← Chapters

အခန်း ၅၄၉

Vol. 55 Ch. 549

အခန်း ၅၄၉

Vol. 55 Ch. 549

အခန်း (၅၄၉) - လော့ချန်တစ်ယောက် အမှန်တကယ်ပင် သေဆုံးသွားခဲ့ပြီလော

ကောင်းကင်ယံထက်သို့ ထိုးတက်သွားသော ကောင်းကင်တိုင်မျှကြီးမားသည့် အလင်းတန်းကြီး ပေါ်ထွက်လာသည့် ရိုက်ခတ်မှုကြောင့် မိုင်ထောင်ပေါင်းများစွာအတွင်းရှိ သက်ရှိအားလုံး၏ စိတ်အာရုံမှာ ထိုနေရာသို့ ဆွဲဆောင်ခြင်း ခံလိုက်ရလေသည်။ မိုးကြိုးတောင်တန်းကြီးတစ်ခုလုံးတွင် ရှိရှိသမျှသော ကျင့်ကြံသူအားလုံး၏ စိတ်နှလုံးတို့မှာလည်း အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားကြရ၏။ ကောင်းကင်ဘုံသို့ ထိုးတက်နေသော ထိုထိန်လင်းလှသည့် အလင်းတိုင်ကြီးကို မော့ကြည့်ရင်း သူတို့၏ စိတ်အစဉ်၌ အံ့သြတုန်လှုပ်မှုများ လှိုင်းလုံးသဖွယ် ရိုက်ခတ်သွားပြီး ရင်တွင်း၌ ကြောက်ရွံ့ထိတ်လန့်မှုများ စိုးမိုးသွားသော်လည်း၊ မျက်ဝန်းအစုံ၌မူ ရူးသွပ်ပူပြင်းသော လောဘစိတ်ရိုင်းများ တစ်ပြိုင်နက်တည်း တောက်လောင်လာခဲ့ကြသည်။

ဤအရာသည်ကား လောကပျက်ကပ်မှ ကျန်ရစ်သော ရှေးဟောင်းကမ္ဘာအကြွင်းအကျန် နယ်မြေတစ်ခုပင် ဖြစ်ပေတော့မည်။

လွန်ခဲ့သော နှစ်ပေါင်းသုံးရာခန့်ကလည်း ဤကဲ့သို့သော မြင်ကွင်းမျိုး တစ်ကြိမ် ပေါ်ပေါက်ဖူးခဲ့ပေသည်။ ထိုစဉ်က ကျောက်စိမ်းအိုးဓားဂိုဏ်းမှ လျှို့ဝှက်နယ်မြေကို ဖွင့်လှစ်ခဲ့စဉ်ကလည်း ဤကဲ့သို့သော အလင်းတိုင်ကြီး ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ဖူးခြင်း ဖြစ်၏။ ထိုလျှို့ဝှက်နယ်မြေမှာ ရှေးဟောင်းခေတ်ဦးမှ အစွမ်းထက် ကျင့်ကြံသူကြီးတစ်ဦး ချန်ရစ်ခဲ့သော ကွယ်ဝှက်ရာနေရာ ဖြစ်သည်ဟု လူအများက ယုံကြည်ကြပြီး၊ ယနေ့တိုင်အောင်ပင် ကျောက်စိမ်းအိုးဓားဂိုဏ်းသည် ၎င်း၏ အနက်ရှိုင်းဆုံးနေရာများအထိ ပြည့်ပြည့်စုံစုံ စူးစမ်းနိုင်ခြင်း မရှိသေးချေ။

ယခု ပေါ်ထွက်လာသော အလင်းတိုင်ကြီးသည် အထင်အမြင်မှားစရာ စိတ်ကူးယဉ် အလင်းတန်းတစ်ခု သို့မဟုတ် မှော်အတတ်တစ်ခုကြောင့် ဖြစ်ပေါ်လာသည့် အရှိန်အဝါမျိုး မဟုတ်ပေ။ ၎င်းသည် တားဆီး၍မရနိုင်လောက်အောင် သိပ်သည်းဆများပြားလှသော ချီစွမ်းအင်များ အရှိန်အဟုန်ပြင်းစွာ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ လျှံကျလာခြင်း ဖြစ်သည်။ ဤမျှ အတိုင်းအဆမရှိသော ချီစွမ်းအင်များ ပြည့်နှက်နေစေရန်အတွက်မူ ဤသီးခြားကမ္ဘာငယ်လေးကို ချန်ရစ်ခဲ့သည့် ပုဂ္ဂိုလ်၏ ကျင့်ကြံမှုအဆင့်အတန်းမှာ မတွေးဝံ့စရာပင် ဖြစ်ပေလိမ့်မည်။ အကယ်၍ ထိုသူသည် ရှေးဟောင်းကျင့်ကြံသူကြီးတစ်ဦး မဟုတ်ခဲ့လျှင်ပင် အနည်းဆုံး နတ်ဘုရားအသွင်ပြောင်း အဆင့်သို့ ရောက်လုနီးပါး ရှိသော ကျင့်ကြံသူကြီးတစ်ဦး ဖြစ်နေရပေမည်။

