← Chapters

အခန်း ၅၄၃

Vol. 55 Ch. 543

အခန်း ၅၄၃

Vol. 55 Ch. 543

အခန်း (၅၄၃) - သေမင်းတမန် မြေပြိုအတတ်နှင့် ချင်ယွမ်ကျန်းအား ကယ်တင်ခြင်း

တိမ်ပြိုဂိုဏ်းက မိုးသက်မုန်တိုင်းတစ်ခုကိုပင် ဖန်တီးလှုံ့ဆော်လိုက်ရာ အစီအရင်၏ အခြေခံအုတ်မြစ်မှာ ပြိုပျက်သွားခဲ့ပြီး ဓားဂိုဏ်း၏ ပြန်လည်ပြုပြင်လိုသော မျှော်လင့်ချက်ဟူသမျှလည်း ရိုက်ချိုးခံလိုက်ရတော့သည်။ အစီအရင် ပျက်စီးသွားသည်နှင့်အမျှ တိုက်ပွဲသည် လူတိုင်းရင်းနှီးနေကြဖြစ်သော နောက်ထပ်အဆင့်တစ်ခုသို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်၏။ တိမ်ပြိုဂိုဏ်း၏ ရုပ်သေးတပ်ဖွဲ့ကြီးသည် တောင်ကုန်းတစ်ခုလုံးကို မီးတောက်မီးလျှံများ၊ သံမဏိလက်နက်များဖြင့် လွှမ်းမိုးရန် တစ်ပြိုင်နက်တည်း ရှေ့သို့ တိုးဝင်လာကြတော့သည်။ ပြင်းထန်လှသော ဗုံးကြဲတိုက်ခိုက်မှု အနည်းငယ်အပြီးတွင်မူ အဋ္ဌမမြောက်တောင်တန်း၏ ခံစစ်စည်းမှာ လုံးဝဖရိုဖရဲဖြစ်သွားပြီး အချင်းချင်း ဝရုန်းသုန်းကား တိုက်ခိုက်ကြရမည့် စစ်တလင်းကြီး ဖြစ်လာတော့မည်ကို အလွယ်တကူပင် ခန့်မှန်းနိုင်ပေသည်။

သို့သော်လည်း တိမ်ပြိုဂိုဏ်း၏ ရုပ်သေးတပ်ဖွဲ့ ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် အဋ္ဌမမြောက်တောင်တန်း၏ ကောင်းကင်ယံထက်တွင် မရေမတွက်နိုင်သော ကြယ်ပွင့်များသည် ရုတ်ခြည်း တောက်ပလာခဲ့ကြသည်။ ၎င်းတို့သည် ကြယ်ပွင့်များနှင့် တူညီနေသော်လည်း အမှန်စင်စစ်တွင်မူ ဓားအမြုတေများသာ ဖြစ်ကြပေသည်။ ရာနှင့်ချီသော ဓားအမြုတေများသည် လေထုထဲ၌ စုဆုံသွားကြပြီး ကောင်းကင်ထက်တွင် ဝေဝါးသော်လည်း ထင်ရှားလှသော အစီအရင်ပုံရိပ်တစ်ခုအဖြစ် ယှက်နွှယ်ဖွဲ့စည်းလိုက်ကြတော့သည်။ တိမ်ပြိုဂိုဏ်းမှ အကြီးအကဲ လင်ဟူကျဲသည် ထိုပုံရိပ်ကို မြင်လိုက်ရသောအခါ မျက်နှာပျက်သွားပြီး တီးတိုးရေရွတ်လိုက်မိတော့သည်။

"ဓားတစ်သောင်း အစီအရင်ပြား"

သူသည် ပျာပျာသလဲဖြင့် အစီအရင် အပြည့်အဝ မဖွဲ့စည်းနိုင်မီ တားဆီးရန်အတွက် လက်ဝါးတစ်ချက်ကို ရိုက်ထုတ်လိုက်၏။ သို့သော် ထိုလက်ဝါးရိုက်ချက် မရောက်ရှိမီမှာပင် စူးရှတောက်ပသော ဓားအလင်းတန်းတစ်ခုက ကောင်းကင်ယံထက်သို့ ပျံတက်သွားခဲ့ပြီ ဖြစ်သည်။

ရှပ်....

ကြီးမားလှသော လက်ဝါးရိပ်ကြီးမှာ ချက်ချင်းပင် အစအနမကျန် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။ တောက်ပသော မျက်ဝန်းများနှင့် ယဉ်ကျေးသိမ်မွေ့သော အမူအရာရှိသည့် ကျင့်ကြံသူလူငယ်တစ်ဦးသည် အဋ္ဌမမြောက်တောင်တန်းပေါ်မှ ပေါ်ထွက်လာခဲ့ပြီး သူ၏ပုံရိပ်မှာ တည်ငြိမ်အေးဆေးလှသော အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။

"မိတ်ဆွေ လင်ဟူ.... ဂိုဏ်းတူတွေရဲ့ တိုက်ပွဲကို သူတို့ဘာသာ ဆုံးဖြတ်ပါစေ၊ မင်း ဝင်နှောင့်ယှက်ရင် ကြည့်လို့မကောင်းဘူး မဟုတ်လား" ဟု သူ ပြုံးလျက် ဆိုလိုက်သည်။

သူ့အား မြင်လိုက်ရသောအခါ လင်ဟူကျဲ၏ မျက်နှာမှာ မည်းမှောင်သွားပြီး အော်ဟစ်လိုက်တော့သည်။

"ခိုင်ယန်"

အသက်ကြီးကြီးကျင့်ကြံသူ ခိုင်ယန်က ခပ်ဖွဖွ ပြုံးလိုက်ရင်း

"ဒါဆို.... ငါတို့ တိုက်ကြမလား၊ ဒါမှမဟုတ် ဒီအတိုင်းပဲ ရပ်ကြည့်နေကြမလား"

လင်ဟူကျဲ တိတ်ဆိတ်သွားတော့၏။ သူတို့နှစ်ဦး စကားပြောဆိုနေစဉ်အတွင်းမှာပင် နှစ်ဖက်စလုံး၏ အင်အားစုများသည် တိုက်ပွဲကို စတင်နေကြပြီ ဖြစ်သည်။ တိမ်ပြိုဂိုဏ်း၏ ရုပ်သေးတပ်ဖွဲ့သည် မရပ်မနား တိုက်ခိုက်မှုများ ပြုလုပ်ပြီး အဋ္ဌမမြောက်တောင်တန်းထက်၌ စုဝေးနေသော ကျင့်ကြံသူများအပေါ်သို့ ရမ်းသန်းဗုံးကြဲတိုက်ခိုက်လိုက်ကြသည်။ တစ်ပြိုင်နက်တည်းမှာပင် ဓားဂိုဏ်း၏ ဓားတစ်သောင်း အစီအရင်ပြားသည်လည်း စူးရှစွာ တောက်ပလာပြီး ဓားမုန်တိုင်းကြီးတစ်ခုကဲ့သို့ ကောင်းကင်မှ စီးဆင်းကျလာသော ဓားစွမ်းအင် လှိုင်းလုံးကြီးများကို ထုတ်လွှတ်လိုက်တော့သည်။

ထိုရှုပ်ထွေးမှုများအတွင်းမှ အခွင့်ကောင်းယူရန် ပြင်ဆင်နေကြသော ဂိုဏ်းလေးဂိုဏ်း မဟာမိတ်တပ်ဖွဲ့များမှာ စက္ကန့်ပိုင်းအတွင်းမှာပင် အကျအဆုံး အလွန်များပြားသွားခဲ့ရသည်။ ဤအခြေအနေတွင် နှစ်ဖက်စလုံးအဖို့ ဆုတ်လမ်းမရှိတော့ပေ။ သို့သော် ထိုစဉ်မှာပင် စစ်မြေပြင်၏ အထက်ကောင်းကင်ယံ၌ မိုးတိမ်များ စုဆုံလာပြီး အေးစက်လှသော တောင်လေများက တဝူးဝူး တိုက်ခတ်လာတော့သည်။ လေပြင်းများက ကောင်းကင်ယံကို ဆုတ်ဖြဲနေပြီး ငွေရောင်လျှပ်စီးများက ဒေါသတကြီးဖြင့် မြွေနဂါးများကဲ့သို့ ကောင်းကင်ယံထက်တွင် လူးပျံနေကြ၏။

၎င်းကို မြင်သောအခါ လင်ဟူကျဲ သက်ပြင်းချကာ စိတ်အေးသွားတော့သည်။ မိုးတိမ်များ စုဆုံလာခြင်းကြောင့် ဓားတစ်သောင်း အစီအရင်ပြားမှာ မကြာမီ ပျက်ပြယ်သွားတော့မည် ဖြစ်၏။ ထင်မှတ်ထားသည့်အတိုင်းပင် ခဏအကြာတွင် ဓားအမြုတေများသည် ပျံ့လွင့်သွားပြီး ကိုယ်ပိုင်သခင်များထံသို့ ပြန်လည်ပျံသန်းသွားကြတော့သည်။ ကောင်းကင်မိုးကြိုးများ၏ ဗုံးကြဲတိုက်ခိုက်မှုအောက်တွင် ကျင့်ကြံသူ၏ စိတ်ဝိညာဉ်နှင့် ဆက်နွှယ်နေသော ဓားအမြုတေကဲ့သို့သော ရတနာများသည် တောင့်မခံနိုင်ရုံသာမက သခင်ဖြစ်သူထံသို့ပါ ဘေးအန္တရာယ်များကို ဆွဲဆောင်ယူဆောင်လာနိုင်သောကြောင့် ဖြစ်သည်။

ဤသို့ဖြင့် စစ်မြေပြင်သည် မူလအနေအထားအတိုင်း အပြန်အလှန် ယှဉ်ပြိုင်ရမည့် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

"တိုက်ကြ"

"အားလုံးပဲ.... ရှေ့တိုးကြ"

ဝါရင့်ကျင့်ကြံသူ နှစ်ဦး၏ အမိန့်ပေးသံနှင့်အတူ တပ်ဖွဲ့နှစ်ခုစလုံးသည် ကြီးမားလှသော မြစ်မကြီးနှစ်စင်း ထိပ်တိုက်ဆုံတွေ့သကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် ပြင်းထန်စွာ တိုးဝင်တိုက်ခိုက်ကြတော့သည်။ စစ်မြေပြင်၏ ထောင့်တစ်နေရာတွင်မူ လော့ချန်နှင့် ချူခွေးတို့သည် ကောင်းကင်ယံကို မော့ကြည့်ရင်း ဓားအစီအရင်ကြီး တဖြည်းဖြည်း ပျက်ပြယ်သွားသည်ကို ရင်သပ်ရှုမောစွာ စောင့်ကြည့်နေကြ၏။ ကျင့်ကြံသူ ရာဂဏန်းဖြင့် ဖွဲ့စည်းထားသော ထိုအစီအရင်သည် တိုက်စစ်ပိုင်းတွင် အတုမရှိလှပေ။ ရွှေအမြုတေအဆင့် ကျင့်ကြံသူများပင်လျှင် ထိုကဲ့သို့သော အစီအရင်မျိုးနှင့် ထိပ်တိုက်ရင်ဆိုင်ရန် နှစ်ခါပြန် စဉ်းစားရပေလိမ့်မည်။ ကံကောင်းသည်မှာ အချိန်နှင့် ပထဝီဝင်အနေအထားက သူတို့ဘက်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။

ရုတ်တရက် ပြင်းထန်လာသော တိုက်ပွဲကို မြင်လိုက်ရသောအခါ ချူခွေး စိတ်ထဲ၌ ထိတ်လန့်သွားပြီး

"ငါ လော့ထျန်းအဖွဲ့ ထဲကို ဝင်ပြီး မင်းနဲ့အတူ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ခဲ့တာ တကယ့်ကို ကံကောင်းတာပဲ၊ မဟုတ်ရင် ဒီလောက်ကြီးမားတဲ့ စစ်ပွဲမျိုးမှာ ငါ့ရဲ့ ထျန်းခွေးကျီ ဆိုတဲ့ နာမည်က ရယ်စရာတစ်ခု ဖြစ်နေလိမ့်မယ်"

လော့ချန် တစ်ချက် ပြုံးလိုက်သော်လည်း သူ၏မျက်နှာရှိ ခံစားချက်များမှာ ဖတ်ရခက်လှပေသည်။ ဂိုဏ်းကြီးတစ်ခု၏ အခြေခံအုတ်မြစ်ဆိုသည်မှာ သူတို့ကဲ့သို့သော လူများအဖို့ လှမ်းမျှော်တွေးတောနိုင်သည့်အရာ မဟုတ်ချေ။

သူတို့သည် ရုပ်သေးရုပ်တပ်ဖွဲ့ကြီးကို စစ်မြေပြင်၏ အင်အားအကောင်းဆုံးဟု ထင်မှတ်ထားခဲ့ကြသော်လည်း၊ ဓားကျင့်ကြံသူများက ဤကဲ့သို့သော စစ်အစီအရင်မျိုးကို ထုတ်သုံးနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။ သို့သော်လည်း မိုးကြိုးတောင်တန်း၏ ထူးခြားသော ပတ်ဝန်းကျင်ကြောင့် ဓားတစ်သောင်း အစီအရင်ပြားမှာ ကြာရှည်မခံနိုင်ခဲ့ပေ။ ယခုအခါ စစ်ပွဲသည် သူတို့ အသာစီးရနိုင်သော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ပထမဆုံး ထိပ်တိုက်ရင်ဆိုင်မှုအပြီးတွင် ကျင့်ကြံသူတပ်ဖွဲ့ အလုံးအရင်းကြီးမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး တစ်စုတစ်ဖွဲ့ချင်း တိုက်ခိုက်မှုများ ဖြစ်လာကြသည်။ မကြာမီ စစ်မြေပြင်တစ်ခုလုံးတွင် သောင်းနှင့်ချီသော တိုက်ပွဲငယ်လေးများ ဖြစ်ပေါ်လာတော့သည်။ ၎င်းမှာ နာမည်ကျော်ကြားလိုသော တစ်ကိုယ်တော်ကျင့်ကြံသူများအတွက် အကောင်းဆုံးအခွင့်အရေးဖြစ်ပြီး ရေနောက်တွင် ငါးဖမ်းရန် အသင့်တော်ဆုံး ပတ်ဝန်းကျင်ပင် ဖြစ်ပေသည်။

"ချီစွမ်းအင် လှိုင်းလှုပ်ခတ်မှုတွေက ပြင်းထန်လွန်းနေတယ်၊ ငါ လရိပ်အတတ်ကို မထုတ်နိုင်တော့ဘူး"

လော့ချန် တီးတိုး ရေရွတ်လိုက်သည်။

ချူခွေးကလည်း ထိုအခြေအနေကို ကောင်းစွာ နားလည်ပြီး မေးလိုက်သည်။

"ဒါဆို.... ငါတို့ မူလအစီအစဉ်အတိုင်းပဲ သွားကြမလား"

"အင်း.... စစ်မြေပြင်ရဲ့ အစွန်းပိုင်းဆီ သွားပြီး အခွင့်အရေးကို စောင့်ရအောင်"

သဘောတူညီမှု ရရှိပြီးနောက် သူတို့နှစ်ဦးသည် ကိုယ်ပိုင်အရှိန်အဝါများကို ဖျောက်ကွယ်လိုက်ပြီး အဋ္ဌမမြောက်တောင်တန်း၏ အစွန်းအဖျားဒေသဆီသို့ တိတ်တဆိတ် ပျံသန်းသွားကြတော့သည်။ သူတို့၏ အတွေ့အကြုံအရ စစ်မြေပြင်က ပိုမိုပြိုကွဲလေလေ၊ ၎င်း၏ ပတ်ဝန်းကျင်နယ်နိမိတ်မှာ ပိုမိုကျယ်ပြန့်လာလေလေ ဖြစ်သည်။ အကယ်၍ သူတို့သည် ပြင်ပဒေသများတွင် ပုန်းအောင်းစောင့်ဆိုင်းနေပါက သားကောင်များမှာ သူတို့၏ ထောင်ချောက်ထဲသို့ အလိုလို ဝင်ရောက်လာကြပေလိမ့်မည်။

....

ခြောက်နာရီခန့် ကြာမြင့်ပြီးနောက် လော့ချန် တိုးညှင်းစွာ မေးလိုက်သည်။

"ဘယ်နှယောက် ရှိသွားပြီလဲ"

ချူခွေး၏ မျက်နှာက မည်းမှောင်သွားပြီး လက်သုံးချောင်းကို ထောင်ပြကာ

"အခြေတည်အစောပိုင်း ကျင့်ကြံသူ ၃ ယောက်ပဲ ရှိသေးတယ်၊ တစ်ယောက်က မီးလျှံမဟာမိတ်က အတွင်းစည်းတပည့်နဲ့ တူတယ်"

လော့ချန် မျက်မှောင်ကြုတ်လိုက်မိသည်။

"သူတို့က ပိုပြီး စုစုစည်းစည်း ရှိလာကြပြီ၊ ငါတို့အတွက် အခွင့်အရေးက နည်းသွားပြီ"

၎င်းမှာ ဓားဂိုဏ်းတစ်ခုတည်း မဟုတ်ဘဲ၊ ဂိုဏ်းလေးဂိုဏ်း မဟာမိတ်အဖွဲ့လည်း ထိုနည်းတူပင် ဖြစ်သည်။

ချူခွေးက သက်ပြင်းချလိုက်ပြီး

"ဘယ်တတ်နိုင်မလဲ.... ငါတို့လိုပဲ ဂုဏ်ထူးဆောင်အမှတ်တွေကို စွန့်စားပြီး ရှာဖွေနေကြတဲ့သူတွေ အများကြီးရှိတာကိုး.... ဓားဂိုဏ်းဘက်ရော၊ မဟာမိတ်အဖွဲ့ဘက်ကရောပဲ.... ငါသိသလောက်ဆိုရင် မရဏနတ်ဆိုးနှစ်ပါးနဲ့ လန်ချန်းက အဘိုးကြီးလေးယောက်ဆိုလည်း ဒီလိုပဲ လုပ်နေကြတာ"

မရဏနတ်ဆိုးနှစ်ပါးနှင့် လန်ချန်းမှ အဘိုးကြီး လေးဦးတို့သည် ချူခွေးကဲ့သို့ပင် ထိပ်တန်းတစ်ကိုယ်တော်ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့သည် မိမိတို့ အခြေချရာ နတ်ဘုရားမြို့တော်များတွင် ကျော်ကြားလှသူများ ဖြစ်ကြ၏။ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ တပည့်ရွေးချယ်ပွဲတွင် လော့ချန်သည် မရဏနတ်ဆိုးနှစ်ပါးဖြစ်သော အမျိုးသားနှင့် အမျိုးသမီးတို့ကို မြင်တွေ့ခဲ့ဖူးသည်။ သူတို့သည် ရှန်ကွမ်းယန်၏ ဖိတ်ကြားမှုဖြင့် ပထမအဆင့်တွင် သူမအတွက် တတိယနေရာကို ရရှိအောင် ကူညီပေးခဲ့ကြသူများ ဖြစ်သည်။ အားနည်းသူမဟုတ်သော ဟယ်ယွမ်ချင်းပင်လျှင် ချူခွေးနှင့် အခြားထိပ်တန်းကျင့်ကြံသူအချို့ကို အားကိုးပြီးမှ ဒုတိယနေရာကို မနည်းလုယူခဲ့ရခြင်း ဖြစ်သည်။

လန်ချန်းမှ အဘိုးကြီး လေးဦးမှာမူ လွန်ခဲ့သော ရာစုနှစ်တစ်ခုကတည်းက ကျော်ကြားခဲ့သူများ ဖြစ်ကြသည်။ ယခုအခါ သူတို့လေးဦးစလုံးမှာ အခြေတည်နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေကြပြီဖြစ်ရာ သူတို့ ပူးပေါင်းလိုက်ပါက ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးနှင့်ပင် ယှဉ်နိုင်သည်ဟု ကောလာဟလများ ထွက်ပေါ်နေသည်။ အကယ်၍ ထိုကဲ့သို့သော ပုဂ္ဂိုလ်များက လော့ချန်နှင့် ချူခွေးတို့ကဲ့သို့ အမဲလိုက်နေကြမည်ဆိုပါက သူတို့၏ စွမ်းဆောင်ရည်မှာ ပိုမိုမြင့်မားပေလိမ့်မည်။

"ဒါဆို.... အခု ငါတို့ ဘာဆက်လုပ်ကြမလဲ" ဟု ချူခွေးက မဝံ့မရဲ မေးလိုက်သည်။

လော့ချန်၏ လရိပ်မှော်အတတ် လမ်းညွှန်မှုမပါဘဲ သူတို့သည် အမှောင်ထဲတွင် စမ်းတဝါးဝါး လျှောက်လှမ်းနေရသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။

"ငါတို့ နေရာပြောင်းရအောင်"

"ကောင်းပြီ"

အကျွမ်းတဝင်ရှိလှသော မြင်ကွင်းတစ်ခု ထပ်မံ ဖြစ်ပေါ်လာပြန်သည်။ သူတို့သည် တိုက်ပွဲဖြစ်ပွားရာနယ်မြေမှ ခွာလိုက်ကြပြီး အစွန်းအဖျားတစ်လျှောက် ကင်းလှည့်ရင်း အလစ်အငိုက် တိုက်ခိုက်ရန် နေရာသစ်တစ်ခုကို ရှာဖွေခဲ့ကြသည်။

ချောက်ကမ်းပါးတစ်ခုကို ဖြတ်သန်းသွားစဉ်၊ လော့ချန် လေထဲတွင် ရုတ်တရက် ရပ်တန့်သွားခဲ့၏။

ချူခွေးက အောက်ခြေမှ ပြင်းထန်လှသော တိုက်ပွဲကို ငုံ့ကြည့်လိုက်ပြီး

"မင်း အဲဒီဗရုန်းသုန်းကား တိုက်ပွဲထဲကို ဝင်ပါမလို့လား"

၎င်းမှာ အမှန်ပင် ပြင်းထန်လှသော တိုက်ပွဲတစ်ခုဖြစ်ပြီး အောက်ခြေတွင် အခြေတည်အဆင့် ကျင့်ကြံသူ အနည်းဆုံး တစ်ဆယ်ကျော်ခန့် တိုက်ခိုက်နေကြသည်။ သူတို့၏ မူလအစီအစဉ်အရ ဤမျှကြီးမားသော တိုက်ပွဲများကို ရှောင်လွှဲရမည် ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ လော့ချန်သည် သူ၏ ရတနာလက်နက်ကို ဆင့်ခေါ်ရန် တွန့်ဆုတ်မနေတော့ပေ။

"သွားကြစို့.... ကလေးက အဲ့မှာ ရှိနေတယ်၊ ငါ သူ့ကို ဒီအတိုင်း အသေမခံနိုင်ဘူး"

"ဟင်...."

ချူခွေးက မျက်တောင်ခတ်ရင်း အောက်ခြေမှ ဖရိုဖရဲဖြစ်နေသော လူငယ်လေးကို ရှာဖွေတွေ့ရှိသွားကာ ချက်ချင်းပင် နားလည်သွားသည်။

"ဩော်.... ဟုတ်သားပဲ၊ သူက ချင်လျန်ချန်းရဲ့ သားကိုး၊ အခု ငါကလည်း မင်းရဲ့လူ ဖြစ်နေပြီဆိုတော့.... ငါလည်း ကူညီပေးရမှာပေါ့"

သူသည် တစ်ကိုယ်တည်း ရေရွတ်ရင်း သူ၏ ချီထျန်းတုတ်ကို ဆင့်ခေါ်လိုက်တော့သည်။ ချောက်ကမ်းပါးအတွင်း၌မူ ရှုပ်ထွေးလှသော တိုက်ပွဲကြီး ဖြစ်ပွားနေသည်။ သူတို့၏ ဝတ်ရုံများနှင့် တံဆိပ်ပြားများကို ကြည့်ခြင်းအားဖြင့် တိုက်ခိုက်နေကြသူများမှာ မီးလျှံမဟာမိတ်၏ လက်အောက်ခံများနှင့် တိမ်ပြိုဂိုဏ်း၏ အတွင်းစည်းတပည့်များ ဖြစ်ကြသည်။

"ဒီတိမ်ပြိုဂိုဏ်းက တပည့်တွေကို သတ်နိုင်ရင် ငါတို့ ဂုဏ်ထူးဆောင်အမှတ်တွေ အများကြီး ရလိမ့်မယ်"

"ညှာတာမနေနဲ့"

"တိုက်ကြ"

ထိုရှုပ်ထွေးမှုများကြားတွင် ဆံပင်မီးခိုးရောင်နှင့် သက်ကြီးကျင့်ကြံသူတစ်ဦးသည် လူအများကြားတွင် ထင်ရှားစွာ ရပ်တည်နေသည်။ သူ၏ မျက်ဝန်းများတွင် ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေပြီး စစ်မြေပြင်မှ ဗိုလ်ချုပ်တစ်ဦးကဲ့သို့ အမိန့်များ ပေးနေ၏။ သူ၏ လက်ချောင်းများက လျင်မြန်စွာ လှုပ်ရှားလျက် ရှုပ်ထွေးလှသော လက်ဟန်များကို ဖွဲ့စည်းလိုက်သည်။ သူ၏ ထိန်းချုပ်မှုအောက်တွင် ဓားပျံတစ်စင်းသည် မြွေဟောက်တစ်ကောင်ကဲ့သို့ လူအစုအဝေးကြားသို့ ဖြတ်သန်းသွားပြီး ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် စူးရှလှသော အော်ဟစ်သံများ ကျန်ရစ်ခဲ့ပေသည်။

သူသည် အခြေတည်နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ မကြာသေးမီကမှ အဆင့်တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သော်လည်း ကျန်းထျန်းဖန်သည် လက်အောက်ခံအင်အားစုများအကြားတွင် ကြောက်မက်ဖွယ်ကောင်းသော နာမည်ကျော်ကြားမှု ရှိသူ ဖြစ်သည်။ မီးလျှံမဟာမိတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိနေခြင်းကြောင့်လည်း ပတ်ဝန်းကျင်မှ ကျင့်ကြံသူများက သူ့အမိန့်အား မဆိုင်းမတွ နာခံနေကြခြင်း ဖြစ်၏။

အခြားတစ်ဖက်တွင်မူ တိမ်ပြိုဂိုဏ်းမှ တပည့်များ၏ အခြေအနေမှာ အလွန်ဆိုးရွားနေသည်။ သူတို့သည် ငယ်ရွယ်သော အတွင်းစည်းတပည့်များ ဖြစ်ကြပြီး သူတို့၏ မျက်ဝန်းများတွင် ကြောက်ရွံ့တုန်လှုပ်မှုများ ပြည့်နှက်နေ၏။ သူတို့၏ အဖွဲ့ခေါင်းဆောင်မှာ တိုက်ပွဲအစတွင်ပင် ဖြတ်တိုက်ခံရပြီး ကျဆုံးသွားခဲ့ပြီး ဖြစ်သည်။ ယခုအခါ ကျဉ်းမြောင်းလှသော ချောက်ကမ်းပါးအတွင်း ပိတ်မိနေသဖြင့် သူတို့၏ ရုပ်သေးရုပ်များကို ထိရောက်စွာ အသုံးမပြုနိုင်ကြချေ။ သူတို့၏ အကြီးမားဆုံးသော အားသာချက်မှာ ဤကဲ့သို့သော နေရာကျဉ်းကျဉ်းတွင် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေခဲ့သည်။ သူတို့သည် ကန့်သတ်ချုပ်ချယ်ခံထားရပြီး ဒုတိယတန်းစား တိုက်ခိုက်ရေးသမားများ၏ ဖိနှိပ်ခြင်းကို ခံနေကြရသည်။ ထိုကဲ့သို့သော ပြင်းထန်လှသော ဖိအားအောက်တွင် နောက်ဆုံး၌ တစ်ဦးက စိတ်လွတ်သွားပြီး အော်ဟစ်လိုက်တော့သည်။

"ဒါဆိုရင် အားလုံး အတူတူ သေကြစို့"

၎င်းမှာ လည်ပင်းတွင် သွေးကြောများ ရုန်းကြွနေသော လူငယ်တစ်ဦးထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူသည် အခြေတည်အဆင့် (၃) မျှသာ ရှိသော်လည်း မျှော်လင့်ချက်မဲ့နေမှုက သူ၏မျက်နှာကို ရူးသွပ်မှုအသွင် ပြောင်းလဲသွားစေခဲ့သည်။ သူသည် တွန့်ဆုတ်မနေဘဲ ကိုယ်ပိုင်အစွမ်းအားလုံးကို ဘေးရှိ ရုပ်သေးရုပ်အတွင်းသို့ ထည့်သွင်းလိုက်ပြီး ၎င်း၏ စွမ်းအင်ဗဟိုချက်ကို ရူးသွပ်စွာ နှိုးဆွလိုက်တော့သည်။ ရန်သူများအားလုံးမှာ အမြန်ဆုံး ရှောင်တိမ်းရန် ကြိုးစားကြသော်လည်း စစ်ပွဲ၏ ရှုပ်ထွေးမှုများကြားတွင် လျင်မြန်စွာ မတုံ့ပြန်နိုင်ခဲ့ကြချေ။ အဆင့်လတ် ကျင့်ကြံသူတစ်ဦးမှာ ထိုပေါက်ကွဲမှု၏ အနားသတ်တွင် မိသွားပြီး သူ၏ ခန္ဓာကိုယ်အများစုမှာ စက္ကန့်ပိုင်းအတွင်း အငွေ့ပျံ ပျောက်ကွယ်သွားခဲ့ရသည်။ ထိုတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သော တိမ်ပြိုဂိုဏ်းမှ တပည့်မှာ ရင်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားခဲ့၏။

သို့သော် ထိုစဉ်မှာပင် သူ၏နောက်ကွယ်မှ စူးရှလှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

"ဂိုဏ်းတူညီအစ်ကိုလီ.... မင်း ဘာလို့ ဂိုဏ်းတူညီလေးဝူကို သတ်လိုက်တာလဲ"

ဂိုဏ်းတူညီအစ်ကိုလီ မှင်တက်သွားတော့သည်။ အလင်းတန်း၏ ဗဟိုချက်တွင် မိသွားသော သူ၏ ရုပ်သေးရုပ်မှာ သခင်၏ လမ်းညွှန်မှုမရှိတော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီ ဖြစ်သည်။

‘ငါ.... ငါ့ရဲ့ ရဲဘော်ကို ပြန်သတ်လိုက်မိတာလား....’

သူ မှင်တက်နေစဉ်မှာပင် ဓားတစ်စင်းသည် လျှပ်စီးလက်သကဲ့သို့ သူ၏ ရင်ဘတ်ကို တိုက်ရိုက် ဖြတ်သန်းသွားခဲ့ပြီ ဖြစ်သည်။

"မင်းက ရန်သူနဲ့ မိတ်ဆွေကိုတောင် မခွဲခြားနိုင်ဘူးပဲ၊ တိုက်ပွဲအတွေ့အကြုံလည်း မရှိဘဲနဲ့ တိုက်ပွဲအလယ်မှာ စိတ်လွင့်နေရဲတယ်ပေါ့၊ ဒီလိုစိတ်ဓာတ်နဲ့ မင်းက ကိုယ့်ကိုယ်ကိုယ် အခြေတည်အဆင့် ကျင့်ကြံသူလို့ ခေါ်ဝံ့သေးတယ်လား"

ကျန်းထျန်းဖန်သည် သူ၏ဓားကို ပြန်လည်ရုပ်သိမ်းရင်း အေးစက်စွာ ပြောဆိုလိုက်သည်။ သူသည် မြေပြင်ပေါ်သို့ အသက်မဲ့စွာ လဲကျသွားသော ကျင့်ကြံသူကို တစ်ချက်မျှပင် လှည့်မကြည့်တော့ဘဲ၊ ကျန်ရှိနေသော နောက်ဆုံးတပည့် သုံးဦးဘက်သို့ လှည့်လိုက်တော့သည်။

ကျန်ရစ်သူ သုံးဦးထဲတွင် ချင်ယွမ်ကျန်းသည်လည်း တစ်ကိုယ်လုံး တုန်လှုပ်လျက် မတ်တတ်ရပ်နေဆဲပင် ဖြစ်သည်။

‘ငါ့ရဲ့ ဂိုဏ်းတူညီအစ်ကိုတွေ အားလုံး သေကုန်ကြပြီ’

ထိုသုံးဦးထဲတွင် သူသည် မကြာသေးမီကမှ အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သူ ဖြစ်သော်လည်း၊ ယခုအခါတွင်မူ သူသည် သူတို့အထဲတွင် အကြီးဆုံး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

"ဂိုဏ်းတူအစ်ကိုချင်.... ကျွန်တော်တို့ ဘာလုပ်ကြမလဲ၊ ကျွန်တော်တို့ရဲ့ ရုပ်သေးရုပ်တွေ အကုန် ပျက်စီးကုန်ပြီ၊ ကျွန်တော်တို့ သေရတော့မယ်" ဟု ဂိုဏ်းတူညီလေးတစ်ဦးက ထစ်ထစ်အအဖြင့် ပြောရှာသည်။

သူ၏ ဂိုဏ်းတူညီလေးနှစ်ဦး၏ စိုးရိမ်တုန်လှုပ်နေသော အသံများကို ကြားလိုက်ရသောအခါ ချင်ယွမ်ကျန်းသည် မိမိကိုယ်ကို တည်ငြိမ်အောင် အတင်းအကျပ် ထိန်းချုပ်လိုက်ရင်း

"မင်းတို့ ဘာကို ကြောက်နေတာလဲ၊ ကိုယ်ပိုင် မှော်ရတနာတွေ ထုတ်ပြီး တိုက်ကြစမ်း"

သူ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး တည်ငြိမ်စွာဖြင့် ထပ်ပြောလိုက်သည်။

"ငါတို့က တိမ်ပြိုဂိုဏ်းရဲ့ တပည့်တွေပဲ၊ ထိုင်ပြီး အသေခံမယ့်သူတွေ မဟုတ်ဘူး၊ အကြီးအကဲတွေ သင်ကြားပေးခဲ့တဲ့ ဓားပျံကျင့်စဉ်တွေက ခုခံဖို့တင်မကဘဲ သတ်ဖြတ်ဖို့အတွက်လည်း ပါတယ်"

သူ စကားပြောပြီးသည်နှင့် ရွှေရောင်ဓားရှည်တစ်စင်းကို ဆွဲထုတ်လိုက်သည်။ ၎င်း၏ဓားသွားမှာ ထက်ရှပြီး အေးစက်လှကာ တစ်ခါမျှ အသုံးမပြုရသေးသည့်အလား တောက်ပနေပေသည်။

ဤမြင်ကွင်းကို ကြည့်ပြီး ကျန်းထျန်းဖန်က သရော်ပြုံး ပြုံးလိုက်ကာ ဆိုသည်။

"ချောင်ပိတ်မိနေတဲ့ ယုန်သူငယ်လေးတွေ၊ အခုပဲ သေလိုက်ကြတော့"

အခြား ကျင့်ကြံသူများကလည်း အောင်ပွဲခံနိုင်တော့မည်ကို သေချာနေသဖြင့် တဟားဟား ရယ်မောလိုက်ကြတော့သည်။ သို့သော် သူတို့ တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ကျန်းထျန်းဖန်၏ မျက်နှာအမူအရာမှာ ရုတ်ခြည်း ပြောင်းလဲသွားပြီး ခေါင်းကို အမြန်မော့ကြည့်လိုက်၏။

ကောင်းကင်ယံထက်တွင်မူ နီရဲလှသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် တာအိုကျင့်ကြံသူတစ်ဦးက လေထဲတွင် ဝဲပျံနေပြီး သူ၏လက်နှစ်ဖက်စလုံးကို မြှောက်ထားရာ ကောင်းကင်ယံထက်မှ တစ်ခုခုကို ဆွဲချနေသကဲ့သို့ ဖြစ်နေသည်။ နောက်တစ်စက္ကန့်တွင်မူ သူ ဟိန်းဟောက်လိုက်တော့သည်။

"မြေပြိုအတတ်"

ဝုန်းးး.... ဝုန်းးး....

ပြင်းထန်လှသော ပေါက်ကွဲသံကြီး နှစ်ချက် ပဲ့တင်ထပ်သွားခဲ့ပြီး ချောက်ကမ်းပါး၏ နံရံနှစ်ဖက်စလုံးမှာ ရုတ်တရက် ပြိုကျပျက်စီးသွားတော့သည်။ ကြီးမားလှသော ကမ်းပါးတောင်နံရံကြီး ပေါက်ကွဲသွားခဲ့ပြီး ချီစွမ်းအင်များ ပြင်းထန်စွာ လှုပ်ခတ်ကာ ကွဲအက်နေသော ကျောက်ဆောင်ကြီးများသည် လေထုထဲ၌ ပျံသန်းလျက် အောက်ခြေသို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာကြတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters