အခန်း ၅၄၂
Vol. 55 Ch. 542
အခန်း (၅၄၂) - ရည်မှန်းချက် အမှတ်တစ်သောင်း
ကျောက်စိမ်းအိုးနယ်မြေအတွင်း ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်မှာ အနှစ်နှစ်ဆယ်တိုင်တိုင် ဆွဲဆန့်လာခဲ့ပြီ ဖြစ်သည်။ အတောမသတ်နိုင်သော တိုက်ပွဲများသည် ထိုဒေသတစ်ခွင်တွင် လှိုင်းလုံးများကဲ့သို့ တစ်လုံးပြီးတစ်လုံး ရိုက်ခတ်လှုပ်ရှားနေခဲ့၏။ ပြောက်ကျားစစ်ပွဲများမှ မြို့သိမ်းတိုက်ပွဲများအထိ၊ ကြားဖြတ်တိုက်ပွဲများမှ အလုံးအရင်းထိုးစစ်ဆင်မှုများအထိ စစ်မီးများ တောက်လောင်ခဲ့ပြီးနောက်၊ နောက်ဆုံးတွင် စစ်ရေးအရှိန်အဝါအားလုံးသည် မိုးကြိုးတောင်တန်းဟု အမည်တွင်သည့် စစ်တလင်းဆီသို့ စုဆုံဦးတည်လာခဲ့ကြပေတော့သည်။
လော့ချန်သည် ဤပြည်တွင်းစစ်နှင့် ပတ်သက်၍ အတော်များများ သိရှိနားလည်ထားသူ ဖြစ်သည်။ သူသည် သတင်းအချက်အလက်များကို အသေးစိတ် စုဆောင်းရန်အတွက် လော့ထျန်းအဖွဲ့၏ လော့ဝမ်ကျင့်ကြံသူများကိုပင် စေလွှတ်ခဲ့သေး၏။ သတင်းအမှန် ဖြစ်စေ၊ အခြေအမြစ်မရှိသော ကောလာဟလ ဖြစ်စေ သူ အကုန်အစင် သိရှိလိုခဲ့သည်။ သူသည် စစ်ပွဲကို အကြိမ်ကြိမ် ဆန်းစစ်သုံးသပ်ခဲ့ပြီး၊ ပဋိပက္ခ၏ ဇစ်မြစ်များကို ရှာဖွေကာ ဤစစ်ပွဲကြီး မည်သည့်အချိန်တွင် အဆုံးသတ်နိုင်မည်နည်းဟု အမြဲပင် စူးစမ်းတွေးတောနေခဲ့သည်။
အမြင်နှင့် အမြော်အမြင်အပိုင်းတွင်မူ လော့ချန်သည် အင်အားကြီးဂိုဏ်းများမှ ရွှေအမြုတေအဆင့် အကြီးအကဲများနှင့် လျှို့ဝှက်ဆန်းကြယ်လှသော ဝိညာဉ်သန္ဓေတည်အဆင့် နှစ်ဦးတို့မှလွဲ၍ ဤစစ်ပွဲ၏အခြေအနေကို သူ့ထက် ပိုမိုနားလည်နိုင်သူ မည်သူမျှမရှိဟု ယုံကြည်ထားပေသည်။ သူ၏ အခြေအနေအပေါ် သုံးသပ်နိုင်စွမ်းမှာ အခြားဂိုဏ်းဝင်တပည့်များ၊ လက်အောက်ခံအဖွဲ့အစည်းများနှင့် အဆင့်မြင့် တစ်ကိုယ်တော်ကျင့်ကြံသူများထက် များစွာ သာလွန်လွန်းလှသည်။
သို့သော်လည်း စစ်ပွဲအကြောင်း ပိုမိုနားလည်လေလေ၊ တစ်ခုခု လွဲချော်နေသည်ဟု သူ ခံစားရလေလေ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဤစစ်ပွဲကြီးသည် စစ်တိုက်သင့်သည့် ပုံစံမျိုး လုံးဝဖြစ်မနေသောကြောင့်ပင်။ သူ၏ အတွေ့အကြုံအရဆိုလျှင် တစ်ဖက်က အင်အားကြီးပြီး တစ်ဖက်က အားနည်းနေပါက အကောင်းဆုံးနည်းဗျူဟာမှာ လျင်မြန်ပြတ်သားစွာ တိုက်ခိုက်ပြီး အမြန်ဆုံး အောင်ပွဲခံရန်သာ ဖြစ်သည်။ အကယ်၍ မိုးကြိုးတစ်ချက်ပစ်လိုက်သကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုတည်းဖြင့် တိုက်ပွဲကို အဆုံးသတ်နိုင်ခဲ့ပါက (ဥပမာ- လော့ထျန်းအဖွဲ့က ဖူမျိုးနွယ်စုနှင့် တွမ်မျိုးနွယ်စုကို အပြတ်ရှင်းခဲ့စဉ်ကကဲ့သို့) ထိုနည်းလမ်းသည်သာ အမှန်ကန်ဆုံးနှင့် အထိရောက်ဆုံး ဖြစ်ပေလိမ့်မည်။ ၎င်းမှာ ပြတ်သားပြီး စွမ်းဆောင်ရည်မြင့်မားလှကာ အင်အားကိုလည်း တစ်ပါတည်း ချွေတာနိုင်သည် မဟုတ်ပါလော။
စစ်ပွဲတစ်ခုကို ဆယ်စုနှစ်နှစ်ခုတိုင် ဆွဲဆန့်ထားခြင်းမှာ လုံးဝ ရူးသွပ်စရာပင် ဖြစ်၏။ အကယ်၍ နှစ်ဖက်စလုံး အင်အားချင်း မျှနေပါက ယုတ္တိရှိသော ရလဒ်နှစ်ခုသာ ရှိပေလိမ့်မည်။ တစ်ခုမှာ စားပွဲဝိုင်းတွင် ထိုင်၍ ဆွေးနွေးညှိနှိုင်းခြင်း သို့မဟုတ် အရှည်ကြာဆုံး စစ်ပွဲအဖြစ် အပြန်အလှန် အင်အားပြုန်းအောင်လုပ်ခြင်းတို့ပင် ဖြစ်သည်။