အလင်းတန်းကြီး ပေါ်ထွက်လာပြီးသည်နှင့် အရပ်ရပ်မှ တစ်ကိုယ်တော်ကျင့်ကြံသူများသည် ထိုအလင်းတန်းရှိရာအရပ်သို့ ပျားပန်းခတ်မျှ အပြေးအလွှား ဦးတည်လာကြတော့သည်။ ကစဥ့်ကလျား ဖြစ်နေသော အဋ္ဌမတောင်တန်း စစ်တလင်းပြင်ကြီးသည်ပင်လျှင် နှစ်ဖက်စလုံးမှ ရွှေအမြုတေ အဆင့်ရှိ စီရင်စုသခင်များ၏ အမိန့်ပေး အော်ဟစ်သံများအောက်တွင် ချက်ချင်း ငြိမ်သက်သွားခဲ့ရ၏။

ထို့နောက်တွင် တိမ်ပြိုဂိုဏ်းနှင့် ကျောက်စိမ်းအိုးဓားဂိုဏ်းတို့မှ ရွှေအမြုတေ ကျင့်ကြံသူများ ဦးဆောင်လှုပ်ရှားကာ၊ တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် အခြားလူများကို မောင်းထုတ်ရှင်းလင်းရန် ၎င်းတို့၏ ယုံကြည်ရသော တပည့်များနှင့် အင်အားစုများကို နဝမတောင်တန်းဆီသို့ အလျင်အမြန် စေလွှတ်လိုက်ကြလေတော့သည်။

နောက်တစ်နေ့တွင် မြေပြင်အောက်သို့ နက်ရှိုင်းစွာ နိမ့်ဆင်းသွားသည့် ချောက်ကမ္ဘာကြီးသဖွယ် ဧရာမချိုင့်ဝှမ်းကြီးတစ်ခုသည် ချိုင့်ဝှမ်း၏ ပြင်ပ၌ ပေါ်ထွက်လာရာ ရောက်ရှိလာသူအားလုံးကို ဆွံ့အမှင်တက်သွားစေခဲ့သည်။ ဂိုဏ်းကြီးခြောက်ဂိုဏ်းမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူ နှစ်ဆယ်ခန့်သည် ထိုတွင်းနက်ကြီး၏ အရှေ့တွင် စုဝေးမိကြပြီး၊ အောက်ခြေရှိ မှောင်မိုက်လှသော တွင်းနက်ကြီးကို တိတ်ဆိတ်စွာ စိုက်ကြည့်နေကြ၏။

ထိုမှောင်မိုက်လှသော ရှေးဟောင်းတံခါးဝကြီးသည် ပတ်ဝန်းကျင်ရှိ အလင်းရောင်အားလုံးကို ဝါးမြိုနေသည့် တွင်းနက်ကြီးတစ်ခုနှင့် တူလှပေသည်။ ထိုမှောင်မိုက်လှသော တံခါးဝ၏ အတွင်းပိုင်း၌မူ ငွေဖြူရောင် မိုးကြိုးလျှပ်စီးများမှာ တဖျတ်ဖျတ် တိုက်နေပြီး၊ အချိန်ပိုင်းအလိုက် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီးများနှင့်အတူ ရိုက်ခတ်ထွက်ပေါ်နေခြင်းက ကြည့်ရှုနေသူတို့၏ ကျောရိုးကိုပင် စိမ့်တက်သွားစေသည်။

ထိုအခိုက်တွင် လူအုပ်ကြီးကြားမှ တိုးညှင်းသော စကားသံများ ထွက်ပေါ်လာကြ၏။ ဓားဂိုဏ်းဘက်မှ ကျင့်ကြံသူလူငယ်တစ်ဦး ရှေ့သို့ လှမ်းထွက်လာခဲ့သည်။ ထိုသူသည် အသက်နှစ်ဆယ်ခန့်သာ ရှိပုံရသော်လည်း သူ၏ ထုတ်ဖော်ပြသနေသော အရှိန်အဝါကြီးမားမှုမှာ ထိုနေရာတွင် စုဝေးနေကြသော ရွှေအမြုတေအဆင့် အကြီးအကဲများထက်ပင် ကျော်လွန်နေပေသည်။

