အခန်း ၅၄၆
Vol. 55 Ch. 546
အခန်း (၅၄၆) - ငါ ဒီအဘိုးကြီးကို သတ်ပစ်ရမယ်
အဘိုးအို၏ စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင် လေထုတစ်ခုလုံး လုံးဝ ဥဿုံ တိတ်ဆိတ်သွားလေသည်။ တစ်လောကလုံး ဆောင်းဦး၏ သေမင်းတမျှ ငြိမ်သက်ခြင်းထဲသို့ ကျရောက်သွားသကဲ့သို့ ရှိပြီး လေထုကို ရှူရှိုက်မိရုံမျှနှင့်ပင် ရင်ဘတ်ထဲ၌ အေးခဲသွားမတတ် ခံစားရစေသည်။ လော့ချန်သည် ကိုယ်လက်လှုပ်ရှားရန် အားထုတ်ကြည့်သော်လည်း သူ၏ ကိုယ်လက်အင်္ဂါများမှာ တောင်ကြီးများဖြင့် ဖိနှိပ်ခံထားရသကဲ့သို့ လေးလံထိုင်းမှိုင်းနေကာ အသက်ရှူရန်ပင် အလွန်တရာ ရုန်းကန်နေရတော့သည်။
"မင်း သတ္တိတော့ ကောင်းသားပဲ၊ ဒါကိုတော့ ငါ အသိအမှတ်ပြုပါတယ်" ဟု တိဝမ်ယွင်က လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။
"မင်း ငါ့သားကို သတ်ခဲ့ပြီးတာတောင် ထွက်မပြေးဘဲ ဒီစစ်မြေပြင်မှာ လာပြီး ဟန်ရေးပြရဲသေးတယ်ပေါ့.... မင်း တကယ်ပဲ သေဘေးကို မကြောက်တာလား.... ဒါမှမဟုတ် သေမင်းကို ကိုယ်တိုင် ဖိတ်ခေါ်နေတာလားဆိုတာ ငါ တကယ် မသိတော့ဘူး"
လော့ချန်က လည်ချောင်းသံ အက်ရှရှဖြင့် အားတင်းကာ ပြန်လည် မေးမြန်းလိုက်သည်။
"ကျုပ် ဒီကျိန်စာသင့်အမှတ်အသားကို ဖျက်ပစ်ဖို့ နည်းလမ်းပေါင်းစုံ သုံးခဲ့တာပဲ၊ ဘာလို့ အခုထိ ရှိနေသေးတာလဲ"
"မင်း ဘာကြောင့်လဲ သိချင်နေတာလား"
တိဝမ်ယွင်က အေးစက်စွာ ရယ်မောလိုက်သည်။
လော့ချန်၏ မျက်ဝန်းထဲ၌ မျှော်လင့်ချက်အရိပ်အယောင်လေး ဖြတ်ပြေးသွားစဉ်မှာပင်၊ ထိုအဘိုးအို၏ လက်ဝါးထက်မှ ရွှေရောင်အလင်းတန်းများ ဝုန်းခနဲ ပေါက်ကွဲထွက်ပေါ်လာသည်။
"ငရဲပြည်ကို သွားပြီး ငါ့သားရှေ့မှာ ဒူးထောက်တောင်းပန်လိုက်စမ်း၊ သူ သနားရင် မင်းကို ပြောပြလိမ့်မယ်"
ရွှေရောင်အလင်းတန်းများ အရှိန်အဟုန်ဖြင့် ပြေးဝင်လာစဉ် အက်ကွဲကြောင်းများ ထင်ကျန်နေသော ဒိုင်းကာတစ်ခုသည် လော့ချန်၏ ရှေ့၌ ရုတ်တရက် ပေါ်ထွက်လာလေသည်။
ချလွမ်....
ဒိုင်းကာနှင့် ထိတွေ့မိသည်နှင့်တစ်ပြိုင်နက် ရွှေရောင်အလင်းတန်းသည် နားကွဲမတတ် မြည်ဟည်းသံကြီးနှင့်အတူ ပေါက်ကွဲသွားပြီး၊ ထိုသံဒိုင်းကာကြီးကို အစိတ်စိတ်အမြွှာမြွှာ ကြွေမွသွားစေတော့သည်။ ပျံဝဲနေသော အပိုင်းအစများကြားမှ ဖန်သားကဲ့သို့ တဖိတ်ဖိတ်တောက်နေသော အပြာရောင်အကာအကွယ်အစီအရင်တစ်ခု ပေါ်ထွက်လာသည်။ အစပိုင်းတွင် ထိုအကာအကွယ်သည် အမိုးခုံးတစ်ခုကဲ့သို့ ကျယ်ပြန့်စွာ လွှမ်းခြုံထားသော်လည်း၊ ရွှေရောင်အလင်းတန်း၏ တားဆီး၍မရသော ဖိအားကြောင့် တဖြည်းဖြည်း ကျုံ့ဝင်လာပြီး လော့ချန်၏ ကိုယ်ပေါ်သို့ ကပ်သွားတော့သည်။
လော့ချန်၏ မျက်နှာသည် တင်းမာခက်ထန်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ယင်လာသည်။ ထိုအချိန်မှသာ ရွှေရောင်အလင်းတန်း၏ တိုးဝင်မှု ရပ်တန့်သွားတော့သည်။
တိဝမ်ယွင်က မျက်မှောင်ကြုတ်ကာ ရွှေရောင်အလင်းတန်းကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ ထိုအလင်းတန်းသည် သူ၏လက်ဝါးထက်၌ တိမ်တိုက်သဏ္ဌာန် မှော်ရတနာတစ်ခုအဖြစ် စုစည်းသွားသည်။ ၎င်းသည် ရံဖန်ရံခါ ဓားမြှောင်အဖြစ်လည်းကောင်း၊ ရံဖန်ရံခါ တူကြီးအဖြစ်လည်းကောင်း ပုံသဏ္ဌာန်အမျိုးမျိုးသို့ လျင်မြန်ဆန်းကြယ်စွာ ကူးပြောင်းနေလေသည်။
"ပျက်စီးနေတဲ့ ခံစစ်မှော်ရတနာတစ်ခုရယ်၊ အဆင့်မြင့် ခံစစ်မှော်အတတ်တစ်ခုရယ် ပေါင်းစပ်ထားတာကိုး" ဟု သူ ရေရွတ်လိုက်သည်။
"မင်းတို့နှစ်ယောက် ဒီစစ်မြေပြင်မှာ ဘာလို့ ဒီလောက် ရဲတင်းနေရသလဲဆိုတာ မဆန်းတော့ပါဘူး"
တစ်ဖက်တွင်မူ ချူခွေး၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းနေသည်။ လော့ချန်တစ်ယောက် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးကို သွားရောက် ရန်စခဲ့လိမ့်မည်ဟု သူ အိပ်မက်ပင် မမက်ဖူးခဲ့ချေ။
"ဒီမှာ အဘိုးကြီး.... အားကြီးသူက အားနည်းသူကို နှိပ်စက်တာဟာ မသင့်တော်ပါဘူး" ဟု ချူခွေးက ရှေ့သို့ တစ်လှမ်းတိုးကာ ပြောလိုက်သည်။
"မင်းက ငါ့ကို လာပြီး ဆရာလုပ်ချင်တာလား"
တိဝမ်ယွင်က အေးစက်စွာ တံတွေးထွေးလိုက်သည်။ သူ၏ လက်ထဲမှ တိမ်တိုက်သည် ချက်ချင်းပင် ရွှေရောင် ဓားပျံတစ်လက်အဖြစ် ပြောင်းလဲသွားတော့သည်။
လော့ချန်၏ မျက်နှာက ရုတ်ချည်း ပြောင်းလဲသွားပြီး အော်ဟစ်လိုက်သည်။
"ကျုပ်က ရေခဲခံတပ်ရဲ့ ဧည့်သည်တော် အကြီးအကဲ၊ ပြီးတော့ ကရုဏာမဲ့နတ်သမီး တန်ဖိုးထားတဲ့သူ၊ ခင်ဗျား တကယ်ပဲ ကျုပ်ကို သတ်ရဲလို့လား"
"ငါ့သား သေခါနီးမှာလည်း ဒီလိုစကားမျိုးပဲ ပြောခဲ့မှာ သေချာတယ်" ဟု တိဝမ်ယွင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်းကော သူ့ကို အသက်ချမ်းသာပေးခဲ့လို့လား.... သောက်စကားများနေစရာ မလိုဘူး.... သေစမ်း"
ဝှစ်....
ဓားပျံသည် မျက်စိတစ်မှိတ်အတွင်း လျင်မြန်စွာ ပြေးဝင်လာသည်။ လော့ချန်သည် ချီစွမ်းအင်များကို ထုတ်လွှတ်ကာ ဖန်သားနတ်ဘုံအကာအရံကို ချက်ချင်း အသက်သွင်းလိုက်သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ ဓားပျံသည် အစီအရင်အတားအဆီးကို ရေထဲတွင် ကူးခတ်နေသော ငါးတစ်ကောင်ကဲ့သို့ မည်သည့် အဟန့်အတားမျှမရှိဘဲ လွယ်ကူစွာ ဖြတ်ကျော်သွားတော့သည်။
ချလွမ်....
နောက်ထပ် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ နက်မှောင်သော ရွှေရောင်တုတ်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ဓားပျံကို ဘေးသို့ ရိုက်ထုတ်ပစ်လိုက်သည်။ သို့သော် တိုက်ခိုက်မှုမှာ ကျရှုံးသွားပြန်သည်။ တိဝမ်ယွင်သည် ချူခွေးကို ပထမဆုံးအကြိမ်အဖြစ် လေးနက်စွာ စိုက်ကြည့်လိုက်ပြီး ဆိုသည်။
"မင်းက တစ်ခုခု ထူးခြားနေတယ်"
လော့ချန်၏ မျက်လုံးများလည်း အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည်။ အခြေတည်အဆင့်ထက် များစွာ သာလွန်သော ထူးဆန်းပြီး ထူထပ်လှသည့် အရှိန်အဝါတစ်ခုသည် ချူခွေး၏ ကိုယ်ပေါ်မှ တရိပ်ရိပ် တက်လာနေသည်။ ၎င်းမှာ သူ ယခင်က ပြောခဲ့ဖူးသော လျှို့ဝှက်ကျင့်စဉ်လော။
ထိုစဉ်မှာပင် ချူခွေး၏ လက်ထဲ၌ လုံးဝန်းသော ဆေးလုံးတစ်လုံး ပေါ်ထွက်လာပြီး သူ တုံ့ဆိုင်းခြင်းမရှိဘဲ မျိုချလိုက်လေသည်။ ထိုအခါ ဆန်းကြယ်သော စွမ်းအင်များသည် လှိုင်းလုံးကြီးများသဖွယ် ပေါက်ကွဲထွက်ပေါ်လာပြီး လော့ချန်၏ နားထဲသို့ အသံတစ်သံ ဝင်ရောက်လာသည်။
"မင်းရဲ့ ပျံသန်းနှုန်းက ပြိုင်ဘက်ကင်းမှန်း ငါသိတယ်၊ မင်း အရင်ပြေးနှင့်၊ ငါ နောက်က လိုက်ခဲ့မယ်"
"ဒါပေမဲ့...."
"ဒါပေမဲ့ မလုပ်နဲ့တော့.... ဒီအဘိုးကြီးက ရွှေအမြုတေအဆင့် ကျင့်ကြံသူဖြစ်ပေမဲ့ ငါ့ကို ဒီမှာ ချုပ်ထားနိုင်လောက်အောင်ထိတော့ အင်အားမကြီးသေးဘူး"
လော့ချန်သည် ချူခွေးကို လေးနက်သော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် သူ၏ ကျောပြင်ထက်မှ ဝိညာဉ်အတောင်ပံများ ဖြန့်ထွက်လာပြီး၊ မျက်စိတစ်မှိတ်အတွင်း လျှပ်စီးတန်းတစ်ခုကဲ့သို့ နောက်သို့ ဆုတ်ခွာသွားတော့ရာ ၎င်း၏ အရှိန်အဟုန်မှာ ကြည့်နေသူအားလုံးကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။ သို့သော်လည်း အခြေတည်အဆင့်၏ အသံလှိုင်းဖြင့် သတင်းပို့မှုကို ရွှေအမြုတေအဆင့် စီရင်စုသခင်တစ်ဦးထံမှ ဖုံးကွယ်ရန် မဖြစ်နိုင်ချေ။
တိဝမ်ယွင် စိုးရိမ်တကြီး ဖြစ်သွားပြီး ဒေါသတကြီး အော်လိုက်သည်။
"ထွက်ပြေးချင်တာလား.... အိပ်မက်မက်နေလိုက်"
သူ၏ လက်ဝါးထက်မှ အစီအရင်များ ပျံထွက်လာပြီး တိမ်တိုက်သဏ္ဌာန် မှော်ရတနာသည် ဧရာမ တူကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူသည် ထိုတူကြီးကို မြှောက်ကာ မိုင်အနည်းငယ် ကျယ်ဝန်းသော အရပ်တစ်ခုလုံးကို ဖိနှိပ်၍ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
ထိုတိုက်ခိုက်မှုကို ရင်ဆိုင်ရန် ချူခွေးသည် ဦးခေါင်းကို မော့ကာ ချီထျန်းတုတ်ကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်၍ အထက်သို့ ပင့်တင်လိုက်သည်။
ဝုန်း....
ဟည်းထွက်လာသော တိုက်ခိုက်မှုနှင့်အတူ တူကြီးမှာ နောက်သို့ လွင့်ထွက်သွားတော့သည်။ ချူခွေးသည် တုတ်ရှည်ကြီးကို လက်နှစ်ဖက်ဖြင့် ကိုင်ဆုပ်ကာ ကောင်းကင်ယံထက်သို့ တဖြည်းဖြည်း မြင့်တက်သွားသည်။ သူ၏ ကိုယ်တွင်းမှ ပြင်းထန်သော စွမ်းအင်လှိုင်းများ အရှိန်ဖြင့် တိုးထွက်လာပြီး မျက်စိတစ်မှိတ်အတွင်း သူ၏ အရှိန်အဝါသည် တိဝမ်ယွင်၏ အရှိန်အဝါကို လုံးဝ လွှမ်းမြတ်သွားတော့သည်။
"နိယာမစွမ်းအား .... ဒါဟာ နိယာမစွမ်းအားပဲ"
တိဝမ်ယွင်၏ မျက်နှာမှာ ပို၍ မည်းမှောင်သွားသည်။
"ကံကောင်းတဲ့ ကောင်စုတ်လေး၊ မင်း နိယာမစွမ်းအားကို စုပ်ယူနိုင်လောက်တဲ့ အစွမ်းထက်တဲ့ ရွှေအမြုတေဆေးလုံးကို ဘယ်ကနေ ရလာတာလဲ"
ချူခွေးသည် မည်သည့်စကားမျှ အဖတ်လုပ် ပြန်မပြောဘဲ တည်ငြိမ်စွာသာ ရပ်နေသည်။ ချက်ချင်းပင် မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး သူ ချီထျန်းတုတ်ကို ပိုမို တင်းကျပ်စွာ ကိုင်ဆောင်ကာ ထပ်မံ ရိုက်ချလိုက်ပြန်သည်။ တိဝမ်ယွင်၏ ရွှေရောင်တိမ်တိုက်သည်လည်း လျင်မြန်စွာ ပြောင်းလဲသွားပြီး တိုက်ခိုက်မှုကို ခုခံရန် အလင်းဒိုင်းကာတစ်ခုအဖြစ် ပုံဖော်လိုက်သည်။
ဝုန်း....
ပထမအကြိမ် တိုက်ခိုက်ပြီးနောက်၊ ချူခွေးသည် အခွင့်အရေး မပေးဘဲ ထပ်ကာတလဲလဲ အဆက်မပြတ် တိုက်ခိုက်တော့သည်။
‘တစ်ချက်၊ နှစ်ချက်၊ သုံးချက်....’
တစ်ချက်ထက် တစ်ချက် ပိုမို ပြင်းထန်လာသည်။ ချူခွေး၏ ချီထျန်းတုတ်သည် လေခွင်းသံကြီးနှင့်အတူ ပြင်းထန်စွာ ကျရောက်လာပြီး၊ တဖိတ်ဖိတ်တောက်နေသော ဒိုင်းကာကြီးမှာ ဆက်တိုက် တုန်ခါနေတော့သည်။ မီးပွင့်များမှာ ဘေးသို့ လွင့်စင်ထွက်ပေါ်လာပြီး အကာအကွယ်အတားအဆီးမှာလည်း ပြင်းထန်သော ဖိအားကြောင့် ပုံပျက်ရှုံ့တွလာကာ ပေါက်ကွဲလုနီးပါး ဖြစ်လာသည်။
တိဝမ်ယွင်သည် ရွှေအမြုတေအဆင့် စီရင်စုသခင်တစ်ဦး ဖြစ်သော်လည်း ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားရသည်။ ဤအံ့သြဖွယ် မြင်ကွင်းကို အဋ္ဌမမြောက်တောင်တန်း စစ်မြေပြင်ရှိ အစွမ်းထက် ကျင့်ကြံသူ အမြောက်အမြား မြင်တွေ့သွားကြသည်။
တောင်ကုန်းမြင့်များနှင့် စစ်မြေပြင်လွင်ပြင်များတွင် ရှိနေကြသော ရွှေအမြုတေအဆင့် စီရင်စုသခင်အချို့က သူတို့၏ အာရုံများကို ချက်ချင်း ပြောင်းလဲလိုက်ကြသည်။ ကောင်းကင်ယံထက်တွင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး၊ ဝေးလံသော အရပ်မှ လူရိပ်တစ်ခုသည် အရှိန်အဟုန်ပြင်းစွာဖြင့် ဤနေရာသို့ ပြေးဝင်လာတော့သည်။
သာမန် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးက ရွှေအမြုတေအဆင့် စီရင်စုသခင်တစ်ဦးကို ဖိနှိပ်ထားသည်ဟူသော မယုံကြည်နိုင်စရာ မြင်ကွင်းမှာ ကျောက်စိမ်းအိုးဂိုဏ်း ခြောက်ဂိုဏ်း၏ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များရှေ့မှောက်တွင် ဖြစ်ပျက်နေခြင်း ဖြစ်သည်။ မယုံနိုင်စရာ ကောင်းလောက်အောင် အံ့သြဖွယ်ရာပင်။
"မင်း သေသင့်တယ်"
တိဝမ်ယွင်၏ ဒေါသတကြီး အော်ဟစ်သံသည် ကောင်းကင်ယံသို့ ပဲ့တင်ထပ်သွားသည်။ သူသည် လော့ချန် ထွက်ပြေးသွားသည်ကိုလည်းကောင်း၊ အခြားသော ရွှေအမြုတေအဆင့် ကျင့်ကြံသူများ၏ စောင့်ကြည့်နေမှုကိုလည်းကောင်း အာရုံခံမိနေသည်။ အကယ်၍ ဤသို့ ဆက်လက် ကြာမြင့်နေပါက သူ၏ ဂုဏ်သိက္ခာမှာ လုံးဝ ပျက်စီးပေလိမ့်မည်။
ဘုန်း....
တိဝမ်ယွင်သည် သူ၏ နဖူးလယ်ခေါင်သို့ လက်ညှိုးဖြင့် ဖိလိုက်သည်။ ထိုအခါ ချိပ်ပိတ်ထားသော စွမ်းအားတစ်ခု ပွင့်ထွက်သွားသကဲ့သို့ ခံစားလိုက်ရပြီး၊ သူ၏ ဖိနှိပ်ထားသော ကျင့်ကြံမှုအရှိန်အဝါသည် ရုတ်ချည်း ပေါက်ကွဲထွက်ပေါ်လာသည်။
နှစ်ဆ၊ ထို့နောက် သုံးဆ....။
မျက်စိတစ်မှိတ်အတွင်း သူသည် အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်။ သူ လက်ဝါးကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင်တိမ်တိုက်သည် ဧရာမ တူကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားပြီး ရှေ့သို့ ရိုက်ချလိုက်တော့သည်။
ဝေးလံသော အရပ်မှ သွယ်လျသော လက်တစ်ဖက် ပေါ်ထွက်လာပြီး၊ ချူခွေး၏ ရှေ့၌ ထူထဲလှသော ရေခဲတံတိုင်းကြီးတစ်ခုကို ရုတ်တရက် တည်ဆောက်လိုက်သည်။
ခရက်....
ထိုရေခဲတံတိုင်းသည် ခဏတာမျှသာ ကြံ့ကြံ့ခံနိုင်ပြီး ဝုန်းခနဲ ပေါက်ကွဲထွက်သွားသည်။ ထိုအချိန်မှာပင် ချူခွေး၏ အစွမ်းကုန်တိုက်ခိုက်လိုက်သော တုတ်ချက်မှာလည်း ထိုတူကြီး၏ အရှိန်အဟုန်ကို မယှဉ်နိုင်တော့ဘဲ၊ နောက်တစ်မိနစ်တွင် သူသည် လေထဲသို့ လွင့်ထွက်သွားပြီး မိုင်အနည်းငယ် ဝေးကွာသော မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။
တိဝမ်ယွင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး၊ ဝင်ရောက် ကူညီပေးခဲ့သော ဝတ်ရုံဖြူဝတ်ဆင်ထားသည့် လူရိပ်ကို တစ်ချက်မျှပင် မကြည့်ဘဲ၊ သူ၏ ကိုယ်ခန္ဓာကို ရွှေရောင်မြူခိုးများအဖြစ် ပြောင်းလဲကာ တောင်ထိပ်များဆီသို့ လျင်မြန်စွာ ပျံသန်းထွက်ခွာသွားတော့သည်။
"လော့ချန်.... မင်း ဘယ်လိုမှ လွတ်မှာမဟုတ်ဘူး"
ဝှူး....
ကရုဏာမဲ့နတ်သမီးက လေထဲရှိ ချူခွေး၏ ခန္ဓာကိုယ်ကို ဖမ်းယူလိုက်သည်။ သူမသည် သတိလစ်နေသော ချူခွေးကို ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။
"သူများရဲ့ ဝိညာဉ်အမြုတေကို စုပ်ယူရဲတယ်ပေါ့.... လူမိုက်ကလေး၊ မင်း တကယ့်ကို သေလမ်းကို ရှာနေတာပဲ"
သူမ လက်ညှိုးလေးများကို ခါလိုက်ရာ ဆီးသီးအရွယ်ခန့်ရှိသော ဆေးလုံးတစ်လုံး ပေါ်ထွက်လာသည်။ ထိုဆေးလုံးထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ မတည်မငြိမ် ဖြစ်နေသည်။ ထို့နောက် သူမသည် ချူခွေး၏ ခန္ဓာကိုယ်ကို လေးဂိုဏ်းမဟာမိတ်အဖွဲ့က သိမ်းပိုက်ထားသော ဓူဝံတောင်တန်းဆီသို့ ညင်သာစွာ ပစ်လွှတ်လိုက်သည်။
"ယင်ယွဲ့.... သူ့ကို စောင့်ရှောက်ထားလိုက်" ဟု သူမ အေးစက်စွာ အော်ပြောလိုက်သည်။
ဓူဝံတောင်တန်းထက်မှ သခင်မယင်ယွဲ့က ချိုသာစွာ ရယ်မောရင်း ပြောလိုက်သည်။
"ဂိုဏ်းတူအစ်မ.... မြန်မြန်သွားလေ၊ အဲ့ကောင်လေးသာ တိဝမ်ယွင်လက်ထဲမှာ သေသွားရင် နင် ဂိုဏ်းချုပ်ကို ဘယ်လို ပြန်ရှင်းပြမလဲ"
"ဟွန့်"
ကရုဏာမဲ့နတ်သမီးက နှာခေါင်းရှုံ့လိုက်ပြီး၊ သူမ၏ ခြေဖဝါးအောက်တွင် ဖြူဖွေးသော တိမ်တိုက်တစ်ခု ပေါ်ထွက်လာကာ တိဝမ်ယွင်၏ နောက်သို့ အရှိန်အဟုန်ဖြင့် လိုက်ပါသွားတော့သည်။
....
ဝတ်ရုံနီဝတ်ဆင်ထားသော လူရိပ်တစ်ခုသည် ကောင်းကင်ယံထက်တွင် အပြင်းအထန် ထွက်ပြေးနေသည်။ တစ်ခါတစ်ရံတွင် သူ့ကို မြင်နေရသော်လည်း၊ နောက်တစ်စက္ကန့်တွင် ပေရာချီ ဝေးကွာသော အရပ်သို့ ရောက်ရှိသွားပြန်သည်။ သူ၏ နောက်တွင် ပုံရိပ်ယောင်များ ထင်ကျန်နေခဲ့ပြီး လေထုထဲ၌ လေခွင်းသံများ ပြင်းထန်စွာ ထွက်ပေါ်နေသည်။ လော့ချန်သည် သူ၏ နဖူးကို လက်ဖြင့် အသာအယာ ဖိထားရင်း မျက်နှာမှာ ညိုမှောင်နေတော့သည်။
"မဖြစ်နိုင်တာ.... ငါ ဒီအရာကို သေသေချာချာ ဖယ်ရှားခဲ့တာပဲ၊ ဘာလို့ အခုထိ ရှိနေသေးတာလဲ၊ သူက ဒါကိုသုံးပြီး ငါ့ကို ဘယ်လို ခြေရာခံနေရတာလဲ"
နဖူးလယ်ခေါင်မှ ပူလောင်လှသော ခံစားချက်ကြောင့် သူ၏ ရင်ထဲတွင် ပိုမို အေးစက်လာတော့သည်။
"မဟုတ်ဘူး.... တစ်ခုခုတော့ မှားနေပြီ၊ ငါ အရင်က သုံးခဲ့တဲ့ နည်းလမ်းက ထိရောက်ခဲ့တာပဲ၊ မဟုတ်ရင် တိဝမ်ယွင်က ငါ့ကို အစောကြီးကတည်းက လိုက်သတ်ပြီးသား ဖြစ်မှာ၊ သူ စောစောက ငါ့မေးခွန်းကို တိတိကျကျ မဖြေခဲ့ဘူး၊ ဒါဆို သူ ငါ့ကို ရှာတွေ့ဖို့ တခြားနည်းလမ်းတစ်ခု သုံးခဲ့တာ ဖြစ်ရမယ်"
လော့ချန်၏ တွက်ဆချက်မှာ အမှန်တရားနှင့် များစွာ နီးစပ်နေသည်။ တိဝမ်ယွင်သည် ဤစစ်မြေပြင်သို့ ရောက်ရှိနေသည်မှာ ကြာပြီ ဖြစ်သော်လည်း၊ သူ၏ သွေးချင်းဆက်နွှယ်မှု ကျင့်စဉ်ကို မည်မျှပင် သုံးစေကာမူ ကုရုန်အမှတ်အသား၏ အရှိန်အဝါကို မခံစားမိခဲ့ချေ။
ထို့ကြောင့် သူသည် လော့ထျန်းအဖွဲ့မှ ဝမ်ယွမ်နှင့် ဟော်ချွမ် စသော သူများအကြောင်းကို စုံစမ်းစစ်ဆေးခဲ့သည်။
ဝမ်ယွမ်သည် ချက်ချင်း ပျောက်ကွယ်သွားခဲ့သလို၊ ဟော်ချွမ်၏ အခြေအနေမှာလည်း မရေမရာ ဖြစ်နေခဲ့သည်။ သို့သော်လည်း မကြာမီမှာပင် လော့ချန်နှင့် ချူခွေးတို့သည် စစ်မြေပြင်တွင် နာမည်ကျော်ကြားလာခဲ့သည်။
ယနေ့တွင်မူ သူသည် လော့ချန်ကို ရုတ်တရက် စမ်းသပ်တိုက်ခိုက်လိုက်ရာ ကျန်ရှိနေသော ကုရုန်အမှတ်အသားက တုံ့ပြန်လာခဲ့ခြင်း ဖြစ်သည်။ ထိုအခါမှသာ သူ့သားကို သတ်ခဲ့သူမှာ လော့ချန် ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တော့သည်။
သူ၏ နည်းစနစ်ညံ့ဖျင်းမှုကြောင့် ပေါက်ကြားသွားခြင်း မဟုတ်မှန်း သိလိုက်ရသောအခါ လော့ချန်၏ ရင်ထဲမှ ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့ပါးသွားသော်လည်း၊ ပိုမို ပြင်းထန်သော စိုးရိမ်စိတ်တစ်ခုက ဝင်ရောက်လာပြန်သည်။
လက်ရှိတွင် သူ၏ အကောင်းဆုံးနည်းလမ်းမှာ မိုင်ကိုးသောင်းကို အစွမ်းကုန်အသုံးချ၍ လေးဂိုဏ်းမဟာမိတ်အဖွဲ့၏ စခန်းသို့ ပြန်ရန်သာ ဖြစ်သည်။ ထိုနေရာသို့ ရောက်ရှိပါက တိဝမ်ယွင်သည် သူ့အား မည်သို့မျှ လုပ်နိုင်လိမ့်မည် မဟုတ်ပေ။ လော့ချန်သည် သူ၏ တတိယအဆင့် ပျံသန်းရေးမှော်အတတ်ကြောင့် တိဝမ်ယွင် သူ့နောက်သို့ မမှီနိုင်ဘဲ ကွာဟချက်ကို ထိန်းထားနိုင်သည်ကို သိသည်။
သို့သော် ပြဿနာမှာ ပြန်ရောက်ပြီးနောက် မည်သို့ ဆက်လုပ်ရမည်နည်း။
နောက်ဆုံးတွင် သူသည် ထျန်းလန်နတ်ဘုရားမြို့တော်နှင့် လော့ထျန်းအဖွဲ့ဆီသို့ ပြန်ရမည်သာ ဖြစ်သည်။ ရွှေအမြုတေအဆင့် ရန်သူတစ်ဦးကို ကျောနောက်တွင် ထားရှိပြီး မည်သို့မျှ စိတ်အေးလက်အေး နေနိုင်မည် မဟုတ်ချေ။ တစ်သက်လုံး ကရုဏာမဲ့နတ်သမီး၏ အနီးအနားတွင်သာ ခိုကပ်နေရမည်လော။ ရန်သူကို စောင့်ကြည့်ရသည့် ဒုက္ခမှာ အလွန်ပင် ကြီးမားလှသည်။
ထိုစဉ်မှာပင် ရူးသွပ်လှသော အတွေးတစ်ခု လော့ချန်၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။
“ငါ ဒီအဘိုးကြီးကို သတ်ပစ်ရမယ်”
တိဝမ်ယွင်၏ အင်အားမှာ ထင်သလောက် ကြီးမားလွန်းခြင်း မရှိပေ။ ချူခွေးပင်လျှင် သူ၏ လျှို့ဝှက်နည်းလမ်းဖြင့် ကြံ့ကြံ့ခံနိုင်ခဲ့သေးသည်။ အကယ်၍ သူသာ ကောင်းမွန်သော ချုံခိုတိုက်ခိုက်မှုတစ်ခုကို စနစ်တကျ ပြင်ဆင်ထားနိုင်ပါက အဘယ်ကြောင့် မသတ်နိုင်ရမည်နည်း။ သတ်ရန် မတတ်နိုင်ပါကလည်း တိဝမ်ယွင်ကို ခေတ္တမျှ ဆွဲထားရုံနှင့် ကရုဏာမဲ့နတ်သမီး ရောက်ရှိလာပြီး အပြတ်ရှင်းနိုင်ပေလိမ့်မည်။
လော့ချန် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး နဝမတောင်တန်းထက်မှ မိုးတိမ်တိုက်ကြီးများကို ကြည့်ကာ၊ သူ၏ ရင်ထဲ၌ ရူးသွပ်မှုလှိုင်းလုံးများ ပြင်းထန်စွာ ထွက်ပေါ်လာတော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