ပထမရွေးချယ်စရာမှာ လုံးဝမဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ဤစစ်ပွဲမှာ စတုတ္ထအဆင့် ဝိညာဉ်ကြောအား စိုးမိုးထိန်းချုပ်ရန် ဖြစ်ပြီး၊ ထိုနယ်မြေသည် သူတော်စင်များ ကျင့်ကြံရန်အတွက် မရှိမဖြစ် လိုအပ်သောကြောင့် ဖြစ်၏။ ထို့ကြောင့် မည်သည့်ဆွေးနွေးပွဲမဆို မလွဲမသွေ ပျက်ပြားသွားမည်သာ ဖြစ်၏။ ထိုအခါ ဒုတိယလမ်းစဉ်ဖြစ်သော အင်အားပြုန်းတီးရေး စစ်ပွဲကြီး ဖြစ်လာပေတော့သည်။ အပေါ်ယံကြည့်လျှင် လက်ရှိဖြစ်ပျက်နေသည်မှာ ထိုအတိုင်းပင် ဖြစ်နေ၏။
သို့သော် လော့ချန်သည် တစ်ခုခု လွဲမှားနေသည်ဟူသော ခံစားချက်ကို လုံးဝဖျောက်ဖျက်၍ မရနိုင်သေးပေ။ စစ်မှန်သော အင်အားပြုန်းတီးရေးစစ်ပွဲတစ်ခုသည် အနည်းဆုံးတော့ အဓိကကျသော ပန်းတိုင်များနှင့် အရင်းအမြစ်များကို လုယူနိုင်ရန် အာရုံစိုက်သင့်သည် မဟုတ်ပါလော။ စတုတ္ထအဆင့် ဝိညာဉ်သတ္တုတွင်း တည်ရှိရာ မိုးကြိုးတောင်တန်းသည် ထိုသတ်မှတ်ချက်နှင့် ကိုက်ညီသည်ဟု ဆိုနိုင်သော်လည်း၊ ဤကဲ့သို့သော အဖိုးတန်နယ်မြေကို ပိုမို သိမ်မွေ့နူးညံ့သောနည်းလမ်းများဖြင့် ယှဉ်ပြိုင်လုယူနိုင်သေးသည်။
သူတို့သည် အဓိကကျသော တပည့်ရင်းများအကြား တစ်ကိုယ်တော် စိန်ခေါ်ပွဲများ သို့မဟုတ် ရွှေအမြုတေအဆင့် ကျင့်ကြံသူများအကြား ကြီးမားသော တိုက်ပွဲများဖြင့် အဆုံးအဖြတ် ပေးနိုင်ခဲ့ကြသည်။ အလွန်ဆုံးရှိလျှင် ဝိညာဉ်သန္ဓေတည်အဆင့် သူတော်စင် နှစ်ပါးကိုယ်တိုင် ထိပ်တိုက်ရင်ဆိုင်ပြီး အနိုင်အရှုံးကို တိုက်ရိုက်ဆုံးဖြတ်နိုင်သည်။ ထိုအရာများအတွက် ဤမျှ အရင်းအမြစ်များစွာ ပြုန်းတီးစေသော စစ်ပွဲကြီးကို ဖန်တီးနေရန် လုံးဝမလိုအပ်ချေ။
သူတော်စင်တစ်ပါးအဖို့မူ မိုးကြိုးတောင်တန်း ဆိုသည်မှာ ပြောပလောက်သော နေရာတစ်ခု မဟုတ်ပေ။ အကယ်၍ တိမ်ပြိုဂိုဏ်းသာ ထိုစတုတ္ထအဆင့် ဝိညာဉ်ကြောကို အမှန်တကယ် လိုချင်ပါက၊ သူတို့သည် ကျောက်စိမ်းအိုးဓားဂိုဏ်း၏ ဗဟိုချက်မအရပ်ဆီသို့ တိုက်ရိုက် စစ်ဦးလှည့်သင့်ပေသည်။ သူတို့၏ လက်အောက်ခံအဖွဲ့များကို အသုံးပြု၍ ဓားဂိုဏ်း၏ အင်အားကို ဖြုန်းတီးစေချင်လျှင်ပင် စစ်မြေပြင်သည် ဗဟိုချက်မဒေသတွင်သာ ရှိသင့်ပြီး၊ ယခုကဲ့သို့ မိုင်ပေါင်းသောင်းချီ ဝေးကွာလှသော နယ်စပ်ဒေသ မဖြစ်သင့်ပေ။ ဤကဲ့သို့သော စစ်ရေးဗျူဟာမှာ လုံးဝ အဓိပ္ပာယ်မဲ့လွန်းလှသည်။
ယခုစစ်ပွဲ၏ တစ်ခုတည်းသော သက်ရောက်မှုမှာ ဆေးလုံးစိမ်းချိုင့်ဝှမ်း၊ အိုက်လောင်တောင်၊ ရေခဲခံတပ်၊ မီးလျှံမဟာမိတ်နှင့် ကျောက်စိမ်းအိုးဓားဂိုဏ်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများကို တဖြည်းဖြည်း အင်အားချည့်နဲ့သွားစေခြင်းသာ ဖြစ်သည်။ ထို့ပြင် အမြောက်စာအဖြစ် အသုံးချခံနေရသော မရေမတွက်နိုင်သည့် တစ်ကိုယ်တော်ကျင့်ကြံသူများ ရှိနေသေးပြီး၊ ထိုသူများထဲတွင် အတော်များများမှာ ထိပ်တန်းအဆင့်များ ဖြစ်ကြ၏။ လော့ချန် ပိုမိုတွေးတောမိလေလေ၊ ဤနှစ်ရှည်လများ ဆွဲဆန့်ထားသော အင်အားပြုန်းတီးရေးစစ်ပွဲ၏ စစ်မှန်သော ရည်ရွယ်ချက်မှာ ဝိညာဉ်သန္ဓေတည်အဆင့်ရှိသော ဂိုဏ်းကြီးနှစ်ခုမှလွဲ၍ ကျောက်စိမ်းအိုးနယ်မြေအတွင်းရှိ အခြားအင်အားစုအားလုံးကို အမြစ်ပြတ်ချေမှုန်းရန် ဖြစ်နေသည်ဟု သူ ပိုမိုယုံကြည်လာမိတော့သည်။