ထိုသူကား ယောလျန် ပင် ဖြစ်၏။ သူသည် ရွှေအမြုတေနှောင်းပိုင်း ရောက်ရှိနေသော ကျင့်ကြံသူတစ်ဦး ဖြစ်ရုံသာမက ကျောက်စိမ်းအိုးဓားဂိုဏ်း၏ ဓားကျင့်ကြံသူတစ်ဦးလည်း ဖြစ်ပေသည်။ ဤဂုဏ်ပုဒ်တစ်ခုချင်းစီမှာ ကျင့်ကြံခြင်းလောကတွင် အလွန်တရာ အရှိန်အဝါ ကြီးမားလှပေ၏။ သူ၏ အမည်နာမကို ကြားရုံမျှနှင့်ပင် လူအများ၏ စိတ်နှလုံးကို လေးလံပင်ပန်းသွားစေရန် လုံလောက်လှပေသည်။

ဓားသမား ယောလျန်သည် မိမိရှေ့မှ ပွင့်ဟနေသော ဧရာမ ရှေးဟောင်းတံခါးဝကြီးကို ကြည့်ရင်း သူ၏မျက်နှာထက်တွင် အံ့သြချီးကျူးရိပ်များ ဖြတ်ပြေးသွားကာ ဖွဖွရေရွတ်လိုက်သည်။

"ဒါဟာ အစွမ်းထက်ကျင့်ကြံသူကြီးတစ်ဦးရဲ့ အမွေအနှစ်ပဲ.... နတ်ဘုရားအသွင်ပြောင်းအဆင့်ရှိတဲ့ သီးခြားကမ္ဘာငယ်တစ်ခုပဲပေါ့"

သူ၏ စကားသံ ဆုံးသွားသည်နှင့် တိတ်ဆိတ်နေသော လူအုပ်ကြီးသည် ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားကြတော့သည်။ စိုးရိမ်တုန်လှုပ်နေသော ထိုလူအုပ်ကြီးကြားတွင် စိတ်ဝိညာဉ်အသိစိတ်ဖြင့် အချင်းချင်း လျှို့ဝှက်စကားပြောဆိုသံများမှာ ပျားအုံကို ဆွလိုက်သကဲ့သို့ ဆူညံသွားခဲ့ရ၏။

ယောလျန်သည် သူ၏ အကြည့်ကို ဖြည်းညှင်းစွာ ပြန်လည်ရုပ်သိမ်းလိုက်ပြီး ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ သူ၏ ပြင်းထန်လှသော ဖိနှိပ်မှု အရှိန်အဝါအောက်တွင် လူအများအပြားမှာ မျက်နှာများ ချက်ချင်း ဖြူဖျော့သွားကြရ၏။ ဓားဂိုဏ်းသည် လွန်ခဲ့သော နှစ်ပေါင်းသုံးရာက လျှို့ဝှက်နယ်မြေကို သိမ်းပိုက်ခဲ့သကဲ့သို့ ယခု ကမ္ဘာငယ်လေးကိုလည်း ၎င်းတို့တစ်ဦးတည်း အပိုင်စီးရန် ထပ်မံ ကြိုးပမ်းဦးမည်လော။

ထိုစဉ် ရုတ်တရက်ဆိုသလို....။

"ညီလေး ချန်ယန်.... ဒါကို မင်း ဘယ်လိုထင်လဲ" ဟု ယောလျန်က တည်ငြိမ်အေးဆေးသော လေသံဖြင့် မေးမြန်းလိုက်သည်။

သူ မေးမြန်းလိုက်သောသူကား တိမ်ပြိုဂိုဏ်း၏ ရွှေအမြုတေနှောင်းပိုင်း ကျင့်ကြံသူကြီး ချန်ယန်ပင် ဖြစ်၏။ တစ်နည်းအားဖြင့် ပြောရလျှင် ရန်သူပင် ဖြစ်ပေသည်။ လူအပေါင်းတို့၏ အကြည့်များအောက်တွင် ထိုဆံဖြူအဘိုးအိုက အက်ရှရှအသံဖြင့် တုံ့ပြန်ပြောကြားလိုက်သည်။

"အခုအချိန်မှာ လူတိုင်းလည်း ကရုဏာမဲ့နတ်သမီးဆီကနေ အသေးစိတ် အခြေအနေတွေကို ကြားသိပြီးလောက်ပြီ ထင်ပါတယ်"

လူအုပ်ကြီးက ခေါင်းညိတ်ထောက်ခံကြ၏။ မကြာသေးမီက ကရုဏာမဲ့နတ်သမီးသည် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို ပြန်လည်ရှင်းပြခဲ့ဖူးသည်။ ရေခဲခံတပ်၏ ဧည့်သည်တော်အကြီးအကဲဖြစ်သော အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးသည် မိုးကြိုးအစီအရင်တစ်ခုကို လှုပ်နှိုးလိုက်ပြီး၊ မီးလျှံမဟာမိတ်မှ တိဝမ်ယွင်ကို သတ်ဖြတ်နိုင်ခဲ့သည်။ ထိုသို့ ပြုလုပ်ရင်းဖြင့် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူကြီးတစ်ဦး၏ ကမ္ဘာငယ်လေး ဖြစ်ဟန်တူသော နေရာကို မမျှော်လင့်ဘဲ ရှာဖွေတွေ့ရှိခဲ့ကာ မိုးကြိုးမုန်တိုင်းဒဏ်ကြောင့် ပိတ်ဆို့ထားသော တံခါးဝကြီး ပွင့်ဟသွားခဲ့ခြင်း ဖြစ်ပေသည်။

သာမန်အခြေအနေတွင် အဆင့်နိမ့်ကျင့်ကြံသူတစ်ဦးက အဆင့်မြင့်စီရင်စုသခင်တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ ကျောက်စိမ်းအိုးနယ်မြေတစ်ခုလုံးကို လှုပ်ခတ်သွားစေမည့် ကိစ္စဖြစ်သော်လည်း၊ ဤနတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူကြီး၏ ကမ္ဘာငယ်လေးနှင့် နှိုင်းယှဉ်လျှင်မူ ထိုကိစ္စမှာ ပြောပလောက်သည့်အရာ မဟုတ်တော့ချေ။

"ဒါဆို မင်း ဘာကို ဆိုလိုတာလဲ" ဟု ယောလျန်က ခပ်ဖွဖွ ပြုံးရင်း မေးလိုက်သည်။

ချန်ယန်က ဖြည်းညှင်းစွာ ဆက်ပြောလိုက်သည်။

"ဒီနေရာပွင့်သွားအောင် လုပ်ခဲ့တာက ရေခဲခံတပ်နဲ့ မီးလျှံမဟာမိတ် ဖြစ်တဲ့အတွက် ငါတို့ ဂိုဏ်းကြီးနှစ်ခုကပဲ ဒါကို အပိုင်စီးဖို့ဆိုတာ ယုတ္တိမရှိပါဘူး၊ အထူးသဖြင့် အခု ဂိုဏ်းကြီးခြောက်ဂိုဏ်းစလုံး မျက်မြင်သက်သေအဖြစ် ရှိနေတဲ့အချိန်မှာပေါ့၊ ဒီနေရာကို ရောက်နေတဲ့သူတွေအားလုံး ဒီအကျိုးအမြတ်ကို အညီအမျှ ခွဲဝေခံစားသင့်ပါတယ်"

ယောလျန် ပြန်လည်မတုံ့ပြန်နိုင်မီမှာပင် အခြားဂိုဏ်းလေးဂိုဏ်းမှ ရွှေအမြုတေအဆင့် စီရင်စုသခင်များက ချက်ချင်းပင် ထောက်ခံကြောင်း ပြောကြားလာကြတော့သည်။ အိုက်လောင်တောင်မှ စီရင်စုသခင်နှစ်ပါး၊ ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ စီရင်စုသခင် သုံးပါး၊ ရေခဲခံတပ်မှ ယင်ယွဲ့နှင့် ကရုဏာမဲ့နတ်သမီး၊ ထို့ပြင် မီးလျှံမဟာမိတ်မှ မျက်နှာပျက်နေကြသော ရွှေအမြုတေအဆင့် အကြီးအကဲနှစ်ယောက်စလုံးမှာလည်း ကန့်ကွက်ခြင်းမရှိဘဲ သဘောတူခဲ့ကြသည်။ မည်သူတစ်ဦးတစ်ယောက်မျှ ငြင်းခုံခြင်း မပြုခဲ့ကြချေ။ ၎င်းတို့၏ လက်အောက်ခံ အင်အားစုများဖြစ်ကြသော ရွှေအမြုတေအဆင့် ကျင့်ကြံသူများရှိသည့် ပထမတန်းစား အင်အားစုများကြားတွင်သာ မကျေမနပ်ဖြစ်နေကြသော အကြည့်များ ကျန်ရှိနေခဲ့သည်။ ထိုလူစုထဲမှ ပုခုံးကျယ်ကျယ်နှင့် ကြံ့ခိုင်သော အမျိုးသားတစ်ဦးက ရဲရဲဝံ့ဝံ့ ရှေ့သို့ လှမ်းထွက်လာခဲ့၏။

"ညီလေး ယောလျန်.... ငါ့ရဲ့ ကောင်းကင်ဓားဂိုဏ်းဟာ ဒီစစ်ပွဲအတွင်းမှာ တပည့်ပေါင်း ခုနစ်ဆယ်ရာခိုင်နှုန်းနီးပါး ဆုံးရှုံးခဲ့ရပြီး အထိနာခဲ့ပါတယ်၊ အခု ဒီကမ္ဘာငယ်လေး ပေါ်ထွက်လာပြီဆိုတော့ အထဲမှာ အရင်းအမြစ်တွေ အများကြီး ရှိနေမှာ အသေအချာပဲ၊ ငါတို့ကို ဒီအိုးထဲက ဟင်းရည်တစ်ဇွန်းလောက်တောင် မြည်းစမ်းခွင့် မပေးတော့ဘူးလား"

သူ စကားပြောပြီးသည်နှင့် အခြားလက်အောက်ခံအင်အားစုများ၏ ခေါင်းဆောင်များမှာလည်း ဆိတ်ဆိတ်မနေနိုင်ကြတော့ဘဲ အော်ဟစ်ပြောဆိုလာကြတော့သည်။

"ထျန်းချွဲ ပြောတာ မှန်တယ်.... ကံတရားက ငါတို့ရှေ့ ရောက်နေမှတော့ ဝေစုရသင့်တာပေါ့"

"ညီလေး ချန်ယန် ကိုယ်တိုင်လည်း ပြောခဲ့တယ်မဟုတ်လား.... မျက်မြင်သက်သေဖြစ်တဲ့သူတွေ ဝေစုရရမယ်လို့၊ ငါတို့လည်း တိမ်ပြိုဂိုဏ်းကို စစ်ကူတိုက်ပေးခဲ့တာပဲ၊ ငါတို့လည်း ဝေစုရသင့်တယ်"

"တကယ်ပြောရရင် ငါတို့က ခြေတစ်လှမ်း နောက်ကျသွားတာပါ၊ တချို့ အခြေတည်အဆင့် တစ်ကိုယ်တော်ကျင့်ကြံသူတွေတောင် အထဲကို ရောက်သွားကြပြီ၊ သူတို့တောင် ဝေစုရနိုင်ရင် ငါတို့ကို ဘာလို့ တားမြစ်ထားရတာလဲ"

စကားလုံးတစ်လုံးချင်းစီတိုင်းတွင် ၎င်းတို့၏ စုပေါင်းအင်အားမှာ သိသာစွာ ပြောင်းလဲလာပြီး၊ အရေးသာလာသည့်ပုံစံ ဖြစ်လာသည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူများ ဦးဆောင်သော ဤအင်အားစုများသည် ဓားဂိုဏ်းတစ်ခုတည်းနှင့်သာ သက်ဆိုင်ခြင်းမဟုတ်ဘဲ တိမ်ပြိုဂိုဏ်း၊ ဆေးလုံးစိမ်းချိုင့်ဝှမ်းတို့တွင်လည်း လက်အောက်ခံများ ရှိကြသည်။ မီးလျှံမဟာမိတ်တွင်ပင် ဤကဲ့သို့သော လက်အောက်ခံအင်အားစု ရှိပေသည်။ ထို့ကြောင့် မည်သူမျှ ရှေ့ထွက်၍ ဤမငြိမ်မသက်မှုကို တားဆီးခြင်း မပြုကြချေ။ မိမိတို့၏ ကိုယ်ပိုင်စခန်းအတွင်း၌ သဘောထားကွဲလွဲမှုများကို မည်သူကမျှ မဖန်တီးလိုကြသောကြောင့် ဖြစ်၏။

လူတိုင်းသည် ဓားဂိုဏ်းနှင့် တိမ်ပြိုဂိုဏ်းတို့ မည်သို့ တုံ့ပြန်မည်ကိုသာ စောင့်ကြည့်နေကြသည်။

ဤကဲ့သို့ ဆူညံပွက်လောရိုက်နေသော အခြေအနေနှင့် ရင်ဆိုင်ရသော်လည်း ယောလျန်သည် ပြုံးနေဆဲပင် ဖြစ်သော်လည်း သူ၏ အပြုံးမှာ တဖြည်းဖြည်း အေးစက်လာခဲ့သည်။ သူသည် ဖြတ် ကနဲ အသံနှင့်အတူ လက်ထဲမှ ခေါက်ယပ်တောင်ကို ခေါက်လိုက်ပြီး ဆိုသည်။

"ကောင်းပြီလေ.... အားလုံးက စူးစမ်းချင်စိတ် ပြင်းပြနေကြမှတော့ ငါတို့ ကျောက်စိမ်းအိုးဓားဂိုဏ်းကလည်း လူတိုင်းရဲ့ စိတ်ကူးကို မဖျက်ဆီးပါဘူး၊ သွားချင်တဲ့သူတွေ လွတ်လပ်စွာ သွားနိုင်ပါတယ်၊ ဒါပေမဲ့ မသွားခင် သဘောတူညီချက်တစ်ခုကို အရင် လက်ခံရပါမယ်"

လူတိုင်း ဆွံ့အသွားကြရ၏။ ဓားဂိုဏ်းသည် ဤမျှ လွယ်လွယ်ကူကူ သဘောတူလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။ ၎င်းတို့၏ ပုံမှန် အနိုင်ကျင့် ဗိုလ်ကျတတ်သော အမူအရာမျိုး လုံးဝ ပေါ်မလာခဲ့ပေ။ လူတိုင်း၏ အကြည့်များမှာ တိမ်ပြိုဂိုဏ်း၏ အကြီးအကဲထံသို့ ရောက်ရှိသွားကြသည်။

ရွှေအမြုတေနှောင်းပိုင်းအဆင့်ရှိသော ယောလျန်သည် ဓားဂိုဏ်းမဟာမိတ်အဖွဲ့ကို ကိုယ်စားပြုသကဲ့သို့၊ ဂိုဏ်းလေးဂိုဏ်းမဟာမိတ်အဖွဲ့ကို ကိုယ်စားပြု၍ စကားပြောရမည့်သူမှာ ရွှေအမြုတေနှောင်းပိုင်းအဆင့်ရှိ ချန်ယန်ပင် ဖြစ်သည်။ သူ ဘာပြောမည်နည်း။

ချန်ယန်သည် သူ၏ အိုမင်းရီဝေသော မျက်ဝန်းများဖြင့် ယောလျန်ကို စိုက်ကြည့်ပြီး မေးလိုက်သည်။

"မင်းရဲ့ သတ်မှတ်ချက်က ဘာလဲ ညီလေး"

ယောလျန်၏ အပြုံးမှာ ပိုမိုနက်ရှိုင်းလာပြီး

"ရိုးရိုးလေးပါပဲ.... လက်အောက်ခံအင်အားစုတွေကိုတော့ ငါတို့ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ ဂိုဏ်းကြီးခြောက်ဂိုဏ်းထဲက ဂိုဏ်းတစ်ခုစီဟာ ရွှေအမြုတေအဆင့် စီရင်စုသခင် တစ်ယောက်စီသာ စေလွှတ်ခွင့်ရှိရမယ်"

"ဒီလောက်ပဲလား" ဟု ချန်ယန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ယောလျန်က ခေါင်းညိတ်ပြပြီး

"ဒီလောက်ပါပဲ"

"အခြေတည်အဆင့်နဲ့ ချီသန့်စင်အဆင့် ကျင့်ကြံသူတွေအတွက်ကော ကန့်သတ်ချက် ရှိလား"

"မရှိပါဘူး"

"ကောင်းပြီ.... ငါ သဘောတူတယ်"

ချန်ယန်က တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်လေတော့သည်။

ကျန်ရှိသော ဂိုဏ်းလေးဂိုဏ်းမှာလည်း ကန့်ကွက်စရာ မရှိကြချေ။ ရွှေအမြုတေအဆင့် တစ်ယောက်စီ စေလွှတ်ခွင့်ရခြင်းသည်ပင် အခွင့်အလမ်းများစွာ ရှိနေသေးသည် မဟုတ်ပါလော။ မကြာမီမှာပင် သက်ဆိုင်ရာ ဂိုဏ်းများ၏ ညှိနှိုင်းမှုအောက်တွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူများသည် အခြေတည်အဆင့်နှင့် ချီသန့်စင်အဆင့် တပည့်အမြောက်အမြားကို ခေါ်ဆောင်၍ ထိုမြေအောက်ကမ္ဘာငယ်၏ တံခါးဝအတွင်းသို့ ဝင်ရောက်သွားကြတော့သည်။

လက်အောက်ခံ အင်အားစုများမှာမူ ၎င်းတို့၏ စီရင်စုသခင်များက ဦးဆောင်ကာ အပြေးအလွှား ဝင်ရောက်သွားကြပြီ ဖြစ်သည်။ ထူးခြားသည်မှာ ဓားဂိုဏ်းသည်လည်း စီရင်စုသခင်တစ်ယောက်တည်းသာ စေလွှတ်ခဲ့ပြီး၊ ထိုသူကား လင်ဟူကျဲနှင့် တိုက်ခိုက်ခဲ့ဖူးသော ခိုင်ယန် ပင် ဖြစ်၏။

ခိုင်ယန် တစ်ဦးတည်း ဝင်ရောက်သွားသည်ကို မြင်သောအခါ ချန်ယန်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး လင်ဟူကျဲ ကို လှမ်းခေါ်လိုက်သည်။

"ဂိုဏ်းတူအစ်ကိုကြီး.... ဘာဖြစ်လို့လဲ"

လင်ဟူကျဲက တိုးညှင်းသော လေသံဖြင့် မေးမြန်းလိုက်၏။

သူတစ်ပါးရှေ့တွင် သူသည် ဂိုဏ်းကြီး၏ အကြီးအကဲတစ်ဦးပမာ မောက်မာဝင့်ကြွားစွာ နေထိုင်တတ်သော်လည်း၊ စီရင်စုသခင် ဟန်ကျန့်ထက်ပင် ဟိတ်ဟန်ရှိသော ချန်ယန်၏ ရှေ့တွင်မူ ရိုသေခန့်ညားစွာ ရှိနေပေသည်။

ချန်ယန်က ခပ်တိုးတိုး ရှင်းပြလိုက်သည်။

"ကျောက်စိမ်းအိုးဓားဂိုဏ်းဟာ အရင်က နတ်ဘုရားအသွင်ပြောင်းအဆင့် ကမ္ဘာငယ်တစ်ခုကို စူးစမ်းဖူးတဲ့အတွက် ငါတို့မသိတဲ့ လျှို့ဝှက်ချက်တချို့ကို သူတို့ သိထားနိုင်တယ်၊ မင်း အထဲရောက်ရင် အလျင်စလိုနဲ့ လိုက်မစူးစမ်းနဲ့၊ ဖြည်းဖြည်းချင်းပဲ သွားပါ၊ ပြီးတော့ မင်းရဲ့ တပည့်တွေကို ရုပ်သေးရုပ်တွေသုံးပြီး ပတ်ဝန်းကျင်ကို အရင် စမ်းသပ်ခိုင်းပါ၊ ဒါဆိုရင် တခြားဂိုဏ်းတွေထက် ပိုပြီး ထိရောက်လိမ့်မယ်၊ အဓိကကတော့ တည်ငြိမ်ဖို့ပဲ၊ ငါ ဂိုဏ်းတူညီလေး ဟန်ကျန့်ကိုလည်း အမြန်ဆုံးလာဖို့ သတင်းပို့ထားပြီးပြီ၊ သူ ရောက်လာရင် အခြေအနေတွေအားလုံး ငါတို့ လက်ခုပ်ထဲကရေ ဖြစ်သွားလိမ့်မယ်"

သူသည် အလျင်စလိုမရှိဘဲ စကားတစ်လုံးချင်းစီကို တည်ငြိမ်စွာ ပြောကြားသွားခြင်း ဖြစ်သည်။ လင်ဟူကျဲသည်လည်း သူ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ ခေါင်းညိတ်လိုက်သည်။

"နားလည်ပါပြီ ဂိုဏ်းတူအစ်ကိုကြီး"

"သွားတော့.... အာ.... ပြီးတော့ တစ်ခုရှိသေးတယ်၊ အထဲက ဘေးအန္တရာယ်တွေကို သတိထားရုံတင်မကဘဲ တခြားဂိုဏ်းက စီရင်စုသခင်တွေကိုလည်း သတိထားဦး" ဟု ချန်ယန်က သူ့အား ကြင်နာစွာ ကြည့်ရင်း ဆက်ပြောလိုက်သည်။

"လူတွေရဲ့ ယုတ်မာမှုဟာ ရှေးဟောင်း ကျင့်ကြံသူတွေရဲ့ လှည့်ကွက်တွေထက်တောင် ပိုပြီး ကြောက်စရာကောင်းတယ်"

"မှန်ပါတယ် ဂိုဏ်းတူအစ်ကိုကြီး.... ကျွန်တော် ဒါကို စိတ်ထဲမှာ သေချာ မှတ်ထားပါ့မယ်" ဟု လင်ဟူကျဲက ခပ်တိုးတိုး အသိအမှတ်ပြုကာ သူ၏ လူစုကို ဦးဆောင်၍ မှောင်မိုက်လှသော တံခါးဝအတွင်းသို့ ဝင်ရောက်သွားလေတော့သည်။

အလားတူ မြင်ကွင်းမျိုးကို အခြားသော ဂိုဏ်းများတွင်လည်း မြင်တွေ့နိုင်သည်။

ဥပမာအားဖြင့် ရေခဲခံတပ်တွင် ဖြစ်၏။ အမျိုးသမီးနှစ်ဦးသည် အေးစက်လှသော မျက်နှာထားများဖြင့် တစ်ဦးကိုတစ်ဦး စိုက်ကြည့်ကာ အခြေအတင် ငြင်းခုံနေကြ၏။

"ဂိုဏ်းတူအစ်မ.... ဂိုဏ်းချုပ်က လမ်းမှာ ရောက်နေပြီ၊ ငါ အထဲကို အရင်ဝင်ပြီး အခြေအနေကို စုံစမ်းတာက ပိုပြီး သဘာဝကျတယ်" ဟု ယင်ယွဲ့က ဆိုသည်။

"နင်က အထဲမှာ ရှိနိုင်တဲ့ ဝိညာဉ်သန္ဓေတည် အခွင့်အလမ်းကို ကိုယ်တိုင် အပိုင်စီးပြီး၊ ဂိုဏ်းရဲ့ တာဝန်တွေကို ပစ်ပယ်ထားချင်တာ မဟုတ်လား" ဟု ကရုဏာမဲ့နတ်သမီးက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

"အိုး.... အစ်မရော အတူတူပဲ မဟုတ်ဘူးလား"

"ငါ့ရဲ့ အနက်ရောင်ရေခဲကျောက်စိမ်းကို ငါ ခံစားနေရတုန်းပဲ၊ လော့ချန် အသက်ရှင်နေဦးမှာ၊ ငါ သူ့ကို ကယ်ထုတ်ရမယ်"

"ဟွန့်.... သူက အခြေတည်အဆင့် ကျင့်ကြံသူလေးပဲဟာ၊ သူ့ရဲ့ သေခြင်းရှင်ခြင်းက ငါတို့ ရေခဲခံတပ်အတွက် ဘာအရေးပါလို့လဲ၊ နင် ဘာလို့ ဒီလောက်တောင် သံယောဇဉ်ကြီးပြနေရတာလဲ ဂိုဏ်းတူအစ်မ"

"သူက ဂိုဏ်းချုပ် ကိုယ်တိုင် ရာထူးပေးထားတဲ့သူပဲ၊ တကယ်လို့ သူ သေသွားရင် ငါတို့နှစ်ယောက်စလုံး ဒီအကျိုးဆက်ကို ခံနိုင်မှာ မဟုတ်ဘူး"

"ဒါဆို နင် ဘာလုပ်ချင်လဲ၊ ငါတို့နှစ်ယောက်လုံး သွားဖို့ အကြောင်းပြချက်ကိုယ်စီ ရှိနေကြတာပဲ၊ ဒီမှာ အချိန်ဖြုန်းပြီး ငြင်းခုံနေရင် တခြားဂိုဏ်းတွေ လက်ဦးမှု ရသွားလိမ့်မယ်"

သူတို့နှစ်ဦး အဖြေမရှာနိုင်ဘဲ ဖြစ်နေစဉ်မှာပင် ကရုဏာမဲ့နတ်သမီး၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပျက်ယွင်းသွားခဲ့ရသည်။ အကြောင်းမှာ သူမ လော့ချန်အား ပေးထားခဲ့သော သက်စောင့်ရေခဲကျောက်စိမ်း၏ အရှိန်အဝါ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။ ၎င်းမှာ အထဲတွင် သိမ်းဆည်းထားသော ကာကွယ်ရေးစွမ်းအင်များ အားလုံး ကုန်ဆုံးသွားခဲ့ပြီဖြစ်ကြောင်း ဖော်ပြနေခြင်း ဖြစ်၏။

လော့ချန်တစ်ယောက် အမှန်တကယ်ပင် သေဆုံးသွားခဲ့ပြီလော။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters