန်းများနှင့် အခြေခံ ပရိဘောဂများ ပါဝင်သည့် နှိုင်းယှဉ်ချက်အရ သန့်ရှင်းသပ်ရပ်သည့် နေရာလေးတစ်ခုသာ ဖြစ်၏။

​သို့သော် ယခုအခိုက်အတန့်၌ ကျန်းယဲ့အတွက်မူ ရေနွေးနွေးလေးချိုးပြီး တစ်ညတာ ကောင်းကောင်း အိပ်စက်အနားယူခွင့် ရခြင်းကပင် လုံလောက်နေပေပြီ။

​ခရီးပန်းလာသမျှ ဖုန်မှုန့်များကို သန့်စင်သွားအောင် ရေချိုးလိုက်ပြီး သန့်ရှင်းကာ သက်သောင့်သက်သာရှိသည့် အဝတ်အစားများ လဲလှယ်ဝတ်ဆင်လိုက်သည့်အခါ ကျန်းယဲ့၏ ခန္ဓာကိုယ်က ချက်ချင်း လန်းဆန်းသွားတော့သည်။

​ထို့နောက် သူက ပြတင်းပေါက်ဘက်ရှိ ကုလားထိုင်တွင် ထိုင်လိုက်ပြီး ထိုပုဂ္ဂိုလ်ကြီးနှင့် အဘိုးဖြစ်သူတို့၏ အချိန်ပြည့်တည်နေရာများကို ထပ်မံအတည်ပြုရန်နှင့် မနက်ဖြန် သူတို့နှင့် သွားရောက်တွေ့ဆုံမည့် လမ်းကြောင်းကို ရေးဆွဲရန် စနစ်မျက်နှာပြင်ကို အကျင့်ပါနေသည့်အတိုင်း ဖွင့်လိုက်သည်။

​သို့သော် ပစ်မှတ်ထားသည့် ပုဂ္ဂိုလ်များကို ကိုယ်စားပြုသော အလင်းစက်လေးများက အီလက်ထရောနစ် မြေပုံပေါ်တွင် ရှင်းလင်းစွာ ပေါ်လာသည့်အခါ ကျန်းယဲ့တစ်ယောက် မှင်တက်သွားပြီး သူ၏ မျက်လုံးများကို မသိစိတ်အရ ပွတ်သပ်လိုက်မိသည်။

​ထိုပုဂ္ဂိုလ်ကြီးကို ကိုယ်စားပြုသည့် အလင်းစက်လေးက သူ မျှော်လင့်ထားသကဲ့သို့ ငြိမ်သက်မနေဘဲ ရွေ့လျားနေပြီး သူတို့ ရွေ့လျားနေသည့် ဦးတည်ရာက... သူ၏ လက်ရှိတည်နေရာဘက်သို့ ရှင်းလင်းစွာ ဦးတည်နေခြင်းပင်။

​သူ့ကို ပိုပြီး အံ့ဩသွားစေတာက အဘိုးကျန်းဒဲဖူနှင့် သူ၏ အဖွဲ့သားများကို ကိုယ်စားပြုသည့် အလင်းစက်လေးများကလည်း ရွေ့လျားနေပြီး မျဉ်းဖြောင့်အကွာအဝေးအရဆိုလျှင် ထိုပုဂ္ဂိုလ်ကြီး၏ အဖွဲ့နှင့် သိပ်မဝေးလှဘဲ တူညီသည့် ဧရိယာတစ်ခုတည်းတွင် လှုပ်ရှားနေပုံရသည်။

​"ဒါက..." ကျန်းယဲ့၏ နှလုံးသားက လှုပ်ရှားသွားပြီး မြေပုံကို ချုံ့လိုက်ကာ ပိုမိုကျယ်ပြန့်သည့် ဒေသဆိုင်ရာ မြေပြင်အနေအထားကို ကြည့်ရှုရန် သူ၏ လက်ချောင်းများဖြင့် စခရင်ပေါ်တွင် အမြန်ပွတ်ဆွဲလိုက်သည်။

​သူ၏ အကြည့်က အချက်အချာကျသည့် မြို့တစ်မြို့၏ နာမည်ပေါ်သို့ ကျရောက်သွားသည့်အခါ မျက်ခုံးများက အလိုအလျောက် အနည်းငယ် ပင့်တက်သွားပြီး နားလည်သဘောပေါက်သွားမှုနှင့် မျှော်လင့်စောင့်စားမှုတို့ ပါဝင်နေသည့် အပြုံးတစ်ခု ထွက်ပေါ်လာရသည်။

​"**" သူက နာမည်ကို ရေရွတ်လိုက်၏။ "သူတို့က အဲ့ဒီမှာ သွားဆုံကြတော့မှာများလား"

(NT- မူရင်းမှာလဲ အတိကျမပါဘူးနော် နာမည်နဲ့ ဒေသတွေက)

​တကယ်လို့ အဲ့ဒီလိုသာဆိုရင် သူ မူလက ရေးဆွဲထားသည့် ရှည်လျားလှသော ခရီးစဉ်ကြီးက အတော်လေး တိုတောင်းသွားလိမ့်မည်ဖြစ်၏။

​သူက ** မြို့သို့ ကြိုတင်ရောက်ရှိနေရန်နှင့် အစီအစဉ်များ ချမှတ်ထားရန်သာ လိုအပ်ပြီး ထို့နောက်တွင် ယုန်ပြေးလာပြီး သစ်ငုတ်တိုကို ဝင်တိုက်မည်ကို စောင့်နေရုံဖြင့် ထိုပုဂ္ဂိုလ်ကြီးကို ရှာဖွေခြင်းနှင့် အဘိုးဖြစ်သူတို့နှင့် ပြန်လည်ဆုံတွေ့ခြင်းဟူသည့် ရည်ရွယ်ချက် နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း အောင်မြင်နိုင်ပြီဖြစ်သည်။

​ထိုသို့တွေးမိသည့်အခါ ကျန်းယဲ့က ခွန်အားများ ပြည့်ဝလာသလို ခံစားလိုက်ရပြီး ရက်အတန်ကြာ ခရီးနှင်လာခဲ့ရသည့် ပင်ပန်းနွမ်းနယ်မှုများလည်း လုံးဝ ပျောက်ကွယ်သွားရတော့သည်။

​ထို့နောက် သူက ချက်ချင်း ကိုယ်ကိုကိုင်းလိုက်ပြီး ** မြို့မှနေ၍ ** မြို့သို့ သွားမည့် အကောင်းဆုံး လမ်းကြောင်းကို သေချာစွာ စတင်လေ့လာလိုက်ပြန်သည်။

​သမိုင်း၏ လမ်းကြောင်းက သူ့ကိုရော၊ သူ ရှာဖွေနေသည့် ထိုပုဂ္ဂိုလ်ကြီးကိုပါ ဆန်းကြယ်လှသော နည်းလမ်းတစ်ခုဖြင့် တူညီသည့် လမ်းဆုံလမ်းခွ တစ်ခုဆီသို့ ဆွဲခေါ်သွားနေသကဲ့သို့ပင်။

အခန်း ၄၉၀ပြီး၏။

All Chapters