ဆေးလုံးစိမ်းချိုင့်ဝှမ်းသည် လူအင်အား အများဆုံး ဖြစ်သော်လည်း သူတို့၏ တပည့်များမှာ တိုက်ခိုက်ရေးစွမ်းရည် အားနည်းကြသည်။ ထောင်ဝမ် ကဲ့သို့သော ပါရမီရှင်များမှလွဲ၍ အခြားသူများသည် အခြားဂိုဏ်းမှ တပည့်များကို ယှဉ်နိုင်စွမ်း မရှိကြချေ။ ရေခဲခံတပ်တွင်မူ လက်အောက်ခံအင်အားစု အလွန်နည်းပါးလှသည်။ ရှေ့တန်းစစ်မျက်နှာတွင် အင်အားပြုန်းတီးမှု များလွန်းလှသဖြင့် ဂိုဏ်း၏ အဓိကတပည့်များကိုပင် စစ်မြေပြင်သို့ အတင်းအကျပ် စေလွှတ်နေရပြီ ဖြစ်သည်။ အိုက်လောင်တောင်၏ အဓိကအင်အားစုမှာမူ ရွှံ့နွံဒေသတွင် ပိတ်မိနေပြီး အထိအခိုက် များပြားလျက်ရှိရာ၊ သူတို့၏ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် ကျဆုံးခဲ့ရဖူးသည်။ ဓားဂိုဏ်း၏ အနေအထားတွင်မူ သူတို့၏ ထိပ်တန်းလက်အောက်ခံအဖွဲ့အစည်း သုံးခုမှာ အားနည်းလွန်းသဖြင့် အရိပ်တစ်ခုမျှသာ ကျန်တော့သည်။ ကောင်းကင်ဓားဂိုဏ်း၏ ရွှေအမြုတေအဆင့် ခေါင်းဆောင်ရှိနေသေးသော်လည်း သူတို့၏ အခြေတည်အဆင့် အများစုမှာ သေကျေပျက်စီးခဲ့ရပြီ ဖြစ်သည်။ မီးလျှံမဟာမိတ်၏ အခြေအနေမှာလည်း မကောင်းလှပေ။ ထိုရွှံ့နွံဒေသကြောင့်ပင် အင်အားများ ဆုံးရှုံးခဲ့ရပြီး ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ကျဆုံးခဲ့ရပြန်သည်။
ယခုအခါ ဂိုဏ်းကြီးများကိုယ်တိုင် စစ်မြေပြင်သို့ ဝင်ရောက်လာကြပြီ ဖြစ်သည်။ လက်အောက်ခံအဖွဲ့အစည်းများ၏ အင်အားနှင့် မလုံလောက်တော့ပေ။ သို့သော် ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းကြီးနှစ်ခုမှာမူ မည်သို့ရှိသနည်း။ တိမ်ပြိုဂိုဏ်းသည် ရုပ်သေးရုပ်များကို ထိန်းချုပ်နိုင်သော တပည့်များကိုသာ စေလွှတ်တိုက်ခိုက်စေသည်။ အကယ်၍ တိုက်ပွဲရှုံးပါက ရုပ်သေးရုပ်ကို စွန့်ပစ်ကာ ချက်ချင်း ဆုတ်ခွာသွားကြရုံသာ ဖြစ်၏။ တစ်ဖက်တွင်လည်း ကျောက်စိမ်းအိုးဓားဂိုဏ်းသည် သူတို့၏ အဓိကတပည့်ရင်းများကို စစ်မြေပြင်သို့ လုံးဝစေလွှတ်ခြင်း မရှိသလောက်ပင်။ လွန်ခဲ့သော နှစ်ရက်လုံးလုံး အမဲလိုက်တိုက်ခိုက်ခဲ့စဉ်အတွင်း လော့ချန်နှင့် ချူခွေးတို့သည် ထိုဂိုဏ်းမှ အခြေတည်နှောင်းပိုင်းအဆင့်ရှိသော တပည့်ရင်းတစ်ဦးတည်းကိုသာ ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် ထိုဝိညာဉ်သန္ဓေတည်ဂိုဏ်းကြီးနှစ်ခုလုံးသည် သူတို့၏ အဓိကအင်အားစုများကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထိန်းသိမ်းထားကြကြောင်း ထင်ရှားလှပေသည်။
လော့ချန် မျက်ခုံးများကို အသာပင့်လိုက်ရင်း
"ဒီအခြေအနေက ငါ အရင်က မြင်တွေ့ခဲ့ဖူးတဲ့ တခြားစစ်ပွဲတစ်ခုနဲ့ တူနေတယ်.... မီးခိုးမထွက်တဲ့ စစ်ပွဲမျိုးပေါ့"
သူ တစ်ကိုယ်တည်း ရေရွတ်ရင်း လော့ထျန်းအဖွဲ့ကြီးတစ်ခုလုံးကို ထျန်းလန်နတ်ဘုရားမြို့တော်သို့ အလုံးအရင်းနှင့် ရွှေ့ပြောင်းခဲ့စဉ်က အချိန်များကို ပြန်လည်အမှတ်ရမိသွားသည်။ ထိုစဉ်က လော့ထျန်းအဖွဲ့နှင့် နဂါးတောင်ရိုးမှ ကျန်းမျိုးနွယ်စုတို့သည် ထျန်းလန်နတ်ဘုရားမြို့တော်၏ ဆေးလုံးဈေးကွက်ကို စိုးမိုးရန်အတွက် ပြင်းထန်လှသော ကုန်သွယ်ရေးစစ်ပွဲကြီးကို ဆင်နွှဲခဲ့ကြဖူးသည်။ ထိုစီးပွားရေးတိုက်ပွဲမှာ အလွန်ပြင်းထန်ဆန်းကြယ်ပြီး ရှည်လျားလှကာ နှစ်ဖက်စလုံး၏ အင်အားများကို ကုန်ခမ်းစေခဲ့သည်ဟု ထင်ရသော်လည်း၊ နောက်ဆုံးတွင် နှစ်ဖက်စလုံးမှာ ဝင်ငွေများစွာဖြင့် အောင်ပွဲခံနိုင်ခဲ့ကြသည်။ ၎င်းမှာ နှစ်ဖက်စလုံးအတွက် အောင်မြင်မှု ဖြစ်ခဲ့သည်။ သို့ဆိုလျှင် မည်သူက ရှုံးနိမ့်သွားခဲ့သနည်း။
တန်ယွမ်ဂိုဏ်း ရှုံးနိမ့်သွားခဲ့သည်။ ချင်းဟွာမြစ်မှ လီမျိုးနွယ်စုနှင့် ဟူမျိုးနွယ်စုတို့လည်း ဆုံးရှုံးမှုကြီးစွာ ကြုံခဲ့ရသည်။ ထိပ်တန်းအင်အားစုကြီးများ ထိပ်တိုက်ရင်ဆိုင်ကြသည့်အခါ အောက်ခြေရှိ အင်အားစုငယ်လေးများသာ အမြဲတမ်း ပေးဆပ်ကြရစမြဲ ဖြစ်၏။ ယခုအခါတွင်လည်း ထိုအခြေအနေမျိုး ပြန်လည်ဖြစ်ပျက်နေသည် မဟုတ်ပါလော။ ဂိုဏ်းကြီးနှစ်ခုက စစ်ပွဲဖန်တီးပြီး၊ ကျောက်စိမ်းအိုးနယ်မြေအတွင်းရှိ အခြားသူများအားလုံးက ထိုစစ်ဘေးဒဏ်ကို ခါးသီးစွာ ခံစားနေကြရသည်။
လော့ချန် ရေးရေးမျှ မှတ်မိနေသေးသည်မှာ၊ သူ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ တပည့်ရွေးချယ်ပွဲသို့ ပထမဆုံး ရောက်ရှိစဉ်က ထောင်ရိရှန်းသည် သူတို့ဂိုဏ်း၏ အင်အားနှင့် ကျင့်ကြံသူဦးရေ မည်မျှများပြားကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုခဲ့ဖူးသည်။ ချီသန့်စင်အဆင့် ကျင့်ကြံသူ သောင်းနှင့်ချီ၍ ရှိပြီး၊ အခြေတည်အဆင့် ကျင့်ကြံသူ တစ်ထောင်ကျော်နှင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ဆယ့်ငါးဦးအထိ ရှိကြောင်း ဆိုခဲ့ဖူး၏။
ထိုပမာဏမှာ ဆေးလုံးစိမ်းချိုင့်ဝှမ်းတစ်ခုတည်းသာ ဖြစ်သည်။ သို့ဆိုလျှင် ရေခဲခံတပ်၊ မီးလျှံမဟာမိတ်နှင့် အိုက်လောင်တောင်တို့တွင် မည်မျှရှိပေလိမ့်မည်နည်း။ တပည့်အနည်းငယ်သာရှိပြီး ရွှေအမြုတေအဆင့် အကြီးအကဲ သုံးဦးသာရှိသော ဘုရင်မပန်းဂိုဏ်းမှလွဲ၍ ကျန်ရှိသော ဂိုဏ်းလေးခုတွင် ကျင့်ကြံသူ ပမာဏမှာ အလွန်တရာ များပြားလွန်းလှသည်။ ထို့ပြင် ကျောက်စိမ်းအိုးနယ်မြေသည် အရင်းအမြစ်နှင့် ချီစွမ်းအင် ကြွယ်ဝလှသော ဝမ်တောင်တန်းကြီးနှင့် နယ်နိမိတ်ချင်း ထိစပ်နေပေသည်။ ထို့ကြောင့်ပင် တစ်ကိုယ်တော်ကျင့်ကြံသူများအကြား၌ပင် အခြေတည်အဆင့် ကျင့်ကြံသူများမှာ တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိပ်တန်းနတ်ဘုရားမြို့တော်ကြီး ဆယ်ခုအတွင်း၌လည်း မရေမတွက်နိုင်သော ဒုတိယတန်းစားနှင့် တတိယတန်းစား အင်အားစုများစွာ အခြေချ စိုးမိုးထားနိုင်ခဲ့ကြသည်။ အမှန်စင်စစ် လွန်ခဲ့သောနှစ်များအတွင်းက ရွှေအမြုတေအဆင့်ကျင့်ကြံသူများ ရှိသော ပထမတန်းစား အင်အားစုများပင် သိသိသာသာ ပေါ်ထွက်လာခဲ့သေးသည် မဟုတ်ပါလော။
သို့ဆိုလျှင် နယ်မြေတစ်ခုတည်းက ဤမျှများပြားလှသော ကျင့်ကြံသူများကို အမှန်တကယ် ထောက်ပံ့ပေးနိုင်ပါမည်လော။ အဖြေမှာ ရနိုင်သည် ဟု ဆိုနိုင်သော်လည်း၊ အကယ်၍ ထိုအင်အားစုငယ်များနှင့် တစ်ကိုယ်တော်ကျင့်ကြံသူများအားလုံးကို ထောက်ပံ့နေရပါက ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းကြီးနှစ်ခုလုံးအတွက် လုံလောက်သော အရင်းအမြစ်များ ရှိတော့မည်မဟုတ်ပေ။ တစ်ချိန်က အင်အားကြီးမားခဲ့သော ကျောက်စိမ်းအိုးဓားဂိုဏ်းပင်လျှင် အရင်းအမြစ်ရှားပါးမှုဒဏ်ကြောင့် သူတို့၏ ရည်မှန်းချက်များကို လျှော့ချခဲ့ရဖူးသည်။ သို့သော် အကယ်၍ ဤစစ်ပွဲကြီးမှတစ်ဆင့် ထိုအင်အားစုအများစုကို လုံးဝအမြစ်ပြတ် သုတ်သင်ရှင်းလင်းနိုင်ခဲ့ပါက နယ်မြေချဲ့ထွင်ရန်အတွက် နေရာလွတ်များနှင့် အရင်းအမြစ်များစွာ ပေါ်ထွက်လာမည် မဟုတ်ပါလော။
ဤကဲ့သို့သော ကောက်ချက်ကိုချပြီးနောက် လော့ချန်၏ ဦးရေပြားတစ်ခုလုံး စိမ့်ကနဲ အေးသွားတော့သည်။ ကျောက်စိမ်းအိုးကဲ့သို့ ကျယ်ပြောလှသော နယ်မြေကြီးသည် ဤမျှများပြားလှသော ဂိုဏ်းငယ်များကို ထောက်ပံ့ရန် မတတ်နိုင်သော်လည်း၊ ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းကြီးနှစ်ခုကိုမူ အလွယ်တကူ ထောက်ပံ့ပေးနိုင်ပေသည်။ အကယ်၍ အခြားဂိုဏ်းကြီးငါးခု ပျက်စီးသွားပြီး တစ်ကိုယ်တော်ကျင့်ကြံသူများ၏ လောကမှာလည်း အခွံမျှသာ ကျန်တော့မည်ဆိုပါက ထိုနယ်မြေ၏ အရင်းအမြစ်များမှာ ဂိုဏ်းကြီးနှစ်ခုအတွက် ပိုလျှံနေပေလိမ့်မည်။ နောက်ဆုံးတွင် ကျောက်စိမ်းအိုးဓားဂိုဏ်းနှင့် တိမ်ပြိုဂိုဏ်းတို့သည် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော ရှေးဟောင်းဂိုဏ်းကြီးများ မဟုတ်ကြဘဲ၊ တစ်ဦးစီတွင် သူတော်စင်တစ်ပါးစီသာ ရှိကြသဖြင့် သူတို့၏ လိုအပ်ချက်မှာ အခြားနယ်မြေကြီးများမှ ဂိုဏ်းကြီးများကဲ့သို့ မြင့်မားလွန်းလှသည်မဟုတ်ပေ။
ဤအတွေးများအားလုံး တစ်ထပ်တည်းကျသွားသောအခါ လော့ချန်သည် စစ်မြေပြင်၏ နောက်ကွယ်မှ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ခဲ့ပြီဟု ခံစားလိုက်ရသည်။ သို့သော်လည်း သူ့ရင်ထဲတွင် မေးခွန်းအချို့ ရှိနေဆဲပင်။ အခြားဂိုဏ်းကြီးလေးခုမှ ခေါင်းဆောင်များသည် တကယ့်ကို ထုံအ၊ ဖျင်းအ၊ တုံးအလှသူများ ဖြစ်ကြပါသလော။
ဤကမ္ဘာသို့ ကူးပြောင်းလာပြီးကတည်းက လော့ချန်သည် ထိပ်တန်းကျင့်ကြံသူများအကြားတွင် လူအူတူတူ လူအ တစ်ယောက်မျှပင် မတွေ့ဖူးခဲ့ချေ။ ကူးပြောင်းလာသူတစ်ဦး၏ ခေတ်မီအမြင်နှင့် အသိပညာများမှာ တောင်ပင်လယ်လောက၏ မရေမတွက်နိုင်သော ရှည်လျားလှသည့် သမိုင်းကြောင်းကြီးများရှေ့တွင် အထင်ကြီးစရာ မဟုတ်ပေ။
ထိုဂိုဏ်းကြီးလေးခုတွင်လည်း သူ့ထက် ပိုမိုထက်မြက်သော ဦးနှောက်ရှိသူများ မလွဲမသွေ ရှိနေပေလိမ့်မည်။ သူတို့၏ သတင်းကွန်ရက်မှာလည်း လော့ထျန်းအဖွဲ့ထက် များစွာ ပိုမိုအားကောင်းလှသည်။ သို့ဆိုလျှင် သူ မြင်တွေ့ခဲ့ရသော အမှန်တရားကို သူတို့ မမြင်ဘဲ နေပါမည်လော။ သို့မဟုတ် သူတို့က အမှန်တရားကို သိရှိသော်လည်း ဤလမ်းစဉ်အတိုင်း လျှောက်လှမ်းရန် အတင်းအကျပ် ဖိအားပေးခံခဲ့ရခြင်းလော။ အကယ်၍ ထိုသို့ဆိုလျှင် ၎င်းမှာ အကျိုးအမြတ်အတွက်လော၊ ကတ်သီးကတ်သတ် ကလဲ့စားချေလိုစိတ်ကြောင့်လော၊ သို့မဟုတ် တစ်ချိန်က လော့ထျန်းအဖွဲ့သည် ကရုဏာမဲ့နတ်သမီး၏ ခြိမ်းခြောက်မှုကို ခံခဲ့ရသကဲ့သို့ပင် သူတို့သည်လည်း သူတော်စင်တစ်ပါး၏ ပြင်းထန်လှသော ဖိအားပေးမှုအောက်တွင် နာခံခဲ့ရခြင်းလော။
၎င်းမှာ ဖြစ်နိုင်ခြေတစ်ခုဖြစ်သော်လည်း လော့ချန်ကို ပိုမိုပူပန်စေသော အချက်တစ်ချက် ရှိနေသေးသည်။ အကယ်၍ အခြားအင်အားစုအားလုံးကို နှိမ်နင်း သုတ်သင်နိုင်ခဲ့လျှင်ပင် ကျောက်စိမ်းအိုးနယ်မြေတစ်ခုလုံးတွင် စတုတ္ထအဆင့် ဝိညာဉ်ကြောဟူ၍ ကျောက်စိမ်းဧကရာဇ်တောင်တန်း တစ်ခုတည်းသာ ရှိပေသည်။ ဓားဂိုဏ်း၏ သူတော်စင်သည် ထိုအဖိုးတန်နယ်မြေကို တိမ်ပြိုဂိုဏ်း၏ ဘိုဘေး ဟန်ကျန်းနှင့် လက်ဝါးချင်းရိုက် မျှဝေသုံးစွဲလိမ့်မည်ဟု သူ လုံးဝမယုံကြည်ချေ။ သို့ဆိုလျှင် ထိုသူတော်စင်နှစ်ပါးတို့ကြားတွင် မည်ကဲ့သို့သော သဘောတူညီချက်များ ရှိနေကြပါသနည်း။ ဤမျှ အောက်ခြေအင်အားစုများစွာကို စတေးရသော စစ်ပွဲကြီးကို သဘောတူလက်ခံရန်အတွက် မည်ကဲ့သို့သော ကမ်းလှမ်းမှုများဖြင့် အပေးအယူ လုပ်ခဲ့ကြပါသနည်း။
လော့ချန်၏ အတွေးများ ရုတ်တရက် ရပ်တန့်သွား၏။
‘ဟုတ်ပါ့မလား....’
သူ့ရင်ထဲတွင် ရုတ်တရက် တုန်လှုပ်မှုတစ်ခု ခံစားလိုက်ရပြီး၊ ခေါင်းထဲသို့ အတိတ်မှ မှတ်ဉာဏ်တစ်ခု တဖြည်းဖြည်း ပြန်လည်ပေါ်ထွက်လာခဲ့သည်။ ၎င်းမှာ စိမ်းလန်းစိုပြည်လှသော တောင်တန်းကြီးများဖြစ်ပြီး ချီစွမ်းအင်များ လှိုင်းတံပိုးကဲ့သို့ ထွက်ပေါ်နေကာ ကျင့်ကြံရန်အတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်သည်။
"ကျောက်စိမ်းအိုးနယ်မြေမှာ စတုတ္ထအဆင့် ဝိညာဉ်ကြောတစ်ခုတည်း ရှိတာမဟုတ်ဘူး.... အပြည့်အဝ အသက်မသွင်းရသေးတဲ့ နောက်ထပ်နယ်မြေတစ်ခု ရှိသေးတယ်၊ အဲဒါက ဆေးလုံးစိမ်းချိုင့်ဝှမ်းပဲ"
ထိုမှတ်ဉာဏ်ထဲတွင် သူသည် တောင်ငါးလုံး ဝိုင်းရံထားသော တောင်ကြား၏ သဘာဝ အစီအရင်ကြီးကို မြင်တွေ့ခဲ့ရပြီး၊ တောင်ကြောများ စုဆုံကာ ချီစွမ်းအင်များ သဘာဝကျကျ စီးဆင်းနေသည်ကို တွေ့ခဲ့ရသည်။ ထောင်ဝမ်၏ ဂုဏ်ယူဝင့်ကြွားလှသော စကားသံများလည်း နားထဲတွင် ပြန်လည် ပဲ့တင်ထပ်လာခဲ့၏။
"လွန်ခဲ့တဲ့ နှစ်လေးရာက နယ်မြေချဲ့ထွင်စစ်ပွဲမှာ ငါတို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ အကြီးအကဲတွေ ဒီနေရာကို သိမ်းပိုက်ခဲ့ကြတာ၊ သူတို့က လျှို့ဝှက်အတတ်ပညာတွေကို သုံးပြီး တောင်တန်းနဲ့ မြေကမ္ဘာရဲ့ အရှိန်အဝါတွေကို ချိတ်ဆက်လိုက်တယ်၊ တောင်တွေကိုရွှေ့ ပင်လယ်တွေကို ဖို့ပစ်ပြီး ဒီတောင်ငါးလုံးနဲ့ ဝန်းရံထားတဲ့ ချိုင့်ဝှမ်းကို ဖန်တီးခဲ့ကြတာ၊ အခု နှစ်ပေါင်းရာချီ ကြာပြီးသွားပြီမို့ ဒီနေရာက ဒုတိယအဆင့် အကန့်အသတ်ကို ရောက်နေပြီ၊ နောင်နှစ်ပေါင်းထောင်ချီကြာလာရင်တော့ စတုတ္ထအဆင့် ဝိညာဉ်ကြောအဖြစ် အဆင့်တက်သွားနိုင်တယ်၊ အဲ့ဒီအချိန်ကျရင် ငါတို့ဂိုဏ်းမှာ ဝိညာဉ်သန္ဓေတည်ကျင့်ကြံသူကြီးတစ်ဦးပေါ်လာရင်တောင် တခြားနေရာတွေကို သွားပြီး ဝိညာဉ်ကြောရှာစရာမလိုတော့ဘူး"
ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ ကျင့်ကြံသူများအဖို့ ထိုသို့ဖြစ်လာရန် နှစ်ပေါင်းတစ်ထောင် စောင့်ရမည် ဖြစ်သော်လည်း၊ အကယ်၍ ဝိညာဉ်သန္ဓေတည်အဆင့် သူတော်စင်တစ်ပါးကိုယ်တိုင် ဝင်ရောက် စွက်ဖက်ခဲ့လျှင် ထိုမျှ ရှည်လျားလှသော အချိန်ကို စောင့်ဆိုင်းရန် လိုအပ်ပါဦးမည်လော။
လော့ချန် သက်ပြင်းကို ဖွဖွချလိုက်ရင်း၊ ဤအဆုံးအစမဲ့လှသော အတွေးကွင်းဆက်များဆီမှ စိတ်ကို အတင်းအကျပ် ဆွဲထုတ်လိုက်တော့သည်။ ဤအရာများအားလုံးမှာ သူနှင့် အလွန်ဝေးကွာလွန်းလှပြီး၊ လက်ရှိတွင် သူ၏ အင်အားဖြင့် လက်လှမ်းမီရန် မဖြစ်နိုင်သေးချေ။ သူ လက်ရှိ လုပ်ဆောင်နိုင်သည်မှာ ဤအခွင့်အရေးကို အသုံးချကာ ဂုဏ်ထူးဆောင်အမှတ်များကို များနိုင်သမျှ များအောင် စုဆောင်းပြီး ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ရန် ခိုင်မာသော လမ်းစတစ်ခုကို ခင်းထားရန်သာ ဖြစ်သည်။
"ဂိုဏ်းကြီးနှစ်ခုက ဘာတွေပဲ ကြံစည်နေပါစေ၊ ငါသာ ရွှေအမြုတေအဆင့်ကို ရောက်သွားပြီး ငါ့ရဲ့ ဆေးဖော်စပ်တဲ့ ပညာနဲ့ဆိုရင် ဘယ်ဂိုဏ်းမှာမဆို ထိပ်တန်းဧည့်သည်တော်ကြီးတစ်ဦးအဖြစ် ရပ်တည်နိုင်မှာပဲ"
လော့ချန် တီးတိုး ရေရွတ်ရင်း အဆင့်လတ် ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်ကာ မျက်လုံးများကို ပိတ်၍ ၎င်းအတွင်းမှ သန့်စင်လှသော ချီစွမ်းအင်များကို စုပ်ယူကျင့်ကြံနေပေတော့သည်။
....
ထိုအနားယူမှုမှာ တစ်ရက်နှင့် တစ်ညတိတိ ကြာမြင့်ခဲ့သည်။ လော့ချန် အပြင်သို့ လှမ်းထွက်လိုက်စဉ်၊ ကောင်းကင်ယံထက်တွင် အလင်းတန်းများစွာမှာ စစ်မျက်နှာပြင်ဆီသို့ ဦးတည်ပျံသန်းနေကြသည်ကို တွေ့လိုက်ရ၏။ ထိုအထဲမှ အချို့သော ကျင့်ကြံသူများသည် သူတို့ရှိရာဘက်သို့ ငုံ့ကြည့်သွားကြသည်။ အချို့က မနာလိုသော အကြည့်များဖြင့် ကြည့်ကြသလို၊ အချို့ကမူ အထင်သေးစွာဖြင့် သရော်ပြုံး ပြုံးသွားကြလေသည်။
"စစ်ပွဲက ဘယ်လိုအခြေအနေ ရှိနေပြီလဲ"
လော့ချန် တည်ငြိမ်စွာ မေးလိုက်သည်။
ရွှီဟွမ်ကျန်းနှင့် တွမ်ဖုန်းတို့သည် ထိုနေရာတွင် သူ့အား ကြိုတင် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
ရွှီဟွမ်ကျန်းက ပထမဆုံး ဖြေကြားလိုက်၏။
"ဓားဂိုဏ်း မဟာမိတ်အဖွဲ့ကတော့ နောက်မဆုတ်တမ်း ခုခံနေကြတုန်းပဲဗျ၊ သူတို့က အင်အားတွေကို ပြန်စုစည်းပြီး အဋ္ဌမမြောက်တောင်တန်းမှာ အခိုင်အမာ စခန်းချထားကြတယ်၊ ကြည့်ရတာ နောက်ဆုံးအချိန်အထိ တောင့်ခံဖို့ ပြင်ဆင်နေကြတဲ့ ပုံပဲ"
တွမ်ဖုန်း၏ လေသံထဲတွင်မူ ယုံကြည်ချက်များ ပြည့်နှက်နေသည်။
"တိမ်ပြိုဂိုဏ်းရဲ့ တိုက်ပွဲဝင် ရုပ်သေးရုပ်အသစ်တွေက တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်၊ အမြောက်အပြား ပစ်ခတ်လိုက်ရုံနဲ့ သူတို့ရဲ့ ခံစစ်တန်းကြီးကို အလွယ်တကူ ဖြိုဖျက်နိုင်တယ်၊ အခု မဟာမိတ်ဂိုဏ်းသုံးခုစလုံးက တိမ်ပြိုဂိုဏ်းရဲ့ ဦးဆောင်မှုအောက်မှာ စစ်ကူတွေ ထပ်ပို့နေကြပြီ၊ ကျွန်တော့်အမြင်အရတော့ အဋ္ဌမမြောက်တောင်တန်းကို သုံးရက်မပြည့်ခင် သိမ်းပိုက်နိုင်လိမ့်မယ် ထင်တယ်"
"သုံးရက်ဟုတ်လား.... မဖြစ်နိုင်လောက်ဘူး"
ချူခွေးက သူတို့နောက်မှ လှမ်းထွက်လာရင်း ဗူးသီးခြောက်ထဲမှ အရက်ကို အားရပါးရ မော့သောက်ကာ ပြောလိုက်သည်။
ပေအနည်းငယ် ကွာဝေးသော နေရာမှပင် ပြင်းရှလှသော ချီစွမ်းအင်အနံ့ကို ခံစားရနိုင်သည်။ ၎င်းမှာ ထိုက်ပိုင်ဈေးမြို့တော်မှ ဝယ်ယူလာသော ဝိညာဉ်အရက်ဖြစ်ပြီး ဤစစ်ပွဲအတွက် အထူးတလည် ပြင်ဆင်လာခဲ့ခြင်း ဖြစ်၏။ ၎င်းသည် ချီစွမ်းအင်များကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းပေးနိုင်စွမ်း ရှိသည်။ သူ အနားသို့ ချဉ်းကပ်လာရင်း စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။
"ရွှေအမြုတေအဆင့်တွေ ဝင်တိုက်တာနဲ့ အစီအရင်ကို ဖျက်ဆီးဖို့က လွယ်ကူသွားမှာပဲ၊ အဲဒီအချိန်ကျရင် ငါတို့ အလှည့်ရောက်ပြီ၊ ငါတို့လို အခြေတည်အဆင့်တွေ တောက်ပခွင့်ရမယ့် အချိန်ပဲ"
ရွှီဟွမ်ကျန်းနှင့် တွမ်ဖုန်းတို့လည်း ချူခွေးစကားကို ခေါင်းညိတ်ထောက်ခံကြသည်။ သူတို့အားလုံးသည် ရွှေအမြုတေအဆင့်များ၏ အစွမ်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးကြသည် မဟုတ်ပါလော။ ဤထူးခြားလှသော မိုးကြိုးတောင်တန်း နယ်မြေအတွင်း၌မူ အင်အားအကောင်းဆုံး တတိယအဆင့် အစီအရင်ကြီးများပင်လျှင် ရွှေအမြုတေအဆင့် ကျင့်ကြံသူအချို့၏ ပူးပေါင်းတိုက်ခိုက်မှုကို မတောင့်ခံနိုင်ကြချေ။
သို့သော် ထိုသုံးဦးသား စိတ်လှုပ်ရှားစွာ စကားပြောနေကြစဉ်၊ လော့ချန်တစ်ယောက်တည်း နှုတ်ဆိတ်နေသည်ကို သတိထားမိသွားကြသည်။
ချူခွေးက သူ့ကို ဇဝေဇဝါဖြင့် ကြည့်ကာ
"မင်း ဘာတွေ တွေးနေတာလဲ"
လော့ချန်၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲ ဖြစ်ပြီး
"ဘာမှမဟုတ်ပါဘူး၊ ငါတို့ ထွက်ခွာဖို့ အချိန်တန်ပြီလို့ တွေးနေတာ၊ မင်းတို့ အဆင်သင့် ဖြစ်ကြပြီလား"
ချူခွေးက သူ၏ ရင်ဘတ်ကို ပုတ်ရင်း
"အဆင်သင့်ဖြစ်တာထက်ကို ပိုသေးတယ်.... မင်းကော ဘယ်လိုလဲ"
"ဒါဆို သွားကြစို့"
သူတို့နှစ်ဦး ထွက်ခွာသွားကြစဉ်၊ ရွှီဟွမ်ကျန်းနှင့် တွမ်ဖုန်းတို့သည် တစ်ခုခုကို ပြောချင်နေသော်လည်း စကားလုံးများကို ပြန်လည်မျိုသိပ်လိုက်ကြရသည်။ နောက်ဆုံးတွင် သူတို့နှစ်ဦး၏ ပုံရိပ်များ အဝေးသို့ ပျောက်ကွယ်သွားသည်ကိုသာ ငေးငိုင်စွာ ကြည့်ကျန်ရစ်ခဲ့တော့၏။ အဋ္ဌမမြောက်တောင်တန်းဆီသို့ ပျံသန်းနေစဉ်၊ ချူခွေးက နှမြောတသစွာဖြင့် သက်ပြင်းချလိုက်သည်။
"နာတယ်ကွာ.... မင်လုံယွီသာ ဒီမှာရှိရင် သိပ်ကောင်းမှာပဲ...."
လော့ချန်သည်လည်း ခေါင်းညိတ်ထောက်ခံလိုက်မိသည်။ သူတို့နှစ်ဦးတည်းဖြင့် စနစ်တကျ ပြင်ဆင်တိုက်ခိုက်ပါက အဆင့်မြင့်ကျင့်ကြံသူများကို အလွယ်တကူ ရှောင်လွှဲနိုင်ပြီး၊ သာမန်အခြေတည်အဆင့် ကျင့်ကြံသူများကို အောင်မြင်စွာ တိုက်ခိုက်နိုင်သည်မှာ အမှန်ပင်။ သို့သော် အကယ်၍ အခြေတည် အဆင့် (၈) သို့မဟုတ် (၉) ကဲ့သို့သော အဆင့်မြင့်ပြိုင်ဘက်များနှင့် ရင်ဆိုင်ရပါက သို့မဟုတ် ရန်သူအင်အား ပိုမိုများပြားပါက ဆုတ်ခွာခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။ ၎င်းမှာ သူတို့ မနိုင်နိုင်ခြင်းကြောင့် မဟုတ်ဘဲ၊ အချိန်အလွန်အမင်း ကုန်ဆုံးသွားနိုင်သောကြောင့် ဖြစ်၏။ သို့သော် အကယ်၍ သူတို့တွင် မင်လုံယွီကဲ့သို့သော အစီအရင်ကျွမ်းကျင်သူတစ်ဦး ပါဝင်ခဲ့ပါက၊ သုံးဦးသား ပူးပေါင်းပြီး မည်သည့်ပြိုင်ဘက်ကိုမဆို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ကြပေလိမ့်မည်။
"ငါတို့မှာ ဂုဏ်ထူးဆောင်အမှတ် ဘယ်လောက် ရှိနေပြီလဲ"
ချူခွေးက မေးလိုက်သည်။
"၆၁၀၀ ရှိပြီ"
လော့ချန်က ပြန်ဖြေလိုက်၏။
ထိုစကားကို ကြားသောအခါ ချူခွေး၏ မျက်နှာမှာ ပြန်လည်တောက်ပသွားသည်။ သူတို့သည် ရည်မှန်းချက်ဖြစ်သော အမှတ် ၁၀၀၀၀ သို့ ရောက်ရန် သိပ်မလိုတော့ပေ။ အကယ်၍ သူတို့ ကံကောင်းပြီး အဆင့်မြင့်ကျင့်ကြံသူအချို့ကို တစ်ဦးချင်း ဖမ်းဆီးတိုက်ခိုက်နိုင်ခဲ့ပါက၊ ရည်မှန်းချက်သို့ လျင်မြန်စွာ ရောက်ရှိနိုင်ပေလိမ့်မည်။ သို့သော် လော့ချန်ကမူ ထိုမျှအထိ အကောင်းမမြင်နိုင်သေးချေ။ သူတို့နှစ်ဦးအကြား ပူးပေါင်းဆောင်ရွက်မှုမှာ ပိုမိုကျွမ်းကျင်ပိုင်နိုင်လာသည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ သူတို့၏ ခန္ဓာကိုယ်အခြေအနေမှာ တဖြည်းဖြည်း လက်ကျန်အင်အား နည်းပါးလာနေပြီ ဖြစ်သည်။
ပထမဆုံးရက်တွင် သူတို့သည် ရဲရဲဝံ့ဝံ့ဖြင့် စခန်းများကို စီးနင်းတိုက်ခိုက်ခဲ့ပြီး အခြေတည်ကျင့်ကြံသူ ကိုးဦးကို သတ်ဖြတ်နိုင်ခဲ့ကြသည်။ ဒုတိယရက်တွင်မူ လွင်ပြင်ကျယ်ကြီးအတွင်း လှည့်လည်သွားလာရင်း အားနည်းသော တစ်ကိုယ်တော်ကျင့်ကြံသူများကိုသာ ရွေးချယ်တိုက်ခိုက်ခဲ့ကြသည်။ ယနေ့တွင်မူ သူတို့နှစ်ဦးစလုံး အကောင်းဆုံး အခြေအနေတွင် ရှိမနေကြတော့ပေ။ ထို့ကြောင့် ပစ်မှတ်များကို ပိုမို သေချာစွာ ရွေးချယ်ကြရပေလိမ့်မည်။
သူတို့ ရှေ့တန်းစစ်မျက်နှာသို့ ရောက်ရှိလာချိန်တွင် တိုက်ပွဲကြီးမှာ ပြင်းထန်စွာ စတင်နေပြီ ဖြစ်သည်။ ယခင်အတိုင်းပင် ရွှေအမြုတေအဆင့် ကျင့်ကြံသူများကိုယ်တိုင် အစီအရင်များကို စတင်ဖြိုခွဲနေကြ၏။ သို့သော် ယခုတစ်ကြိမ်တွင် ရွှေအမြုတေအဆင့် ခုနစ်ဦးတည်း မဟုတ်တော့ဘဲ၊ တစ်ဆယ်ဦးအထိ ရှိနေခဲ့ပြီ ဖြစ်သည်။
အဋ္ဌမမြောက်တောင်တန်းတွင်မူ ဓားဂိုဏ်းဘက်မှ ရွှေအမြုတေအဆင့် ခြောက်ဦး သို့မဟုတ် ခုနစ်ဦးခန့် ထွက်ပေါ်လာပြီး ခုခံတိုက်ခိုက်နေကြသည်။ ထိုအထဲတွင် ရွှေအမြုတေအဆင့် တစ်ဦး၏ ဓားစွမ်းအင်မှာ လှိုင်းတံပိုးကဲ့သို့ ပြင်းထန်လှပြီး ရန်သူသုံးဦးကို တစ်ပြိုင်နက်တည်း ရင်ဆိုင်တိုက်ခိုက်နေသည်ကို တွေ့ရ၏။ သူတို့သည် ကျောက်စိမ်းအိုးဓားဂိုဏ်းမှ ထိပ်တန်းဓားကျင့်ကြံသူများ ဖြစ်ကြသည်မှာ သံသယဖြစ်စရာ မလိုပေ။
သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ မည်မျှပင် ပြင်းထန်ပါစေ၊ ဓားကျင့်ကြံသူများသည် ကာကွယ်ရေးအပိုင်းတွင် အားနည်းချက် ရှိကြသည်။ အပြင်းအထန် တိုက်ခိုက်ပြီးနောက်၊ နောက်ဆုံးတွင် အဋ္ဌမမြောက်တောင်တန်း၏ အစီအရင်ကြီးမှာ ပြိုကျပျက်စီးသွားခဲ့ရပေတော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