← Chapters

အခန်း ၅၄၅

Vol. 55 Ch. 545

အခန်း ၅၄၅

Vol. 55 Ch. 545

အခန်း (၅၄၅) - မင်းကိုး.... လော့ချန်

နှစ်ရက်မျှ ကုန်လွန်ပြီးနောက် အတိုင်းအဆမဲ့ ကျယ်ပြောလှသည့် သဲကန္တာရပြင်ကျယ်ကြီးထဲတွင် ဖုန်မှုန့်များ ပေကျံနေသော လူရိပ်နှစ်ခုသည် သဲပြင်ကြီးကိုဗဟိုပြု၍ ခရီးဆက်နေကြလေသည်။

“ဒီအတိုင်းဆို မဖြစ်တော့ဘူး.... ဒီအပြင်စည်းက ရန်သူတွေက ပိုပိုပြီး ရှားလာပြီ.... ငါတို့ ဒီလိုပဲ လိုက်အမဲလိုက်နေရင် နောက်ထပ် အမှတ် ၂၀၀၀ ပြည့်အောင် စုဆောင်းနိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

ချူခွေးက မကျေမနပ်ဖြင့် အံကြိတ်ကာ ဆိုလိုက်သည်။ သူ၏ မျက်နှာတစ်ခုလုံး မည်းမှောင်နေပြီး စိတ်ပျက်အားငယ်နေသည်မှာ အထင်အရှားပင်။

လော့ချန်သည် သူတို့၏ စုစုပေါင်း ဂုဏ်ထူးဆောင်အမှတ်များကို စိတ်ထဲမှ တိတ်တဆိတ် တွက်ချက်နေမိသည်။ ရက်ပေါင်းများစွာ အားထုတ်ခဲ့ပြီးနောက် သူနှင့် ချူခွေးသည် အမှတ် ၈၀၀၀ အထိ အံ့အားသင့်ဖွယ် စုဆောင်းနိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ အခြေတည် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာက သူတို့လက်ချက်ဖြင့် အသက်ပျောက်ခဲ့ရသည်ဟု ဆိုလိုခြင်းပင်။ ခြုံခိုတိုက်ခိုက်ခြင်း၊ ချောင်းမြောင်းခြင်းမှစ၍ ထိပ်တိုက်ရင်ဆိုင်ခြင်းနှင့် သူတစ်ပါးအမဲလိုက်သည်ကို ကြားဖြတ်လုယူခြင်းအထိ သူတို့ မသုံးဖူးသည့် နည်းဗျူဟာမရှိခဲ့သော်လည်း ယခုထက်ထိ မလုံလောက်သေးချေ။

ချူခွေးက လေသံမာမာဖြင့် ပြောလိုက်ပြန်သည်။

“မကြာခင်မှာ မင်းက ရှေ့တန်းကနေ နောက်တန်းကို ပြောင်းရတော့မယ်၊ မင်းရဲ့ တွက်ချက်မှုအရ ဂိုဏ်းလေးခုမဟာမိတ်အဖွဲ့က အဋ္ဌမမြောက်တောင်ကို သိမ်းပိုက်ပြီးရင် စစ်ဆင်ရေးကို ခဏရပ်လိမ့်မယ်၊ အဲဒီအခါကျရင် ဓားဂိုဏ်း ထုံးစံအတိုင်း သေမင်းတမျှ ခါးသီးတဲ့ အခြေအနေဆိုးကြီးဆီ ပြန်ရောက်သွားမှာ၊ အဲဒီလို ဖြစ်သွားရင် ကျန်တဲ့အမှတ်တွေကို ငါတို့ ဘယ်လောက်ကြာအောင် စုရဦးမှာလဲ၊ ဒီမှာပဲ တစ်သက်လုံး ထိုင်စောင့်နေရတော့မှာလား.... ဟေ့.... လော့ချန်၊ တစ်ခုခု ပြောစမ်းပါဦး"

ရုတ်တရက် လော့ချန် ခြေလှမ်းများ ရပ်တန့်သွားသည်။ မျက်နှာကို လာရောက်ရိုက်ခတ်နေသော သဲလေပြင်းများကြားမှ သူ၏ အကြည့်တို့သည် ဝေးကွာလှသော မိုးကြိုးတောင်တန်းဆီသို့ ဦးတည်သွားလေသည်။ ထိုနေရာတွင် မည်းမှောင်နေသော တိမ်တိုက်များက လိပ်ပြာကဲ့သို့ လှည့်ပတ်နေပြီး ဆိုးယုတ်လှသော မိစ္ဆာချီစွမ်းအင်များက ကောင်းကင်ယံထက်သို့ ထိုးတက်နေကြသည်။

ချူခွေးသည် လော့ချန်၏ အကြည့်အတိုင်း လိုက်ကြည့်ရင်း မျက်လုံးများ ကျဉ်းမြောင်းသွားကာ ဆိုသည်။

“မင်း ပင်မစစ်မြေပြင်ဆီ သွားဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်"

လော့ချန်ကမူ အတွေးနက်နေဆဲဖြစ်သဖြင့် ဘာမှ ပြန်မပြောချေ။ ချူခွေးက စိုးရိမ်တကြီးဖြင့် ဆက်ပြောလိုက်သည်။

“မင်းကိုယ်တိုင်ပဲ ပြောခဲ့တယ်မဟုတ်လား၊ အခု ပင်မစစ်မြေပြင်ဆိုတာ အသားကြိတ်စက်ကြီးလိုပဲ တစစီ ဖြစ်ပျက်နေတာ.... အင်အားကြီးဂိုဏ်းကြီးနှစ်ခုက သူတို့ရဲ့ လက်အောက်ခံတွေနဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေကို လူလိုတောင် သဘောထားတာ မဟုတ်ဘူး.... ငါတို့အဲဒီကို သွားရင်....”

“မင်း ကြောက်လို့လား" ဟု လော့ချန်က ရုတ်တရက် ကြားဖြတ်မေးလိုက်သည်။

ချူခွေး ခဏမျှ မှင်တက်သွားပြီးနောက် မျက်နှာတစ်ခုလုံး နီမြန်းသွားကာ....

“ငါ ကြောက်တယ်လို့ မင်း ထင်နေတာလား"

မဟာတာအိုလမ်းစဉ်ပေါ်တွင် ကြောက်ရွံ့ခြင်းအတွက် နေရာမရှိချေ။ အကယ်၍ ချူခွေးသာ သေခြင်းတရားကို ကြောက်ရွံ့ခဲ့ပါက လော့ချန်နှင့်အတူ အစကတည်းက စွန့်စားရန် ရွေးချယ်ခဲ့မည် မဟုတ်ပေ။

လော့ချန် ခေါင်းညိတ်လိုက်ရင်း

“ဒါဆိုရင် ရလာတဲ့ တစ်ခုတည်းသော အခွင့်အရေးကို ငါတို့ အရယူကြတာပေါ့"

သူ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ချူခွေးက သူ၏ လက်မောင်းကို လှမ်းဆွဲလိုက်သည်။

“ငါ မကြောက်ဘူး လော့ချန်၊ ဒါပေမဲ့ မင်းက ငါနဲ့ မတူဘူး.... မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကျော်နေပြီ.... အခု စွန့်စားမှု မလုပ်ရင်တောင် မင်းနဲ့ ရေခဲခံတပ်ရဲ့ ဆက်ဆံရေးအရ နောင်တစ်ချိန်မှာ ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အလမ်း အများကြီး ရှိနေသေးတယ်.... တကယ်လို့ မဖြစ်နိုင်ဘူးဆိုရင်လည်း အခုလောလောဆယ် လက်လျှော့လိုက်ပါ.... ငါ့ကိုပဲ ဒီစစ်မြေပြင်မှာ တစ်ယောက်တည်း ထားခဲ့.... နောက်ထပ် နှစ်အနည်းငယ်လောက် ကြိုးစားရင် ကျန်တဲ့ အမှတ် ၂၀၀၀ ကို ငါ တစ်စစီ စုဆောင်းနိုင်မှာပါ"

လော့ချန်သည် မိမိလက်မောင်းကို ဆွဲထားသော ထိုလက်ကို ငုံ့ကြည့်လိုက်သည်။ ချူခွေးက သဘောပေါက်ကာ လက်ကို ပြန်လွှတ်လိုက်တော့သည်။ သဲပြင်ကျယ်ပေါ်တွင် ဖုန်မှုန့်များ ဝဲပျံနေသော်လည်း သူ၏ ရှေ့မှ ဝတ်ရုံနီဝတ်ဆင်ထားသော လူငယ်၏ ပုံရိပ်မှာမူ တည်ငြိမ်၍ တုန်လှုပ်ခြင်း မရှိချေ။

“ငါ ရေခဲခံတပ်ထဲကို တကယ်တမ်း ခြေမချဖူးသေးဘူး" ဟု လော့ချန်က တိုးညှင်းစွာ ဆိုလိုက်သည်။

“သူတို့ ငါ့ကို ရွှေအမြုတေအဆင့် ရောက်အောင် ကူညီမလားဆိုတာ မသေချာဘူး၊ တကယ်လို့ ကူညီခဲ့ရင်တောင် အဲ့ဒါက အလကားတော့ ဟုတ်မှာ မဟုတ်ဘူး၊ ပေးဆပ်ရမယ့် တန်ဖိုး ရှိလိမ့်မယ်၊ ငါ အဲဒီအကူအညီကို လက်ခံလိုက်ရင် ငါ့ရဲ့ ဘဝဟာ အရင်ကထက် ပိုပြီး ချည်နှောင် ခံရလိမ့်မယ်"

‘ဒါပေမဲ့ အင်အားကြီးဂိုဏ်းတစ်ခုနဲ့ ပိုပြီး နက်ရှိုင်းတဲ့ ဆက်စပ်မှု ရှိတာက ပိုကောင်းတဲ့ အရာ မဟုတ်ဘူးလား....’

ချူခွေး ဇဝေဇဝါ ဖြစ်နေသော်လည်း လော့ချန်က ရှင်းမပြခဲ့ချေ။ ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းကြီးများအပေါ် သူ ခံစားနေရသည့် နက်ရှိုင်းသော သံသယများ၊ သူ မြင်တွေ့ခဲ့ရသည့် မသင်္ကာဖွယ်ရာ လက္ခဏာများနှင့် လျှို့ဝှက်ရေစီးကြောင်းများအကြောင်းကို သူ ဖွင့်မပြောခဲ့ပေ။ အကယ်၍ သူ တွက်ဆထားသည်မှာ မှန်ကန်ပါက ရေခဲခံတပ်သည် ကြာရှည်ခံတော့မည် မဟုတ်ချေ။ အကယ်၍ သူသာ နက်နက်ရှိုင်းရှိုင်း ပတ်သက်မိပါက ဂိုဏ်း၏ အတက်အကျသည် သူ၏ ကံကြမ္မာ ဖြစ်လာပေလိမ့်မည်။

သူ ဆက်ပြောလိုက်သည်။

“ဒါကြောင့်မို့လို့ ငါ့အစွမ်းနဲ့ ငါ ရွှေအမြုတေအဆင့်ကို ရောက်နိုင်မယ်ဆိုရင် ငါ့ရဲ့ လွတ်လပ်မှုကို ထိန်းသိမ်းနိုင်လိမ့်မယ်၊ ဧည့်သည်တော် အကြီးအကဲဆိုတာ ဧည့်သည်သက်သက်ပဲလေ"

ချူခွေး ထိုစကားများကို သေသေချာချာ စဉ်းစားနေပုံရသည်။

“ပြီးတော့ ချူခွေး မင်းက ဒီမှာ တစ်ယောက်တည်း အခွင့်အရေး ရှာမယ်လို့ ပြောပေမဲ့ နောင်ကျရင် အဲဒီအခွင့်အရေး ရှိနေဦးမယ်လို့ မင်း ဘယ်လို သိနိုင်မှာလဲ"

ချူခွေးက မျက်တောင်ခတ်ရင်း....

“မင်း ဆိုလိုတာက....”

“အကုန်လုံး ဖွင့်ပြောနေဖို့ မလိုပါဘူး"

လော့ချန်က ဖွဖွပြုံးရင်း ဆိုလိုက်သည်။

“သွားကြစို့"

သူ့ပတ်လည်တွင် လေပြင်းများ တဝုန်းဝုန်း တိုက်ခတ်နေစဉ် ချူခွေးမှာ မလှုပ်မယှက် ရပ်နေပြီး မျက်နှာတွင် ဝေခွဲမရခြင်းနှင့် ပြတ်သားခြင်းတို့ အပြန်အလှန် ဖြစ်ပေါ်နေသည်။ ခဏအကြာတွင် သူ အံကို ကြိတ်ကာ လော့ချန်နောက်သို့ ပြတ်သားစွာ လိုက်ပါသွားတော့သည်။

....

အဋ္ဌမမြောက်တောင်၏ ပင်မစစ်မြေပြင်မှာ တကယ့် အသားကြိတ်စက်ကြီးအသွင် ပြောင်းလဲနေပြီ ဖြစ်၏။ မြေပြင်၏ တစ်လက်မစီတိုင်းကို သွေးနှင့် အရိုးများဖြင့် တိုက်ခိုက်လုယူနေကြရသည်။ စစ်ပွဲ၏ ခါးသီးရက်စက်မှုမှာ မည်သူမျှ မတွေးဝံ့စရာပင်။ တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် လက်အောက်ခံများမှာ ဆုတ်ခွာလိုကြပြီး အချို့သော ဂိုဏ်းကြီးများပင် စစ်ပွဲကို ခေတ္တရပ်နားရန် ကြိုးပမ်းခဲ့ကြသည်။

သို့သော်လည်း တိမ်ပြိုဂိုဏ်းနှင့် ကျောက်စိမ်းအိုးဓားဂိုဏ်းတို့၏ ဖိအားပေးမှုအောက်တွင် မည်သူမျှ ဆုတ်ခွာခွင့်မရခဲ့ချေ။ လော့ချန်နှင့် ချူခွေးတို့ စစ်မြေပြင်တွင် သေမင်းအလား အေးအေးဆေးဆေး လှည့်လည်ကာ သတ်ဖြတ်နိုင်ခဲ့သည့် အချိန်များမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ ရန်သူတစ်ယောက်ကို သတ်နိုင်ရန်ပင် အလွန်တရာ ခက်ခဲလှပေသည်။ ဤမျှအထိ အသက်ရှင်ကျန်ရစ်သူတိုင်းသည် ဆုံးဖြတ်ချက် ခိုင်မာလှသော ထိပ်တန်း ပါရမီရှင်များသာ ဖြစ်ကြသည်။ အန္တရာယ်အရိပ်အယောင် အနည်းငယ် တွေ့သည်နှင့် သူတို့သည် အဝေးမှနေ၍ ဓားချက်များ ပစ်လွှတ်ခြင်း သို့မဟုတ် မျက်စိတစ်မှိတ်အတွင်း မိုင်ပေါင်းများစွာ ဝေးရာသို့ ထွက်ပြေးတိမ်းရှောင်ကြသည်။

လော့ချန် အခြေတည်အဆင့်လတ် ဓားကျင့်ကြံသူတစ်ဦးကို မနည်း သတ်ဖြတ်ပြီးချိန်မှာပင် ပြဿနာက ဆိုက်ရောက်လာတော့သည်။ သူတို့၏ ဆုတ်ခွာမည့် လမ်းကြောင်းမှာ ပိတ်ဆို့ခြင်း ခံလိုက်ရပြီ ဖြစ်သည်။

လူရိပ်တစ်ဦးသည် ဓားနက်တစ်လက်ကို ကိုင်ဆောင်ကာ ရှေ့တွင် ရပ်နေပြီး....

“တန်ချန်ဇီလား.... ဒါမှမဟုတ် ထျန်းခွေးကျီလား....”

ချူခွေးက အနီးသို့ တိုးကပ်လာပြီး နိုးနိုးကြားကြားဖြင့် မေးလိုက်သည်။

“မင်းက ဘယ်သူလဲ"

ထိုသူ၏ လေသံမှာ အေးစက်လှသည်။

“ငါ့နာမည်က ကျန်းချန်"

ထိုနာမည်မှာ ရင်းနှီးခြင်းမရှိသော်လည်း လော့ချန်နှင့် ချူခွေးတို့ အထင်မသေးရဲချေ။ သူ့ထံမှ ထွက်ပေါ်နေသော အခြေတည်အဆင့် (၉) ၏ ထူထပ်လှသော ချီစွမ်းအင် အရှိန်အဝါမှာ အမှန် ဖြစ်သောကြောင့်ပင်။

ကျန်းချန်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားကာ ဖွဖွပြုံးရင်း ဆိုသည်။

“လူတွေက ငါ့ကို မိုးကြိုးဓား လို့ ခေါ်ကြတယ်၊ အဲဒီနာမည်ကိုတော့ မင်းတို့ သိလောက်မှာပါ"

‘မိုးကြိုးဓား’

ထိုစကားလုံး ကျန်းချန်၏ ပါးစပ်မှ ထွက်လာသည်နှင့် လော့ချန်နှင့် ချူခွေးတို့၏ မျက်နှာများ ချက်ချင်း ဖြူဆုတ်သွားသည်။ ဘာမျှ စဉ်းစားမနေတော့ဘဲ သူတို့နှစ်ဦး နောက်သို့ အရှိန်ပြင်းစွာဖြင့် ဆုတ်ခွာလိုက်ကြရာ လေထုပင် တရွှတ်ရွှတ် မြည်ဟည်းသွားတော့သည်။ သို့သော်လည်း ကျန်းချန်၏ အရှိန်က ပို၍ မြန်ဆန်လှသည်။ မျက်စိတစ်မှိတ်အတွင်း သူ၏ ဓားသည် မိုးကြိုးလျှပ်စီးအသွင် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို မိုးကြိုးစွမ်းအင်များဖြင့် ဖုံးလွှမ်းလိုက်ကာ၊ ခြေလှမ်းတိုင်းတွင် မိုးခြိမ်းသံများ မြည်ဟည်းသွားတော့သည်။ ခြေလှမ်းအနည်းငယ်မျှဖြင့်ပင် သူသည် လော့ချန်နှင့် ချူခွေးတို့၏ အနောက် မီတာတစ်ရာအကွာအဝေးအတွင်းသို့ ကပ်လာခဲ့ပြီ ဖြစ်သည်။

“မင်းတို့နှစ်ယောက်အကြောင်း ငါ ကြားဖူးပါတယ်၊ စွမ်းအားကြီးတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်နဲ့ ဆေးဖော်စပ်တဲ့ ပါရမီရှင်တစ်ယောက်ပေါ့၊ ဒါပေမဲ့ မင်းတို့ရဲ့ လုပ်ရပ်တွေက ယုတ်မာလွန်းလို့ မိစ္ဆာတွေနဲ့ ဘာမှမခြားဘူး၊ ဒီနေ့ ငါ မိစ္ဆာတွေကို နှိမ်နင်းပြီး တာအိုတရားကို စောင့်ရှောက်မယ်"

ဟု ကျန်းချန်က လှောင်ပြောင်လိုက်သည်။

ပြောရင်းနှင့် သူ၏ လက်နှစ်ဖက်က မှော်အတတ်များကို အရှိန်မြှင့် ထုတ်ဖော်လိုက်ရာ အဖြူနှင့် အမည်း ရောင်စဉ်တန်းများ ခန္ဓာကိုယ်ပေါ်တွင် ပေါ်ထွက်လာပြီး မိုးကြိုးစွမ်းအင်များ လှိုက်တက်လာတော့သည်။ ကောင်းကင်ယံထက်တွင် မိုးတိမ်များ စုရုံးလာပြီး သူ၏ အရှိန်အဝါနှင့် ပဲ့တင်ထပ်နေသည်။

မိုးကြိုးဓားသည် မိုးကြိုးတောင်တန်းတစ်ခုလုံးတွင် အန္တရာယ်အရှိဆုံးသော ပါရမီရှင်များအနက် တစ်ဦး ဖြစ်သည်။ သူ၏ ကျော်ကြားမှုမှာ ယန်လေကျိ ထက်ပင် သာလွန်လှပေသည်။ ကျင့်ကြံသူအများစုမှာ သူ့ကို မြင်သည်နှင့် နောက်လှည့်မကြည့်ဘဲ ထွက်ပြေးကြစမြဲ ဖြစ်သည်။ အမြဲတမ်း သူတစ်ပါးကို ထိတ်လန့်အောင် လုပ်လေ့ရှိသော လော့ချန်နှင့် ချူခွေးတို့ပင် ယခုအခါ ထိုအတိုင်း ထွက်ပြေးနေကြရသည်။

ကျန်းချန်သည် ထိုသူနှစ်ဦး ပရမ်းပတာ ထွက်ပြေးနေသည်ကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ မျက်နှာမှာ ဒေါသကြောင့် ပျက်ယွင်းသွားပြီး အော်ဟစ်လိုက်တော့သည်။

“လူယုတ်မာတွေ....”

ဆူးနွယ်ရှင် အမြောက်အမြား မြေပြင်မှ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သူ၏ ခြေလှမ်းများကို ပိတ်ဆို့လိုက်သည်။ ခြေဖဝါးအောက်ရှိ မြေပြင်မှာ ဗွက်အသွင် ပြောင်းလဲသွားပြီး ကြီးမားလှသော မြေနွယ်လက်ကြီးနှစ်ခု ပေါ်ထွက်လာကာ သူ့အား ဆွဲချရန် ကြိုးပမ်းလာကြသည်။

ရွှပ်.... ရွှပ်....

အဖြူအမည်း ဓားအလင်းတန်းနှစ်ခု လေခွင်းလျက် ထွက်ပေါ်လာပြီး ထိုတိုက်ခိုက်မှုများကို လွယ်ကူစွာ ဖြတ်တောက်လိုက်သည်။ သို့သော် သူ ရှေ့သို့ ဆက်မလှမ်းနိုင်မီမှာပင် သူ့အား အံ့အားသင့်စေမည့် အရာတစ်ခု ဖြစ်ပျက်သွားသည်။ ထွက်ပြေးသွားပြီဟု သူ ထင်ထားသော လူရိပ်နှစ်ခုက မျက်နှာချင်းဆိုင် ပြန်လှည့်လာခြင်း ဖြစ်သည်။ ကြီးမားလှသော ချီထျန်းတုတ်ကြီးသည် ကောင်းကင်ယံထက်မှ ဝုန်းကနဲ မြည်ဟည်းကာ ကျရောက်လာပြီး၊ ရွှေမီးဓား ကြီးကလည်း မီးတောက်မိုးကြိုးအသွင်ဖြင့် ကောင်းကင်ယံမှ ဥက္ကာပျံသဖွယ် တိုက်ရိုက် ကျဆင်းလာတော့သည်။

ကျန်းချန် မျက်လုံးများ ပြူးကျယ်သွားကာ ဓားအလင်းတန်းများကို ခန္ဓာကိုယ်ပတ်လည်တွင် အစီအရင်သဖွယ် အလျင်အမြန် ခင်းကျင်းလိုက်ရသည်။

ဝုန်း.... ဝုန်း....

ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ဖုန်မှုန့်များ နေရာအနှံ့ ပျံ့လွင့်သွားတော့သည်။ ဖုန်ထူလှသော မြူခိုးများကြားမှ အလင်းတန်းတစ်ခုသည် အရှိန်ပြင်းစွာဖြင့် နောက်သို့ ဆုတ်ခွာသွားလေသည်။

သူသည် မာန်မာနအပြည့်ဖြင့် ရောက်ရှိလာခဲ့သော်လည်း ယခုမူ အရှက်တကွဲဖြင့် ဆုတ်ခွာသွားခဲ့ရပြီ ဖြစ်သည်။

ချူခွေးသည် ချီထျန်းတုတ်ကြီးကို ပုခုံးပေါ်တင်ကာ သက်ပြင်းချရင်း ဆိုသည်။

“အဲဒီကောင်က ဂုဏ်ထူးဆောင်အမှတ် ၁၀၀၀ တန်တာ၊ နှမြောစရာကြီး"

“သူသာ ဒီလောက် သတ်ရလွယ်ရင် အမှတ် ၁၀၀၀ တန်ပါ့မလား" ဟု လော့ချန်က တည်ငြိမ်စွာ ဆိုလိုက်သည်။

“သူက ကျောက်စိမ်းအိုးဓားဂိုဏ်းရဲ့ တကယ့် ပါရမီရှင် တပည့်ရင်းပဲ၊ ငါတို့ အောင်မြင်ခဲ့တာက သူ ငါတို့ကို အထင်သေးသွားလို့ ဖြစ်တာ"

ပြောရင်းနှင့် လော့ချန်သည် သိုလှောင်အိတ်ကို ဖွင့်ကာ ကျန်ရှိနေသော ဆူးနွယ်ပင် အစေ့များကို စိတ်ထဲမှ ကွက်တိ တွက်ချက်လိုက်သည်။ ချွေတာသုံးစွဲလျှင် နွယ်ရှင်နှောင်ကြိုးမှော်အတတ်ကို နောက်ထပ် ဆယ်ကြိမ်ခန့် သုံးနိုင်သေးသည်။

“သွားကြစို့" ဟု ဆိုကာ လော့ချန် နောက်လှည့်လိုက်သည်။ သို့သော် သူ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားခဲ့ရသည်။

“အလောတကြီး မသွားပါနဲ့ဦး"

ထိုအသံမှာ အလွန်ပင် အိုမင်းရင့်ရော်လှပြီး နှစ်ပေါင်းရာချီ ရှင်သန်လာခဲ့သည့် အဘိုးအိုတစ်ဦး၏ အသံအလား ရှိသည်။ သို့သော် ထိုအိုမင်းမှုအောက်တွင် ဓားနှင့် သံမဏိချင်း ရိုက်ခတ်မိသကဲ့သို့ ပြတ်သားလှသော အရှိန်အဝါတစ်ခု ကိန်းအောင်းနေသည်။

ဝေးကွာလှသော ကုန်းမြင့်တစ်ခုပေါ်မှ အဘိုးအိုတစ်ဦး ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ သူ၏ ခြေလှမ်းတိုင်းသည် ယိုင်နဲ့နေသကဲ့သို့ ရှိသော်လည်း မှုန်ဝါးနေသော သူ၏ မျက်ဝန်းများထဲတွင်မူ အတိုင်းအဆမဲ့ ဝမ်းနည်းကြေကွဲမှုများနှင့်အတူ မီးလျှံတမျှ ပြင်းထန်လှသော ဒေါသများ ပါဝင်နေသည်။

ထိုအဘိုးအို အနီးသို့ ချဉ်းကပ်လာသည်နှင့်အမျှ လော့ချန်၏ နှလုံးခုန်သံများမှာ မထိန်းချုပ်နိုင်အောင် မြန်ဆန်လာခဲ့သည်။ သူ၏ မျက်ခုံးဗဟိုတည့်တည့်တွင် မီးတောက်ပုံသဏ္ဌာန် အမှတ်အသားတစ်ခု ရုတ်တရက် ထင်ဟပ်၍ ပေါ်ထွက်လာတော့သည်။

အစပိုင်းတွင် ၎င်းမှာ မှေးမှိန်နေသော်လည်း အဘိုးအို ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ထိုအမှတ်အသားသည် ပိုမိုထင်ရှား၍ လင်းလက်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းမှာ ရဲရဲတောက်နေသော မီးလျှံအသွင် ပြောင်းလဲသွားပြီး လော့ချန်၏ အရေပြားကို လောင်ကျွမ်းမတတ် ပူပြင်းလာစေသည်။

ထိုမီးတောက်အမှတ်အသားကို မြင်လိုက်ရသောအခါ အဘိုးအို နောက်ဆုံးတွင် ခြေလှမ်းများ ရပ်တန့်လိုက်တော့သည်။

“ထင်တဲ့အတိုင်းပဲ.... မင်းကိုး.... လော့ချန်”

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters